နိုင်ငံရေးသံသရာ

၂၀၂၄ ဇန်နဝါရီ ၂၀


ပညာရေး
    ဘာလိုလိုနှင့် ၂၀၂၄ နှစ်သစ်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။၂၀၂၄ သို့ ရောက်ရှိလာခြင်းနှင့်အတူ ၂၀၂၃-၂၄ ပညာသင်နှစ်လည်း ကုန်ဆုံးချိန်နီးကပ်လာခဲ့ပြီဖြစ်သည်။ ကျောင်းတွင်းပညာရေးနှင့် ဝေးကွာနေပြီ ဖြစ်သောကြောင့် ထိုအရာများကို သတိမထားဖြစ်သည်မှာလည်း ကြာပြီဖြစ်သည်။ သို့သော်လည်း သမီးငယ်လေးက Grade-1  တွင်ရှိသောကြောင့် သူတို့၏ ကျောင်းတွင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ သတိထားမိခြင်း ဖြစ်သည်။ မကြာသေးမီက သမီးငယ်လေးတို့ အကတိုက်ရဦးမည်ဟုဆိုသဖြင့် ဘာအတွက်လည်းဟု အမျိုးသမီးကိုမေးကြည့်ရာ 'ပညာရေးစုံညီပွဲတော်'အတွက် ကလေးများ အကဖြင့်ဖျော်ဖြေကြမည်ဟုဆိုသဖြင့် စိတ်ထဲတွင် ဝမ်းသာမိသကဲ့သို့ အတွေးများစွာလည်း ပေါ်လာမိခြင်း ဖြစ်သည်။ ပညာရေးကို အေးအေးဆေးဆေးသင်ယူနိုင်သည့်နေရာများနှင့် ပညာရေးကို ရန်သူသဖွယ်ထားသည့် ဒေသများအကြောင်း အတွေးပေါ်သွားခြင်းဖြစ်သည်။ လူတို့သည် ပညာအမွေကို လက်ဆင့်ကမ်းခြင်းဖြင့် လူသားမျိုးဆက်ကို မြှင့်တင်ကြရသည်မဟုတ်လော။ ထိုသို့ ပညာအမွေဖြင့် လက်ဆင့်ကမ်းခြင်း၊ တစ်နည်းအားဖြင့် ပညာသင်ကြားခြင်းကိုပင် ရန်သူကြီးသဖွယ် ဖြစ်နေသည့် နေရာ များက ကလေးသူငယ်များနှင့် ပညာမျိုးဆက်ကို လက်ဆင့်ကမ်းချင်သူ မိဘများ၏ အဖြစ်ကိုလည်း ကိုယ်ချင်းစာတရားနှင့် စိတ်မကောင်းဖြစ်ရမိသည်။သူငယ် ချင်းဖြစ်သူက သူ၏သားလေး၏ ပညာရေးနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် ရင်ဖွင့်လာလေသည်။ "မင့်ကလေးတွေကမှ ကျောင်းထားရပါ သေးတယ်ကွာ၊ ငါ့သားလေး မွေးထားပြီး ကျောင်းထားလို့မရတာ စိတ်မကောင်းဆုံးဘဲ၊ ကလေးကို ကျောင်းထားချင်လို့ဆိုပြီး ကိုယ့်ရပ်ကိုယ့်ရွာ စွန့်ပြီး တခြားနေရာမှာလည်း လုပ်မစားတတ်တော့ခက်တယ်။ ပညာမဲ့မျိုးဆက်တော့ မဖြစ်စေချင်ဘူးကွာ၊ သားသမီးကို ပညာအမွေမပေးနိုင်တာ ငါတို့ အပြစ်မဖြစ်စေချင်ဘူး၊ ဘယ်တတ်နိုင်မှာလဲကွာ၊ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့မှမရတာ"ဟု ဆိုလေသည်။
    သူငယ်ချင်းဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိ၏။ ထို့ထက်ပို၍ ကိုယ့်ဒေသကသူများက သူငယ်ချင်း ကဲ့သို့သူများအတွက်လည်း စိတ်မကောင်းများစွာဖြစ်ရသည်။ သူတို့အကြောင်းတွေးမိရင်း သမီးလေးက ပညာရေးစုံညီပွဲတော်အတွက် ဝတ်စုံကြေး၊ ဖိနပ်၊ အလှအပ ပစ္စည်းများဝယ်ရန်ဟု အမျိုးသမီးက သတိပေးသောအခါ သူငယ်ချင်းတို့က ကျောင်းမထားရသည့်ဒုက္ခ ကိုယ့်မှာ လည်း အင်း ဒါတွေကို ဒုက္ခဟု မခံယူကောင်းပါဘူးဟု ဆိုကာ ဆိုင်ကယ်ဆီတန်းစီပြီး သမီးလေး၏ ပညာရေးစုံညီပွဲ တော်တွင် လှပစေရန် ဈေးသို့ပြေးခဲ့ရလေသည်။


ပဲခူးအော်သံ
    မိတ်ဆွေတစ်ယောက်က သူ၏ရွာကလူနှင့် ဖုန်းစကားပြောနေသည်ကို တစ်စွန်းတစ်စကြားမိရာမှ ဒီအကြောင်း ပြောစရာဖြစ်လာပါသည်။ ဖုန်းပြောသည့် မိတ်ဆွေက ပဲခူးတိုင်းဒေသကြီးအတွင်းက ဇာတိဖြစ်သည်။ သူ၏ဇာတိတွင် လက်ရှိ ပြည်သူ့စစ်ဖွဲ့ရန်ဟုဆိုကာ ရပ်ရွာကြီးလျှင် တစ်ရွာလူ ၅၀ ၊ ရပ်ရွာသေးလျှင် တစ်ရွာလူ ၃၀ စစ်သင်တန်းတက်ရမည်ဟုဆိုသဖြင့် ရွာသူရွာသားများက ကျီးလန့်စာ စားဖြစ်နေကြသည်ဟု ဆိုလေသည်။ ရွာသူရွာသားအများစုသည် လက်ရှိအချိန်၌ သီးနှံရိတ်သိမ်းချိန်ဖြစ်သောကြောင့် ထိုအရာကိုစိတ်မဝင်စားနိုင်ကြသေးဟု မိတ်ဆွေကဆိုလေသည်။ ထိုသင်တန်းသို့ မလိုက်နိုင်သည့်အိမ်များက တစ်အိမ်လျှင် ကျပ်နှစ်သောင်း ပေးသွင်းရမည်ဟု ကြေညာချက်ထုတ်ထားကြောင်း မိတ်ဆွေက ဆိုလေသည်။ ပဲခူးတိုင်းဒေသကြီးက ထိုကဲ့သို့ ဆောင်ရွက်ခြင်းအပေါ် လက်ရှိအခြေအနေအရ ကောင်းခြင်း၊ ဆိုးခြင်းကို အကဲမဖြတ်တတ်ဟု ဆိုရမည်ဖြစ်သည်။ သို့မို့ကြောင့် မုံရွာတွင်ရှိသည့် မိတ်ဆွေတစ်ဦးထံ ပဲခူးတိုင်းကအကြောင်းကို လှမ်း၍ပြောဖြစ်သည်။ မုံရွာကသူငယ်ချင်းက "သူတို့က အခုမှလုပ်နေတာ KIA က တို့စစ်ကိုင်းထဲမှာ PDF မဖြစ်ဖြစ်အောင် လုပ်နေတာ နှစ်နှစ်လောက်ရှိနေပြီ"ဟုဆိုသဖြင့် ဗုဒ္ဓေါဟုသာ ရေရွတ်မိတော့၏။ မုံရွာကသူငယ်ချင်းက စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုတွင် PDF လုပ်ချင်လျှင်လုပ် မလုပ်ချင်လျှင် ရွာတွင်မနေရဲဆိုသည့်သဘောဖြင့် လုပ်ဆောင်ထား ကြောင်းပြောပြ၏။ ထိုသို့ လုပ်ဆောင်နေကြောင်းကိုလည်း မည်သည့်မီဒီယာမှ အရေးတယူမဖော်ပြသကဲ့သို့ မည်သူ့ကိုမှလည်း အသိမပေးခဲ့ကြောင်း သူငယ်ချင်းဖြစ် သူကဆိုလေသည်။ ယခု ပဲခူးတိုင်းအတွင်း ပြည်သူ့စစ်ဆိုသည်ကို စတင်အကောင်အထည်ဖော်မှ ပြောလိုက်ကြသည့် စကားသံများ ညံနေသည်ဟု သူငယ်ချင်းကပြော၏။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူကို ပြန်၍ "တို့ဘက် နယ်တွေမှာ ပဲခူးလို ဘာကြောင့်မလုပ်တာလဲ"ဟု မေးကြည့်ရာ သူငယ်ချင်းဖြစ်သူက "KIA က အရင်လုပ်သွားတာ ဘယ်လိုဆက်လုပ်လို့ရမလဲ"ဟု ပြန်၍ပြောလေသည်။ သံဝေဂရမိပါ၏။ အစိုးရကလုပ်လျှင် အသံထွက်ရဲ ကြသော်လည်း သူပုန်ကလုပ်လျှင် အသံမ ထွက်ရဲကြပါ လားဟုသာ တွေးမိပါတော့သည်။


သမိုင်းသံသရာ
    စာတစ်စောင်ကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိ၏။ စိတ်မကောင်းဆိုသည့် အကြောင်းနှင့်ပတ်သက်၍ ကျွန်တော် စနောက်လေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ ]စိတ်မကောင်းမှတော့ ရူးတာပေါ့ဟ} ဟူ၍ ဖြစ်သည်။ ယခုစာဖတ်၍ စိတ်မကောင်းဖြစ်မိသည်က ရူး၍မဟုတ် အမှန်တကယ် စိတ်မချမ်းသာ ၍ဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့အညာက အညာသားများ၏အဖြစ်ကို ကိုယ်ချင်းစာ၍ စိတ်မကောင်းဖြစ်မိခြင်းဟု ဆိုရမည် ဖြစ်သည်။ ဖတ်မိသည့်စာထဲတွင် "စစ်ကိုင်းတိုင်းက ပြည်သူတွေ ရဲ့ဘဝကိုလည်း စာနာကြပါဦး၊ ဘယ်သူ့ကို အဖေ ခေါ်ရမှာလဲ၊ စစ်တပ်ကိုလား၊ NUG, PDF လား၊ ဗိုလ်န ဂါးလား၊ KIA ကိုလား။ သေချာတာကတော့ ဘယ်အဖွဲ့မှ ကောင်းကျိုးမပေးတာဘဲ။ ပြည်သူ့အတွက်လို့ အော်နေကြပေမယ့် အားလုံးက ဒလန်၊ အကြမ်းဖက်အားပေးဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက်နေကြတယ်၊ ဒုက္ခရောက်ကြရတာ ပြည်သူတွေပါ၊ တစ်မြို့နဲ့တစ်မြို့၊ တစ်ရွာနဲ့တစ်ရွာ သွားချင်တာတောင် လမ်းတွေမှာ မိုင်း တွေနဲ့ပြည့်နေတာ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေထိုင်ရင်တောင် ဘယ်အချိန်လာသတ်ခံရမလဲ ကျီးလန့်စာစား နေထိုင်နေကြရတယ်၊ ကြာလာရင် ဘာသာ၊ သာသနာ ထွန်းကားတဲ့ ဇေယျာရွှေမြေရဲ့ အနာဂတ်ကတော့မတွေး ဝံ့စရာ"ဟု ရေးထားသည့်စာလေးဖြစ်သည်။
    ထိုစာလေးကိုဖတ်ပြီး ငယ်ငယ်က ကျွန်တော်တို့၏ ဦးကြီး၊ ဦးလေး၊ ဘကြီး၊ မေကြီးများ ပြောခဲ့သည့် အကြောင်းအရာကို သွား၍သတိရမိသည်။ သူတို့ပြော သည့် အကြောင်းအရာကလည်း ရောင်စုံသူပုန်သောင်း ကျန်းသူခေတ်က အကြောင်းဖြစ်၏။ ရဲဘော်ဖြူ၊ ရဲဘော်နီ၊ ပျူစောထီး ဘာညာသာရကာ စုံလင်သည့်ခေတ်က ဖြစ်သည်။ ရွာထဲသို့ ရောက်လာသော လက်နက်ကိုင် တစ်ယောက်က အဘွားကြီးကို မေးသည်ဟုဆိုသည်။ "ရဲဘော်နဲ့ ပျူစောထီး ဘယ်ဟာက ကောင်းလဲ အဘွား"ဟု မေးလိုက်ရာ အမေးခံရသည့် အဘွားက "ဘယ်သူတောင်းစားမှ မကောင်းပါဘူးဟယ်" ဆိုသဖြင့် ထိုလက်နက်ကိုင်ထားသည့် လူက သူ့နဖူးသူရိုက်ကာ ပြန်ထွက်သွားလေသည်ဆိုသည့် အကြောင်းပင်ဖြစ်သည်။ အော်သမိုင်းဆိုသည်မှာ တစ်ပတ်လည်ခြင်းမဟုတ်ဘဲ အကြိမ်ကြိမ်ပြန်၍ ကျော့နေခြင်းလားဟုပင် စဉ်းစားမိပါ၏။
တွေးချင့် ချိန်စရာ
    ပေါ်ဆန်းမွှေးဆိုသည့်ဆန်ကို မြန်မာလူလတ်တန်းစားနှင့် အထက်စားသုံးကြသည်မှာ လူတိုင်း သိကြပါသည်။ သို့သော်လည်း ရွှေဘိုပေါ်ဆန်းမွှေးဆိုသည့် ဆန် ပေါ်လာသည်မှာ ကျွန်တော့်အ သက်နှင့်ယှဉ်လျှင် ဘာမျှမကြာသေးဟု ပြောနိုင်ပါသည်။ ယခင်က ဧရာဝတီပေါ ဆန်းမွှေးသည်သာ ဆန်အကောင်းစားထဲတွင်ရှိခဲ့ပြီး ရွှေဘိုပေါ်ဆန်းမွှေး ပေါ်လာသည့်အချိန်တွင် ရွှေဘိုပေါ် ဆန်းမွှေးသည် ယခုအထိ ထိပ်တန်းတွင် ရှိသည်ဟုဆိုနိုင်ပါသည်။
    ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးသည် မိုးနည်းရပ်ဝန်း အပူပိုင်းဇုန်တွင်ရှိပြီး မိုးခေါင်ရေရှားသည့် အရပ်ထဲတွင် ပါဝင်သည်ကို လူတိုင်းသိကြပါသည်။ မုန်းတိုင်းမျှော်၍ မိုးခေါ်ရသည့် အရပ်ဖြစ်သည်။ အဘယ်ကြောင့် မုန်တိုင်းမျှော်ရသနည်းဟုဆိုလျှင် မုန်တိုင်းရှိမှ  မိုးရသောကြောင့်ဖြစ်၏။ ထိုကဲ့သို့ဒေသတွင် ရာသီဥတုကို မှီခိုစိုက်ပျိုးရသော တောင်သူလယ်သမားများအဖို့  မိုးကြောက်ရ၊ ပိုးကြောက်ရ ဆိုသကဲ့သို့ ဖြစ်နေ၏။ မိုးမရွာ၍လည်း သီးနှံပျက်စီးသည်။ ပိုးကျ၍လည်း သီးနှံပျက် စီးသည်။ ထိုအခြေအနေများထဲမှ ရွှေဘိုပေါ်ဆန်းဆို သည့် နိုင်ငံကျော်ဆန်စပါး ထွက်ပေါ်လာခြင်းသည် လွယ်လွယ်နှင့် မဖြစ်တန်ရာ။ ကျွန်တော့်သူငယ်ချင်း ချိုပြုံး၏သီချင်းကို အမည်ဖျက်ဆိုသကဲ့သို့ သူ့ခေတ်တွင် မှဖြစ်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းက "ခင်မင်သူတွေဒီလိုခေါ်တယ် ကျွန်မကိုမချို" ဆို သည့်စာသားအစား "ခင်မင်သူတွေဒီလိုခေါ်တယ် အဘရေ အဘရွှေ"ဆိုသည့် ဦးသန်းရွှေခေတ်တွင် သဖန်းဆိပ် ရေလှောင်တမံကြီး တည်ဆောက်ပြီး နိုင်ငံကျော်ရွှေဘို ပေါ်ဆန်းဆို သည့်စပါး ထွက်ပေါ်လာခြင်းဟု အနှစ်ချုပ် ပြောနိုင်ပါသည်။ သို့မို့ကြောင့် ရွှေဘိုပေါ်ဆန်းဆိုသည့် ဆန်ပေါ်ထွက်လာသည်မှာ သဖန်းဆိပ်ဆည်ပြီးမှ ပေါ် ထွက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
    ထိုအကြောင်း အရာနှင့်ပတ်သက်၍ သူငယ်ချင်းဖြစ်သူက"ကိုယ့်ကောင်းကျိုး ဆောင်ရွက်ပေးတဲ့သူကို စော်ကားတဲ့ဝဋ်ကြွေးတော့ ဆပ်ကြပေဦးတော့ကွာ"ဟု ဆိုလေသည်။ ယခုပုန်ကန် ထကြွနေ သူများထဲတွင် သဖန်းဆိပ်ဆည်ကို အမှီပြု၍ ကြီးပွားချမ်းသာ အဆင်ပြေလာသူများ အများအပြား ပါဝင်ကြောင်းကို သူငယ်ချင်းဖြစ်သူက ဆိုလိုချင်ခြင်းဖြစ်သည်။ ထိုအကြောင်းအရာနှင့် ခပ်ဆင်ဆင်စာ လေးတစ်စောင်လည်း ဖတ်မိ၍ မျှဝေလိုပါသည်။ "ရေနံဆီမီးတိုင်နဲ့ နေခဲ့ဖူးလို့ မြန်မာပြည်တိုး တက်တာကို ငါမြင်တယ်၊ တောင်ပေါ်ဒေသနဲ့ ရန်ကုန်မြို့ကို တစ်ပတ်ကြာတောင် မရောက်တဲ့လမ်းခရီးကို သွားခဲ့ဖူးလို့ တိုးတက်တာကို ငါမြင်တယ်၊ ချောင်းသာဆိုတာ ငါးစိမ်းတန်းသာ မြင်ခဲ့ဖူးလို့ တိုး တက်တာကိုငါမြင်တယ်၊ ဆိုင်ကယ်မပြောနဲ့ စက်ဘီး တောင် မစီးနိုင်တဲ့ခေတ်နေခဲ့ဖူးလို့ တိုးတက်တာ ငါမြင်တယ်၊ မြို့ပြမှာ ကြိုးဖုန်းတောင် အိမ်တိုင်းမသုံးနိုင်ခဲ့လို့ တိုးတက်တာကိုငါမြင်တယ်၊ ကျေနပ်နေ လို့မဟုတ်ဘူး၊ ငါမြင်တာပါ၊ နိုင်ငံရေးသမားတွေက အစိုးရမွဲနေမှ  အာဏာယူလို့ရမှာမို့ စီးပွားရေးတွေ ပိတ်ဆို့တဲ့ကြားက ဒီလောက်တိုးတက်အောင်လုပ်ပေးခဲ့တာ မမြင်ရင်ဘာ့ ကြောင့်တော့ မပြောလိုပါ။ အခုတော့ မင်းတို့ဖျက်ဆီးနေပြီ၊ ပျက်စီးနေတဲ့အရာတွေကို ဘယ်သူပြင်ပေးမလဲ ငါစောင့်ကြည့်မယ်" ဟူသည့် တွေးချင်စရာစာလေးပင်ဖြစ်သည်။

ရွှေထီး
 ( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 342

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.