၂၀၂၄ ဖေဖော်ဝါရီ ၂၄
စိတ်ကူးယဉ်ကမ္ဘာထဲက ရှားဆန်
မိတ်ဆွေတော်တော်များများအနေဖြင့် ရှားဆန်ဆိုသည်ကို ယဉ်ပါးကြမည်မထင်ပါ။ ဟုတ်ပါသည်။ ရှားဆန်ဆိုသည်မှာ ကျွန်တော်တို့ အညာဒေသတစ်ခွင်လုံးက လူတိုင်းပင်စားဖူးကြသည့် အရာမဟုတ်။ သို့သော်လည်း မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ ပခုက္ကူစသည်တို့ဘက် တွင် ရှားဆန်ကို မက်မက်သက်သက် စားသုံးကြသည့် အစားအစာ တစ်ခုတည်းတွင် ပါဝင်ပါသည်။ ရှားဆန်ကို အရင်းနှီးဆုံး မိတ်ဆက်ပေးရလျှင် အညာတွင် အလွန်ပေါများစွာ ပေါက်ရောက်သည့် ရှားပင်က အသီးထဲက အစေ့အဆန်ကိုထုတ်ပြီး စားသုံးရခြင်းဖြစ်သည်။ ထိုရှားဆန်သည် ယခုကဲ့သို့ နွေဦးပေါက်ရာသီတွင် ရှားပင်များမှ အစေ့ထုတ်ယူကြခြင်းဖြစ်သည်။ ရှားဆန်ကို အများဆုံး ထုတ်သူများသည် လယ်မရှိ၊ ယာမရှိသူများဖြစ်ကြသည့် နွားကျောင်း၊ ဆိတ်ကျောင်းသူများက အပိုဝင်ငွေရရှိစေရန် ရှားဆန်ကို ရှာဖွေကြပါသည်။ နွားကျောင်း၊ ဆိတ်ကျောင်းရင်း အချိန်အအားမနေဘဲ၊ တမာရွက်ခူး၊ သမုန်းဖူးခူး၊ ရှားပင်ကိုပုတ်ကာ ရှားသီးခြွေကြလေသည်။ ထိုခြွေထားသည့် ရှားဆန်ကို နေလှန်းအစေ့ ထုတ်ကာ ပြုတ်ပြီးသုပ်စားကြခြင်းဖြစ်သည်။ အညာဥပုသ်နေ့များတွင် ရှားဆန်သုပ်ကျွေးမွေးသူများ၊ ဘုရားပွဲတွင် ရှား ဆန်ကျွေးမွေးကြသည့် အစဉ်အလာ ယနေ့အထိ ရှိနေသေးသည်။ ရှားဆန်စားလျှင် မည်သည့် အကျိုးကျေးဇူးများ ရနိုင်သနည်းဟုဆိုလျှင် ကလေးသူငယ်များ ဝမ်းတွင်းသန်ရှိလျှင် သန်ကျစေသည်က လက်တွေ့အကျိုးရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ယခုကဲ့သို့ နွေရာသီ ရှား ဆန်သုပ်စားလျှင် ရင်အေး၏။ အရသာက ဆိမ့်ဆိမ့်လေးဖြစ်ပြီး အမေရေယဉ်နတ်ပွဲသို့ သွားဖူးသူများ လမ်းတစ်လျှောက် အလှူခံမဏ္ဍပ်များတွင် ရှားဆန်သုပ်ကျွေးသည် များကို စားဖူးကြပါလိမ့်မည်။
ကျွန်တော်တို့ငယ်ငယ်က ရွာက အမျိုးသမီး ကြီးနှစ်ဦးသည် ယခုကဲ့သို့ နွေဦးတွင် ပေါ်ဦးပေါ်စ ထနောင်းရွက်ပြုတ်၊ သမုန်းဖူး၊ တမာချဉ်၊ ရှားဆန်များ မြို့တက်၍ရောင်းချကာ အသက်မွေးဝမ်းကျောင်း ပြုလေသည်။ သူတို့သည် မြို့နံနက်ဈေးအမီ သွားရမည်ဖြစ်သောကြောင့် နံနက် ၃ နာရီခွဲ၊ ၄ နာရီခန့် အိပ်ရာမှထ၍ သွားကြရသည်။ ထိုခေတ်က ယခုခေတ်ကဲ့သို့ လွှစက်များလည်း မပေါ်များခင် အချိန် ဖြစ်သည်။ လွှဆွဲသူများလည်း နေမပူခင် နံနက်ဝေလီဝေလင်းတွင် လွှဆွဲစဉ်၌ လွှဆွဲကြလေသည်။ လွှဆွဲသမားတို့သည် အားခွန်သုံး၍ဆွဲကြရာ ညာသံပေး၍ဆွဲကြသည်။ အလွန်မာသည့် သစ်များကို လွှဆွဲရာတွင် 'ဘာတဲ့တုန်းဟ'ဟု ကြွေးကြော်ကာ လွှဆွဲကြ၏။ ထိုသို့လွှဆွဲသမားများက ဝေလီဝေလင်း တွင် ညာသံပေး၍ 'ဘာတဲ့တုန်းဟ'ဟု ကြွေးကြော်လွှဆွဲသည်ကို ဈေးရောင်းသည့် အမျိုးသမီးနှစ်ဦးက သူတို့ ရောင်းချသည့် ဈေးအမျိုးအမည်များကို မေးသည်အထင် ဖြင့် 'ဘာတဲ့တုန်းဟ'တစ်ခါအော်တိုင်း 'ရှားဆန်'ဖြေလိုက်၊ 'ဘာတဲ့တုန်းဟ' အသံကြားတိုင်း 'ရှားဆန်'အော်လိုက်ဖြင့် တိုင်ပင်များပင် ကိုက်နေ သည်ဟု ကြားဖူးခဲ့သည်။ ဆိုလိုချင်သည်က ကျွန်တော်တို့နယ်ဘက်တွင် ရှားဆန်နှင့်ပတ်သက်၍ လူသိများသော စကားပုံပင်ရှိ ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ ကျွန်တော်တို့ဒေသက ထိုနာမည်ကြီး ရှားဆန်နှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ရောင်းချလိုသူတစ်ဦး ရှိလေသည်။ သူ၏ စိတ်ကူးက လယ်ယာစိုက်ပျိုးရေး မြေမရှိသည့် ဆိတ်ကျောင်း၊ နွားကျောင်းလုပ်သူများ အပိုဝင်ငွေရရှိစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ကျွန်တော်တို့၏ အညာဒေသအစားအစာကို မစားသုံးဖူးသေးသည့် မြန်မာနိုင်ငံသားများကို မိတ်ဆက်လိုရင်း ဖြစ်သည်။ သူ၏စိတ်ကူးကို အကောင်အထည်ဖော်ရန် တိုင်ပင်သောအခါ ကောင်းပါသည်ဟုသာ ထောက်ခံလိုက်သည်။
စိတ်ကူးယဉ်ခြင်းသည် စိတ်ကူးရိုင်းခြင်းမှမဟုတ်တာ
ဟိုးတုန်းက နွေရာသီကျောင်းပိတ်ရက်များတွင် အလုပ်မယ်မယ်ရရမရှိသော ကျွန်တော်တို့ သည် သူငယ်ချင်းများစု၍ ရောက်ရာပေါက်ရာထွေရာလေးပါး ပြောဖြစ်ကြသည်။ တစ်ခါက သူငယ်ချင်း တစ်ဦးမှ ယခုလ ထိုးထားသည့် ချဲထီပေါက်လျှင် ဘီယာပုလင်းဝယ်၍ သောက်ဦးမည်ဟု ကြုံးဝါးလေ သည်။ သူကြုံးဝါးသည်ကို ကျန်သည့်သူငယ်ချင်းက "ချဲပေါက်မှတော့ ဘီယာပုလင်း ဝယ်သောက်နေပါ့ မလား၊ မြို့ပေါ်တက်ပြီး ဘီယာဆိုင် ထိုင်ပြီး စည်ဘီယာသောက်မှာပေါ့"ချေပလေသည်။ သူပြောလိုသည်က စိတ်ကူးယဉ်သည်ကိုပင် ပေါပေါပဲပဲစိတ် ကူးမယဉ်ဘဲ ပိုမိုအဆင့်မြင့်မြင့် ယဉ်စေချင်သည်ဟု ချေပခြင်းဖြစ်သည်။ ဟုတ်သည်။ စိတ်ကူးယဉ်ခြင်းက ပိုက်ဆံမှမကုန်တာ ပိုပိုသာသာ ယဉ်သင့်ရဲ့မဟုတ်လား။
ဟိုတလော ဆောင်းလယ်ခန့်တွင် အညာက ဆွေမျိုးတစ်ယောက်ကပဲ ဖုန်းဆက်၍ ပြောလေသည်။ အလုပ်အကိုင်များ အဆင်မပြေသည့်အကြောင်းနှင့် မည်သည့်ခေတ်၊ မည်သည့်ကာလတွင်မဆို အလုပ်လုပ်ရမည်ဟု ခံယူထားကြောင်း ဆိုလေသည်။ သို့သော်လည်း လက်ရှိအခြေအနေအရ ဘာလုပ်ငန်းလုပ်ရမည်မသိသောကြောင့် သူ၏စိတ်ကူးကို လှမ်း၍ပြောခြင်းဖြစ်သည်။ သူစိတ်ကူးထားသည်ကလည်း ရှားဆန်နှင့် ခပ်ဆင်ဆင် ဟုပင် ဆိုရမည်ဖြစ်သည်။ ထိုဆောင်းလယ်ခန့်တွင် သူ ပြောသည်က မကြာခင် တမာရွက်များပေါ်တော့မည် ဖြစ်ကြောင်း၊ ထိုတမာရွက်များကို နှစ်ပတ်လည်အထား ခံအောင်လုပ်ပြီး တစ်နှစ်ပတ်လုံးရောင်းစားလျှင် အဆင်ပြေမည်ဟု ထင်မြင်ကြောင်းဆိုလေ သည်။ တမာရွက်သည် ပေါ်ဦးပေါ်ဖျားတွင်သာ ဈေးကြီးပြီး ပေါပေါများ များထွက်သည့်အချိန်တွင် တစ်ပိသာ တစ်ထောင့်ငါးရာ၊ နှစ်ထောင်ခန့်သာ ရှိသည်ဟုဆို၏။ သို့မို့ကြောင့် စဉ့်အိုး၊ ရာဝင်အိုးများ ဝယ်ကာ တမာရွက်ခူးသူများထံ တမာရွက် ရသလောက်သိမ်းပြီး တစ်နှစ်ပတ်လုံး တမာရွက်ရောင်း စားရလျှင် အဆင်ပြေမည်ဟု ဆိုလေသည်။ သူကလည်း လက်ရှိလူမူကွန်ရက်က Food Blogger များကို ကြည့်ပြီး အားကျနေသည်ထင်၏။ ကျန်းမာရေးနှင့်ညီညွတ်သည့် မြန်မာ့အစားအစာဟုဆိုကာ ထုတ်လုပ် ရောင်းချချင်ကြောင်း ပြောလေသည်။ သို့မို့ကြောင့် ကောင်းလိုက်သည့် အကြံဟုသာ အားပေးမိသည်။
ကျွန်တော်တို့မှာလည်း အနာဂတ်ရှိတယ်
ဆန္ဒပြစဉ်အခါက ကြွေးကြော်သံကိုသတိရမိ၏။ 'ကျွန်တော်တို့က လူငယ်တွေပါ၊ လူငယ်တွေမှာ အနာဂတ်ရှိတယ်'ဆိုသည့် ကြွေးကြော်သံဖြစ်သည်။ ဆန္ဒပြစဉ်ကတော့ လူငယ်တွေကို ထို Slogan ရွတ်ဆိုခိုင်းပြီး လူငယ်တွေကို တောထဲပို့ခဲ့ကြရဲ့မဟုတ်လား။ ကြွေးကြော်ခိုင်းသူများကရော လူငယ်များ၏ အိပ်မက်များကို ချနင်းပြီး ပြည်ပနိုင်ငံများကို ထွက်ပြေးသွားကြရဲ့ မဟုတ်လား။ ထားပါတော့။ သည်အကြောင်းအရာများသည် ဖန်တရာတေနေပါပြီ။ သို့သော်လည်း ကျွန်တော်တို့ကဲ့သို့ ပြည်ပ သို့လည်းထွက်မပြေး၊ ပြည်တွင်းမငြိမ်သက်မှုများ၏ ကြားထဲတွင် ရှင်သန်ရပ်တည်ရေးလှုပ်ရှား နေရ သူများတွင်လည်း စိတ်ကူးယဉ်အနာဂတ်များရှိကြ ပါသည်။ အခမဲ့ရသည့် စိတ်ကူးယဉ်ခြင်းကို ကျယ်ကျယ် ပြန့်ပြန့်ယဉ်ခဲ့ဖူးသည်ဟု ဆိုရမည်ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားကို မီးရထားစီးပြီး ခရီးသွားမယ်။ ကယား၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်စသည့် တိုင်းရင်းသား ဒေသများမှစပြီး မြန်မာပြည်တစ်နံတစ်လျား အလည်အပတ် ခရီးသွားမည်ဆိုသည့် စိတ်ကူးပင်ဖြစ်သည်။ ဆရာ သော်တာဆွေ၏ စာအုပ်များကိုဖတ်ရင်း ဆရာကြီး ဖြတ်သန်းခဲ့သည့် မီးရထားခရီးစဉ်အတိုင်း စီးမည်စိတ်ကူးသည်။ ရှမ်းတောင်၊ ရှမ်းမြောက်က သဘာဝအလှ ရှုခင်းများကို ရှုမျှော်ကြည့်ချင်မိသည်။ ထို့အတူ ချင်းတောင်တန်းအလှများနှင့် သဘာဝများကိုလည်း လေ့လာလိုသည်။ ကယားဝက်အူ ချောင်း၊ ခေါင်ရည်သောက်ပြီး ကယားဝက်အူချောင်းစားမည်။ မြန်မာပြည်အောက်ပိုင်း ပင်လယ်နှင့် ဆက်စပ်သည့်နေရာများကို သွားမည်။ စိတ်ကူးယဉ်ခြင်းသည် ပိုက်ဆံမကုန်ဘူး မဟုတ်လား။
သည်လိုဆိုလျှင် အလုပ်လေးဘာလေးမလုပ်ဘဲ ထိုကဲ့သို့အပျော်သဘော သွားမည်လောဟုမေးလျှင် အလုပ်မရှိလျှင် ဘဝမရှိ ဆိုသည့်အတိုင်း အလုပ်များလည်း လုပ်ရပေဦးမပေါ့။ လမ်းမကြီး ဘေးတွင် ဘူးစင် မြင့်မြင့်ဆောက်ပြီး ဘူးစင်အောက်တွင် စားသောက်ဆိုင် ဖွင့်မည်။ ထို့အပြင် စပျစ်ခြံကျယ်ကျယ်ဆောက်ပြီး ခြံ၏အောက်တွင် စားသောက်ဝိုင်းများထားမည်။ ရာသီသီး နှံများစွာ စိုက်ပျိုးပြီး ထိုစားသောက်ဆိုင်တွင် ခြံထွက်သီးနှံများဖြင့်သာ ကြော်လှော်ချက်ပြုတ် ရောင်းမည်။ အညာဒေသ၏ ရာသီပွဲတော်များနှင့် အလှူပွဲများ၊ ရိုးရာ ပွဲတော်များအတွက် ခရီးသွားလုပ်ငန်းများ လုပ်မည်။ စိတ်ကူးယဉ်ရသည်ပင် အရသာရှိလှရဲ့မဟုတ်လား။ ငှက်တို့သည်ပျံရင်းနှင့်သေပြီး လူတို့ သည်ကြံရင်းဖြင့် သေဆိုသည့်စကားပုံကဲ့သို့ ရှင်သန်နေသမျှကာလပတ်လုံး ကြံစည်တွေးတော နေရမည် မဟုတ်လော။ လော လောဆယ်တော့ စိတ်ကူးလေးပါပဲဟု။
စက်သူဌေးဖြစ်ခဲ့ကြသူများ
နေကောင်းကြလားဟု ထိုင်းတွင်ရောက်နေသည့် အိမ်ဘေးနားက အစ်မကြီးတစ်ယောက်က လှမ်းမေးသည်။ အင်တာနက်ခေတ် ဖြစ်သောကြောင့် ဖန်သားပြင်ဖုန်းပေါ်မှာ ရုပ်ရော၊ အသံရော သာကြောင်းမာကြောင်း မေးခြင်းဖြစ်သည်။ သူ၏အသက်ဆိုလျှင် (၅၀) ကျော်ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ ရေကြည်ရာ မြက်နုရဝာ အလုပ်အကိုင်ရှာဖွေရန် ရောက်သွားသည်မှာ သုံးလခန့်ရှိပြီဟု ဆိုသည်။ လုပ်ရသည့်အလုပ်က ပစ္စည်း များထုပ်ပိုးရခြင်းကြောင့် မပင်ပန်းသော်လည်း ပစ္စည်းများ အတင်အချပြုလုပ်သည့်အခါ ပင်ပန်းသည်ဟုဆိုလေ သည်။ သူမက ''ပင်ပန်းတာထက် ဗုံးသံ၊ သေနတ်သံ မကြားရတာကိုက စိတ်ချမ်းသာလှပါပြီ''ဆိုလေသည်။ဟုတ်ပေမပေါ့။ ဗုံးသံ၊ သေနတ်သံ ကြားထဲ အသက်ဖက်နှင့်ထုပ်ပြီး မရေရာသည့်မနက်ဖြန်များအတွက် တိုက်ပွဲကြားတွင် ရှင်သန်နေ ရခြင်းထက် ပင်ပန်းသည်က ပြောပလောက်မည် မဟုတ်ပေ။ သူနှင့် Video Call ပြော ပြီးချိန်တွင် ကျွန်တော်တို့နယ်ဘက်က ရှားဆန်ဈေးကွက် ထိုးဖောက်ချင်သူထံသို့ ဆက်သွယ်ဖြစ်ခဲ့သည်။ အကောင်အထည် ဖော်ဖြစ်ရဲ့လားဆိုသည့်အကြောင်းပေါ့။ သူပြောပြမှ ဆိတ်ကျောင်း၊ နွားကျောင်းသမားများ သည်ပင်တောထူလျှင် မသွားရဲဟုဆိုသည်။ ထို့အတူ သစ်ပင်ကြီးကြီး ရှိလျှင်လည်း မကပ်ရဲကြပြန်ကြောင်းပြော၏။ ရှားသီးပုတ်ရန် ရှားပင်အောက်သွားကာမှ မိုင်းဗုံး နင်းမိလျှင် "မရှိလို့ မန်ကျည်းရွက်တက်ခူးပါတယ်ဆို ဖိနပ်လူခိုးသွား"ဆိုသည့်ကိန်းမျိုးဆိုက်မှာလည်း ကြောက်ရသည် ဟုဆိုလေသည်။ ပုံမှန်အခြေအနေ မဟုတ်သောကြောင့် သူ၏စိတ်ကူးကို အကောင်အထည်မဖော်ဖြစ် သေးဟု ဆိုလေသည်။ သို့နှင့် တမာရွက်ဈေးကွက်ထိုး ဖောက်မည့်သူကို ထပ်မံဆက်သွယ်ရာ တမာရွက်ခူးသူ များက လတ်တလောစားသောက်ရုံ မြို့ရွာနှင့်အနီးအပါးသာ ခူးရဲကြပြီး တစ်နှစ်စာလှောင်ရန် တောထဲ၊ တောင်ထဲ မသွားကြဟု ဆိုလေသည်။ သူကတော့ပြောသည်။ လက်ဝယ်ပိုင်ပိုင်ရရှိသည့် အရာများတော့ ရှိပါသေးသည် ဟုဆိုရာ ဘာတွေများလဲမေးကြည့်မိ သည်။ "စဉ့်အိုးတွေ တော့ပိုင်နေပြီ"ဟုဆိုလေသည်။ သူတို့အကြောင်းကိုတွေးပြီး ကိုယ်တိုင်စိတ်ကူး ယဉ်ခဲ့သည့် အရာများကို ပြန်၍နှလုံးသွင်းရာ "တွက်ရေးတော့ စက်သူဌေးပဲ၊ အင်း တွက်ကြည့်မှ စက်မရှိပါလား"ဟု စဉ်းစားနေမိပါသည်။ ( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )