နိုင်ငံရေးထွက်ပေါက် အလှူခံစားကြသူများ

၂၀၂၄ ၊ ဇွန် ၁၄


အခုတစ်မျိုး၊ တော်ကြာတစ်မျိုး
    'ရှိတဲ့ဖရုံသီးလေး နှစ်လုံးကို အကုန်စားဖို့ ဘယ်လိုကျွေးရမှန်းတောင် မသိဘူး၊ မြင်ရက်တဲ့သူ၊ ကြည့်ရတဲ့ ခင်ဗျားတို့ ဝမ်းသာဖို့ပါ'ဆိုသည့် ဖရုံသီးနှစ်လုံးကို လှီးဖြတ်နေသည့် ရုပ်သံမြင်လိုက်ကတည်းက သဘော ပေါက်လိုက်ပါသည်။ သည်လိုစာမျိုး၊ သည်လိုအကြောင်း အရာမျိုးကို ရေးသား၍ မျက်ရည်ချူပြီဆိုလျှင် တော်လှန်ရေး ကြွေးကြော်၍ ဂန်းကိုင်ထားသူတို့ ဖြစ်ကြောင်း အလိုလိုသိလိုက်မိ၏။ ဟုတ်လည်းဟုတ်၏။ အကောင့်အမည်ကိုက 'PDF မလေး အမေ့သမီး'ဆိုသဖြင့် သည်ဇာတ်ဝင်ခန်းနှင့် သည်အကြောင်းအရာမျိုးက ရိုးနေပြီဟုသာ ဆိုချင်သည်။ နောက်တစ်ယောက်လည်း မျက်လုံးရှေ့မြင် တွေ့လိုက်ရသဖြင့် ပြန်ပြောပြလိုစိတ် ဖြစ်မိ၏။ အသက် (၂၀)ဝန်းကျင် လူငယ်တစ်ဦး ဖြစ်ပြီး သူတို့တပ်ရင်း တပ်ဖွဲ့တွင် စားရေးရိက္ခာပြတ်လပ်နေသဖြင့် အလှူငွေများ ထောက်ပံ့စေလိုကြောင်း သနားစဖွယ်ပြောပြနေလေသည်။ လှူချင်သူများသည် Messenger တွင်လာရောက်၍ ဆက်သွယ်နိုင်သည်ဟု ဆိုလေသည်။ သို့နှင့် ထိုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်တစ်ယောက်က ဂန်းကိုင်ပြီး ငတ်ပြတ်နေကာ လူလုံးထွက်ပြ အလှူခံနေသော သူ့အကောင့်ထဲ ဝင်ကြည့်မိ၏။ စောစောက သနားစဖွယ်ရုပ်နှင့်လုံးဝခြားနားပြီး ဆဲဆိုနေသည့် Movie များကိုတွေ့ရ၏။ အကြောင်းက ပြည်သူ့အတွက် တိုက်ပွဲဝင်နေသော သူတို့ကဲ့သို့ အသက်ပေး လက်နက်ကိုင်နေသူများကို မလှူဒါန်းဘဲ အခြားသော အလှူအတန်းပြုလုပ်နေသော ပြည်သူများကို  ဆဲဆိုနေခြင်း ဖြစ်သည်။ ရုပ်ပြောင်းရုပ်လွဲကတယ် လည်းမြန်ပါလားဟု မှတ်ချက်ချမိ၏။ အထက်ပါအလှူ ခံအကြောင်းအရာနှစ်ခုနှင့် ပတ်သက်ပြီး "ညီလေးတို့၊ ညီမလေးတို့ အလှူခံဖလားကြီးတွေကိုင်ပြီး စစ်အာဏာရှင် ကျဆုံးဖို့အလုပ်ပျက်၊ အကိုင်ပျက် အလှူခံနေတာ ကိုကြီး ချီးမွမ်းပါတယ်။ ဒါပေမဲ့ကွာ ကိုကြီးမလှူပါရစေနဲ့ ကိုကြီး လှူလိုက်တဲ့ငွေဟာ ဆရာ ဆရာမတွေရဲ့ ဘဝတွေ၊ ကိုယ့်ဘာသာ သာသနာကို စောင့်ရှောက်နေတဲ့ ဘုန်းဘုန်းတွေ၊ အမြင်မတူတဲ့သူတွေ ငါ့ရန်သူဆိုပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖို့၊ လမ်း၊ တံတားတွေ၊ အိုး အိမ်တွေ ဖျက်ဆီးမှာဆိုတော့ မလှူတော့ပါဘူး"လို့ လူတစ်ယောက်က အတော်သင့်ရှည်သည့် စာတစ်စောင်ဖြင့် ရှင်းပြထားလေသည်။ ထိုအရာများကို ခြုံငုံကြည့်လျှင် မေမေ့သား၊ မေမေ့သမီး ဆိုသူများသည် သူတို့အားကျရသည့် ခေါင်းဆောင်ဆိုသူများ၏ အကွက်ကို ထပ်ချက် လိုက်နိုင်ကြပါ ပေ၏ဟု အတွေးပေါ်မိသွားသည်။ အလှူခံလျှင် မျက်နှာတစ်မျိုး၊ အလှူမခံသည့်အချိန် အချိုးကတစ်မျိုးနှင့် ပြည်သူဆိုသည့်စကား ပါစပ်ဖျားကမချဘဲ သည်ပြည်သူများကို ဆဲလိုက်၊ ဒုက္ခပေးလိုက် လုပ်နိုင်ပါပေ့၏ မှတ်ချက်ပြုမိပါသည်။


မစားသာကြသူများ
'မိတ္ထီလာ ကြက်သွန်နီ ၁၀ ပိဿာတစ်အိတ်ကို တစ်သောင်းသုံးထောင်ကျပ်ပါ'ဟု အော်လန်လေးဖြင့်  အရပ်ထဲ လှည့်လည်ရောင်းချနေလေသည်။ ထိုအသံ ကြားသောအခါ ဝယ်လျှင်ကောင်းမည်လားဟု စဉ်းစားမိသေးသည်။ သို့သော်လည်း မိသားစုဝင်နည်းလျှင် ကြက်သွန်နီအချိန် ၁၀ ဆိုသည်မှာ လအတော်အတန်စားသုံး ရမည်ဖြစ်သည်။ ထို့အတူ ကြက်သွန်နီဆိုသည်မှာလည်း သိုလှောင်ထားသိုတတ်ပါမှ လေး၊ ငါးလဝန်းကျင်အထား ခံနိုင်သည်။ သို့မဟုတ်လျှင် ပုပ်သိုးဆွေးမြည့် လွယ်သည့်  အရည်ရွှမ်းသည့် အမျိုးအစားမဟုတ်ပေဘူးလား။ သို့နှင့် မဝယ်ဖြစ်လိုက်ဟု ဆိုရမည် ဖြစ်သည်။ သိပ်မကြာပါ  အမျိုးသမီးက ငွေတစ်ထောင်ယူ၍ ဆားနှင့် ကြက်သွန်နီ သွားဝယ်လေသည်။ ဆားအဆိတ်သား ၂၅၀ ကျပ်၊ ကြက်သွန်နီ အဆိပ်သား ၇၀၀ ဆိုသဖြင့် ၅၀ ကျပ်သာ အအမ်းပြန်ရမည် ဖြစ်တော့သည်။ ထို့ကြောင့် တစ်ထောင်ဖိုး ကွက်တိဖြစ်စေရန် ကြက်သွန် အစိတ်သား  အဆင်ပြေသ လိုသာ ထည့်ပေးရန်ပြောရာ ၂၇ ကျပ်သား ထည့်ပေးလိုက်သည်ဟု ဆိုလေသည်။ ပြောလိုသည်က လက်ရှိ ကုန်ဈေးနှုန်းများထဲတွင် ကိုယ့်ပါးစပ်ထဲရှိသည့် ဈေးကိုယ်ကြိုက်သလို ပြောရောင်းနေခြင်း ကြောင့်လည်း ကုန်ဈေးနှုန်းက ပုံမှန်ထက် ပိုမိုမြင့်တက်လေသည်။ သည်ရက်ဈေးနှုန်းနှင့် နောက်ရက် ဈေးနှုန်းများသည် လည်းမတူ။ ထို့ကြောင့် မနက်ဖြန်အတွက်ကြိုတင်၍ ဈေးနှုန်းတက်၍ ရောင်းချသူများ လည်း ရှိကြကုန်၏။ ထိုသို့ မရောင်းချလိုလျှင် နောက်ရက် ဈေးရောင်းဖို့ရန် သွားဝယ်လျှင် ကိုယ်ရောင်း သည့်ဈေးအတိုင်း ပြန်ဝယ်၍မရသည့် အခက်အခဲနှင့် ကြုံတွေ့နေရသည့် ဈေးသည်များသည်လည်း ဈေးရောင်းဖို့ရန်ပင် လက်တွန့်နေ ကြသူများလည်း ရှိနေကြသည်။ နောက်ဆုံးဆိုက်သည့် ဘူတာသည် လက်လီဝယ်စားသည့် အခြေခံပြည်သူသာ အမြင့်ဆုံးသောဈေးဖြင့် ဝယ်စားကြရသည်။ ကြက်သွန်နီ အကြောင်းနှင့် တိုက်ဆိုင်၍ သူငယ်ချင်းဖြစ်သူက သည်နှစ်ကြက်သွန် နီစိုက်ပျိုးထားသူဖြစ်၏။ သူထံတွင် ကြက်သွန်နီအများ အပြားရှိသည်ဟု ရင်ဖွင့်သည်။ သူပြောသည့်အချိန်က ကြက်သွန်နီ တစ်ပိသာလျှင် ကျပ် ၁၇၀၀ ပေါက်ဈေးရှိသဖြင့် ကြက်သွန်နီစိုက်တောင်သူများအဖို့ အရှုံးကြီးရှုံးသည့် ဈေးနှုန်းဖြစ်သည်ဟု ဆိုလေသည်။ စက်သုံးဆီဈေး၊ ဓာတ်မြေသြဇာ ဈေးနှုန်းများ မြင့်တက် ခြင်းနှင့်အ တူ အလုပ်သမားခပါ မြင့်တက်နေချိန် ကြက် သွန်နီတစ်ပိဿာ ၁၇၀၀ ဆိုလျှင်ရှုံး၏။ "ကိုယ်ဝယ်ရတဲ့ ဟာတွေက၊ ဘာနေနေ ဈေးကြီးပြီး၊ ကိုယ်ရောင်းမယ့် ဟာက ဈေးမရှိဘူး အဲဒီလိုဖြစ်နေတာ"ဟု ဆိုလေသည်။ သူပြောမှ လက်လီဝယ်စားသည့် အခြေခံပြည်သူလည်း မစားသာသကဲ့သို့ တောင်သူ လည်း မစားသာပါလားဟု တွေးမိလေသည်။


သူတို့လည်း အလှူခံနေကြပါလား
    ရခိုင်နိုင်ငံထူထောင်မည်ဟု ကြွေးကြော်ကာ ရခိုင်ပြည်နယ်အတွင်း စစ်မီးတောက်ကို စတင်အသက်သွင်းခဲ့သည့် AA က လက်ရှိအခြေအနေတွင် မည်သို့ဖြစ်နေသည်မသိ။ ဟိုစစ်ဆင်ရေး၊ သည်စစ်ဆင်ရေးဟု အမည်ပေးကာ လေလုံးထွားတတ်သော သူတို့ဗိုလ်ချုပ် ဆိုသူက လက်ရှိအချိန်အ ထိ ရခိုင်ပြည်နယ်အတွက် မည်သည့်ကောင်းကျိုးပေးခဲ့သည်ဆိုသည်ကို လက်ညှိုးထိုးပြ စရာလည်း မရှိသေးဟုဆိုလျှင်လည်း လွန်အံ့မထင်။လက်ရှိနိုင်ငံရေးနှင့် စစ်ရေးကို စိတ်ဝင်စားနေသူများအနေနှင့် ဆိုလျှင် ရခိုင်ပြည်နယ်က တိုက်ပွဲများအခြေအနေနှင့် AA တို့၏ လူမဆန်သည့်လုပ်ရပ်များကို သိပြီးသား များသာဖြစ်သည်။ ပြောရလျှင်ရှည်လျားထွေပြားနေမည် သာဖြစ်ပြီး ယမန်နှစ်က မိုခါမုန်တိုင်းတိုက်ခတ် အပြီး ရခိုင်ပြည်သူများ ဒုက္ခနှင့် အခက်ခဲမျိုးစုံ ကြုံတွေ့စဉ်ကလည်း AA အဖွဲ့၏ အကူအညီ တစိုးတစေ့မှမရခဲ့ကြ ရခိုင်ပြည်သူတို့ သိပြီးဖြစ်သည်။ ရခိုင်ပြည်ကို စစ်မီးမွှေး ခဲ့သူမှာလည်း AA ဖြစ်ပြီး ထိုစစ်မီးကြောင့် ရခိုင်ပြည်သူများစွာ ဒုက္ခရောက်မှ တစ်နည်း AA လည်း ဒုက္ခရောက်နေချိန်မှ သတင်း စာရှင်းလင်းပွဲပြုလုပ်ပြီး အလှူခံနေလေတော့သည်။ ဇွန် ၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲမှာ ခိုင်သုခက "အခုကာလဟာ မိုးရာသီဖြစ်တာကြောင့် တိုက်ပွဲတွေနဲ့မလွတ်ကင်းတဲ့ ဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းအတွက် အမိုးအကာတွေ အရေးတ ကြီးလိုအပ်နေ ပါတယ်။ အစားအသောက်နဲ့ ဆေးဝါး၊ အဝတ်အထည်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် လှူဒါန်းပေးဖို့မေတ္တာ ရပ်ခံပါတယ်"ဟု ပြောလေသည်။ ကိုယ့်ဒုက္ခကိုယ်ရှာ၊ ကိုယ်ဖော်သည့်ဆေးကို ကိုယ်တိုင်မစားချင်ဘဲ ကိုယ်စိုက် ပျိုးသည်များကို ရိတ်သိမ်းနေရခြင်းဆိုသည့် သဘောများ ဖြစ်လေမလားဟု တွေးမိပါသည်။ သူတို့ပဲ ပြည်သူ့အတွက်ပြောကာ ပြည်သူကို ဒုက္ခတွင်းထဲပိ့ုပြီး ပြည်သူ့အ တွက်ဆိုကာ ပြန်၍အလှူခံနေလေသည်။


ဟိုပြေး၊ သည်ပြေး နိုင်ငံရေး
    သည်နိုင်ငံ၏ နိုင်ငံရေးသမားများ ထင်ရှားကျော်ကြားသူများသည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အသုံးချကာ ပြည်သူလူထု အထူးသဖြင့် လူငယ်လူရွယ်များကို လမ်းမှားရောက်အောင် ပို့ဆောင် ပေးခဲ့ကြသည်။လူငယ်လူရွယ်များကို လမ်းမှားသို့ ရောက်အောင်ပို့ဆောင် ပေးခဲ့ကြပြီး သူတို့ကတော့ ပြည်ပနိုင်ငံများ၊ တတိယနိုင်ငံများသို့ သာသာယာယာခိုလှုံနေကြလေသည်။ ပြည်ပနိုင်ငံများသို့ အစောဆုံးထွက်ပြေးသည့် သူများမှာလည်း ထိုနိုင်ငံရေးသမားဆိုသူများနှင့် ထင်ရှားကျော်ကြားသူ တို့ပင်ဖြစ်သည်။ ယခုလည်း ထိုထွက်ပြေးသူများသည်  အမေရိကန်နိုင်ငံနှင့် သြဇီ၊ ယိုးဒယား စသည့်နိုင်ငံများကို  ထွက်ပြေးကြသည်မှာ အားလုံးအသိပင် ဖြစ်သည်။ ယခု ဖတ်မိခဲ့သည့်စာလေး ကြောင့် နိုင်ငံရေးဆိုသည်မှာ သည်ကဲ့သို့ပါလားဟု အတွေးပေါ်မိခြင်းဖြစ်သည်။ ထိုစာကို  ရေးသူမှာ အမေရိကန်နိုင်ငံ NATO နှင့် ယူကရိန်း-ရုရှား စစ်ရေးအကြောင်းစသည်တို့ကို ရေးသားလေ့ရှိပြီး သူ၏စာ များကို တော်တော်များများ ဖတ်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်သာ သမ္မ တဖြစ်လာလျှင် သူဌေးကြီး Bill Gate သည်ပင်လျှင် အမေရိကန်နိုင်ငံတွင် မနေတော့ဘူးဟု ရေးသားထားလေသည်။ ဒေါ်နယ်ထရမ့်ကို တရားလိုလုပ်ခဲ့သည့် အပြာကားသရုပ်ဆောင် Stormy Denial  နှင့် Bill Gate တို့ အမေရိကန်တွင် မနေတော့ဘဲ သူတို့နှင့်အတူ အုပ်စုလိုက်ကြီး ပြေးကြမည်ဟု ဆိုလေသည်။ FBI ကလည်း အတော်များများ ပြေးကြမည်ဟု ဆိုထားလေသည်။ အမေရိကန် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ရေးထားခြင်းဖြစ်ပြီး ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးပင်လျှင် ထိုကဲ့သို့ရှိ နေလေပြီဟု သဘောပေါက်မိသည်။ ကိုယ့်နိုင်ငံနှင့် လူမျိုးအပေါ် ကောင်းကျိုးမပြုခဲ့လျှင် အချိန်တန်လျှင် နိုင်ငံ့သစ္စာစူးတတ် ကြောင်းနှင့် နိုင်ငံတော်နှင့်မထိုက်တန်သူများက နိုင်ငံတော်တွင် နေခွင့်မရှိနိုင်သကဲ့သို့ ဝဋ်ဆိုသည်မှာ လည်တတ်ပါ၏ဟု အတွေးပေါ်မိပါသည်။ ( ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 284

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.