၂၀၂၅ ဖေဖော်ဝါရီ ၂၈
တည်ငြိမ် အေးချမ်းမှုမရှိဘဲနဲ့ လုပ်ငန်းကိစ္စရပ် အတော်များများ အောင်မြင်နိုင်မှာ မဟုတ်ပါ။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းများဟာ အကဲဆတ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှု ကောင်းမှသာ အောင်မြင်မှု ရာခိုင်နှုန်းများမှာ ဖြစ်ပါတယ်။ တည်ငြိမ်မှုအားကောင်းလေ အောင်မြင်မှုများလေ၊ တည်ငြိမ်မှုနည်းလေ အောင်မြင်မှု ဆုတ်ယုတ်လေပါ။ တရားမျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုရင် တည်ငြိမ်အေး ချမ်းမှုနဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးတဲ့ အခြေအနေများမှာပင် မဲမသမာမှုရှိခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တဲ့အတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ပွဲဖြစ်ဖို့ အတော်ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ဦးဆောင်ကျင်း ပပေးရတဲ့ ကော်မရှင်ရော၊ တာဝန်ခံပေးရတဲ့ အစိုးရပါ အတော် နာမည်ပျက်မယ့် ကိန်းဆိုက်နိုင်ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသက်ဝင်ပါတယ်။ တစ်စိတ်တစ်ဒေသသာလို့ ဆိုနိုင်ပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့အတွက် ရွေးကောက်ပွဲမှာ ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ပါလီမန်နဲ့ အစိုးရဖွဲ့စည်းရမှာပါ။ သို့သော် အခြေခံဥပဒေအရ ကျင်းပပေးရမယ့် ရွေးကောက်ပွဲကို ချက်ချင်း ကျင်းပ မပေးနိုင်တဲ့အတွက် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲက ရွေးချယ်ခံ ထားရတဲ့အမတ်တွေကို အခြေခံပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကနေ ပါလီမန်အဖြစ် ပြောင်းလဲကျင့်သုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးအတွက် တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ပါလီမန်အဖြစ် ပြောင်းလဲအစိုးရ ဖွဲ့ပြီး ဗြိတိသျှအစိုးရဆီကနေ နိုင်ငံတော်အာဏာကို ရယူခဲ့တာ မှားယွင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာ နိုင်ငံတော်အာဏာကို ရရှိပြီးချိန်မှာတော့ အခြေခံဥပဒေအရ အမြန်ဆုံးအသက်သွင်း ဆောင်ရွက်ပေးရမှာ ပဲဖြစ်ပါတယ်။ သို့သော် ချက်ချင်းဆောင်ရွက်ပေးနိုင်ခဲ့ ခြင်းမရှိပါဘူး။
အခြေခံဥပဒေအသက်ဝင်ပြီးနောက် ရွေးကောက်ပွဲကို ချက်ချင်း ဆောင်ရွက်မပေးနိုင်တာက နိုင်ငံရေးအရှုပ်အထွေးတွေ ရှင်းနေခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ ထိုစဉ်က လွတ်လပ်ရေးတိုက်ပွဲမှာ အတူတကွ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားဝင်ပါတီကြီးတစ်ခုဖြစ်တဲ့ ဗမာပြည်ကွန်မြုနစ်ပါတီ(ဗကပ)နဲ့ အာဏာရပါတီဖြစ်တဲ့ ဖဆပလကြားမှာ အဖုအထစ်တွေ ကြီးမားလာခဲ့တာပဲ ဖြစ်ပါတယ်။ ဗကပက နိုင်ငံရေး နည်းအရ တိုက်ပြီး ဖဆပလက အစိုးရဖြစ်တဲ့အတွက် ဥပဒေနဲ့ ဖိပါတယ်။ လွတ်လပ်ရေးရခါစမှာပဲ ပြဿနာကြီးထွားခဲ့တာပါ။ ဗကပနဲ့ ဖဆပလဟာ အင်အားအရာအရ သူမသာ ကိုယ်မသာ ရှိကြပေမယ့် နိုင်ငံတော်အာဏာကို ရယူထားချိန်မှာတော့ ပါဝါက သိသိသာသာ ကွာသွားပါပြီ။ ဖဆပလအစိုးရ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက ဗကပက ခေါင်းဆောင်ပိုင်းတွေအထိပါ ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါမှာ သခင်သန်းထွန်း အပါအဝင် ဗကပ ပါတီကြီးတစ်ခုလုံး တောခိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ကြပါတော့တယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရတာကလည်း နိုင်ငံရေးအရ ဖမ်းဆီးခံရမှာ သက် သက်ကြောင့်တော့ မဟုတ်ပါဘူး။ နဂိုကတည်းက အစီအစဉ်ရှိပြီးသားပါ။ ဂိုရှယ်ရေးသား တင်သွင်းထားတဲ့ လက်နက်ကိုင်တိုက်ခိုက်ရေးလမ်းစဉ်ကို သခင်သန်းထွန်း နှစ်ခြိုက် ရွေးချယ်ထားတာလည်း ပါပါတယ်။ ၁၉၄၈ ခု နှစ် ဖေဖော်ဝါရီလတုန်းက ကလကတ္တားမြို့မှာ ကျင်းပတဲ့ အိန္ဒိယ ကွန်မြူနစ်ပါတီကွန်ဂရက်ကို သခင်သန်းထွန်း သွားတက်ပြီး တော်လှန်ရေးလမ်းစဉ်ကို ဆွေးနွေးခဲ့ပါ တယ်။ အရှေ့တောင်အာရှတစ်ဝိုက်လုံးမှာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲကြရန် အချိန်ကျပြီဖြစ်ကြောင်း ကွန်မြူနစ်တွေ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး သုံးလတောင်မကြာသေး တဲ့အချိန်မှာ လက်နက်ကိုင်လမ်းစဉ် စပါတယ်။ မြို့ရွာတွေမှာ တိုက်ပွဲတွေဖြစ်ပြီး အေးချမ်းတည်ငြိမ်မှုတွေပျက် ပြားသွားစေပါတယ်။ ဗကပကတစ်ဆင့် ရောင်စုံသောင်း ကျန်းမှုတွေကို ကူးစက်သွားစေခဲ့ပါတယ်။ ဇွန် ၂၆ ရက် မှာ ရဲဘော်ဖြူ တောခိုပါတယ်။ ၁၉၄၈ ခုနှစ်နှောင်းပိုင်း နိုဝင်ဘာလမှ စတင်ကာ ကရင်လက်နက်ကိုင်အဖွဲ့ KNDO တို့ လူလက်နက်စု ဆောင်းပြီး စစ်ရေးပြင်ဆင်နေ ကြပြီဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ KNDO တို့ ပုသိမ်ကို တိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက် မှာ KNDO တို့ အင်းစိန်ကို သိမ်းပိုက်ပါတယ်။ ဖေဖော် ဝါရီ ၅ ရက်မှာ ပြည်မြို့ရှိ ကရင်သေနတ်ကိုင်တပ်ရင်း နှစ်ရင်း ပုန်ကန်ပြီး KNDO နဲ့ ပေါင်းပါတယ်။ ရန်ကုန် ကိုသိမ်းပိုက်ဖို့ ကားအစီး ၁၈၀ ကျော်နဲ့ ဆင်းလာတဲ့ အတွက် လမ်းတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်မှာ မိတ္ထီလာ၊ မတ် ၁၂ ရက် မှာ မန္တလေးမြို့များကို KNDO တို့ ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ မန္တလေးကို ဗကပ နဲ့ အတူ ဝင်စီးတာပါ။ အဲဒီလိုမျိုး အခြေအနေဆိုးနေတဲ့အတွက် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ထုတ် သူရိယသတင်းစာမှာ ဦးဘဖေက "ဗိုလ်ချုပ်နေဝင်းကို အာဏာကုန် အပ်သင့်ပြီ။ ပါလီမန်ကို ရပ်ဆိုင်းထားပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲများ မကျင်းပနိုင်မချင်း ဗိုလ်ချုပ်ကို စစ်အုပ်ချုပ်ရေး အာဏာပိုင်ခန့်ထားပါ"ဆိုပြီး ပြောကြား အဆိုပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လွတ်လပ်ရေးရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ရောင်စုံသောင်းကျန်းမှု အားကောင်းနေ ဆဲဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု၊ အစိုးရအာဏာသက်ရောက်မှုများ လျော့နည်းနေတဲ့အခြေအနေပဲဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း တရားမျှတတဲ့ ရွေးကောက်ပွဲ ကို ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့တာပါ။
ထိုအခြေအနေများအရ ရွေးကောက်ပွဲကျင်းပဖို့ မဆိုထားနဲ့ နိုင်ငံရေးသမားတွေပင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြင်း မရှိခဲ့ကြတဲ့ အခြေအနေပါ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့ဆိုတာ ဝေလာဝေးအခြေအနေလို့ဆိုနိုင်ပါတယ်။ ၁၉၄၉ ခုနှစ် ဧပြီ ၁ ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းကို ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားလျက်နဲ့ပင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ကာကွယ်ရေးနဲ့ ပြည်ထဲ ရေးဝန်ကြီးဌာနတွေကို တာဝန်ယူစေခဲ့ပါတယ်။ အခြေခံဥပဒေအရ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်ရေးကြေညာပြီးနောက် ၁၈ လအတွင်း ပါလီမန်ရွေးကောက် ပွဲကျင်းပရမှာ ဖြစ်ပါတယ်။ အခြေ အနေအရ ရွေးကောက်ပွဲတွေကို သမ္မတအမိန့်နဲ့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဓိကပြဿနာက ရွေးကောက်ပွဲ ဖြစ်ထွန်းရေးထက် ပြည်ထောင်စု ခိုင် မြဲရေး ပြဿနာက ပိုလက်တွေ့ကျနေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက ဒုဝန်ကြီးချုပ်ရာထူးကို လက်ခံပြီးနောက် တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲကြီး ဖြစ်ထွန်းနိုင်အောင် ကြိုးပမ်းပေးမယ်လို့ ပြည်သူ ကို ကတိပေးပါတယ်။
၁၉၅၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဒုဝန်ကြီးချုပ် ရာထူးကို ပြန်လည် အပ်နှံခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ တရားမျှတပြီး လွတ်လပ်တဲ့ အခြေအနေအထိ မရရှိသေးသော်လည်း မြို့ကြီးပြကြီးများနဲ့ တချို့ဒေသတွေမှာ အခြေအနေပေးနေပြီ ဖြစ်ပါတယ်။ အခြေခံဥပဒေပါ ပါလီမန်စနစ်အသက်ဝင်ဖို့ ထိုက်သင့်တဲ့ လုံခြုံရေး အခြေအနေပေးလို့ပဲ ဖြစ်ပါတယ်။ ဆာဘဦး ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်က ၁၉၅၀- ၅၁ မှာ ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲကိုကျင်း ပပေးခဲ့ပါတယ်။ ဒါတောင် နေရာစုံမှာ တစ်ပြိုင်တည်း ကျင်းပပေးတာ မဟုတ်ဘဲ လုံခြုံရေးစိတ်ချရတဲ့နေရာတွေကို ရွေးချယ်သတ်မှတ်ကာ အချိန်ခွဲပြီး ကျင်းပပေးခဲ့ ရတာပါ။ အဲဒီလို ကျင်းပဖို့အတွက်လည်း တပ်မတော်က အများကြီး အကူအညီပေးခဲ့ရပါတယ်။ အဲဒီလို အကူအညီပေးခဲ့တဲ့ကြားကပင် တချို့နေရာတွေမှာ ပုဂ္ဂိုလ်ရေးအရ မဲပေးဖို့ ခြိမ်းခြောက်မှုတွေ၊ မသမာမှုအတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ပထမဆုံး ပါလီမန်ရွေးကောက်ပွဲဟာ နှစ်နှစ်နီးပါး ကျင်းပခဲ့ရပြီး ၁၉၅၂ခုနှစ်မှာ အပြီးသတ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရ သစ်တစ်ရပ်ကို လွတ်လပ်ရေးရပြီး လေးနှစ်ကျော်မှသာ ရွေးကောက် တင်မြှောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုအချိန်က လွတ်လပ်ရေး အစိုးရဟာ ဥပဒေအရ ယာယီအစိုးရသာ ဖြစ်ပါတယ်။
၁၉၅၆ ခုနှစ်မှာတော့ တပ်မတော်ရဲ့စွမ်းဆောင်မှုကြောင့် မြို့ကြီးပြကြီးများမှာ သူပုန်တွေ မရှိတော့ဘဲ အစွန်အဖျားကို ရောက်သွားကြပြီဖြစ်တဲ့အတွက် တရားမျှတပြီး လွတ်လပ်တဲ့ ရွေး ကောက်ပွဲတွေကို တစ်ပြိုင်တည်း ကျင်းပပေးနိုင်ခဲ့ပါတယ်။ သတင်းများအရ တပ်မတော်က ဖဆပလ ဘက်က ရပ်တည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အမှန်တကယ်မှာ တပ်မတော်က မူအရ ရပ်တည်ပေးခဲ့ တာမဟုတ်ဘဲ တချို့တပ်မှူးတွေက ပုဂ္ဂိုလ်ရေးခင်မင်မှုအရ ရပ်တည်ပေးခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို မဲခိုးတဲ့ပြဿနာ ကြီးကြီးမားမားမရှိခဲ့ဘဲ ပြည်သူ့ဆန္ဒနဲ့အညီ ဖဆပလပဲ မဲပြန်နိုင်ခဲ့ပါ တယ်။ မဲနိုင်ပေမယ့်လည်း ဖဆပလအတွင်းမှာ အချင်းချင်းကွဲနေကြ ပြီဖြစ်ပါတယ်။ အာဏာအား ပြိုင်မှုများ အရလို့ ဆိုနိုင်ပါတယ်။ ၁၉၅၂ ခုနှစ်လောက်ကတည်းက ကွဲခဲ့တဲ့ အကွဲဟာ အာဏာပြန်ရတဲ့အချိန်မှာ ပိုမိုသိသာလာခဲ့ပါတယ်။ ပြည်သူတွေကြားမှာပင် အုတ်အော်သောင်းတင်း ပျံ့နှံ့လို့လာနေခဲ့ပြီဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်အတွင်းမှာ ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ အပြန်အလှန် စာပေးစာယူမှုတွေက တစ်ဆင့် စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြရာမှ အကွဲအပြဲဟာ စိမရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါ တယ်။ ဦးနုနဲ့ သခင်တင်တို့က နုတင်အဖြစ် သန့်ရှင်းဖဆပလ၊ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့က ဆွေငြိမ်း အဖြစ် တည်မြဲ ဖဆပလဟူ၍ သတ်မှတ်ကာ ဖဆပလကို အတိအလင်း နှစ်ခြမ်းခွဲခဲ့ကြပါတော့တယ်။ ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပပြီး မဲခွဲကြရာ သန့်ရှင်းဖဆပလ နုတင်အဖွဲ့မဲနိုင်ပြီး တည်မြဲဖဆပလ ဆွေငြိမ်းအဖွဲ့ကတော့ ဖဆပလ အစိုးရအဖွဲ့ ကနေ နုတ်ထွက်သွားခဲ့ရပါတယ်။
နုတင်ရဲ့ သန့်ရှင်းဖဆပလကို ဝိုင်းတွယ်ကြတဲ့ အခါမှာ မခံနိုင်တော့တဲ့အဆုံး ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှာ အိမ်စောင့်အစိုးရဖွဲ့ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းထံ အာဏာလွှဲပြောင်းပေး ခဲ့ရပါတော့တယ်။ ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ အိမ်စောင့်အစိုးရဖွဲ့ဖို့ သီးသန့်ဖွင့်ဆိုထားခြင်း မရှိ သော်လည်း ရွေးကောက်ခံ မဟုတ်သူများကို ခြောက်လအထိ အစိုးရအဖွဲ့မှာ ပါဝင်ခွင့်ပြုထား တဲ့အတွက် အခြေခံဥပဒေနဲ့ ညီတယ်လို့ ဆိုနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ သဘောတူညီချက်အရ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက သင့်တော်တဲ့အချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်း ပပေးမယ်လို့ အာမခံပါတယ်။ ခြောက်လကြာတဲ့အခါမှာ ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ မဖြစ်နိုင်သေး တဲ့အတွက် အခြေခံဥပဒေအရ အာဏာပြန်အပ်ဖို့ ဆောင်ရွက်ပါတယ်။ ပြည်သူ့လွှတ်တော်က လက်မခံ ဘဲ ခြောက်လသက်တမ်းပေးထားတဲ့ အခြေခံဥပဒေပါ ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့သည့် အခြေခံဥပဒေ ပြင်ဆင်ချက်အဖြစ် ပြဋ္ဌာန်းပေးခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းက ဆက်လက်တာဝန်ယူခဲ့တာပဲ ဖြစ်ပါတယ်။ သူ့အိမ်စောင့်အစိုးရလက်ထက်မှာ ပါလီမန်ဖဆပလအစိုးရရဲ့ ယိုယွင်းချက်တွေကို ပြန်လည်တည့်မတ်ပေးခဲ့ပါတယ်။ လွတ်လပ် ရေးရပြီး သုံးနှစ်အကြာမှာ ဆောင်ရွက်ရမယ့် ပဒေသရာဇ် အာဏာ စွန့်ရေးကိစ္စကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ စော်ဘွားတွေ၊ စောဖျာတွေ အာဏာစွန့်ရေး ကိစ္စဖြစ်ပါတယ်။ အခြေခံဥပဒေအရ ဒီမိုကရေစီစနစ်ကို အသက်သွင်းပေးရမှာ ဖြစ်ပေမယ့် ရွေးကောက်ခံ အစိုးရအနေနဲ့ မျက်ကွယ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကို အိမ်စောင့်အစိုးရက တာဝန်ယူ အသက်သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနုလက်ထက်က အိရော ဆွဲနေတဲ့ တရုတ်-မြန်မာ နယ်နိမိတ် ကိစ္စကို အပြတ်ဖြတ်ပေးခဲ့ပါတယ်။ ဒီလိုလုပ်သင့်တာ၊ ပြုပြင်သင့် တာတွေကို ဆောင်ရွက်ပြီးနောက်မှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပ ပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်၊ လူမျိုးစု လွှတ်တော်ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၉ ရက်များမှာ သတ်မှတ် ကျင်းပပေးခဲ့ပါတယ်။ အဲဒီရွေး ကောက်ပွဲတွေမှာ တပ်မတော်၊ ရဲနဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ဘက်မလိုက်ဖို့ ဖိဖိစီးစီးမှာကြားထိန်း သိမ်းပေးခဲ့ပြီး မလိုက်နာသူတွေကို အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အထက်ပါအခြေအနေများကိုကြည့်ရင် မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရန် မည်မျှကြိုးပမ်းခဲ့ရတယ်ဆိုတာကို တစ်စိတ်တစ်ဒေသ တွေ့ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဟာ နိုင်ငံသား အခွင့်အရေးပါ။ အားလုံး ပါဝင်နိုင်မှသာ တရားမျှတမယ့် သဘောဆောင်ပါတယ်။ မဲပေးခြင်း၊ မဲမပေးခြင်းဟာ သူ့သဘောဆောင်ပေမယ့် လုံခြုံလွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် အစိုးရမှာ တာဝန်ရှိပါတယ်။ တစ်ဦးချင်းမဲ ပေးနိုင်တဲ့ အခြေအနေအထိ ဖန်တီးပေးရမှာ မှန်သော်လည်း လုံခြုံရေး အခြေအနေများအရ မဲမပေးနိုင်တဲ့ အခြေအနေများလည်း ရှိကောင်းရှိမှာ ဖြစ်ပါတယ်။ ဒီလိုအခြေခံ အကြောင်းတရားတွေ ရှိတဲ့အတွက် ရွေးကောက်ပွဲ ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းက နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်အနေနဲ့ ချင်းအမျိုးသားနေ့မှာ ပေးပို့ခဲ့တဲ့သဝဏ်လွှာမှာ ဖော်ပြထားတဲ့ "စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် ရေးရည်မှန်းချက် နှစ်ရပ် ချမှတ်ထားကြောင်း" နစက၏ အန္တိမရည်မှန်းချက်ဖြစ်သည့် "လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိတဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်မှာဖြစ်ကြောင်း၊ နစကအနေဖြင့် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း" စသဖြင့် ပါရှိတာ တွေ့ရပါတယ်။ မဲဆန္ဒရှင် များရဲ့ လုံခြုံမှုနဲ့ ခြိမ်းခြောက်မှုကင်းတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်ဖို့အတွက် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်းလည်း ဆိုထားပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေများအရ မှန်ကန်တဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပါလီမန်ရွေးကောက်ပွဲတွေကို ချက်ချင်းဆောင်ရွက် ပေးနိုင်ခြင်းမရှိခဲ့သည်မှာ "ရွေးကောက်ပွဲ ဖြစ်ထွန်းရေးထက် ပြည်ထောင်စု ခိုင်မြဲရေးပြဿနာက ပိုမို လက်တွေ့ကျနေတဲ့အတွက်"ဆိုတာကို သတိမူရမှာ ဖြစ်ပါတယ်။ ပြည် ထောင်စု တည်တံ့ခိုင်မြဲဖို့နဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ထွန်းဖို့၊ ကိုယ့်မြေကိုယ့်ဒေသ တည်ငြိမ်အေးချမ်းဖို့ အတွက် အစိုးရနဲ့ တပ်မတော်မှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားပြည်သူများမှာလည်း တာဝန်ရှိတယ်ဆိုတာကို သတိချပ်ဖို့ လိုပါလိမ့်မယ်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )