၂၀၂၅ ဖေဖော်ဝါရီ ၁
နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ မိမိတို့နိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသည်မှာ အစိုးရတစ်ရပ်တည်း၊ လွှတ်တော်တစ်ရပ်တည်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့များ၏ သီးသန့်တာဝန် မဟုတ်ဘဲ နိုင်ငံသားတိုင်းအပေါ်၌ရှိသော သမိုင်းပေး တာဝန်တစ်ရပ် ဖြစ်သည်။ ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာသော သမိုင်းအဆက်ဆက်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပ ရန်များကို အတူတကွ တွန်းလှန်ခဲ့ကြသည်။ ယင်းနောက် သူ့ကျွန်ဘ၀ ရောက်ရှိပြီး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကြိုးပမ်းရာတွင်လည်း တပ်မတော်နှင့်အတူ ပြည်သူလူထုအားဖြင့် ရုန်းကန်ခဲ့ခြင်း သမိုင်းသက်သေများကလည်း ယနေ့ထက်တိုင် အထင်အရှား ရှိနေသည်။ ထို့ကြောင့် သမိုင်းပေးတာဝန်ဖြစ်သည့် အမိနိုင်ငံတော်၏ ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည်ကို ပြည်သူများ ကောင်းစွာ နားလည် သဘောပေါက်စေရန် လိုအပ်သည်။ တိုင်းပြည်တစ်ပြည်တွင် ခိုင်မာအားကောင်းသော အင်အားတစ်ရပ်၊ ကာကွယ်ရေးအင်အားတစ်ရပ် ရှိရန်လိုအပ်ပြီး ကာကွယ်ရေးအင်အားချည့်နဲ့ပါက ပြည်တွင်း ပြည်ပ စွက်ဖက်မှုများကြောင့် ခေတ်သစ်နယ်ချဲ့ဝါဒများနှင့် ရင်ဆိုင်ရနိုင်ပြီး အမျိုးသားစည်း လုံးညီညွတ်ရေးကို ထိခိုက်စေနိုင်မည်ကိုလည်း သတိပြုရန် လိုအပ်သည်။မြန်မာနိုင်ငံ၏ သမိုင်းကြောင်း အရ သူ့ကျွန်ဘဝမှ ရုန်းထွက်လိုသော လူငယ်ထုအားဖြင့် တပ်မတော်တစ်ရပ် ခိုင်မာအားကောင်းစွာ သန္ဓေတည်လာခဲ့သည်။ ယင်းတပ်မတော်ကပဲ လွတ်လပ်ရေးကို အရယူခဲ့ပေးပြီး သူ့ကျွန်ဘ၀ သွေးခွဲအုပ်ချုပ်မှု၏ အကျိုးဆက်ကြောင့် လက်နက်ကိုင်တောင်းဆိုမှုများမှာ ယနေ့အချိန်ထိ စဉ်ဆက်မပြတ်ရှိလာခဲ့ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး လိုအပ်ချက်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးနေရဆဲ ဖြစ်သည်။ ထို့အတူ နိုင်ငံကြီးအချို့ကလည်း ၎င်းတို့၏ လိုရာစွဲနိုင်မည့်အစိုးရတစ်ရပ် ပေါ်လာစေရန်အတွက် တပ်မတော်ကို အင်အားချည့်နဲ့အောင် ခေတ်အဆက်ဆက် နည်းမျိုးစုံနှင့် ကြိုးပမ်းခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းနိုင်ငံရေးအင်အားစုအချို့ကလည်း တပ်မတော်အပေါ် အတိုက်အခံအဖွဲ့အစည်း တစ်ရပ်သဖွယ် သဘောထားဖြင့် ချဉ်းကပ်မှုကြောင့် မလိုလားအပ်သည့် ကိစ္စရပ်များဖြင့်သာ မြန်မာ့နိုင်ငံရေးက လိုရာမရောက် ခရီးမပေါက်ခဲ့ခြင်းသာ ဖြစ်သည်။
နိုင်ငံရေးသမားအချို့၏ ပုဂ္ဂိုလ်ရေးဆန်သည့် တပ်မတော်မုန်းတီးရေး အခြေခံစိတ်များကို ဝါဒမှိုင်းသဖွယ်အသုံးချပြီး နိုင်ငံရေးလက်ကိုင်တုတ်သဖွယ် အသုံးပြုကာ ပြုမူဆောင်ရွက်မှုများကြောင့် တပ်မတော်နှင့်ပြည် သူအကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်ခဲ့ရသည်။ တပ်မတော်ကို ဝေဖန်တိုက်ခိုက်မှသာ နိုင်ငံရေးသမား၊ တပ်မတော်ကို လက်ညှိုးထိုး အပြစ်ပုံချနိုင်မှသာ နိုင်ငံရေးသမား စစ်စစ်ဖြစ်သည်ဟု ခံယူထားသော ငါစွဲနိုင်ငံ ရေးသမားအချို့ကြောင့် မြန်မာ့နိုင်ငံရေး သမိုင်းတစ် လျှောက်တွင် တပ်မတော်က လူကြမ်းသဖွယ် ပုံဖော်ခြင်းကို ခံခဲ့ရသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကောင်းမွန်သော တိုင်းချစ်ပြည်ချစ်စိတ်များ ပေါ်ထွန်းလာရေး၊ နိုင်ငံတော် ကာကွယ်ရေးသည် နိုင်ငံသူနိုင်ငံသားအားလုံးအတွက် ပခုံးထမ်းလက်ဆင့်ကမ်းရမည့်တာဝန်များဟု အများပြည်သူ သိရှိရမည့်အမှန်တရားအစား တပ်မတော်ကို နိုင်ငံရေးမှ ထွက်ခွာသွားစေရန်၊ ပုံရိပ်ကျဆင်းစေရန်အတွက်သာ တွေးတောနိုင်သည့် နိုင်ငံရေးသမားများ နေရာရလာခြင်းက မြန်မာ့နိုင်ငံရေးအတွက် အနုတ် လက္ခဏာ ဖြစ်စေခဲ့သည်။ ထိုသူတို့၏ ဝါဒမှိုင်းကြောင့် လူငယ်ထုအကြား မျိုးချစ်စိတ်ဓာတ်များ ကျဆင်းလာခြင်း၊ နိုင်ငံရေးအသိပညာအမှန်များကို တွေးခေါ်နိုင်စွမ်းမရှိခြင်း၊ ကိုယ်ပိုင် စဉ်းစားဉာဏ်ဖြင့်တွေးတောကာ အမှားအမှန် ခွဲခြားခြင်းထက်လိုသလို ကြိုးဆွဲရာကနေသည့် နယ်ရုပ်များသဖွယ် အသုံးချခံနေရခြင်းများက စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးဟူသည့် နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့် ပြည်တွင်း ပြည်ပအန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန် ဖြစ်သော်လည်း ယနေ့ကာလတွင်မူ စစ်ရေးနည်း လမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများ ဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု စသည့်အန္တရာယ်များကိုပါ ကာကွယ်နိုင်ရေးတို့သည် အထူးလိုအပ်လာပြီ ဖြစ်သည်။ ထို့အပြင် တိုင်းပြည်တစ်ပြည်၏ အချုပ်အခြာအာဏာကို ထိပါးစေရန်အလို့ငှာ သွေးထိုးမြှောက်ပင့်မှုများ၊ တိုင်းပြည်ကာကွယ်ရေး တာဝန်ယူရသော တပ်မတော်တစ်ရပ်ကို အင်အားချည့်နဲ့အောင် ကြံရွယ်လုပ်ဆောင်ခြင်းက နိုင်ငံသားတို့အတွက် လွန်စွာ အန္တရာယ်ကြီးမားလှသည်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို မလိုလားကြသူများနှင့် အနောက် နိုင်ငံအချို့၏ ဝါဒမှိုင်းက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုအား ကြီးမားခဲ့သည်။ ပြည်ပက ၎င်းတို့၏ ဝါဒဖြန့်မှုကို ယခင်ကာလ များကတည်းက မီဒီယာလက်ဝါးကြီးအုပ်ကာ အစဉ်တစိုက် ထိုးနှက် တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်နှင့် ပြည်သူကြား ဆက်ဆံရေးမပြေလည်စေရန် အဓိကပစ်မှတ်ထား ခဲ့သည်။ ယခုအခါ နိုင်ငံတော်အစိုးရက ဥပဒေကိုအတည်ပြုကာ အကောင်အထည်ဖော်နေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ပြည်တွင်း ပြည်ပက ဝါဒမှိုင်းမျိုးစုံလွှင့်ကာ လူငယ်ထုကို အကြမ်းဖက်လမ်းစဉ် ရောက်ရှိစေရန် သွေးထိုး မြှောက်ပင့်ပေးခြင်း၊ ပြည်သူ့စစ်မှုထမ်းခြင်းကို လိုသလို ပုံဖော်ကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် သတင်းမှားများ ဖြန့်ဝေခြင်းများဖြင့် လူငယ်ထုများအကြား တိုင်းချစ်ပြည်ချစ်စိတ်များ ပေါ်ထွန်းလာမည့်အရေးကို စိုးရိမ်တကြီး ဖြစ်နေကြသည်။
"ပြည်ဖျက် မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့ အစည်းတွေအနေနဲ့ ဒီအပေါ်မှာအဆိုးမြင်ဝါဒနှင့် ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ၊ နိုင်ငံချစ်၊ စိတ်မျိုးချစ်စိတ် ပျက်ပြားအောင် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေ တစ်နည်းအားဖြင့် အမျိုးသားစစ်မှုထမ်း စနစ်နှင့်ပတ်သက်ပြီး ပြည်သူလူထု ပိုမိုသိရှိနိုင်စေဖို့ ပြောပြလိုပါတယ်။ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံကို ချစ်ကြပါတယ်။ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက် စေချင်ကြပါတယ်။ သူများနိုင်ငံတွေထက် မိမိနိုင်ငံကို သာစေချင်တယ်။ ဒါဟာ နိုင်ငံချစ်စိတ်ပါ။ ကောင်းပါတယ်။ ဒါဆိုရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘာလိုသလဲ။ အဓိကအခြေခံအကျဆုံး လိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးပါ။ တည်ငြိမ်အေးချမ်းမှပဲ ကောင်းစွာစီးပွားရှာလို့ရမယ်။ တည်ငြိမ်အေးချမ်းမှလည်း ကောင်းစွာ သွားလာလို့ရမယ်။ နေထိုင်လို့ရမယ်။ တိုးတက်အောင် လုပ်လို့ရမယ်။ တည်ငြိမ်အေးချမ်းဖို့ ဘာလိုသလဲ။ ပြည်သူတွေဘ၀ လုံခြုံဖို့လိုပါတယ်။ လုံခြုံရေး၊ ကာကွယ်ရေးအင်အား ကောင်းဖို့ လိုပါတယ်။ နိုင်ငံတစ်ခုမှာ ရိုသေခံ့ညားလောက်တဲ့ လုံခြုံရေးအင်အား၊ ကာကွယ်ရေးအင်အား မရှိဘဲနဲ့ ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုဆိုတာ မရှိနိုင်ပါဘူး"ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေဖော်ဆောင်ရမှုနှင့် ပတ်သက်၍ ပြည်သူကိုအသိပေး ပြောဆိုထားပြီး ဖြစ်သည်။
ဤနေရာတွင် အများပြည်သူအနေဖြင့် နိုင်ငံတကာ၏ ကာကွယ်ရေးစွမ်းပကား မြှင့်တင်နေမှုကို လေ့လာရန်လိုအပ်ပြီး နိုင်ငံသားတို့၏ အခွင့်အရေးနှင့်အတူ တာဝန်ရှိ၊ တာဝန်သိခြင်းကိုလည်း နားလည်သဘော ပေါက်ရန် လိုအပ်သည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အကျွမ်းတဝင် မဖြစ်သေးသည့် ကိစ္စရပ်တစ်ခုဖြစ်သော်လည်း လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ကမ္ဘာ့နိုင်ငံများ၌မူ မိမိတို့နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် ကာကွယ်ရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြသည်။
လက်ရှိတွင် ဂျာမနီ၊ သြစတြေးလျ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် တူရကီ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းထားပြီး နိုင်ငံတော်ကာကွယ်ရေး အစီအစဉ်များကို ဥပဒေနှင့်အညီ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
အထက်ပါအတိုင်း နိုင်ငံပေါင်းများစွာကျင့်သုံးနေသည့် ပြည်သူ့စစ်မှုထမ်းခြင်းအပေါ် နိုင်ငံတော် သစ္စာဖောက်သူများက တပ်မတော် အင်အားတောင့်တင်းလာစေမည်ကို စိုးရိမ်ခြင်း၊ လူငယ်ထု၏ စိတ်အတွင်းဝယ် တိုင်းချစ်ပြည်ချစ်စိတ်များ ကိန်းအောင်းလာမည့် အရေးများကို တွေးတောပူပန်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် ပြောဆိုဆောင်ရွက် နေကြခြင်းဖြစ် သည်။
ယခုရက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ နည်းဥပဒေတွင် အခန်း ၁၀ ခန်း၊ နည်းဥပဒေ အပိုဒ်ပေါင်း ၅၉ ပိုဒ်၊ နောက်ဆက်တွဲပုံစံ ၁၂ ခုဖြင့် ဖော်ပြထားပြီး အခန်း(၁)တွင် အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက် များ၊ အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလ တွက်ချက်ခြင်း၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၄)တွင် စာရင်းပြုစုခြင်းနှင့်မှတ်ပုံတင်ခြင်း၊ အခန်း(၅)တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်း ရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း(၆)တွင် အမိန့်စာဆင့်ခေါ် ခြင်း၊ အခန်း (၇) တွင် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၈)တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း(၉)တွင်စစ် စည်းရုံးခြင်း၊ အခန်း(၁၀)တွင် အထွေထွေတို့ ပါရှိသည်။ နည်းဥဒေတွင် ပြည်သူ့ စစ်မှုထမ်းတာဝန် ထမ်းဆောင်သူများ၏ စာရင်းကို ရပ်ကွက်^ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြုစု၍ မြို့နယ်အဖွဲ့သို့ ပေးပို့မည်ဖြစ်ပြီး မြို့နယ်အဖွဲ့က စစ်မှုထမ်းရန် အသက်အရွယ် ရောက်သူများ စာရင်းတွင် ပါဝင်သူများကို မှတ်ပုံတင်ရန် ဆင့်ခေါ်မည် ဖြစ်ကြောင်း၊ မြို့နယ်အဖွဲ့က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှတစ်ဆင့် ဗဟိုအဖွဲ့သို့ ပြည်သူ့စစ်မှုထမ်းရန် ပါဝင်သူစာရင်းအား ပေးပို့မည် ဖြစ်ပြီး ဗဟိုအဖွဲ့သည် ဆေးစစ်ဆေးရန် ဆင့်ခေါ်ရမည့်သူအရေအတွက်ကို သတ်မှတ်၍ မြို့နယ်အဖွဲ့သို့ စာရင်းပြန်လည်ပေးပို့ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်သူ့စစ်မှုထမ်းရန် ဆေးစစ်အောင် မြင်ပြီးသူသည် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသည့်ကာလ အပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခွင့်ပြုထားကြောင်း ဖော်ပြ ပါရှိသည်။
ဥပဒေကို အကောင်အထည်ဖော်ရာတွင် လိုသလို အသုံးချခံ မဖြစ်စေရန်အတွက် နည်းဥပဒေကို သီးသန့်ထုတ်ပြန်ရခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ဆင်းရဲချမ်းသာမခွဲ နိုင်ငံသားတိုင်း တန်းတူရထိုက်သော အခွင့်အရေး၊ တန်းတူထမ်းဆောင်ရမည့် တာဝန်များ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ သို့သော် ပြည်တွင်းပြည်ပ မီဒီယာအချို့က ဥပဒေပါအချက်အချို့ကို ဆွဲထုတ်ကာ ပြည်သူကို သတင်း ပညာဖြင့် လှည့်စားခဲ့ကြသည်။ ယင်းလှည့်စားချက်မှာ ဥပဒေက ပြဋ္ဌာန်းထားသည့် ပြည်သူ့ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေး ရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထား ခဲ့ပါက ယင်းလျှောက်ထားမှုအပေါ် ဗဟိုအဖွဲ့ထံမှ ခွင့်ပြုမိန့်မရမီ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် မရှိစေရကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းရန် မြို့နယ်အဖွဲ့မှ အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် မရှိစေရကြောင်းဆိုသည့်အချက်ကို အသားပေးဖော်ပြကြခြင်း ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်စဉ်ကတည်းက တိုင်းပြည်အပေါ်စေတနာ မမှန်ကြသူများက လူငယ်ထုကို အကြမ်းဖက်လက် နက်ကိုင်လမ်းစဉ်ကို ရွေးချယ်စေရန် တွန်းအားပေးခြင်း၊ ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ရန် တိုက်တွန်းခြင်းများ တရားမဝင် ပြည်ဖျက်မီဒီယာ အားကိုယူ၍ ဆောင်ရွက်ခဲ့သည်။ ယင်းသို့သော ဆောင်ရွက်ချက်များကြောင့်လည်း နည်းဥပဒေက ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်ခဲ့ခြင်းပင် ဖြစ်သည်။
"ပြည်သူတစ်ယောက်အမြင်ကို ပြောပါဆိုရင် ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး အစိုးရကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ ပြည်ပကို တရားဝင်လုပ်သားတွေ စေလွှတ်နေတာ ရှိတာပဲလေ။ ဂျပန်တို့၊ ကိုရီးယားတို့ ထွက်နေကြတာပဲလေ။ နောက် သင်္ဘောသားတွေလည်း ပုံမှန် ဝင်ထွက်နေကြတာပဲ။ နောက်ပြီး ပညာသင်ကြားဖို့ ပြည်ပထွက်ခွင့်တွေ ပေးနေတာပဲလေ။ ဒါတွေက တရားဝင်သွား တာပေါ့ဗျာ။ နည်းဥပဒေအရတော့ ကန့်သတ်တာကတော့ ရှိရမှာပေါ့။ စစ်မှုမထမ်းချင်လို့ ပြည်ပမှာ ကြုံရာလုပ်ဖို့ ထွက်တာတွေ၊ အကြောင်းအရင်း တိတိကျကျမရှိဘဲ ထွက်တာတွေကတော့ ကန့်သတ်မှာပေါ့။ သေချာလေ့လာကြည့်ရင် အမိန့်စာရသူတွေ၊ ရွှေ့ဆိုင်းလျှောက်ထားသူတွေပဲ ပြည်ပထွက်ခွင့်မရှိ တာပါ။ အားလုံးကို မထွက်ရဘူးလို့ မဆိုထားပါဘူး။ တချို့ကလည်း ကြောက်လန့်ပြီး ပြေးကြလွှားကြ လုပ်ချင်ကြတာ ပေါ့လေ။ ဒါကိုသိတဲ့ မီဒီယာတွေက လူငယ်တွေနဲ့မိဘတွေ ကြောက်လန့်အောင် ပြည်ပထွက်ခွင့် မပြုဘူးဆိုတာကို သတင်းခေါင်းစဉ် တပ်ကြတာပေါ့လေ။ ပြောချင်တာက နည်းဥပဒေကို ပြည်သူတွေ သေသေချာချာ လေ့လာစေချင်တယ်ဗျာ။ လိုအပ်ရင် အကျုံးဝင်သူမှ မဟုတ်ဘူး၊ ပြည်သူအားလုံး ထမ်းဆောင်ရမယ့် တာဝန်ဆိုတာ သိစေချင်တယ်။ အယုတ်အလတ်အမြတ် မပါဘူး တန်းတူဥပဒေ သတ်မှတ်ပေးထားတာပဲ။ ကင်းလွတ်ခွင့်တွေ၊ ဆေးအဆင့် သတ်မှတ်ချက်တွေ၊ ခံစားခွင့်တွေ အားလုံးပါတယ်လေ"ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ ပြည်သူတစ်ဦးဖြစ် သူ ဦးဌေးအောင်က မှတ်ချက်ပြုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စေ့ငုစွာ လေ့လာကြည့်ပါက ပြည်သူ့စစ်မှုထမ်းခြင်းနှင့်အတူ နိုင်ငံသားတို့၏ ရပိုင်ခွင့်ကို ထိခိုက်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိရ သည်။ စစ်မှုထမ်းနေစဉ်အတွက် အရပ်သားပြည်သူ၏ ရပိုင်ခွင့်၊ နိုင်ငံ့ဝန်ထမ်းတို့၏ ရပိုင်ခွင့်၊ အလုပ်သမား လူတန်းစားအတွက် တာဝန်ထမ်းဆောင်ပြီးပါက လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရေးအတွက် အာမခံချက်များ ပါဝင်သည်ကို တွေ့မြင်ရသည်။ "တော်တော်တရား ကျဖို့ကောင်းတဲ့ကိစ္စ ပြောရဦးမယ်ဗျာ။ ဥပဒေအခိုင်အမာနဲ့ခေါ် တဲ့ ပြည်သူ့စစ်မှုထမ်းကိုကျတော့ တိမ်းရှောင်ကြဖို့ တိုက်တွန်းနေတဲ့သူတွေက ပြည်ပမှာသာသာယာယာပဲ။ တချို့ပြည်ပနေသူတွေကလည်း သားသမီးချင်း ကိုယ်ချင်းမစာမနာ ပြောရက်တာ စစ်မှုမထမ်းချင်ရင် တောထဲလာကြဆိုတဲ့ စကားပဲ။ PDF အကြမ်းဖက်အဖွဲ့ တွေကလည်း လူသစ်စုကြတယ်။ PDF ဖြစ်ရင်မသေဘူးလို့ အာမခံတဲ့သူရှိသလား၊ မရှိဘူးလေဗျာ။ ပြည်သူ့စစ်မှုထမ်းကမှ ရပိုင်ခွင့်နဲ့ အာမခံချက် ရှိသေးတယ်။ နှစ်ပြည့်ရင်လည်း ထမ်းဆောင်ပြီးကြောင်း လက်မှတ်ယူပြီး ကြိုက်တဲ့နိုင်ငံသွား၊ ကြိုက်တဲ့အလုပ်လုပ်၊ မလုပ်ချင်ရင် တပ်မတော်မှာ ရာထူးအဆင့်ဆင့် ထမ်းဆောင်လို့ရသေးတယ်။
ခုဟာက ပြည်ပမှာ သာယာနေတဲ့သူတွေက စစ်မှုမထမ်းချင်ရင် အကြမ်းဖက်ထဲဝင်ဆိုတဲ့ စကားက တရားကျစရာ တော်တော်ကောင်းတယ်။ နောက် တိုင်းရင်းသားနယ်မြေတွေမှာလည်း လက်နက်ကိုင်အဖွဲ့တွေ လူသစ်စုဆောင်းတာတွေ ရှိတာပဲလေ။ ရွာတွေထဲဝင် လူသစ်ဘယ်နှယောက် ပေးဆိုပြီး စစ်မြေပြင်ပို့တာတွေကိုတော့ မသိချင်ယောင်ဆောင်နေတဲ့ မီဒီယာတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ စနစ်တကျ ဖော်ဆောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းကိုမှ လူငယ်တွေ ကြောက်လန့်အောင် ပုံဖော်နေတာက တိုင်းပြည်အပေါ်ထားတဲ့ စိတ်ဓာတ်တွေ ပေါ်လွင်စေပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ဤနေရာတွင် အရေးအကြီးဆုံးအချက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများ နိုင်ငံ့ တာဝန်ထမ်းဆောင်နိုင်စေရေး ဖော်ဆောင်ပေးရသူတို့၏ အခန်းကဏ္ဍပင်ဖြစ်သည်။ အစိုးရမှ ချမှတ်ပေးထားသော ဥပဒေကို အကောင်အထည်ဖော်ရာတွင် အဂတိတရား ကင်းကြရန် လိုအပ်လှသည်။ ဥပဒေကို အများပြည်သူ သေချာစွာ နားလည်စေရန် ရှင်းပြခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် လူငယ်လူရွယ်များ စစ်မှုထမ်းစေရန် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ်သည်။ ထိုသို့မဟုတ်ဘဲ ဥပဒေတစ်ရပ်ကို အကောင်အ ထည်ဖော်ရာတွင် အဂတိတရားများ ပါဝင်ခြင်း၊ အာဏာကိုအသုံးချ၍ ဥပဒေကိုမျက်ကွယ်ပြုကာ ဆောင်ရွက်ပါက အများပြည်သူအနေဖြင့် အစိုးရအပေါ် အထင်လွဲမှား မှုဖြစ်ပေါ်စေကာ ဥပဒေကို နည်းလမ်းပေါင်းစုံဖြင့် ရှောင်တိမ်းမှုများ ပြုလုပ်နေမည်သာ ဖြစ်သည်။ "ပြည်သူစစ်မှုထမ်းဆိုတာက မထမ်းမနေရ စနစ်ဖြစ်တယ်။ နိုင်ငံတကာမှာလည်း စစ်မှုထမ်းနေကြတယ်ဆိုတာ ပြည်သူတွေ သိပြီးသားဖြစ်တယ်။ နိုင်ငံသားတစ်ယောက်ဖြစ်ရင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ အခြေခံပြီး အဂတိလိုက်စားတာတွေ၊ တိမ်းရှောင် နိုင်ဖို့ ကြိုးပမ်းပေးတာတွေ၊ ငွေပေးပြီး လူစားလဲတာတွေကို အောက်ခြေ အချို့ဒေသတွေမှာ ဖြစ်နေတာ ပပျောက်သွားအောင်ဆိုပြီး ကျွန်မအနေနဲ့ ပါတီကိုယ်စား တင်ပြခဲ့တာပါ။ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့်ဆင့် တရားဝင်ကြေညာ၊ ဥပဒေအတိုင်း တိတိကျကျ ဖော်ဆောင်ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဥပဒေတစ်ခု အတည်ပြုတိုင်း အောက်ခြေမှာက ဒီဥပဒေကိုအသုံးချ ကိုယ်ကျိုးရှာတာ တွေကို မဖြစ်စေချင်တာပါ။ အောက်ခြေက လူတွေအနေနဲ့ ဥပဒေအတိုင်း တိတိကျကျ လိုက်နာဖို့လို အပ်တယ်လို့ မြင်ပါတယ်။ စစ်မှုထမ်း ဥပဒေဆိုတာက နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲဖြစ် တယ်ဆိုတာ ကျွန်မတို့က လက်ခံထားပြီးသားပါ။ နည်းဥပဒေ ထွက်လာတဲ့အတွက်ကြောင့် စောစောကပြောတဲ့ ကိစ္စရပ်တွေတော့ လျော့ကျသွားနိုင်တာပေါ့လေ။ ဥပဒေအတိုင်း ဌာနဆိုင်ရာ အဆင့်ဆင့်ကလည်း လိုက်နာဖို့လို အပ်တယ်ဆိုတာလည်း ပြောချင်ပါတယ်"ဟု ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဒေါ်စောယုမာက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အများပြည်သူအ နေဖြင့် စိုးရိမ်ထိတ်လန့်စရာ ဥပဒေတစ်ရပ်အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေရန်ပုံဖော်ခြင်း၊ အများပြည်သူ ဥပဒေပညာရပ် အားနည်းမှုအပေါ် အသုံးချကာ ကိုယ်ကျိုးရှာခြင်း၊ တပ်မတော်နှင့် တိုင်းပြည်အင်အားချည့် နဲ့စေရန်အကြံဖြင့် ဝါဒမှိုင်းတိုက်ကာ လူငယ်ထုကို လမ်းမှားရောက်စေရန် သွေးဆောင်ဖြားယောင်းခြင်းများကိုသတိပြုဆင်ခြင်ကြရန် လိုအပ် လာ ပြီဖြစ်သည်။
မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေးစနစ်မဆို နိုင်ငံသားတို့အနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန် ရန်ထမ်းရွက်ရမည်သာ ဖြစ်သည်။ နိုင်ငံရေး အတွေးအမြင်များ၊ စစ်ရေးအတွေးအမြင်များ ကျယ်ပြန့်လာပြီး မိမိတိုင်းပြည်၏ နာတာရှည် ငြိမ်းချမ်းရေးပြဿနာ၊ နိုင်ငံရေးပြဿနာများကို မျိုးဆက်သစ်လူငယ် ထုအားဖြင့် ကုသပေးနိုင် လိမ့်မည်ဖြစ်သည်။ ပြည်တွင်းပြည်ပ ရန်စွယ်များကို ကာကွယ်နေသော တပ်မတော်အပေါ် အသိအတွေးအမြင် အမှန်များဖြင့် ချဉ်းကပ်လေ့လာနိုင်မှသာ နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်မတော်၏ အခန်းကဏ္ဍကို သိရှိနိုင်ခြင်း၊ နိုင်ငံ တော်ကာကွယ်ရေးသည် နိုင်ငံသားတို့၏ တာဝန်ဟူသော ခံယူချက်များဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော တာ ဝန်သိစိတ်နှင့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာနိုင် မည်ဖြစ်သည်။ ( ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )