နိုင်မြင်းကြီးရဲ့ လှော်တက် တစ်ချောင်းကို အိမ်ကြီးအိမ်ကောင်းနဲ့လဲမယ်

၂၀၂၄ မေ ၁၀
တော်လှန်ရေးခေါင်းဆောင်မကြီးရဲ့ တော်လှန်အိမ်တော်ကြီး အိမ်တက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ အကောင်းစား ထမင်းစားပွဲကြီးတွေ၊ အကောင်းစားအရက်ပုလင်းကြီးတွေ မြင်ရတော့ ထူးမြတ်တို့ခေါင်း ဆောင်ကြီးတွေအတွက် ပီတိဖြစ်ရသည်။ တချို့ကလည်း ခေါင်းဆောင်ကြီးကို သူခိုးမကြီး ပဒက်တွေအလောင်း ဖောက်စားနေတာဟု ဝေဖန်ကြလေသည်။ ထူးမြတ်ကတော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကို ကြည်ညို ရင်းစွဲရှိတာကြောင့် မပြောရဲပေ။ ဘာပဲပြောပြော ခေါင်းဆောင်ကြီး တွေဆိုတာက မြန်မာ့လွတ်လပ်ရေးအတွက်ကြိုးပမ်းနေတာဆိုတော့ သူများနိုင်ငံသွားပြီး အလှူခံနေတာ သူတောင်းစားတွေလို လမ်းဘေးနေ၊ လမ်းဘေးစား လုပ်လို့မရချေ။ အနည်းဆုံး ဒေါ်လာသန်း ချီတန် အိမ်ကလေးတစ်လုံးနဲ့နေပြီး အလှူခံမှ တင့်တောင်းတင့်တယ် ဖြစ်မှဖြစ်မည်။ တော်လှန်ရေး ခေါင်းဆောင်မကြီးကတော့ မြန်မာငွေ သိန်းရာချီတန်သည့် စားပွဲကုလားထိုင် ကြီးတွေက ဝယ်ထားတာ မဟုတ်ကြောင်း အရင်အိမ်ရှင်က သယ်မသွားဘဲ ပေးခဲ့တာဖြစ်ကြောင်း၊ အမေရိကား မှာက မလိုချင်ရင် အိမ်ရှေ့ပစ်ထားပြီး ယူချင်တဲ့ လူယူလို့ရကြောင်း ရှင်းပြလေသည်။ ဒါတင်မကသေး နွေဦးကာလက ကြိုးစားပမ်းစား အမေရိကားပြေးရင်း ဝတ်စရာ အနွေးထည်မရှိလို့ သူများစွန့်ပစ်ထားသည့် အနွေးထည်တစ်ထည် ကောက်ယူဝတ်ဆင်မိကြောင်း ပြောပြန်ရာ ပြည်သူအတွက် ခေါင်းဆောင်ကြီးတွေ အနစ်နာခံမှုကို တွေးရင်း မျက်ရည်လေးတောင် ဝဲမိသေးသည်။ 
    တော်လှန်ရေး ခေါင်းဆောင်မကြီးဆိုတာကလည်း မြန်မာပြည် ဟိုအစိုးရလက်ထက်ကတည်းက နေ့ချင်းညချင်း သိန်းထောင်ချီတန် အိမ်ကြီးကိုဆောက်၊ ဗိုလ်ချုပ်ဈေးလိုနေရာမျိုးမှာ ဆိုင်ခန်းဖွင့်နိုင်သည်အထိ ကြီးပွားခဲ့သေးသည်။ အင်မတန် စီးပွားရေးဈေးကွက်မြင် သူဖြစ်သည်။ ခု အမေရိကားလည်းရောက်ရော ဆူရှီလေးလိပ်ရင်း ကြိုးစားလိုက်တာ စတိုးဆိုင်ကြီးပိုင်သွားသည်။ စတိုးဆိုင်ကြီးကလည်း အင်မတန်ရောင်းကောင်းတာကြောင့် နေ့ချင်းညချင်း ဒေါ်လာသန်းချီ တန်အိမ်ကြီးကို ပရိဘောဂအပြည့်အစုံနှင့် နေနိုင်သွားပြီဖြစ်သည်။ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ေ၀ဖန် ထူးမြတ်ကတော့ လေးစားမိသည်။ မြန်မာငွေလေး သိန်းဂဏန်းလောက်နဲ့ အမေရိကားဆီ အရောက်ပြေးပြီး သုံးနှစ်အတွင်း အိုးပိုင် အိမ်ပိုင်၊ စတိုးဆိုင်ပိုင်ဖို့ဆိုတာ တော်ရုံလူစွမ်းနိုင်မှာ မဟုတ်ချေ။ ခေါင်းဆောင်ကြီးက အင်မတန်ဉာဏ်ကောင်း တာကြောင့်ဖြစ်သည်။ ခေါင်းဆောင်မကြီးက အိမ်တက်ပွဲကို ခိုးလုပ်တာမဟုတ်ကြောင်း ခုလိုကာလကြီးမှာ ပြည်သူတွေကို အားနာသဖြင့် တိတ်တိတ်လေးလုပ်တာဖြစ်ကြောင်း ဘုရားအနေကဇာတင်တာဖြစ်သည်ဟု တော်လှန်ရေးတာဝန် တွေကြားက ပြန်ရှင်းပြရသေးသည်။ ထူးမြတ်ကတော့ အမေရိကန်အလှူတော်ကို ရည်မှန်းကာ သာဓု ခေါ်မိသေးသည်။ ပြည်သူတွေလည်း သာဓုခေါ်သင့်သည်။ အမေရိကားက ချစ်တို့၊ စင်ကာပူက ချစ်တို့ လည်း သာဓုခေါ်ရမည် ဖြစ်သည်။
    တချို့ကလည်း ခေါင်းဆောင်ကြီးတွေအိမ်နဲ့ရာနဲ့ စတိုးဆိုင်နဲ့ ဖြစ်နေတာကို မနာလို့ကြသေးချေ။ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်ဆိုတာ အိမ်ဝယ်ဖို့လားဆိုပြီး အငေါ်တူးကြသေး သည်။ တချို့ကလည်း ငါတို့လှူထားတဲ့ ပိုက်ဆံတွေများ ပါသေးသလားဟု စိုးရိမ်တကြီး မေးကြသည်။ အစောကြီးကတည်းက ခေါင်းဆောင်ကြီးတွေက ပြောပြီးသားဖြစ်သည်။ အဆန် လှေဖြစ်သည်၊ ဝေစုတောင်းလျှင် လှော်တက်တစ်ချောင်း ရမည်ဆိုတာကြောင့် လှေပေါ်လိုက်ကာ အမေရိကား ရောက်သွားသူတွေကတော့ လှော်တက်ကိုယ်စီရသွားကြတာဖြစ်သည်။ နောက်ပြီး ငါတို့မှာ ငါတို့ပဲရှိ တယ်လို့ပြော ပြီးသားဖြစ်သဖြင့် ငါတို့မှာ နင်တို့ရှိတယ်လို့ ပြောတာမဟုတ်သည်ကို သတိမထားမိတာ ဖြစ်သည်။ ခေါင်း ဆောင်ကြီးတွေကလည်း အမေရိကားမှာ အကြာကြီးနေမှာ မဟုတ်ချေ။ တော်လှန်ရေးကြီးပြီးရင် ပြန်လာကြမှာ ဖြစ်သည်။ အမေရိကားက တော်လှန်စံအိမ်ကြီးတွေကို မြန်မာ့တော် လှန်ရေးခေါင်းဆောင်ကြီးတွေနေခဲ့တဲ့ အိမ်ဆိုပြီး ပြတိုက်ဖွင့်ချင် ဖွင့်နိုင်သေးသည်။ 
    တချို့ကလည်း တော်လှန်ခေါင်းဆောင်ကြီး တွေပြောထားတဲ့ CDM ဝန်ထမ်းတွေရဲ့ လစာပေး မယ်ဆိုတဲ့ကိစ္စ မပေးသေးဘဲ ပိုက်ဆံတွေခိုးပြီး အမေရိကားမှာ အိမ်တွေ ဝယ်ထားတယ်ဆိုပြီး သခွတ်ပင်က မီးတကျည်ကျည် လုပ်ကြသေးသည်။ ခေါင်းဆောင်ကြီးတွေမှာ မြန် မာ့လွတ်လပ်ရေးအ တွက် မိုင်ထောင်ချီဝေးတဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေ ကြရတာကို တစ်စက်ကလေးမှ သနားစိတ် မရှိကြသူတွေဖြစ်သည်။ ဒီကြားထဲ တောထဲကကလေး ပူတူတူးလေးတွေက ထစ်ခနဲရှိရင် NUG က မထောက်ပံ့ဘူး၊ ပြည်သူ တွေလှူထားတာတွေ ဘယ်ရောက်ကုန်လည်းဆိုပြီး စာရင်းလှမ်း စစ်ကြသေးသည်။ ခေါင်းဆောင်ကြီးတွေ တစ်ယောက်ကို လစာတစ်လသိန်း ၁၅၀ လောက် ကလေးယူကြတာကို အပြစ်မြင်ကြသေးသည်။ တစ်လသိန်းတစ်ရာ့ ငါးဆယ်ဆိုတာ ဝန်ကြီးတွေ လမ်းစရိတ်တောင်မရှိတာကို မသိကြချေ။ ဝန်ကြီးတစ်ပါးဖြစ်သည့် ဦးရီမူးဆိုရင် မြန်မာနိုင်ငံ ဘယ်နေရာမှာစစ်ဖြစ်ဖြစ် သွားပြီးဓာတ် ပုံလေးဘာလေး ရိုက်ရသေးသည်။ ဒီလိုသွားဖို့ဆိုတာ လမ်း စရိတ်က ရှိသေးသည်။ ဝန်ကြီးဆိုတော့ တောထဲမှာ ကလေးတွေလို  ကြုံရာကျပန်း စားသောက်နေ ထိုင်လို့ မသင့်တော်ချေ။ ဒါကြောင့်လည်း နယ်စပ်အရောက်လာလိုက် ဓာတ်ပုံရိုက်လိုက်၊ မဲဆောက်တို့၊ ချင်းမိုင်တို့ဘက်ပြန်လိုက် အရက်သောက်လိုက် လုပ်ရသေးသည်။ တချို့ ကလည်း ဝန်ကြီးအရက်သောက်တာကို အပြစ်မြင်ကြသည်။ လူကြီးဆိုတော့ ဟိုပြေးဒီပြေးရင် အညောင်းပြေအညာ ပြေလောက် သောက်တာဖြစ်မည်ထင်သည်။ 
    တော်လှန်ရေးမှာ အခက်ဆုံးက အလှူခံရတာ ဖြစ်သည်။ မလှူလှူချင်အောင် အာပေါက်အောင် ဖေ့စ်ဘုတ်မှာ ဆော်သြရသေးသည်။ တစ်ခါတလေ အလှူခံတဲ့သူ အချင်းချင်း ငါ့ခွက်ချတဲ့နေရာမှာ နင့်ခွက်လာမချနဲ့ ငါတောင်းတာနင့်ထက်ပိုများတယ်ဟုဆိုက ခွက်ခေါက်ရင်း ရန်ဖြစ်ကြရသေးသည်။ ဒီကြားထဲ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ လုပ်သမျှကို မဲဆောက်မှာထိုင် ကြည့်ပြီး အပြစ်ပြော တဲ့လူက ရှိသေးသည်။ ဟိုတလောကလည်း တော်လှန်ရေးခေါင်းဆောင်မကြီး ခြေထောက်မှာ ွဏှ တပ်ထားတယ်ဆိုပြီး ဘယ်သူက သတင်းလွှင့်လိုက်သည်မသိ  ခေါင်းဆောင်မကြီးခင်ဗျာ ရွပ်ရွပ်ချွံချွံ ထမီလှန်ပြရသေးသည်။ ဘာပဲဖြစ်ဖြစ် ထူးမြတ်ကတော့ အမေရိကားက တော်လှန်ရေးခေါင်း ဆောင်ကြီးတွေကို ကြည်ညိုပြီးသား ဖြစ်သည်။ ခေါင်းဆောင်ကြီးတွေဆိုတာ တောထဲက ကလေးတွေနေသလို အငတ်ငတ်အပြတ်ပြတ်နဲ့ နေလို့မရချေ။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတော့ အိုးပိုင်အိမ်ပိုင် လေး ရှိရမည်ဖြစ်သည်။ 
    ခုနေများ အစိုးရက အာဏာလေးနောက်တစ် ခေါက်လောက် ထပ်ထိန်းစေချင်သေးသည်။ ထူးမြတ်လည်း အမေရိကားကခေါင်းဆောင်ကြီးတွေနေတဲ့ တော် လှန်စံအိမ်ကြီးတွေဆီ အရောက်သွား ပြီး ရေပူရေချမ်း ကမ်းလှမ်းချင်မိတာကြောင့် ဖြစ်သည်။ ဒီတစ်ခါတိုင်းပြည် တာဝန်ကို အစိုးရက ထပ်ထိန်းရင် အရင်လိုမနေတော့ချေ။ ခေါင်းဆောင်ကြီးတွေပေးထားတဲ့ နိုင်မြင်းကြီးကို စီးပြီး လှော်တက်တစ်ချောင်းနဲ့ အမေရိကားတို့၊ သြဇီတို့အရောက် ချီတက်ရမည်ဖြစ်သည်။ အရင်နွေဦး ကာလကလို သဲအိတ်ထမ်း၊ ရေဘူးကမ်း မလုပ်တော့ဘဲ မြို့တော်ခန်းမရှေ့အရောက် ချီတက်ပြီး "တို့ပြည်သူတွေ လှူရဲ့လားဟေ့ လှူတယ်ဟေ့...လှူတယ်ဟေ့"လို့ ထွက်အော်မည်။ ပြီးရင် အမေရိ ကားကို အရောက်သွားမည်။ တော်လှန်စံအိမ်တော်ကြီးတွေဆီ အရောက်သွားပြီး သုံး၊ လေးနှစ်လောက် အမေရိကားမှာ ထိုင်တော်လှန်ရင်း  အိမ်လေးတစ်လုံးလောက် ဝယ်ချင်မိသည်။ ပရိဘောဂကတော့ အရင်အိမ်ရှင်တွေ ထားသွားရင် ထပ်ဝယ်စရာမလို တော့ချေ။
(ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 400

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42969

© 2022 - 2025 News. All Rights Reserved.