ပအိုဝ်းဒေသ ငြိမ်းချမ်းရေးနှင့် သွေးစွန်းသော နေ့ရက်များ

၂၀၂၄ ဧပြီ ၂၉

    ၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရပြီးချိန်မှာ ရောင်စုံသူပုန်သောင်းကျန်းမှုတွေ ပေါ်ပေါက်လာပါတယ်။ ပြည်တွင်းစစ်ကြီးဟာ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့တောင် ဆိုကြပါတယ်။ ရှမ်းပြည်နယ်မှာလည်း ၁၉၄၉ ခုနှစ်မှာ ပအိုဝ်းတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပါ တယ်။ ပအိုဝ်းတပ်ဖွဲ့တွေဟာ နိုင်ငံတော်အစိုးရနဲ့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့တာမဟုတ်ဘဲ ရှမ်းပဒေသရာဇ် စော်ဘွားအုပ်ချုပ်ရေးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ထူးခြားပါတယ်။ ဗုဒ္ဓဘာသာ အဆုံးအမအောက်မှာ ငြိမ်းချမ်းစွာ နေတတ်တဲ့ ပအိုဝ်းလူမျိုးတွေဟာ နာကြည်းလွန်းလို့သာ လက် နက်စွဲကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းစော်ဘွားတွေက ပအိုဝ်းလူမျိုးဆိုတာကို အသိအမှတ်မပြု၊ ပအိုဝ်းလူမျိုးလို့ ခေါ်ဆိုခွင့်၊ ခံယူခွင့်မရှိ၊ ပအိုဝ်းစာပေ သင်ကြားခွင့်မရှိ၊ ပအိုဝ်းတွေကို တိုင်းလျံ (တောင်ပေါ်ရှမ်း)အဖြစ် သတ်မှတ်ခဲ့ရုံမက စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံက ဖိနှိပ်လာတာတွေကို မခံနိုင်တော့တဲ့အဆုံး လက်နက်စွဲကိုင်ကာ ပဒေသရာဇ်တော်လှန်ရေး ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။
    ၁၉၂၉ ခုနှစ်မှာ 'ဖြားတန်ကောင်ခဲ' ဦးဆောင်ပြီး ဓား၊ လှံလက်နက်၊ မီးကျိုးမောင်းပျက်တွေနဲ့ တော်လှန်ခဲ့ကြပေမယ့် ချက်ချင်းပင် ချေမှုန်းခံလိုက်ရပါတယ်။ ဒါပေမဲ့ ပဒေသရာဇ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပိုအားကောင်းလာတယ်။ ၁၉၃၁ မှ ၁၉၃၉ ခုနှစ်အတွင်း လဲချား၊ မိုင်းပွန်၊ ဟိုပုံးနဲ့ ညောင်ရွှေနယ်တွေမှာ အုံကြွလှုပ်ရှားမှုတွေ အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။ ထူးခြားတာက ပအိုဝ်းအမျိုးသား လှုပ်ရှားမှုတွေကို အင်းပေါခုံ ဆရာတော်ကြီးတို့လို သံဃာတော်များက ဦးဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
    '၁၉၄၇ ခုနှစ်ကုန်ခါနီးတွင် ပအိုဝ်းလွောင်းဗူး(ခိုင်မာသော ပအိုဝ်းစုစည်းမှုအဖွဲ့) တည်ထောင်လိုက်ကြသည်။ ထိုအခါ ပဒေသရာဇ်လဲဗီးတပ်များနှင့်နောက်လိုက်များ လူထုအပေါ် နှိပ်စက်မှု ပြုလာတော့သည်။ ၁၉၄၈ နှစ်ကုန်ပိုင်းတွင် ဆရာတော် ဦးဂန္ဓမာက ကျေးရွာလုံခြုံရေးအတွက် ကျောက်တစ်လုံးကျေးရွာတွင် တပ်ဖွဲ့တစ်ခုဖွဲ့စည်းလိုက်သည်။ ဤတပ်ဖွဲ့ကို ပဒေသရာဇ် နောက်လိုက်များထံမှ သိမ်းဆည်းရရှိသည့် လက်နက်များဖြင့် တပ်ဆင်ပေးခြင်းဖြစ်သည်။' (၂၀၁၈ ဖေဖော် ဝါရီထုတ်၊ ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီး၊ စာ-၂၀)
    'ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့' (ပအမဖ)ကို ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။ ကေအင်ဒီအို(ကရင်)ထံမှ လက်နက်ခဲယမ်း အတော်အတန် ဝယ်ယူလိုက်ပြီး ၁၉၄၉ ခု ဒီဇင်ဘာ ၁၁ ရက်တွင် (ပအမဖ)သည် ပဒေသရာဇ် အာဏာရှင်များဖြစ်ကြသော ညောင်ရွှေ၊ ဘန်းယဉ်၊ ဟိုပုံး၊ နောင်မွန်၊ ပင်လောင်း၊ စံကား၊ မိုင်းပွန်၊ လွိုင်လင်၊ မိုးနဲနှင့် မောက်မယ်တို့ကို စစ်ကြေညာလိုက်သည်။ တော်လှန်ရေးတွင် ပဒေသရာဇ် နောက်လိုက်များက ဖမ်းဆီးရမိသော (ပအလဖ)တပ်သားများကို ခေါင်းဖြတ်ပြီး အများပြည်သူမြင်သာအောင် ဈေးနေ့များတွင် ခေါင်းကို ချိတ်ဆွဲပြထားသည်။' (၎င်း၊ စာ-၂၀)
    'ပအိုဝ်းတိုင်းရင်းသားများနည်းတူ မြို့ပေါ်ရှိ တရားဝင် အဖွဲ့အစည်းများကလည်း ပဒေသရာဇ်စနစ်ကို တရားဝင်ရှုတ်ချခဲ့ကြသည်။ ထိုအဖွဲ့အစည်းများသည် ၁၉၅၂ ခုနှစ် ဇွန်လတွင် တောင်ကြီးမြို့ ကံဦးဘုန်းတော် ကြီးကျောင်းတွင် ညီလာခံတစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုညီလာခံမှ ခေတ်နှင့်မလျော်ညီတော့သော ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်နေခြင်းကို အမြန်ဆုံးပြောင်းလဲပစ်ရန် တောင်းဆိုခဲ့ကြသည်။ မြို့ပေါ်ရှိ တရားဝင်ဖွဲ့စည်းထားသော ပအိုဝ်းတိုင်းရင်းသားတို့၏ (ပအလဖ)အဖွဲ့ချုပ်မှခေါင်း ဆောင်တို့ကလည်း ပဒေသရာဇ်စနစ် ကျဆုံးရေးကို ဥပဒေဘောင်အတွင်းမှ နည်းမျိုးစုံဖြင့် ပြင်းထန်စွာအရေး ဆိုခဲ့ကြသည်။' (၎င်း၊ စာ-၂၁)
    ပဒေသရာဇ်တော်လှန်ရေးတိုက်ပွဲများ အရှိန်မြင့်လာချိန်မှာ နိုင်ငံတော်အစိုးရရဲ့ လက်နက်နဲ့ ဒီမိုကရေစီလဲလှယ်ရေး ငြိမ်းချမ်းရေး အစီအစဉ်ပေါ်ပေါက် လာခဲ့ပါတယ်။
    '၁၉၅၈ ခုနှစ် နှစ်ဦးပိုင်းတွင်(ပအလဖ)နှင့် တပ်မတော်မှ အရာရှိကြီးများ တွေ့ဆုံဆွေးနွေး သဘောတူညီချက်အရ ပအလဖ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျှင် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးပါမည်ဟု ကတိပေးပါသည်။' (၂၀၁၃ ထုတ်၊ ပအိုဝ်း-ဒုတိယတော်လှန်ရေး၊ စာ-၁၈)
    '၁၉၅၈ ခုနှစ် မေ ၅ ရက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်ခွန်ချို၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဘဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဗိုလ်မှူးကြီးစိန်ဝင်း၊ ပအလဖ ခေါင်းဆောင်ဦးလှဖေ၊ ဗိုလ်ချန်ဇုံ၊ ဗိုလ်မြိုင်နှင့် ဗိုလ်ညွန့်ဦးဆောင်သော(ပအလဖ)အင်အား ၁၃၃၃ တောင်ကြီးမြို့ အမှတ်(၂၁၂) ဆက်သွယ်ရေးတပ် ဘောလုံးကွင်းတွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့် အခမ်းအနားကျင်းပရာ လူအင်အားတစ်သိန်းကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။(ဦးအောင်ခမ်း ထီ၊ စာ-၂၉)
    '၁၉၅၉ ခု ဧပြီလတွင် ရှမ်းပြည်မှ စော်ဘွားများ အာဏာစွန့်လွှတ်လိုက်သဖြင့် ပအိုဝ်းတိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားများပါ ပဒေသရာဇ် စော်ဘွားများ၏ ဖိနှိပ်မှုအောက်မှလွတ် မြောက်လာရခြင်းသည် ပအဖလအပါအဝင် တပ်မတော်နှင့်ထိုစဉ်က အိမ်စောင့်အစိုးရ၏ ကျေးဇူးကြောင့်ပင် ဖြစ်တော့သည်။ ပအိုဝ်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက် သွယ်ရေး၊ ရပ်ရွာလုံခြုံရေးတို့ကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နိုင်ခဲ့သည်။ အခြားတစ်ဖက်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဘိန်းစိုက်ပျိုးရေးနှင့် အနယ်နယ်အ ရပ်ရပ်တွင် တရားဝင်ဖွင့်လှစ်ထားရှိသော အမိန့်ရဘိန်းဆိုင်များကိုလည်း တားဆီးပိတ်ပင် နိုင်သည့် အပြင် လောင်းကစားဝိုင်းများကိုလည်း ပိတ်ပင်နိုင်ခဲ့သည်။' (ဒုတိယတော်လှန် ရေး၊ စာ-၁၉)
    ပအိုဝ်းလူမျိုးတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက် အရှိန်အဟုန်မြှင့်ကာ ကြိုးစားနေစဉ်မှာပဲ ပအိုဝ်း နယ်မြေထဲသို့ ရှမ်းတပ်ဖွဲ့(SURA) ကျူးကျော်ဝင်ရောက်လာပြီး ပအိုဝ်းလူထုကို အနိုင်ကျင့်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ မြို့ရွာများကို ထိပါးနှောင့်ယှက်ခြင်းတွေ လုပ်လာကြတယ်။ ဆီဆိုင်မြို့နယ်ထဲအထိ ဝင်ရောက်လာတဲ့ SURA ရှမ်းတပ်ဖွဲ့ကို ဗိုလ်စံထွန်း၊ ဗိုလ်မောင်လယ်၊ ဟိန်ထီးတို့ ဦးဆောင်ပြီး တိုက်ထုတ်မောင်းနှစ်ပစ်ခဲ့ပါတယ်။ လက်နက်တွေ ဘယ်ကရသလဲဆိုရင် လက်နက်နဲ့ ဒီမိုကရေစီ လဲစဉ်က ချန်ထားဝှက်ထားခဲ့တဲ့ လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အထိနာသွားတဲ့ ရှမ်းတပ်ဖွဲ့တွေဟာ အစိုးရကို တစ်ဖက်လှည့်နဲ့ သတင်းပေးလိုက် တာကတော့ ပအိုဝ်းတွေ လက်နက်လူသူစုဆောင်းပြီး ပုန်ကန်ဖို့ လုပ်နေပြီတဲ့။ ဒါကြောင့် အစိုးရက ဆွေးနွေးမယ်ဆိုပြီး ၁၉၆၆ နိုဝင်ဘာမှာ တောင်ကြီးမြို့ စားမြိန်ရိပ်သာသို့ ဖိတ်ခေါ်လိုက်ပါတယ်။
    ဆွေးနွေးပွဲ အဆင်မပြေဘဲ တက်ရောက်လာတဲ့ ပအိုဝ်းခေါင်းဆောင်တွေကို ထိန်းသိမ်းထား လိုက်ပါတယ်။ ကျန်ခဲ့တဲ့ ပအိုဝ်းခေါင်းဆောင်တွေ မကျေနပ်တဲ့အတွက် ၁၉၆၆ ဒီဇင်ဘာမှာ 'ဒုတိယတော်လှန်ရေး'ကို ပအလဖရဲ့ ဦးဆောင်မှုနဲ့ စတင်လိုက်ပါတယ်။ ဒုတိယ တော်လှန်ရေးကို ဦးဆောင်သူတွေကတော့ ဗိုလ်ချုပ်စံသိန်း၊ ဗိုလ်ကြီးတာကလယ်၊ ဆရာလှစိန်၊ ဆရာကျော်၊ ဆရာခင်၊ ဆရာချုံ စတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ၁၉၆၇ မှာ တောင်ကြီး ရပခတိုင်းမှူး ဗိုလ်မှူးကြီး သူရအောင်ဖေက ဥပဒေဘောင်ထဲ ပြန်ဝင်ဖို့ ကမ်းလှမ်းတယ်။ ပအလဖက ဖမ်းဆီးထားတဲ့ ပအိုဝ်းခေါင်း ဆောင်တွေ ပြန်လွှတ်ပေးဖို့၊ ပအိုဝ်းနယ်မြေလုံခြုံရေးအတွက် ပအိုဝ်းတပ်ဖွဲ့ထားရှိခွင့်ပြုဖို့၊ ပအိုဝ်းခေါင်း ဆောင်များ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့စတဲ့ အချက်တွေတောင်း ဆိုလိုက်ပါတယ်။ ဦးလှဖေနှင့် ဦးကျော်စိန်ကလွဲပြီး ကျန်ပအိုဝ်းခေါင်းဆောင်များ ပြန်လွှတ်ပေးမည်။ လက်နက် ကိုင်တပ်ဖွဲ့ကို ခွင့်မပြု လို့အစိုးရက ပြန်ကြားပါတယ်။ ပအလဖအတွက် ကျေနပ်လောက်တဲ့ အဖြေမဟုတ်ဘူးလို့ ဆိုပါတယ်။
    ပအိုဝ်းခေါင်းဆောင်ကြီး ဦးလှဖေဆိုတာ ပအိုဝ်းတို့အတွက် မိဘသဖွယ် အလွန်အရေးကြီးတဲ့ ခေါင်းဆောင်ကြီး ဖြစ်နေပါတယ်။ ပအိုဝ်းအမျိုးသားနိုင်ငံ ရေးလမ်းကြောင်းကို စတင်ဖောက်လုပ်ပေး ခဲ့သူလည်း ဖြစ်နေပါတယ်။ ဦးလှဖေကို ဘီးလင်းမြို့နယ်မှာ ၁၉၁၀ ပြည့်နှစ် မတ်လ ၆ ရက်မှာ ဖွားမြင်ခဲ့တယ်။ မော်လမြိုင် စိန့်ပက်ထရစ်အထက်တန်းကျောင်းက ဆယ်တန်းအောင်ခဲ့ပြီး ၁၉၃၂ မှာ ရန်ကုန်တက္ကသိုလ်က သစ်တောဘွဲ့ B.SC ရခဲ့ပြီး B.L ဥပဒေတန်းလည်း တက်ရောက်သင်ယူခဲ့ပါတယ်။ ၁၉၃၆ မှာ သထုံမဲဆန္ဒနယ် အနောက်ပိုင်း ကရင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ်အရွေး ခံရပြီး ၂၉၃၉-၁၉၄၂ ပါလီမန်တရားရေး အတွင်းဝန်ဖြစ် လာခဲ့ပါတယ်။ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရအဖွဲ့မှာ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၅ မှာ ကေ အင်ဒီအို(ကရင်)နဲ့အတူ တောခိုသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ရှမ်းပြည် နယ်သို့ရောက်လာပြီး ပအိုဝ်း နိုင်ငံရေးကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၈ လက်နက်နဲ့ ဒီမိုကရေစီလဲခဲ့ရာမှာ ပအလဖကို ဦးဆောင်ခဲ့ပါ တယ်။ ၁၉၆၀ အထွေထွေရွေးကောက်ပွဲမှာ ညောင်ရွှေမဲဆန္ဒနယ်က အရွေးခံရပြီး လွှတ်တော်ကိုယ်စား လှယ် ဖြစ်လာခဲ့ပါတယ်။ ၁၉၆၄ မှာ တော်လှန်ရေးအစိုးရရဲ့ ထိန်းသိမ်းခြင်း ခံလိုက်ရပါတယ်။ (ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီး၊ စာ-၃၇)
    ပအိုဝ်းတပ်ဖွဲ့က ဖမ်းဆီးခံ ပအိုဝ်းခေါင်း ဆောင်တွေ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ရာ ဦးလှဖေ နှင့် ဦးကျော်စိန်ကို အစိုးရက ချန်လှပ်ထားခဲ့လို့အဆင် မပြေခဲ့ပါဘူး။ ဒီအချိန်မှာပဲ ရှမ်းတပ်ဖွဲ့(ှ့ျွဗ)ဟာ ပအိုဝ်းနယ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ပအိုဝ်းနယ်တွေကို သူတို့ရဲ့ လက်အောက်ခံဒေသအဖြစ် သတ်မှတ်လိုက်ပါတယ်။ ပအလဖခေါင်းဆောင် ဗိုလ်ချုပ်စံသိန်းက ပဋိပက္ခမဖြစ်လိုတဲ့အတွက် မဟာမိတ်ဖွဲ့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
    'ထိုစဉ်က ရှမ်းတော်လှန်ရေးအဖွဲ့အစည်းများ၏ သဘောထားမှာ ရှမ်းပြည်တွင် ရှမ်းအမျိုးသား တို့ ဦးဆောင်သော နိုင်ငံရေးအဖွဲ့အစည်းတစ်ခုသာ ရှိရမည်။ လက်နက်ကိုင်တပ်ဖွဲ့သည်လည်း ၎င်း တို့ဦးဆောင်သည့် တပ်ဖွဲ့သာရှိရမည်။ ပအိုဝ်း၊ ပလောင်၊ 'ဝ'အစရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များ ထူထောင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။' (ဒုတိယတော်လှန်ရေး၊ စာ-၂၄)
    တစ်ချိန်တည်းမှာ ဗကပတွေဟာ ပအိုဝ်းနယ်မြေထဲ ထိုးဖောက်ဝင်ရောက်လာကာ ကမ္ဘာနဲ့ချီ လေလုံး ထွားပြီး စည်းရုံးရေး လုပ်ဆောင်လာကြတယ်။ ပအလဖဟာ ပအိုဝ်းလူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြုတဲ့အတွက် ကျဉ်းမြောင်းတဲ့အကြောင်း၊ လူတန်းစားလွတ်မြောက်ရေး တိုက်ပွဲကသာ အမျိုး သားရေးပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း အသံကောင်းဟစ်လာကြတယ်။ အဲဒီအချိန်က ကွန်မြူနစ်၊ ဆိုရှယ်လစ် လက်ဝဲခေတ် အားသစ်ချိန် ဖြစ်လို့ ပအိုဝ်းတော်လှန်ရေးသမား တချို့လည်း ဗကပ မှိုင်းမိကုန်တာရှိတယ်။ ဗကပတို့ ဝင်ရောက်အခြေချနေတဲ့ အင်းလေးဒေသဟာ ပအိုဝ်းနယ် မြေဖြစ်လို့ ထွက်ခွာပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ဗကပတွေက ငြင်းဆန်ခဲ့တဲ့အတွက် ၁၉၆၇ ဒီဇင်ဘာ ၁၂ ရက်မှာ ဗကပစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဗကပရဲ့ သြဇာအာဏာက တဖြည်း ဖြည်း ပိုမိုကြီးမားလာတယ်။
    'တိုင်းရင်းသား လူနည်းစု တော်လှန်ရေးအင် အားစုများ၏ အရှိန်အဟုန်ကို နှေးကွေးပြိုကွဲစေခဲ့သောလက်သည်မှာ ဗကပပင်ဖြစ်သည်။ တိုင်းရင်းသားလက် နက်ကိုင် အုပ်စုများအတွင်း ကွန်မြူ နစ်တို့၏ သပ်လျှိုမှုကြောင့် ကွန်မြူနစ်ကို ဆန့်ကျင်သူနှင့် ထောက်ခံသူ အုပ်စုနှစ်စုကွဲသွားပြီး ရလဒ်အားဖြင့် အချင်းချင်းသတ်ဖြတ်တာတွေ ဖြစ်လာသည်။ ပအိုဝ်းစစ်တပ်အရာရှိတစ်ဦးရဲ့ မှတ်ချက် အရ ကွန်မြူနစ် ပအိုဝ်းတပ်များနှင့် အမျိုးသား ပအိုဝ်းတပ်များအကြား တိုက်ပွဲများမှာ စစ်အစိုးရ ကိုတိုက်ရသော တိုက်ပွဲတွေထက် အကြိမ်ပို၍များကြောင်း အတည်ပြုခဲ့သည်။' (၂၀၁၅၊ နိုဝင်ဘာထုတ်၊ နိုင်ဦးမြန်မာပြန် ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေး၊ စာ-၂၅)
    ဗကပကပါ ကြားဝင်နှောက်လာပြီမို့ ပအလဖဟာ အင်အားတည်ဆောက်ဖို့ လိုလာခဲ့ပေပြီ။ ဒါကြောင့် SURA ရှမ်းတပ်ဖွဲ့နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆက်သွယ်ခဲ့ပါတယ်။ ပအိုဝ်းနယ်မြေ 'ပန်ကိုင်ရွာ'မှာ တွေ့ဆုံဆွေးနွေးဖို့ ဗိုလ်ချုပ်စံသိန်းကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့ရောက်ရှိလာစဉ် SURA မှ ဗိုလ်မှူးလှ ခင်တို့အဖွဲ့နဲ့ အဆင်မပြေရာက ပစ်ခတ်တိုက်ခိုက်တဲ့အထိ ပဋိပက္ခပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ဗိုလ်ချုပ်စံသိန်းအပါအဝင် နှစ်ဦးကျဆုံးခဲ့ ပြီး SURA ရှမ်းတပ်ဖွဲ့မှ ဗိုလ်မှူးလှခင်အပါအဝင် ခြောက်ဦး ကျဆုံးခဲ့ပါတယ်။ ပအိုဝ်းတပ်ဖွဲ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ (ဒုတိယတော်လှန်ရေး၊ စာ-၃၃)
    ပအလဖကို ကျယ်ပြန့်အောင်ဆိုပြီး ပအလဖ (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့)ကို ရှမ်းပြည်လူ မျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) (Shan State National Libration Organization)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပေမယ့် ဗိုလ်ချုပ်စံသိန်း ကျဆုံးသွားတဲ့အခါ အင်အားချည့်နဲ့တဲ့အဖွဲ့ ဖြစ်လာပါ တယ်။ ဗကပတို့ရဲ့ အနီရောင်နိုင်ငံရေး လှိုင်းတံပိုးတွေက ...'ဓမ္မန္တရာယ်အဖြစ် ကျရောက်နေသည်ကို မရှုဆိတ်နိုင်တော့သဖြင့် ရ ဟန်းတော်ဦးကုလသ(ခ) အဘယသည် 'အောင်ခမ်းထီ' အမည်ကိုခံယူ၍ တော်လှန်ရေးအတွင်းသို့ ၁၉၇၀ တွင် ဝင်ရောက်သည်}လို့ ဒုတိယတော်လှန်ရေးမှတ်တမ်းက ဆိုပါတယ်။ (စာ-၄၃)
    ဦးအောင်ခမ်းထီဟာ ရဟန်း ၁၄ ဝါအရ အသက်(၃၅)နှစ်မှာ လူဝတ်လဲခဲ့ပြီး ပအိုဝ်းအမျိုးသား ရေးခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ 'ရလလဖ'ဟာ ဗကပသြဇာခံ ဖြစ်လာချိန်မှာ ဦးအောင်ခမ်းထီ၊ ဥိးလှဖေ၊ ဦးကျော်စိန်တို့ အုပ်စုကို ဖောက်ပြန်ရေးသမား၊ လူမျိုးစွဲကြီးသူ၊ အမြင်ကျဉ်းမြောင်းသူများလို့ တံဆိပ်ကပ် ဝေဖန်လာခဲ့ပါတယ်။ ဦးအောင်ခမ်းထီရဲ့ ဂန္ထဝင်မြောက် တုံ့ပြန်ခဲ့တဲ့ စကားတစ်ခွန်းကတော့ 'ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့သမျှ တော်လှန်ရေးအဆိုအမိန့်များရဲ့ အခြေခံမူဝါဒမှာ ကိုယ့်လူမျိုးကို ကိုယ်ချစ်တာဟာ တရားတယ်' ဆိုတာပါပဲ။
    ပအိုဝ်းနီလို့ ခေါ်တဲ့ 'တာကလယ်'ဦးဆောင်သော ရလလဖ၊ ဗကပ သြဇာခံတို့သည် ၎င်းတို့ လက်လှမ်းမီရာ ပြည်သူများကို ဘိန်းစိုက်ပျိုးစေပြီး ဘိန်းခွန်ကောက်ခံခြင်း၊ ဘိန်းဝယ်ယူခြင်း၊ ဘိန်းကုန်သည်များထံ ရောင်းချခြင်းနှင့် ဘိန်းရှူ၊ ဘိန်းစားများအား တစ်လကျပ် သုံးဆယ် အခွန်ဆောင် စေပြီး ခွင့်ပြထားကြောင်း သိရသည်။' (ဦးအောင်ခမ်းထီ၏ နိုင်ငံရေး၊ စာ-၄၆၃)
    ရလလဖအတွင်း ပအိုဝ်းဖြူ၊ ပအိုဝ်းနီ ကွဲပြားမှုတွေ သိသိသာသာ ပေါ်လာပြီး ဦးလှဖေနဲ့ ဦးကျော်စိန်တို့လို အစဉ်အလာကြီးတဲ့ ပအိုဝ်းအမျိုးသားရေး ခေါင်းဆောင်ကြီးတွေပင် အကျဉ်းချထား ခြင်းခံခဲ့ရပါတယ်။ ဗကပဦးအောင်(ခေါ်) အသားမည်းမျိုးမြင့်နဲ့ ပအိုဝ်းနီ တာကလယ်တို့က ဦးအောင်ခမ်းထီနဲ့ ပအိုဝ်းဖြူ ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အကျဉ်းချခံထားရတဲ့ ဦးလှဖေနဲ့ဦး ကျော်စိန်တို့ကို ဗိုလ်မှူးကြီးအောင်ခမ်းထီနဲ့ ဗိုလ်ကြီးခွန် ဥက္ကာ(ယခုဗိုလ်မှူးကြီးခွန်ဥက္ကာ)တို့က သွားရောက်ကယ် တင်ခဲ့တယ်လို့ ဆိုပါတယ်။ (ဒုတိယ တော်လှန်ရေး၊ စာ-၇၃)
    ဒါပေမဲ့ ခေါင်းဆောင်ကြီး ဦးလှဖေရဲ့သားနဲ့ အဖွဲ့ကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြတယ်။ ဗကပကို ဆန့်ကျင်တယ်လို့ စွပ်စွဲခံရသူ ၁၄ ဦးကို ထီးတခေါ့ရွာအနီးမှာ ထပ်မံသတ်ဖြတ်လိုက်ကြပြန်တယ်။ ဆက်လက်ပြီး ဖမ်းဆီးသတ်ဖြတ်ကြပြန်ရာ အားလုံးပေါင်း ၄၀ ကျော် အသတ်ခံရတယ်လို့ ဆိုပါတယ်။ အနီရောင်လွှမ်းနေတဲ့ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် ပအိုဝ်းအမျိုးသားရေး ခေါင်းဆောင်တွေဟာ ၁၉၇၅ ဒီဇင်ဘာလမှာ 'ရလလဖ'ကို အားလုံး သဘောတူဖျက်သိမ်းလိုက်ပါတယ်။ တစ်ဆက်တည်းမှာ ၁၉၇၆ ဇန်နဝါရီမှာ လွယ်မောကြီးမြို့နယ်၊ လုံးဒါကျေးရွာ ဘုန်းကြီးကျောင်းမှာ ပအိုဝ်းအမျိုး သားညီလာ ခံကျင်းပပြီး 'ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်'(PA-OH National Organization) (PNO)ကို ဖွဲ့စည်း တည်ထောင်လိုက်ပါ တယ်။ သဘာပတိမှာ ဆရာတော် ဦးနေမိ၊ ဥက္ကဋ္ဌဦးကျော်စိန်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ခမ်းထီတို့ဖြစ်ပြီး ဗဟိုကော်မတီဝင် ၁၆ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ (၎င်းင်း၊ စာ-၁၂၈)
    PNO ရဲ့ ခရီးလမ်းက ကြမ်းတမ်းလှပါတယ်။ သံလွင်ကူးတို့ဆိပ်၊ လွတ်လန်းမဲ့အောမှာ အခွန်ငွေ ကောက်ခံရေးတာဝန်ခံ ခွန်ရဲနောင်နဲ့ ဖိုးထိုတို့အဖွဲ့ရဲ့ ကိုယ်ကျိုးရှာမှုတွေ ပေါ်ပေါက်လာတယ်။ အရေး ယူဖို့လုပ်တဲ့အခါ အင်အား ၆၀ ကျော်၊ ငွေကျပ်သိန်း ၆၀ ကျော်ဖြင့် ဆီဆိုင်မှာ အစိုးရတပ်ထံတွင် လက်နက်ချ အလင်းဝင်သွားခဲ့ပါတယ်။ ရဲနောင်နဲ့ ဖိုးထိုတို့ဟာ သထုံပအိုဝ်းများဖြစ်ကြပြီး ဒီလိုပဲ လုပ်စားနေကြသူအဖြစ် ဖော်ပြထားပါတယ်။
    'ဦးနု(ဝန်ကြီးချုပ်ဟောင်း)၏ တပ်ပေါင်းစုတွင် ပါဝင်သော ကချင်၊ ရခိုင်၊ ချင်း၊ ကရင်၊ ပအိုဝ်း၊ လားဟူ၊ မွန်နှင့် ဗမာတပ်ဖွဲ့များသည် ဦးနုမှတစ်ဆင့် စီအိုင်အေမှ ပေးကမ်းထောက်ပံ့သည့် ငွေများရကြ သည်။ လူမျိုးတစ်မျိုးကို ကိုယ်စားပြုသော အဖွဲ့တစ်ဖွဲ့စီအား စီအိုင်အေ (အမေရိကန်)မှ ဒေါ်လာ ဆယ်သန်းစီ ပေးကမ်းထောက်ပံ့ခဲ့သည်။ ထို့ကြောင့် ပြည်ချစ်တပ်ပေါင်းစုတွင် ပါဝင်သော ရဲနောင်၊ ဖိုးထိုတို့၏  PNLA တပ်ဖွဲ့သည်လည်း အမေရိကန်ဒေါ်လာ ဆယ်သန်းရရှိကြသည်။ ထိုင်းနိုင်ငံတွင် ရဲနောင်၊ ဖိုးထို၊ စံသိန်း သုံးဦး လက်မှတ်ရေးထိုးမှ ထုတ်ယူနိုင်သော ဘတ်ငွေသိန်းငါးဆယ် အပ်ထားရာ အလင်းမဝင်မီ ရဲနောင်နှင့် ဖိုးထိုတို့နှစ်ဦး လက်မှတ်ဖြင့် ထုတ်ယူသွားကြောင်း သိရသည်။' (ဒုတိယေ တော်လှန် ရေး၊ စာ-၁၃၅)
    ၁၉၈၀ မှာ PNO ဟာ ဗိုလ်မှူးခွန်ဥက္ကာမှ တစ်ဆင့် မဒတ(အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု)သို့ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ် မာနယ်ပလောအစည်း အဝေးကို ဦးအောင်ခမ်းထီ ဦးဆောင်ပြီး တက်ရောက်ခဲ့ပါတယ်။ ဧည့်ခံပွဲမှာ ကေအင်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်မြက'ပအိုဝ်းလူမျိုးသည် ကရင်မျိုးနွယ်စု တွင် ပါဝင်ကြောင်း၊ ကရင်မျိုးနွယ်စုအားလုံးဟာ ကရင်အမည်ခံ ယူဖို့လိုကြောင်း'ပြောကြားခဲ့ပါတယ်။ ပအိုဝ်းဟာ သီးခြားလူမျိုးဖြစ်လို့ ကရင်မျိုးနွယ်စုအဖြစ် သတ်မှတ်တာကို အင်္ဂလိပ်ခေတ်ကပင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြတယ် မဟုတ်ပါလား။ ဗမာလူမျိုးကြီးဝါဒကို တိုက်ပွဲဝင်ဆန့်ကျင်နေပါတယ်ဆိုတဲ့ ဗိုလ်ချုပ်မြဟာ အင်အားသုံး၊ အင်အားပြပြီး ပအိုဝ်းတပ်ဖွဲ့တွေကို KNU ထဲ အတင်းသွတ်သွင်းနေခဲ့ပေပြီ။ မဒတအဖွဲ့ဝင်ရခိုင်(ALP)၊ ကရင်(KNPP) စတဲ့ အဖွဲ့တွေဟာ မဒတရဲ့ လုပ်ငန်းစဉ်ထက် KNU(ကရင်)အဖွဲ့ ကြီးရဲ့ အသုံးချခံတွေအဖြစ် ပါဝင်ခဲ့ရပုံတွေကို '၂၀၁၃ ဖေဖော်ဝါရီလထုတ်၊ ပအိုဝ်းအမျိုးသားများရဲ့ ဒုတိယတော်လှန်ရေးမှတ်တမ်း'စာအုပ်မှာ ဖော်ပြထားပါတယ်။
    ဗကပသြဇာခံ တာကလယ်ကတော့ လုံးလုံးအနီဖြစ်သွားပြီး ပန်ဆန်းကို ရောက်သွားပါတယ်။ ဥက္ကဋ္ဌ ကြီးဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ကတော့ ပအိုဝ်းအမျိုးသားလမ်းကြောင်းပေါ်မှာပဲ ဦးလည်မသုန် လျှောက်လှမ်းနေဆဲမှာ သူတို့ကို ဗိုလ်ကျစိုးမိုး အနိုင်ကျင့် ခဲ့တဲ့ ဗကပအဖွဲ့ကြီးလည်း ပြိုကွဲသွားခဲ့ပါချေပြီ။ ၁၉၈၉ မှာ ကိုးကန့်နဲ့ 'ဝ'တပ်ဖွဲ့တွေ ပုန်ကန်တော်လှန်ပြီး ဗကပကို ချုပ်ငြိမ်းစေ ခဲ့ပါတယ်။ ကိုးကန့်၊ 'ဝ'နဲ့ တအန်း(ပလောင်)အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်း ရေးယူခဲ့ကြပါတယ်။
    'ပအိုဝ်းအမျိုးသားများ၏ ဒုတိယတော်လှန်ရေးသည် ၁၉၆၆ ဒီဇင်ဘာ ၄ ရက်မှစတင်ပြီး ၁၉၉၁ ဧပြီလ ၁၁ ရက်အထိ ၂၅ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပေသည်။ နယ်မြေလုံခြုံရေးနှင့် အမျိုးသားလွတ် မြောက်ရေးအတွက် တော်လှန်ရေး၏ (၂၅)နှစ်တာကာလအတွင်း အဖုအထစ်၊ အကွေ့အကောက်၊ အတက်အကျ အစရှိသော အခက်အခဲများကိုလည်း ကြုံတွေ့ကြရသည်။ မဟာမိတ်မဆန်သော လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းအချို့သည် အဆင်းတွန်းချဝါဒဖြင့် PNO ၏ အကျိုးကို လိုလား သယောင်ပြ၍ PNO ပိုင်နယ်မြေများကို ခွဲခြမ်းစိတ်ဖြာပြီး ခွဲဝေယူလိုကြသည်ကို သင်ခန်းစာရယူ နိုင်ခဲ့သည်။ အချို့သော မဟာမိတ်အဖွဲ့များသည် ပအိုဝ်းသည် သထုံဘက်မှ ရှမ်းပြည်သို့ လာရောက် အခြေချနေထိုင်သူများဖြစ်၍ သထုံနယ်ဘက်သို့ ပြန်မောင်းထုတ်ရန်ကိုပင် မဟုတ်တမ်းတရမ်း ကြံစည်ကြသေး သည်}လို့ ပြန်လည်သုံးသပ်ထားတာ တွေ့ရပါတယ်။ (ဒု တိယတော်လှန်ရေး၊ စာ-၂၆၂)
    ၁၉၉၁ ဧပြီ ၁၁ ရက်မှာ တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူနိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးတို့ကို နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့ လုပ်ဆောင်ခဲ့ကြရာ အထူးပင် စည်ပင်တိုးတက်လာခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တို့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်လာခဲ့ပါတယ်။ ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ် ဆောင်ရာမှာ မူးယစ်ဆေးဝါး၊ လူလက်နက်မှောင်ခိုမှု၊ တရားမဝင် လုပ်ငန်းများမပါရှိဘဲ ရိုးရိုးသားသား ကြိုးကြိုးစား စားလုပ်ဆောင်ရင်း အံ့မခန်း ဖွံ့ဖြိုးငြိမ်းချမ်းခဲ့ တယ်လို့ဆိုပါတယ်။ ဒီလိုအခြေအနေမှာ ခေတ်အဆက် ဆက်နှစ်ပေါင်းရာချီ တည်ဆောက်ခဲ့တဲ့ ပအိုဝ်းမြေရဲ့ အလှတရားကို ကရင်နီတပ်ဖွဲ့များနဲ့အတူ ဏြူဗ တပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးနေတာတွေ့မြင် နေရပါတယ်။ ပအိုဝ်းသံဃာတော်များ၊ ပအိုဝ်း အမျိုးသားခေါင်း ဆောင်ကြီးများရဲ့ သြဝါဒကိုခံယူပြီး PNLA ပြည်သူ့ စစ်တွေဟာ အဖျက်သမား တွေရဲ့ဘေးရန်ကို ခုခံကာကွယ်လျက်ရှိတယ်လို့ သိရပါတယ်။    ။
(မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 379

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42964

© 2022 - 2025 News. All Rights Reserved.