၂၀၂၃ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ရဲ့ အထင်ကရ မြတောင်စာသင်တိုက်ကြီး တည်ထောင်လာခဲ့တာ ယခုနှစ် ၁၃၈၅ ခုနှစ်မှာ နှစ်ပေါင်း (၅၀) ပြည့် ရွှေရတုသဘင်ချိန်ခါသို့ ရောက်ခဲ့ပြီဖြစ်ပါတယ်။
မြတောင်စာသင်တိုက်ကြီး နှစ် (၅၀) ပြည့်ချိန်မှာ မြတောင်ကျောင်းရဲ့ ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တ ၀ိမလက သက်တော် (၈၀) ပြည့်ခဲ့ပြီး မြတောင်ဒုတိယ နာယကဆရာတော် ဘဒ္ဒန္တကုမာရက သက်တော် (၇၅) နှစ်ပြည့်မြောက်ချိန်နဲ့ ထူးထူးခြားခြား တိုက်ဆိုင်နေပါ တယ်။ 'မြတောင် နှစ် (၅၀) ပြည့်'၊ 'ပဓာနဆရာတော်ကြီး သက်တော် (၈၀) ပြည့်'၊ 'ဒုတိယ နာယကဆရာတော် သက်တော် (၇၅) နှစ်ပြည့်'၊ 'ပြည့်သုံးပြည့်' မင်္ဂလာ အချိန်အခါမှာ မြတောင်ကျောင်းရဲ့ သမိုင်းပုံရိပ်တွေ တဖျပ်ဖျပ် ဖိတ်လက်တောက်ပလို့ လာပါတော့တယ်။
'မြတောင်'ဆိုတာ ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အလွန်ထင်ရှားခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ မြန်မာအစ တကောင်းမြို့နဲ့ ကြံညှပ်မြို့အနီးမှာ တည်ရှိပါတယ်။ မြန်မာဘုရင်များခေတ်က မြတောင်မြို့ကို ကံကျွေးပေးသနားခံရသူများဟာ ဘုရင့်သမီးတော်၊ မြေး တော်မင်းသမီးများ၊ လွှတ်တော်ဝန်ကြီးများ ဖြစ်နေတာကိုကြည့်ရင် မြတောင်မြို့ရဲ့ အဆင့်အတန်းကို ခန့်မှန်း နိုင်ပါလိမ့်မယ်။
မြတောင်မြို့ကို ပထမဆုံး ကံကျွေးချခဲ့ ရသူ(မြတောင်မြို့စား)ဟာ ကုန်းဘောင်ခေတ်မှာ ဘုန်း မီးနေလ တောက်ပခဲ့တဲ့ ဗဒုံမင်း(ဘိုးတော်ဦးဝိုင်း)နဲ့ မိုးမိတ်မြို့စား မိဖုရားတို့မှ ဖွားမြင်တဲ့ သမီးတော် ဖြစ်ပါတယ်။
ဒုတိယမြောက် မြတောင်မြို့စားကလည်း မင်းသမီးတစ်ပါးပါပဲ။ ဗဒုံမင်း(ဘိုးတော်ဦးဝိုင်း)ရဲ့ သားတော် အိမ်ရှေ့မင်း(မဟာမြတ်မုနိဘုရားကြီးကို ရခိုင်မှမန္တလေးသို့ ပင့်ဆောင်ခဲ့သူ)နဲ့ ကိုယ်လုပ်တော်ရှင် ရွှေဂုဏ်တို့မှ ဖွားမြင်တဲ့ သမီးတော်ဖြစ်ပါတယ်။ တတိယမြတောင်မြို့စားက ဗဒုံမင်းရဲ့ မြေးတော်
ပုဂံမင်းလက်ထက် မိုးညှင်းမြို့စား မင်းမြဘူးရဲ့ သမီးတော်ဖြစ်ပါတယ်။ ဒီမင်းသမီးဟာ မြတောင်မြို့စားဖြစ်ရုံမက ပုဂံမင်းရဲ့ အနောက်နန်း မိဖုရားလည်း ဖြစ်လာခဲ့ပါတယ်။ စတုတ္ထမြောက် မြတောင်မြို့စားကတော့ သာယာဝတီမင်းတရားကြီးရဲ့ အနောက် နန်းမိဖုရား 'မမြကလေး' ဖြစ်ပါတယ်။
မမြကလေးဆိုတာ မြန်မာစာပေနှင့် ဂီတလောကမှာ ယနေ့တိုင် ထင်ရှားနေ ဆဲ ဂီတစာဆိုမိဖုရားလို့လည်း ပြောနိုင်ပါတယ်။ သာယာ ၀တီမင်းက အမျက်တော်ရှပြီး မမြကလေးကို ကြေးတိုက် (အချုပ်ထောင်)သို့ ပို့ထားစဉ် ရင်တနင့်နင့်နဲ့ ရင်ဖွင့်သီ ကုံးခဲ့တဲ့ 'ချစ်သမျှကို'အစချီ ပတ်ပျိုးဟာ ယနေ့တိုင် အောင် ရိုးမသွားဘဲ ရှင်သန်နေဆဲ ဖြစ်ပါတော့တယ်။
'ချစ်သမျှကို၊ မြင့်မိုရ်ရွှေတောင်လုံးသာပလေး'
လေးဆူဒီပါ သီတာရေမြေဆုံးစေတော့လေး။
'မိမိ၏ ချစ်မေတ္တာမှာ ကပ်ကမ္ဘာကုန်ဆုံးသည် အထိ တည်ရှိပါမည်။ မြတ်စွာဘုရားဓာတ်တော်များ စံ ပါယ်ရာ ဂူလိုဏ်စေတီတော်တို့တွင် နှစ်ပါးတူပြိုင် သစ္စာဆိုပြီး ဖြစ်ပါတယ်။ နိဗ္ဗာန်နန်းသို့ ရောက်သည့်တိုင် အောင် သံသရာကမ်းတစ်ဖက်သို့ အတူတွဲဖက် ကူးခပ် လိုပါကြောင်း၊ ယခုဘ၀၌လည်း ချစ်၍မကုန်သည်ကို ၀သုန်ဤမြေ အသိသက်သေဖြစ်ပါကြောင်း' ရင်ဖွင့်ခဲ့ပါ တော့တယ်။ (၁၉၈၂ ခုထုတ်၊ ညိုမြ၏ ကုန်းဘောင်ရှာပုံ တော်)
'ချစ်သမျှကို' ပတ်ပျိုးကြောင့် သာယာဝတီမင်းရဲ့ သံမဏိနှလုံးသားဟာ ဖယောင်းလို အရည်ပျော်သွားပြီး မမြကလေးကို အချုပ်အနှောင်မှ ထုတ်ဆောင်ကာ ချမ်းသာခွင့်ပေးခဲ့ပါတယ်။
'ပဉ္စမ မြတောင်မြို့စားမှာ လွှတ်တော်ဝန်ကြီး ဖြစ်သည်။ ရတနာပုံ မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက်တွင် သတိုးမင်းကြီး မဟာမင်း လှကျော်သူဘွဲ့နှင့် သေနတ်ဝန်ကြီးဖြစ်သော ဦးမှိုသည် မြတောင်မြို့ကို ကံကျွေးခံရပါသည်။ မြတောင်မြို့စားဝန် ကြီးဦးမှိုသည် မြင်းကွန်းအရေးတော်ပုံတွင် သူပုန်တို့၏ ဓားလက်နက်နှင့် အနိစ္စရောက်ရရှာသည်။' (၂၀၂၂ ဇူ လိုင်ထုတ်၊ မောင်သန်းဆွေ(ထားဝယ်)၏ သမိုင်းပုံရိပ်၊ စာ-၁၁၂)
ဆဋ္ဌမမြတောင်မြို့စားကတော့ အများသိကြတဲ့ သီပေါမင်းရဲ့ မဟေသီ 'စုဖုရားလတ်' ဖြစ်ပါတယ်။ စုဖုရားလတ်အကြောင်းကတော့ အကောင်းအဆိုးဒွန်တွဲနေတာပါ။ သူ့ရဲ့ အတ္တ-မာန အဆိုးတွေအောက်မှာ ကောင်းကွက်တွေ ဖုံးလွှမ်းခံခဲ့ရပါတယ်။ ပေါင်းမြက်တွေ ဖုံးလွှမ်းခံရတဲ့ ကောက်ပင်လိုဖြစ်ခဲ့ရတယ်။ စုဖုရားလတ်ရဲ့ ကောင်းကွက်တွေထဲမှာ ဘယ်လိုမှ ဖျက်လို့မရအောင် ထင်ရှားတာက 'မြတောင်ကျောင်း'ကြီးပဲ ဖြစ်ပါတယ်။ မြတောင်ကျောင်းကြီးဟာ 'ရွှေကျောင်းတော်ကြီး၊ မှန်ကျောင်းတော်၊ မိဖုရားကျောင်း'စသည်ဖြင့် အမည်အမျိုးမျိုးနဲ့ ထင်ရှားကျော်ကြားခဲ့တာပါ။ မြတောင်ကျောင်းကြီးရဲ့ ကျောင်းအစ်မကတော့ သီပေါမင်းရဲ့ မိဖုရားခေါင် ကြီး 'စုဖုရားလတ်' ဖြစ်ပါတယ်။
မင်းတုန်းမင်းကြီးဟာ သားတော်သမီးတော်တွေကို ဆုံးမသွန်သင်ပေးဖို့ ဆရာတော်အသီးသီးထံ အပ်နှံရာမှာ မြတောင်မင်းသမီး စုဖုရားလတ်ကိုတော့ 'ဦးအာလောက'ထံ အပ်နှံပါသတဲ့ ဦးအာလောကလည်း မြတောင်မင်းသမီးရဲ့ ဆရာဖြစ်တာမို့ 'မြတောင်ဆရာ တော်'လို့ တွင်တယ်။ စုဖုရားလတ်ဟာ ၁၂၄၁ ခုနှစ်မှာ နန်းသိမ်းပွဲခံပြီး မိဖုရားခေါင်ကြီးဖြစ်လာတော့ ဆရာတော်ဦးအာလောကကို ကျောင်းကြီးကျောင်းကောင်း တစ်ဆောင် ဆောက်လုပ်လှူဒါန်းချင်တဲ့ ဆန္ဒဖြစ်လာတယ်။ အဲဒီမှာ အတုမရှိ တိုက်တော်ရဲ့အရှေ့ဘက်က အရှေ့မှန်ကျောင်းလို့ လူသိများတဲ့ 'မဟာစံလွှတ်ဝေယံ မှန်ကျောင်းတော်'ကို ဆောက်လုပ်မယ်လို့ စီစဉ်ပါတယ်။ ဒီကျောင်းက နှစ်သန်းခုနစ်သိန်းကျော် ကုန်ကျတယ်။ ဒီကျောင်းက ရွှေပိန်းချဆိုပေမယ့် အပြင်ဘက်ကသာ ရွှေပိန်းချတာ၊ အတွင်းက ရွှေမပါဘူး။ ဒါကြောင့်မို့ သီပေါမင်းက မိဖုရားခေါင်ကြီး ဆရာတော်နဲ့ မထိုက်တန် ပါဘူးဆိုပြီး နောက်တစ်ကျောင်းဆောက်စေပါတယ်။'
မြတောင်ဆရာတော် စိတ်ကြိုက်ရွေးချယ်ပြီး ညွှန်ပြတဲ့ အနောက်ပြင် ရတနာဘူမိရပ်က ပခန်းထိပ်ထားရဲ့ ဥယျာဉ်မြေနေရာကို မိဖုရားခေါင်ကြီးက ၀ယ်ပြီး အသားဝင်းခြံကာရံလို့ ကျောင်းတိုက်ရာ သတ်မှတ်ပါတယ်။
၁၂၄၃ ခုနှစ်မှာ ကျောင်းရံနှင့်တကွ အလယ်ဗဟိုမှာ ရွှေကျောင်းကြီးဆောက်လုပ်ပါတယ်။ မှူးမတ်များက လည်း မိဖုရားခေါင်ကြီးရဲ့ ကုသိုလ်တော်မို့ ခြံရံပြီး ကုသိုလ်ပြုကြတယ်။ မှူးမတ်တွေရဲ့ ကျောင်းရံများက ငယ်တာကြောင့် အလျင်ပြီးနှင့်နေသတဲ့။
၂၀၁၂ ခုနှစ် ဇွန်လထုတ် 'မြို့တည်နန်းတည် မန္တလေး (၁၅၂)နှစ်ပြည့် အထိမ်းအမှတ် သမိုင်းနှင့်ယဉ် ကျေးမှု စာစဉ်-၁'မှာ ဆရာဦးအောင်မွန်က အထက်ပါအတိုင်း ရေးခဲ့တာ ဖြစ်ပါတယ်။ 'မြတောင်ကျောင်းကြီး' ဘယ်လောက်ခမ်းနား ထည်ဝါသလဲဆိုတာကိုလည်း အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။
'မြတောင်ကျောင်းကြီးဟာ အလွန်အမင်းခမ်း နားတာပါ။ အလယ်ဗဟိုမှာ ရွှေကျောင်းတော်ကြီးရှိ တယ်။ အရှေ့ဘက်မှာက ရွှေရေးကျောင်းနှစ်ကျောင်း၊ မြောက်ဘက်မှာ စားတော်ဝန်မင်းကျောင်းနဲ့ ဒေးဝန်း အကောက်ဝန်ကျောင်း၊ အနောက်ဘက်မှာ အက္ကပတ်မြို့ ၀န်မင်းကျောင်းနဲ့ ဖောင်ဝန်မင်းကျောင်း၊ တောင်ဘက် မှာ သူရဲဝန်မင်းမောင်ခေါင်ကျောင်းနဲ့ မောင်လုံးကျောင်း ဆိုပြီး ရှိပါသတဲ့။ အရှေ့ဘက်က ရွှေကျောင်းကြီးနှစ် ကျောင်းတို့ဟာ အချင်းချင်း ကျောင်းဦးလှည့်ထားပြီး ကျန်တဲ့ကျောင်းရံတွေက အလယ်ဗဟိုရွှေကျောင်းကြီး ကို ကျောင်းဦးလှည့်ထားပါတယ်။
အလယ်က ရွှေကျောင်းကြီးကလည်း အ ဆောင်သုံးဆောင် ရှိပါတယ်။ အရှေ့ဘက်ဆုံးမှာ စနူ ဆောင်၊ ဘုရားခန်းပေါ့။ အလယ်ခေါင်က ဆောင်မကြီး၊ အနောက်ဘက်က ကျက်သရေဆောင်အဖြစ် သုံးနိုင်တဲ့ ဘောဂဆောင်၊ ဒီအဆောင်သုံးဆောင်ကို ဘုံအဆင့်ဆင့် အမိုးသီးခြားစီ မိုးပြီးနယူးတပ်ကျွန်းတိုင် ၂၆၄ တိုင်ပေါ် မှာ တည်ဆောက်ထားတာပါတဲ့။ ကျောင်းနေရာအနှံ့မှာ လည်း မိဖုရားခေါင်တို့သာ သုံးစွဲတပ်ဆင်ရမြဲဖြစ်တဲ့ အပြောက်အမွမ်း တုရင်မှန်ကင်းများနဲ့ ဆင်ယင်ထားတာပါ။ ပြာသာဒ်ဆောင်ကြီး ပတ်လည်မှာလည်း ဇာတ်ရုပ်လုံး တွေ အသီတိနိပါတ်တုလုပ်ထားတယ်။ အတွင်းမာရဘင်တိုင် ဖုံးများမှာလည်း ဇာတ်ကြီးဆယ်ဘွဲ့ ထုလုပ်ထားပြန်တယ်။ ဒါနဲ့တင်ကသေးလားဆို အားမရလွန်းလို့ထင်ပါရဲ့ ကြမ်းခင်းပျဉ်ကြီးများအောက်မှာလည်း ပန်းပုလက်ရာများ ထုထွင်းထားပါသတဲ့။ ဒါတွေအားလုံးပြီးတော့ကာ ရွှေကို ထိပ်ဆုံးငှက်နားစိန်ဖူးဖျားက အောက်ခြေမြေအထိ ၀င်းမှည့်နေအောင် ချထားပါသတဲ့။ ရွှေချတာများ ကျောင်းတင်မဟုတ်သေးဘူး။ ကုဋီမှာသုံးမယ့် ကနုတံတောင်ရွှေချပြီး အစည်းလိုက်ပို့တာပါ။ ရွှေအတိကျောင်းမို့ အရပ်က ရွှေကျောင်းလို့လည်း ခေါ်ကြပါတယ်။'
'အထက်ဗိမာန်မျက်နှာကြက်နဲ့ တိုင်ခါးပန်းဆီ ခါးပတ်တွေမှာလည်း ဖန်မှန်တွေကို ရိုးရိုးရဲရဲ အရောင် အမျိုးမျိုး ကွန့်လွန့်အောင် စီခြယ်ထားလို့ 'မှန်ကျောင်း'လည်း ခေါ်ကြပါတယ်။
သီပေါမင်းကိုးကွယ်တဲ့ ဆရာတော်ကို တင်လှူတဲ့ နန်းတွင်းမှန်ကျောင်းဆိုတာ ရှိပါသေးတယ်။ နို့ပေမယ့် ဒီမြတောင်ကျောင်းလက်ရာကို မမီဘူးတဲ့လေ။ အကြီးလည်း အကြီးဆုံး၊ အကောင်းလည်း အကောင်းဆုံးပါ။ ဒီကျောင်းမှာ အသုံးပြုခဲ့တဲ့ စရိတ်က ငါးသန်းလေးသိန်းကျော်ပါတယ်။' (၎င်း၊ စာ-၃၆)
'မြတောင်ကျောင်းကို အလှူခံတော်မူတဲ့ ဆရာတော်ဦးအာလောကဟာ မူလက သင်္ဂဇာဆရာ တော်ဘုရားကြီးရဲ့တပည့်၊ နောက်မှ ရွှေကျင်ဆရာတော် ဘုရားကြီးကို ကြည်ညိုလေးစားပြီး သင်္ဂဇာတိုက်ကနေ မန္တလေးတောင်ခြေက ရွှေကျင်တိုက်ကို ရွှေ့ပြောင်းလာ ခဲ့ပါသတဲ့။ မြတောင်ဆရာတော်ကြီးက မိဖုရားခေါင်ကိုး ကွယ်ခံရတဲ့ ဆရာတော်ကြီးဖြစ်ပေမယ့် လောဘသက္ကာယ မက်မောမှု၊ ဂုဏ်ပကာသန လိုက်စားမှု အင်မတန် ကင်းတဲ့ ဂုဏ၀န်သီလမွန်ထေရ်မြတ်ကြီး ဖြစ်ပါတယ်။ ဟိတ်ဟန်လုပ်ရမှုကိုလည်း စက်ဆုပ်တဲ့ ဆရာတော်ကြီးပါ။
'စုဖုရားလတ်က သူ့ဆရာတော် ပစ္စည်းလေး ပါးပြည့်စုံအောင် ထောက်ပံ့ရုံမဟုတ်သေးဘူး။ ကပ္ပိယလည်း ပြည့်စုံအောင် ထားတယ်။ ဆရာတော်ဘုရားအတွက် လစဉ်ဆွမ်းစရိတ် ၆၀ ကျပ်၊ ကျောင်းထိုင်တစ်ပါးကို ၃၀ ကျပ်၊ ခန်းနေတစ်ပါးကို တစ်လ ၁၅ ကျပ်၊ သာမဏေကို တစ်လ ၇ ကျပ် ၈ပဲဆိုပြီး လစဉ်လှူတယ်။ ဆွမ်းချက် ကပ္ပိယ၊ ပေရေးစာရေးဆိုတာမျိုးလည်း ထားသေးတယ်။ ဆရာတော်ကြီးက အဲသလို ပြည့်စုံပေမယ့် လို့လည်း သူ့ဆွမ်းခံဝတ်ကို မပျက်ဘူးတဲ့။ နေ့စဉ်မနက် တိုင်း သံဃာတန်းနဲ့ ဆွမ်းခံထွက်တော်မူပါတယ်။ မန္တလေးမှာ သံဃာတန်းနဲ့ ဆွမ်းခံထွက်တာ မြတောင်ဆရာတော်ကြီးက စတယ်လို့ ပြောစမှတ်ရှိပါတယ်။'
'ဆရာတော်ကြီး မန္တလေးတောင်ခြေ ရွှေကျင် တိုက်ကနေ အနောက်ပြင်ကို ပြောင်းရွှေ့ရာမှာ ၀င်းခင်းပြီး စစ်အင်္ဂါလေးပါးနဲ့ ပြောင်းရွှေ့ဖို့ပါ စီစဉ်ထားပါတယ်။ ဆရာတော်ကြီးက အဲဒီ အစီအစဉ်ကို သိတော်မူတဲ့ အတွက် တစ်ရက်ကြိုပြီး ညအချိန်မှာ ဦးပဉ္စင်းတစ်ပါး၊ ကပ္ပိယတစ်ယောက်ကိုခေါ်လို့ အနောက်တိုက်သစ်ကို ကြွတော်မူပါတယ်။ မိုးလင်းမှ ဆရာတော်ကြီးကြွနှင့်နေပြီလို့ သိရတာကြောင့် စုဖုရားလတ်က သူ့အခမ်းအနား အစီအစဉ်တွေအားလုံး ဖျက်သိမ်းလိုက်ပါတယ်။ နို့ပေမယ့် ကြည်ညိုလို့မဆုံးအောင် ဖြစ်ရပါသတဲ့။'
'အလယ်ရွှေကျောင်းကြီး ဆောက်လုပ်ဆဲမို့ စားတော်ဝန်ဦးခဲ ကျောင်းရံမှာပဲ ဆရာတော်ကြီးသီတင်း သုံးခဲ့ရပါတယ်။ စုဖုရားလတ်က 'သူ့ကျောင်းကြိးပေါ်ကို တက်ရောက်သီတင်းသုံးတော်မူပါဘုရား'လို့ လျှောက်တော့ လက်မခံဘူး။ နို့ပေမယ့် ကျောင်းအမ စိတ်ချမ်းသာပါစေ။ ကုသိုလ်ပွားနိုင်ပါစေဆိုပြီးတော့ကာ ညနေ ၃ နာရီစာဝါကို ကျောင်းပေါ်မှာ တက်ရောက်စာချပေး တော်မူပါတယ်။' (ဦးအောင်မွန်၊ စာ-၃၇)
မြတောင်ကျောင်းကြီးဟာ 'ဘုရင်ခေတ်ရဲ့ နောက်ဆုံးကုသိုလ်'လို့ ဆိုကြပါတယ်။ ၁၂၄၇ တန် ဆောင်မုန်းလဆန်းမှာ ဒီကျောင်းကြီး ဆောက်လုပ်ပြီးစီး တယ်။ တန်ဆောင်မုန်းဆုတ် ၈ ရက်မှာ ပါတော်မူတယ်။ ဒီလို ပါတော်မူသွားတော့ ကျောင်းကြီးကို သီပေါမင်းနဲ့ စုဖုရားလတ်တို့ ရေစက်မှချခဲ့ရရဲ့လားလို့ မေးစရာ ဖြစ်လာပါတယ်။
စတုတ္ထမြတောင်ဆရာတော်ရေးတဲ့ 'မဏိစလ ထေရုပ္ပတ္တိကျမ်း'မှာ 'ကိုယ်တော်တိုင် ကျောင်းလွှတ် သဘင်ဆင်ယင်တော်မူခြင်းအမှုကို မပြုရငြားလည်း ရှေးဖျားမဆွမှ ကျောင်းရာမြေတော်ကို ရေစက်သွန်းချ၍ လှူဒါန်းတော်မူခြင်း၊ ငွေတော်ကို ထုတ်စဉ်အခါ ကျောင်း ဟူသော အမည်သညာဖြင့် အခါခါ ရေစက်သွန်းချ၍ လှူဒါန်းထားပြီးဖြစ်သောကြောင့် ကြီးမားမြင့်မြတ်သော ဒါနပါရမီတော်ထူးကို ဆည်းပူးတော်မူပြီးပင် ဖြစ်လေ သတည်း'ဟု ရေးထားပါတယ်။ မဏိစလထေရုပ္ပတ္တိကျမ်း က မြတောင်ကျောင်းတိုက်ကြီးရဲ့ ထေရုပ္ပတ္တိမှတ်တမ်းကြီးပါ။ ရေးစီရင်တဲ့ စတုတ္ထမြတောင်ဆရာတော်ကလည်း စုဖုရားလတ် ရတနာဂီရိမြို့က ရန်ကုန်မြို့ကို ပြန်ရောက် လာပြီးတဲ့နောက် ကျောင်းအမကြီးနဲ့ အကြိမ်ကြိမ် တွေ့ဆုံပြီး ရေးတာဖြစ်လို့ မဏိစလေထေရုပ္ပတ္တိကျမ်းအရတော့ ကျောင်းလွှတ်ရေစက်ချပွဲ မလုပ်ရသေးတာကတော့ အမှန်ဖြစ်မှာပါပဲ။
'သီပေါမင်းနဲ့ စုဖုရားလတ်တို့ မင်းမိဖုရားနှစ်ပါးကို အင်္ဂလိပ်တပ်တွေက ဂေါဝိန်ဆိပ်ဆီ ခေါ်လာကြတော့ မြတောင်တိုက်အရောက် ခရီးလမ်းမ ခေတ္တရပ်နားပြီး ရေစက်ချတာလို့ ပါးစပ်ရာဇ၀င်တွင်တာလည်း ရှိနေ ပါတယ်။ ပါတော်မူတဲ့ အချိန်တုန်းမှာ မြတောင်ကျောင်းကို ရေစက်ချရသေးတာ မဟုတ်လို့ ပါတော်မူခိုက် ခရီးလမ်းမှာ ရေစက်ချတယ်ဆိုတဲ့ ကိစ္စဟာ ဖြစ်တန်ရာတဲ့ ကိစ္စပေပဲ။' (ဦးအောင်မွန်၊ စာ-၃၈)
ဒါပေမဲ့ အင်္ဂလိပ်တွေက လုံခြုံရေးအခြေအနေကြောင့် ခွင့်ပြုမယ် မထင်ဘူးလို့လည်း သုံးသပ်သူတွေ ရှိပါတယ်။
လွတ်လပ်ရေးမရမီ ၁၀ နှစ်ကျော်ခန့်(၁၉၃၇) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဆရာသိန်းဖေမြင့်၊ ဆရာကြီး ဒီးဒုတ်ဦးဘချို၊ ဆရာကြီးမြို့မဆရာဟိန်တို့ သုံးယောက် ပေါင်းရေးခဲ့တဲ့ 'ဦးလွန်း (သခင်ကိုယ်တော်မှိုင်းအတ္ထုပ္ပတ္တိ) စာအုပ်မှာတော့ ဒီလိုရေးထားပါတယ်။
'မြတောင်တိုက်အနီးသို့ ရောက်သောအခါ ဘီရိုလှည်းကို ခေတ္တရပ်စေသည်။ အရှင်မြတ်နှစ်ပါးသည် မိမိတို့ ကောင်းမှုကြီးကို အပြီးသတ်၍ ရေစက်ချတော်မူ လိုကြသည်။ သို့သော် မလွှဲသာသောကြောင့် အပြီးမ သတ်နိုင်၊ ကျောင်းကြီးကို မြေအထိအိနေအောင် ရွှေချ၍ ပြီးပြီ။ ၀င်းဝါတောက်ထိန် အရောင်ရှိန်ဖြင့် ခမ်းနား ကြီးကျယ်သော ကျောင်းကြီးပြီးပြီ၊ သို့သော် ပရ၀ဏ်မခတ်ရသေးချေ။ မြတောင်တိုက်ရှေ့ရောက်သော အခါမူ ရေစက်ချလိုတော်မူကြသည်။ ဘီရိုလှည်းမှ အောက်ဆင်း၍ ရေသွန်းတော်မူလိုလှ၏။ သို့သော် အောက်သို့ ဆင်းခွင့်မပြု။ သို့ကြောင့် လှည်းပေါ်မှနေ၍ ရေစင်တော်သွန်း၍ ဆုမွန်တောင်းရလေသည်။ အမျှဝေရရှာလေသည်။
ဤအခြင်းအရာကို မြင်သောအခါ ဘုန်းတော်ကြီးများပင် တားမနိုင်၊ ဆီးမနိုင်၊ ဖြိုင်ဖြိုင်ယိုစီး ပေါက် ကြီးပေါက်ငယ် သွယ်သွယ်မျက်ရည် ကျရှာကြလေသည်။' (စာ-၄၃)
သီပေါမင်းနှင့် စုဖုရားလတ်တို့ကို အင်္ဂလိပ်တွေ ကုလားစစ်သည်တွေ ဖမ်းဆီးပြီး မြတောင်ကျောင်း ရှေ့က ဖြတ်သွားတာကို နောင်အခါ 'သခင်ကိုယ်တော်မှိုင်း'ဖြစ်လာမယ့် လူငယ်လေး 'မောင်လွန်း'က မြတောင်ကျောင်းပေါ်က မြင်တွေ့လိုက်ရပါတယ်။ မောင်လွန်းဟာ ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ကြီးထံမှာ ပညာသင်ကြားခဲ့ရာက မန္တလေးမြတောင်ကျောင်းသို့ ရောက်လာပြီး ဆက်လက်ပညာသင်ယူနေချိန် ဖြစ်ပါတယ်။ ဦးသိန်းဖေမြင့်+ဒီးဒုတ်ဦးဘချို+မြို့ဆရာဟိန် တို့ရေးတဲ့ သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိစာအုပ်မှာ-
'မြတောင်တိုက် ကျောင်းကြီးတစ်ကျောင်းရှိ ကပြင်၏ လက်ရမ်းပေါ်တွင် လူချောချော (၁၀) နှစ်သား အရွယ် တစ်ယောက်ထိုင်နေလေ၏။ သျှောင်ပေစူးလေးကို ကျစ်နေအောင် ထုံးလျက်ထား၏။ တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုးကလေးဝတ်ထား၏။ ထိုသူငယ်လေး သည် သီပေါမင်းပါသွားသည်ကို မြင်လျှင်ငိုရှာလေသည်။ ၀မ်းထဲ၌ လှိုက်လှိုက်နှင့် ပူနေတော့၏။ အဖိုးများစွာ ထိုက်တန်သော အရာလေးတစ်ခု ပျောက်သွားသည်ဟု ထင်ရှာလေ၏။ ထိုသူငယ်သည် အသက်ငယ်သော်လည်း [အင်း...ငါတို့တစ်မျိုးလုံး လူမျိုးခြား၏ကျွန်ဖြစ်ပြီဟု သိကာ မချိမဆံ့ ဖြစ်နေလေ၏။ နောက် ဘုရင်သည် ဂေါဝိန်ဆိပ် ဆင်းသောအခါ ကျောင်းဦးဘုရားသို့ ထိုလူ ငယ်သည်သွားလေ၏။ ဘုရားကို ရိုသေစွာ ကန်တော့ပြီး ...
(တပည့်တော်ကား ကမ္ဘာပျက်ခါနီးမှ လူဖြစ်ရပါသည်။ ယခုတပည့်တော်တို့ လူမျိုးသည် ကျွန်ဖြစ်ခဲ့ရပါပြီ။ နောင်ဖြစ်လေရာဘ၀၌ ဘုရားတပည့်တော်သည် ကျွန်လူမျိုး မဖြစ်ပါရစေနှင့်ဘုရား)ဟု ဆုတောင်းလေ၏။] (စာ-၄၄)
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကလေးသူ ငယ်ဘ၀က 'မြတောင်ကျောင်းပေါ်ကျတဲ့မျက်ရည်'လို့ ဆိုနိုင်ပါတယ်။ ဆရာကြီးရဲ့ မြတောင်ကျောင်းပေါ်က ဆုတောင်းသံဟာ မြန်မာ့ဇာတိမာန်ရဲ့ အဦးအစလို့လည်း ပြောနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ၊ ရာပြည့်စာအုပ်တိုက်မှ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ သော ဆရာဇော်ဂျီရဲ့ 'သခင်ကိုယ်တော်မှိုင်းဋီကာ'စာအုပ်မှာလည်း ဒီလိုရေးသား ဖော်ပြခဲ့တာ တွေ့ရပါတယ်။
'၁၂၄၇ ခုနှစ်တွင် ဆရာကြီးသည် ထူးခြားလှသော အခြင်းအရာတစ်ခု(ပါတော်မူပုံမြင်ကွင်း)ကို သိမြင်ခဲ့ရလေသည်။ ထိုအခြင်းအရာသည် ဆရာကြီးရေး သားဖွဲ့ဆိုလေ့ရှိသော ဆောင်းပါး၊ ကဗျာ၊ ဋီကာအာဘော် တို့၏ အရင်းအမြစ်ဖြစ်သည်ဟု ယူသော် ရကောင်းအံ့သို့ ရှိသည်။
ထိုအခြင်းအရာသည် ဆရာကြီး၏ ဇာတိမာန်၊ နိုင်ငံချစ်စိတ်ဓာတ်ကို အုတ်မြစ်ချပေးခဲ့သော ဗိသုကာ ဖြစ်သည်ဟု ယူသော်ရကောင်းအံ့သို့ ရှိလေသည်။ ထို အခြင်းအရာကား အခြားမဟုတ်၊ အင်္ဂလိပ်လက်သို့အရှင် နှစ်ပါးလိုက်ပါသွားရခြင်း ဖြစ်လေသည်။' (စာ-၁၂)
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာ၊ ကဗျာ တွေဟာ မြန်မာတစ်မျိုးသားလုံးရဲ့ လွတ်လပ်ရေးကြွေးကြော်သံဖြစ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ဇာတိမာန်ဟာ မြ တောင်ကျောင်းမှာ သန္ဓေတည်မွေးဖွား ရှင်သန်ကြီးထွားခဲ့တာလို့ ဆိုနိုင်ပါတယ်။ မြတောင်ကျောင်းကြီးဆောက် လုပ်လှူဒါန်းပြီး ရေစက်တောင်မချလိုက်ရသေးဘဲ လွတ် လပ်ရေးဆုံးရှုံးသွားချိန်မှာ ဒီမြတောင်ကျောင်းကြီးပေါ်က ပဲ လွတ်လပ်ရေးတိုက်ပွဲခေါ်သံ ပေါ်ထွက်ပဲ့တင်ခဲ့တာ ဖြစ်ပါတယ်။
'မြတောင်ကျောင်းဟာ မန္တလေးမြို့ အနောက် ပြင် ၃၅ လမ်းနဲ့ ၈၅ လမ်းထောင့်၊ ရတနာဘူမိရပ်မှာ တည်ရှိတဲ့ ကျောင်းကြီးပါ။ ရှေးတုန်းက အပြောက်အမွမ်း၊ အထုအထွင်းတွေ၊ ရွှေစိန်မှန်ကျောက်စီခြယ်တ၀င်းဝင်း တလျှပ်လျှပ်တွေ့နဲ့ပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ဒဏ် ကြောင့် ပြိုပျက်ခဲ့ရတယ်။ နောက်ဆုံး အဆောက်အအုံ ပျက်ကြီးတစ်ခုလုံး ဖြိုဖျက်မြေရှင်းထားပြီးဖြစ်လို့ အခု အခါမှာတော့ မြေပြောင်သလင်းကိုသာ တွေ့ကြရတော့ မှာပါ။' (ဦးအောင်မွန်၊ စာ-၃၅)
၀န်ကြီးနဲ့ မင်းသမီးမိဖုရားတွေ ကံကျွေးပေးခဲ့လို့ ကုန်းဘောင်ခေတ်မှာ အလွန်ထင်ရှားခဲ့တဲ့ 'မြ တောင်မြို့'ကိုလည်း ယခုအခါ မြန်မာပြည်မြေပုံပေါ်မှာ ရှာလို့ မတွေ့နိုင်တော့လောက်အောင်မှေးမှိန်သွားခဲ့ပါပြီ။ ဒါပေမဲ့ မြတောင်ဟာ ဘယ်တော့မှမသေ။ 'မြတောင်သာသနာ'ဟာ ပန်းတနော်မှာ ဆက်လက်ရှင်သန်ခဲ့ပြီလေ။
အတိတ်ကာလတစ်ခုမှာ မန္တလေးမြတောင်ကျောင်းက ဓမ္မကထိက ဘဒ္ဒန္တသာသနာ အရှင်မြတ်ဟာ ပန်းတနော်သို့ တရားဟောကြွတော်မူခဲ့ရာ ကြည်ညိုသူ ဒကာဒကာမများက မြေကွက်လှူ၊ ကျောင်းဆောက်လှူ ခဲ့ကြရာ အရှင်မြတ်မှ မိခင်ကျောင်းတိုက်ရဲ့ အမည် 'မြတောင်'ကိုပဲ ကမ္ပည်းမော်ကွန်းတင်လျက် 'မြတောင် ကျောင်းတိုက်'လို့ ပေါ်ထွန်းစေခဲ့ပါတယ်။ ဆရာစဉ်ဆက် ပြုစုပျိုးထောင်လာခဲ့ကြရာ ၁၃၃၅ ခုနှစ်တွင် 'မြတောင် စာသင်တိုက်'ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီဖြစ် ပါတယ်။ မြတောင်စာသင်တိုက်ကြီးကား စာသင်တိုက် မည်ကာမတ္တမဟုတ်၊ နွေရာသီမှာ ရက်တိုဝိပဿနာစခန်း များ ဖွင့်ပြီးတော့လည်း ပဋိပတ္တိအလင်းရောင်ကို ထွန်း ညှိပေးလျက်ရှိပါတယ်။ 'သီတဂူမြမေတ္တာ'ကုသိုလ်ဖြစ် မျက်စိဆေးခန်းဖွင့်၍ ဆင်းရဲနွမ်းပါးလူနာများကို တစ်လ နှစ်ကြိမ် ကုသပေးနေတာလည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ခဲ့ပါပြီ။ အခြားသော ပရဟိတလုပ်ငန်းများဖြင့်လည်း ပန်းဥယျာဉ်ကြီးသဖွယ် မြတောင်ကျောင်းမှာ ဖူးပွင့်ဝေ စည်နေပါတယ်။ အထူးသဖြင့်ကား ဆရာကြီးသခင်ကိုယ် တော်မှိုင်းက စတင်ခဲ့သော မြန်မာ့အမျိုးသားရေး ဇာတိမာန်ဟာ မြတောင်ကျောင်းတိုက်ကြီးမှာ အလံတံခွန်သဖွယ် တင့်တင့်တယ်တယ် အားကောင်းမောင်းသန် ရှင်သန်နေတာ တွေ့နိုင်ပါတယ်။
ဖတ်မှတ်ကိုးကားစာအုပ်များ
၁။ ၁၉၃၇-၃၈ ထုတ် သခင်ကိုယ်တော်မှိုင်း၏ အတ္ထု ပ္ပတ္တိ။
၂။ ၁၉၈၂ မေလထုတ် ညိုမြ ကုန်းဘောင်ရှာပုံတော်။
၃။ ၂၀၁၀ အောက်တိုဘာထုတ်၊ ဇော်ဂျီ-သခင်ကိုယ် တော်မှိုင်းဋီကာ။
၄။ ၂၀၁၂ ဇွန်လထုတ်၊ မန္တလေး (၁၅၂) နှစ်ပြည့် သမိုင်း နှင့် ယဉ်ကျေးမှုစာစဉ်-၁။
၅။ ၂၀၂၂ ဇူလိုင်ထုတ်၊ မောင်သန်းဆွေ(ထားဝယ်)- သမိုင်းပုံရိပ်။
မြတ်ဘုန်းသစ်
TREND News ဂျာနယ် အတွဲ ၂၊အမှတ် (၃၆) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။