၂၀၂၄ ဒီဇင်ဘာ ၆
နုကြည် သန်းမကြီးကတော့ တစ်ချက်လွှတ် အမိန့်ထုတ်လိုက်သည်။ သန်းမကြီးတော့ တိုတိုတုတ်တုတ် ပြောလိုက်သည်က 'အားလုံး ရောက်ရာအရပ်က ပြန်လာကြ'ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ ဒီတော့မှ ထူးမြတ်တစ်ယောက် မျက်လုံးပြူးရလေတော့သည်။ သန်းမကြီးဆိုသူကို အားလုံးက ပစ်ထားပြီး ပြေးလိုက်ကြတာမှ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ဒေါင်ဒေါင်မည် တော်လှန်ရေးသမားကြီးတွေ ဖြစ်နေကြပြီဖြစ်သည်။
ခုဆိုရင် တော်လှန်ရေးကြီးကလည်း နှစ်ကြာလာတော့ သန်းမကြီးတစ်ယောက်တည်းနေရတာ ပျင်းလာပုံထောက်သည်။ ဒီတော့ ဟိုကောင်တွေ၊ ဟိုကောင်တွေ တော်လှန်ရေးက အမေရိကားက လုပ်လို့မရဘူး၊ ပြန်လာကြ ငါတစ်ယောက်တည်း ပျင်းနေပြီဆိုပြီး သန်းမကြီးက ရာဇသံပစ်တာ ဖြစ်သည်။ ဟုတ်လည်းဟုတ်သည်၊ သန်းမကြီးတစ်ယောက်တည်း ဖေ့စ်ဘုတ်ပေါ်မှာ သန်းမကြီးဖြစ်နေတာ အုပ်ချုပ်ရမယ့် ဝန်ကြီး၊ ဝန်ကလေးတွေက အမေရိကန်ရောက်နေတော့ အုပ်ချုပ်ရ ခက်ပုံရသည်။ ဒီတော့ ငါတစ်ယောက်တည်း မတော်လှန်ချင်ဘူး။ မင်းတို့ပါ လာတော်လှန်ကြဆိုတာမျိုး ပြောတာ ဖြစ်သည်။ ဒီတော့ သတင်းဌာနတွေက အလုအယက် သတင်းတွေ ဖော်ပြကြသည်။ တချို့ကလည်း သန်းမကြီးခေါ်တိုင်း ပြန်လာပါ့မလား၊ သန်းမကြီးက ဘာလို့ ပြန်ခေါ်တာလဲ၊ ဟိုမှာက အိုးပိုင်အိမ်ပိုင်တွေ ဖြစ်နေကြပြီဆိုပြီး တီးတိုးဝေဖန်ကြလေသည်။
တော်လှန်ရေးဆိုပြီး တပ်မတော်ဖွဲ့ဖို့ အမေရိကန်ဆီကို အုပ်စုလိုက်ကြီး ချီတက်သွားကြသလို ဆက်လက်ချီတက်ဖို့ အုပ်စုတွေကလည်း သုဝဏ္ဏဘူမိလေဆိပ်မှာ အထုပ်လေးပြင်ပြီး ထိုင်စောင့်နေကြသည်။ အမေရိကားမှာက တော်လှန်ရေးလုပ်တာ အဆင်ပြေလှသည်။သုံး၊ လေးနှစ်အတွင်း အိုးပိုင် အိမ်ပိုင်၊ ကားပိုင်၊ စတိုးဆိုင်ပိုင်ဆိုတော့ တချို့ကလည်း တော်လှန်ရေးမှာ သူခိုးရှိနေပြီလားဟု စွပ်စွဲကြသည်။ ဒီတော့ လေးနှစ်လေးမိုး တော်လှန်ရေး အာရုံစိုက်လာသူက သူခိုးဟု စွပ်စွဲရမလားဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ မအေ၊ နှမ ကိုင်တုတ်ပြီး တက်ဆဲလေတော့သည်။ အိမ်အကြွေး ဘယ်လိုဝယ်တာကအစ လူသိရှင်ကြားတွေ ထုတ်ဖော်ရင်း မခိုးကြောင်း ဖြေရှင်းရလေတော့သည်။ အမေရိကားမဆိုထားနှင့် မြန်မာနိုင်ငံကနေ ကမ်းလေးကူးရုံဖြင့်ရောက်သည့် ထိုင်းနိုင်ငံက ဝန်ကလေး၊ ဝန်ကြီးတွေတောင် ကွန်ဒိုတွေဝယ်၊ ကိုယ်ပိုင်ကားတွေနဲ့ "အမှန်တရားကို ရချင်ရ၊ ပြန်မရရင် ကားဝယ်စီးနိုင်မှ" ဆိုသလို တော်လှန်ရေးကြီးကို အာရုံစိုက်နေရသည်။ အနေအထားတွေက သာသာယာယာ တော်လှန်နေရတော့ သန်းမကြီးပြန်ခေါ်တာ သူတို့လာပါ့မလားဆိုတာက လူတိုင်းမေးနေကြတဲ့ မေးခွန်း ဖြစ်သည်။
သန်းမကြီးကသာ ပါးစပ်လေးနဲ့ ရောက်ရာအရပ်က ပြန်လာလို့သာပြောတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြောင်းရရွှေ့ရတာ လွယ်တာမှတ်လို့ဟု တွေးမိသေးသည်။ အိမ်ငှားဘ၀ ဆိုရင်တော့ အိမ်ရှင်က နှင်ချရင် အိမ်ထပ်ရှာ၊ ပစ္စည်းတွေ ရွှေ့ပြောင်းဖို့ အနည်းဆုံး သုံး၊ လေးရက် အချိန်ယူရသေးသည်။ ခုဟာက တချို့က အမေရိကား၊ တချို့ကြတော့ သြဇီ၊ တချို့က ဘန်ကောက်၊ တချို့ကြတော့ မဲဆောက် ဆိုတော့ ပြန်လာဖို့က အချိန်ယူရမည် ဖြစ်သည်။ ရောက်ရာအရပ်မှာ အိမ်တွေဝယ်ထားတာဆိုတော့ ချက်ချင်းချရောင်းဖို့က မလွယ်သေးချေ။ ဝယ်ထားတဲ့ကားတွေကလည်း နှစ်မကြာ သေးတော့ သံယောဇဉ် ဖြစ်နေကြမှာ သေချာသည်။ အောက်ဈေးနဲ့ အိမ်တွေ၊ ကားတွေ ရောင်းဖို့ဆိုတာကလည်း နှမြောစရာ ကောင်းလှသည်။ အမေရိကားကနေ ပြန်လာဖို့ဆိုရင် ပိုတောင် ဆိုးသေးသည်။ ခုမှ အိမ်ဖိုး မကျေသေးပြန်လာဆိုရင် သွင်းထားတဲ့ ငွေတွေဆုံးမှာ နှမြောစရာပင် ဖြစ်သည်။ ဒေါ်လာ သန်းကျော်တန် အိမ်ဝယ်ဖို့ဆိုတာ လွယ်တာ မဟုတ်ချေ။ အိမ်အပြင် စတိုးဆိုင်တွေ၊ ကားတွေကလည်း လေယာဉ်ပျံနဲ့ သယ်လာလို့ရတာ မဟုတ်တော့ ခက်လှသည်။ ဒါထက်အရေးကြီးတာက တော်လှန် ရေးအတွက် ဝယ်ထားတဲ့ လေယာဉ်ပစ်ကြီးဆိုတာကလည်း ခရီးဆောင်အိတ်ထဲ ခေါက်ထည့်လာလို့ မရတာကြောင့် စင်းလုံးငှားလေယာဉ်ကြီးတွေ ငှားရမှာ ဖြစ်သည်။ နောက်ပြီး နွေဦးဘဏ်ဆိုတာကြီးကို လည်း ပစ်ထားခဲ့လို့ မရပေ။ အမေရိကားက ပြန်လာဖို့ဆိုတာက တော်တော်လေး အခက်တွေ့မှာ သေချာသည်။
ကဲထားပါတော့ ပြန်လာကြပြီဆိုတော့ ဝန်ကြီးတွေ ဝန်ကလေးတွေ ဘယ်မှာ ရုံးစိုက်ကြမလဲဆို တာကစဉ်းစားစရာပင် ဖြစ်သည်။ သိမ်းထားတယ်ဆိုတဲ့ နယ်မြေတွေကလည်း ခဏခဏ ပြန်ပြန်ပေးနေရတော့ သန်းမကြီးတို့တစ်သိုက် နေရေးထိုင်ရေး အခက်တွေ့မှာ စိုး ရိမ်မိသေးသည်။ အစိုးရက လည်း ဝန်ကြီးဝန်ကလေးတွေကို နိုင်ငံသားအဖြစ်က ပယ်ဖျက်ထားတော့ မြန်မာနိုင်ငံ ပြန်လာရင် ကွိခနဲ အဖမ်းခံရနိုင်သည်။ ဒီအချက်ကို သန်းမကြီးတစ်ယောက် မစဉ်းစားမိတာ ဖြစ်နိုင်သည်။ ဟိုတောထဲက ကလေးတွေလို မှိုချိုးမျှစ်ချိုးစားပြီး ရွက်ဖျင်တဲနဲ့ နေဖို့ကြတော့လည်း အဆင်မပြေနိုင်ပေ။ ဟိုမှာ က ဝန်ကြီးဝန်ကလေး သားသမီးတွေ ကျောင်းတွေတက် လက်စဖြစ်နေကြသည်။ ဒီကို ပြန်ခေါ်လာရင်လည်း တောထဲက ကျောင်းမပြီး၊ ဘာမပြီးနဲ့ ကလေးတွေနဲ့ လူငယ်သဘာ၀ ကြိုက်မိချစ်မိရင်လည်း ပညာမတတ်တဲ့ကောင်တွေနဲ့ ငါ့သမီးလို အမေရိကားမှာ ကျောင်းတက်တဲ့သူနဲ့ တူသလား တန်သလားဆိုပြီး မြန်မာကားထဲက ဇာတ်ဝင်ခန်းတွေလိုဖြစ်ရင် ရင်ကျိုးရချည်ရဲ့ဟု ပြောရမည်ဖြစ်သည်။ မြန်မာပြည်မှာက ဘွဲ့လက်မှတ်အတုတွေ ပေါမှပေါဆိုတော့ အမေရိကားက ပညာရေးအတွက်ပို စိတ်ချရသည်။ ဒါကြောင့် ပြောင်းရရွှေ့ရ ခက်နိုင်သည်။
ဒီလိုဆိုရင် သန်းမကြီးတို့ တစ်သိုက်အဆင်ပြေအောင် ဉာဏ်ကြီးရှင်လေး မောင်ထူးမြတ်က အကြံပေးလိုသည်။ သန်းမကြီးတို့လည် အစိုးရဖြစ် အုပ်ချုပ်ရမယ့် နယ်မြေလေးလည်းရှိအောင် အကြံပေးလိုသည်။ သန်းမကြီးတို့တစ်သိုက်က ပညာတတ်တွေဆိုတော့ အင်္ဂလန်နိုင်ငံ ဆာ့ဖစ်ကမ်းရိုး တန်းကနေ ရေမိုင်ခြောက်မိုင်ခွဲ လောက်ဝေးသည့် ဆီးလန်းဆိုသည့် နိုင်ငံကို သိမည်ထင်သည်။ မသိရင်လည်း ဂူဂဲလ်တွင် ရိုက်ရှာလို့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အပြည်ပြည်ဆိုင်ရာ ရေပိုင် နက်တွင် ဗြိတိသျှတို့တည်ဆောက်ခဲ့သော ပင်လယ်ခံတပ် တစ်ခုဖြစ်သည်။ ၁၉၆၇ ခုနှစ်မှစ၍ အသုံး မပြုတော့သော Roughs Tower ဟုခေါ်သော ထိုနေရာကို ပတ်ဒီရွိုင်ဘိတ်နှင့် မိသားစုတို့က ဝင်ရောက် နေထိုင်ကာ အချုပ်အခြာပိုင်နိုင်ငံအဖြစ် ကြေညာခဲ့တာ ဖြစ်သည်။ ပင်လယ်ထဲမှာ တိုင်နှစ်တိုင်ထူတားပြီး ပလက်ဖောင်းတစ်ခုပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံဖြစ် သော်လည်း ဆီးလန်းသည် "နိုင်ငံအဖြစ် ကြေညာသည့် အသေးဆုံးဧရိယာ"ဟူသော ဂင်းနက်ကမ္ဘာ့စံချိန်ကို ရရှိထားသည်။ နိုင်ငံသား ၂၇ ယောက်လောက်ရှိပြီး သွားလည်ချင်သူတွေက နိုင်ငံကူးလက်မှတ်တွေ ပါမှရသည်ဟု ကြားမိသည်။
ဒီလောက်ဆိုရင် မောင်ထူးမြတ်လေး အကြံပေးတာ သန်းမကြီးတို့တစ်သိုက် သဘောပေါက် မည်ထင်သည်။ မြန်မာနိုင်ငံကို ပြန်လာလို့မရလည်း ကိစ္စမရှိချေ။ မြန်မာနိုင်ငံနှင့်အနီးဆုံး နိုင်ငံတကာ ရေပိုင်နက်တစ်ခုကိုရွေးပြီး သန်းမကြီးတို့ကို ထောက်ခံအားပေးသည့် နိုင်ငံတစ်နိုင်ငံကို အကူအညီ တောင်းပြီး ဆီးလန်းနဲ့ ပုံစံတူနိုင်ငံတစ်ခု တည်ဆောက်လိုက်ရုံပင် ဖြစ်သည်။ သန်းမကြီးနဲ့ ဝန်ကြီး၊ ဝန်ကလေးတွေ အယောက် ၃၀ လောက် အသာလေးနေလို့ရသည်။ ပြီးရင် ဘဏ်တွေဖွင့်၊ ရုံးခန်းတွေဖွင့်ပြီး အေးအေးဆေးဆေး အုပ်ချုပ်လို့ရသည်။ အဲဒီမှာပဲ အမေရိကားက ယူလာတဲ့ လေယာဉ်ပစ်ကြီး ထောင်ထားပြီး လေကြောင်းရန် ကာကွယ်ရေးတပ်တွေ ဖွဲ့ထားလို့ ရသေးသည်။ ဒါဆိုရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ချေ။ ကိုယ်ပိုင်နိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်လို့ရသည်။ သန်းမကြီးတို့ကို ထောက်ခံသူတွေ လာနေချင်ရင်တောင် နိုင်ငံသားခံယူခွင့်တွေ ပေးလို့ရသေးသည်။ မြန်မာအစိုးရကိုလည်း သံတမန်ဆက်သွယ်ရေးတွေဖြတ်၊ အရေးယူ ပိတ်ဆို့မှုတွေ ထိုင်လုပ်နေလို့ ရသေးသည်။ ဒီလိုဆိုရင် မြန်မာအစိုးရလည်း သန်းမကြီးတို့ နိုင်ငံကို ထိရဲမှာ မဟုတ်ချေ။ မောင်ထူးမြတ်ကတော့ အကြံပေးဆိုတော့ သန်းမကြီးတို့ဆီ လာလည်ရင် ခွင့်ပြုပေးစေလိုသည်။ နိုင်ငံနာမည်ကိုတော့ Sealand နဲ့ ဆင်တူအောင် NUKYI Land လို့ ပေးသင့်သည်။ ဒါမှ ကမ္ဘာလှည့်ခရီး သွားတွေ သန်းမကြီးတို့ နိုင်ငံကို လာလည်ဖို့ ခရီးလမ်း မေးရင် နုကြည်လမ်းနီးလား နုကြည်လမ်းနီးလားဟု အလွယ်တကူ မေးလို့ရမှာ ဖြစ်သည်။ ( ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )