၂၀၂၅ ဇန်နဝါရီ ၃
အကြမ်းဖက်လုပ်ရပ်များ၏ အခြေခံဇာစ်မြစ်မှာ အစွန်းရောက် စိတ်ဓာတ်များကြောင့် ဖြစ်သည်။ နိုင်ငံရေးအရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း၊ လူမျိုးရေးအရ သော်လည်းကောင်း အစွန်းရောက် စိတ်ဓာတ်များ အားကောင်းလာပါက အကြမ်းဖက်မှုများကို လက်မရွံ့ ဆောင်ရွက်လာတတ်ကြသည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များမှာလည်း နိုင်ငံရေးအစွန်းရောက် စိတ်ဓာတ်များမှတစ်ဆင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဒီမိုကရေစီကို စည်း ကမ်းစနစ်ကျနစွာ မကျင့်သုံး၍ ဒီမိုကရေစီစနစ်မှ တစ်ပါတီအာဏာရှင်စနစ်သို့ ဦးတည်လာခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူခဲ့ကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ရှေ့လုပ်ငန်းစဉ် ငါးရပ်ချမှတ်ရာတွင် "အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်"ဟု ကမ္ဘာသိ ကြေညာထားပြီး ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒီမိုကရေစီစနစ် လမ်းကြောင်းကို စနစ်တကျ မှန်မှန်ကန်ကန် လျှောက်လှမ်းစေရေးကိုသာ ဦးတည်ထားခြင်းဖြစ်သည်။ နိုင်ငံတော်အပေါ် သစ္စာရှိသူ၊ နိုင်ငံတော်တိုးတက်ရေးကို လိုလားသည့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးအဖွဲ့အစည်းများတွက် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံရေးလမ်းကြောင်း ဖြောင့်ဖြူးစွာရှိနေသည်က ငြင်းမရသော အချက်ပင်ဖြစ်သည်။
တပ်မတော်က နိုင်ငံ့တာဝန်ကို ရယူရသည့် အခြေခံဇာစ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲ မသမာမှုများကို ပြည်ဖုံးကားချရာ မသမာသောနည်းဖြင့် ဆောင်ရွက်ရာမှနေ၍ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ရသည်။ ပုဂ္ဂိုလ်စွဲဖြင့် နိုင်ငံရေးလောကသို့ ရောက်ရှိလာသူများက တပ်မတော်အာဏာ ထိန်းမှုကို အကြောင်းပြု၍ ပြည်ပနိုင်ငံများ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများသို့ တိမ်းရှောင်ကာ နိုင်ငံရေးအရ အစွန်းရောက်စိတ်ဓာတ်များကို လူငယ်အချို့ထံ ရောက်ရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ကြသည်။ ဘာသာရေး အဆုံးအမများအပေါ် လူငယ်များဝေဝါးသွားစေရန် ဓမ္မ၊ အဓမ္မဆိုသည့်စကားကို ရေလဲသုံး၍ ဖန်တီးလှုံ့ဆော်ခဲ့ကြသည်။ ထေရ်ကြီးဝါကြီး ရဟန်းသံဃာတော်တို့၏ ပုံများကို နိုင်ငံရေးနှင့်မဆိုင်ဘဲ ဆန္ဒပြဆူပူအကြမ်းဖက်ရာတွင် အသုံးပြုကာ ဗုဒ္ဓဘာသာကို ညစ်နွမ်းစေရန် ကြိုးပမ်းခဲ့ကြသည်။ ယင်းနောက် အကြမ်းဖက်လုပ်ရပ်များကို ကြိုးကိုင်စေခိုင်း ရန်အတွက် NUG၊ CRPH ဟူသော အမည်ခံအဖွဲ့များကို ဖွဲ့စည်းကာ ၎င်းတို့ ကြိုးကိုင်စေခိုင်းမည့် လူငယ်များကို PDF ဟု အမည်ပေးကာ အကြမ်းဖက်လမ်းစဉ်များကို ချမှတ်ခဲ့ကြသည်။ ၎င်းတို့ကိုယ်တိုင်မှာမူ ပြည်ပနိုင်ငံ အသီးသီးသို့ တိမ်းရှောင်၍ လူငယ်များကို လမ်းမှားဆီသို့ တွန်းပို့ခဲ့ကြသည်။ ကနဦးဆောင်ရွက်ချက်အဖြစ် လုံခြုံရေးတပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ကာ ဒီမိုကရေစီလမ်းစဉ်အရ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်ဆူပူမှုများအဖြစ် အသွင်ပြောင်းခဲ့ကြသည်။
NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူများကိုယ်တိုင် ဦးဆောင်ရာ ကိုဗစ် ရောဂါပျံ့နှံ့နေမှုကို အခွင့်ကောင်းယူကာ မြို့ပြသို့ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများကို ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများထဲတွင် သိုမှီးကာ ပို့ဆောင်ခဲ့သည်။ ထို့ကာလက ထင်ရှား သော ဖြစ်ရပ်မှာ NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်၊ လွင်ကိုလတ်၊ ဝင်းကို (ခ) မောင်စံ(ခ) စံရှား တို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သူ တရားခံကျား ၄၀ ၊ မ ခုနစ်ဦး ပေါင်း ၄၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် သတင်းပင် ဖြစ်သည်။ မြို့ပြတွင် အကြမ်းဖက်လုပ်များ လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ ကြခြင်းကြောင့် အစွန်းရောက်စိတ် ဓာတ်ရိုက်သွင်းခံရသော လူငယ်များမှာ အရပ်သားပစ်မှတ်များအဖြစ် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များပါမချန် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ ပြည်ပရောက်အကြမ်းဖက်လုပ်ရပ်များကို ကြိုးကိုင်စေခိုင်းသူများကလည်း အကြမ်းဖက်သတ်ဖြတ်မှုများကို ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်သယောင် အယုံသွင်းခဲ့ကြသည်။ ထိုမှတစ်ဆင့် လူငယ်များကို လက်နက်ကိုင်သောင်းကျန်းသူနယ်မြေများသို့ ပို့ဆောင်ကာ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်စေရန် စစ်သင်တန်းများ ပို့ချကာ PDF အမည်ခံကာ အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်တင်တင် ကျူးလွန်စေခဲ့သည်။
ထိုလုပ်ရပ်များကို ပြည်တွင်းရှိ အစွန်းရောက် စိတ်ရှိသူအချို့ကလည်း အားပေးထောက်ခံကာ အရပ်သားပစ်မှတ်များကို လုပ်ကြံသတ်ဖြတ်ရာတွင် ဒလန်ရှင်းလင်းသည်ဟု ခေါင်းစဉ်တပ်ခဲ့ကြသည်။ နိုင်ငံတကာကလည်း ဒီမိုကရေစီ မွန်ထူကာ အကြမ်းဖက်လုပ်ဆောင် မှုများကို မသိကျိုးကျွန်ပြုကာ အကြမ်းဖက်အားပေးအား မြှောက်ပြုသူ၊ အကြမ်းဖက်လုပ်ရပ်များကိုထောက်ပံ့သူများကို ၎င်းတို့နိုင်ငံအ သီးသီးတွင် ခိုလှုံခွင့်ပြုကာ လှုပ်ရှားဆောင်ရွက်စေခဲ့သည်။ ထိုကြောင့်လည်း လူဦးရေ ထောင်ချီကာ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရပြီး ခေါင်းစဉ်အမျိုးမျိုးနှင့် အသက်များပေးဆပ်ခဲ့ကြရသည်။ ထိုသို့သော ဆောင်ရွက်ချက်များက ယနေ့အချိန်တွင် ပြန်လည်သုံးသပ်ကြည့်ပါက အကြမ်းဖက်လုပ်ရပ်များသာဖြစ်ပြီး နိုင်ငံရေး ရည်ရွယ် ချက်မပါသော ဆောင်ရွက်ချက်များဖြစ်သည်ကို ပေါ်လွင်စေခဲ့သည်။ ထို့အပြင် ကျောင်းနေအရွယ်များ၏ ပညာသင်ကြားမှု အခွင့်အလမ်းများကို နည်းမျိုးစုံနှင့် ဟန့်တားနှောင့်ယှက်ခဲ့ကြသည်။ ကျောင်းတက်သည့် ကျောင်းသားကျောင်းသူများနှင့် မိဘများကို လူ့အခွင့်အရေးချိုးဖောက်ကာ ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ သတင်းအဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်းမှာ ကျောင်းကားတစ်စီးကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG တို့၏ ကြိုး ကိုင်စေခိုင်းသည့် PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ် Remote မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသူတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ခြင်းပင်ဖြစ်သည်။
ဤနေရာတွင် Geneva Convention ၏ နောက်ဆက်တွဲတွေဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ပြဋ္ဌာန်းသည့် Additional Protocol I? Article 77 တွင် “Children shall be the Object of Special Respect and shall be protected against any form of indecent Assault. The Parties to the Conflict shall Provide them with the care and aid they require, Whether Because of their age or for any other Reason” အရ ကလေးသူငယ်များကို အထူးလေးစားရမည်၊ ၎င်းအပေါ် ကျရောက်မည့် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးရမည်။ မည်သို့သော အကြောင်းပြချက်နှင့်ဖြစ်စေ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများတွင် ကလေးငယ်များကို ကူညီထောက်ပံ့စောင့်ရှောက်မှုများ ပေးရမည်ဟု ပြဋ္ဌာန်းခြင်းကို အကြမ်းဖက်အဖွဲ့များက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်က 'ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေ'ကို ပြဋ္ဌာန်းထားရှိပြီး ဥပဒေ၏ အခန်း(၁၆)တွင် 'ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ခြင်း'ပါဝင်ပြီး ကလေးသူငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ အကာအ ကွယ်ပေးထားသည်။ ထို့အပြင်အခန်း (၁၇)ဖြစ်သည့် 'ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ'ဆိုသည့် အခန်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများအ တွင်း က လေးသူငယ်များကို အထူးကိစ္စရပ်တစ်ခုအနေဖြင့် အကာအကွယ်ပေးရန် အတိအလင်း ပြဋ္ဌာန်းထားသည်။
အစွန်းရောက်စိတ်ရှိသူများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် အရပ်သားများကို လုပ်ကြံသတ်ဖြတ်စေရန် ဖိအားပေးခြင်း၊ လှုံ့ဆော်ခြင်း၊ လုပ်ကြံသတ် ဖြတ်မှုများကို အားပေးထောက်ခံခဲ့ကြသည်။ မကြာသေး မီရက်ပိုင်းအတွင်းက လူမှုကွန်ရက်တွင် နာမည်ကျော်ကြားသူ ဖြူဖြူထွေး ဆိုသူအား အစွန်းရောက် စိတ်ဓာတ်ရှိသူများက အောက်တန်းကျစွာ ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ တိုင်းရင်းဆေးဝါးတစ်ခု၏ အမည်မှာ ၎င်းတို့အားပေးထောက်ခံသူကို ရည်ညွှန်းကြောင်း၊ ကြော်ငြာရိုက်ကူးရာတွင် ဝတ်စားဆင်ယင်မှုမှာ ၎င်းတို့အားပေးထောက်ခံသူနှင့် ဆင်တူကြောင်း အကြောင်းပြချက်ဖြင့် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ ဤဖြစ်စဉ်ကြောင့် ပြည်သူအများစုက အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှု အန္တရာယ်ဆိုးကို ပိုမိုသိမြင်လာခဲ့ကြသည်။
အစွန်းရောက်စိတ်ဓာတ်
"အစွန်းရောက်စိတ်ဓာတ်က ကြောက်ဖို့ ကောင်းတယ်။ သူတို့ သတိမထားမိကြတာပါ။ သူတို့က အန်တီ့ကို စောင်းမြောင်းပြီး ပြောတယ်။ သရုပ်ဆောင်တယ်ဆိုတဲ့ အတင်းသွတ်သွင်းပြီး သူတစ်ပါးရဲ့ အသက်ကို ခြိမ်းခြောက်တာတွေဟာ ဒီမိုကရေစီမဆန်သလို သူတို့ အရမ်းလေးစားပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အကြမ်းမဖက်တဲ့နည်းကို လက်ခံတဲ့သူ တစ်ယောက်ဆိုတာ မေ့သွားကြတယ်။ လိုတော့မှ အမေ'တ'ပြီး လုပ်ရပ်တွေကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း အကြမ်းဖက်နေကြတာတွေဟာ အရမ်းရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေပဲ။ ဒါကို ပြည်သူက လက်မခံကြောင်းပြတဲ့ မှတ်ချက်တွေကိုလည်း တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့လူမှု ပတ်ဝန်းကျင်မှာ လက်မခံသင်တဲ့ လုပ်ရပ်ပဲဗျာ"ဟု NLD ပါတီဝင်ဟောင်းတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်ကြသူတို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို နဖူးတွေ့ဒူးတွေ့ ခံစားရသူတို့ မထွေးနိုင်မအန်နိုင် ဖြစ်ရပ်များကိုလည်း လူမှုကွန်ရက်များတွင် ရေးသားလာကြသည်။ ထိုအထဲတွင် Aung Htet Soe အမည်ဖြင့် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက လူမှုကွန်ရက်တွင် တပ်လှန့် လိုက်သောအကြောင်းအရာက စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။ ထိုလူမှုကွန်ရက်မှနေ၍ "စစ်ကိုင်းတိုင်းနဲ့ တောင်ပိုင်းတွေမှာ ပသုံးလုံးနဲ့ PDF တွေ ကျူးလွန်ထားတဲ့ အရပ်သားတွေကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု၊ လူ့အခွင့်ရေး ချိုးဖောက်မှုများ၊ War Crimes များ၊ ဥပဒေဘောင်ထက် ကျော်လွန်ပြီး မလျော်သြဇာသုံး ချိုးဖောက်မှုများ၊ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းကျင့် လူသတ်မှုများနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICC မှာ အမှုဖွင့်ဖို့ လာမယ့်နှစ် ၂၀၂၅ ကနေစပြီးတော့ တတ်ကျွမ်းနားလည်တဲ့ ပြည်ပပညာရှင်၊ ပြည်တွင်းပညာရှင်တချို့နဲ့ ပူးပေါင်းပြီးတော့ Burma Rights Forum (BRF) ဆိုတဲ့လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုဖွဲ့စည်းပြီး စတင်ဆောင်ရွက်မှာပါ။ လိုအပ်တဲ့ လူသက်သေ၊ ပုံသက်သေ၊ အသံ သက်သေ ကျူးလွန်ခံရသူတွေရဲ့ သက်သေတွေကို စတင်ရှာဖွေ စုဆောင်းနေပါပြီ။ တချို့ ရထားပြီးသားတွေကိုလည်း အချက်လက်တွေ မှန်ကန်တိကျတဲ့အထိ ပြန်လည်စစ်ဆေးနေပါတယ်။ အဲဒီလို တိုင်ကြားမှုမှာ ကျူးလွန်မှုကို အားပေးအားမြှောက် ဖြစ်စေတဲ့ ငွေကြေးထောက်ပံ့နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကိုပါ တစ်ပါတည်း အမှုတည်ဆောက်ပါမယ်။
အချက်အလက် စုဆောင်းတဲ့နေရာမှာ အမှုအတွက် လိုအပ်တဲ့သက်သေတွေကို တကယ့်ကာ ယကံရှင် တွေနဲ့ အဖွဲ့အစည်းကနေ တိုက်ရိုက်ဆက်သွယ်ပြီး အချက်အလက်ရယူမှာ ဖြစ်ပါတယ်။ မည်သည့်ကြားခံကနေ ပေးလာတဲ့ သက်သေများကိုမှ အတည်ယူမှာ မဟုတ်ပါဘူး။ တကယ်လို့ သတင်းပေး ကူညီချင်တယ်ဆိုရင် ကာယကံရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ သတင်းအချက် အလက်တွေပဲ လက်ခံမှာပါ။ War Crimes ရဲ့အဓိကတရားခံ MOD မှ အဓိကတာဝန်ရှိတဲ့ လွင်ကိုလတ်၊ မောင်မောင်ဆွေ၊ နိုင်ထူးအောင် အပြင် အမိန့်ပေးစေခိုင်းသူနဲ့ ကျုးလွန်သူ၊ ကျူးလွန်ရန် နှုတ်ဖြင့်၊ ကိုယ်ဖြင့် အားပေးကူညီသူ တစ်ဦးချင်း တာဝန်ခံရမှာ ဖြစ်ပါတယ်။ တရားမျှတမှု လိုလားတဲ့ တခြားအဖွဲ့အစည်းနှင့် BRF မှာ ကိုယ်တိုင်ပါဝင် ကူညီချင်တဲ့ တစ်သီးပုဂ္ဂလ ပြည်ပပညာရှင်၊ ဥပဒေပညာရှင် တွေနဲ့ ပူးပေါင်းလက်တွဲချင်ပါတယ်"ဟုရေးသားထားသည်။
အထက်ပါအကြောင်းအရာအရ မူလက တော်လှန်ရေး အကြောင်းပြကာ လက်နက်အားကိုးဖြင့် အကြမ်းဖက်လာမည်ကို မသိဘဲ ယုံစားမိသော ပြည်သူတို့၏ နေ့စဉ် စိုးရိမ်ထိတ်လန့်မှုများ၏ ရေချိန်ကို တိုင်းတာနိုင်သည်။ အကြမ်းဖက်အဖွဲ့များ လက်နက်အားကိုး ဖြင့် ပြည်သူကို ခြိမ်း ခြောက်နေသည့် ရုပ်သံဖိုင်များကလည်း မကြာခဏဆိုသလို လူမှုကွန်ရက်တွင် တွေ့မြင်နေရပြီး အကြမ်းဖက် အနိုင်ကျင့်သူများနှင့် အနီးကပ်နေ ထိုင်သူတို့၏ အတိဒုက္ခကိုလည်း ခံစားနားလည်မိ သည်။ထိုသို့သော အကြမ်းဖက်မှုများကို လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်း ပြသသည့် လုပ်ရပ်များကို အားပေးထောက်ခံ ရမည်ဖြစ်သည်။ ယခုဆိုလျှင် အကြမ်းဖက်လုပ်ရပ်များကို ပြည်တွင်းသာမက ပြည်ပကလည်း ဆန့်ကျင့်လာကြပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံရောက် ပြည်သူများကလည်း အကြမ်းဖက်မှုများကို တိတိပပ ဆန့်ကျင်လာကြပြီ ဖြစ်သည်။
"ခုလောလောဆယ်တော့ မြန်မာလူမျိုး၊ အမေရိကန်နိုင်ငံသား ဥက္ကာမင်းထွန်းကတော့ လူမှုကွန်ရက်မှာ လူသိများတဲ့ ပန်ဆယ်လိုလို့ခေါ်တဲ့ အိမ့်ပိုးဥနဲ့ သူ့အမျိုးသား၊ သူ့အဖေ ဖြစ်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး တရားရုံးကို တိုင်ကြားတာနဲ့ပတ်သက်ပြီး လက်ခံလိုက်ပါပြီ။ NUG နဲ့ အပေါင်းအပါတစ်သိုက်ကို ဝေဖန်တာနဲ့ပတ်သက်ပြီး ဥက္ကာမင်းထွန်းနဲ့ မိသားစုကိုပါ အကြမ်းဖက်ဖို့ ခြိမ်းခြောက်ကြတဲ့အတွက် တိုင်ကြားတာဖြစ်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်က NLD ပါတီဝင်ဟောင်းတွေ ဖြစ်ပါတယ်။ ခုအမေရိကားမှာ နေထိုင်တယ်။ တော်လှန်ရေးဗန်းပြပြီး လုပ်စားအကြမ်း ဖက်နေတာတွေဟာ မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်မဟုတ်ဘူးဆိုတာကို ပြသဖို့လိုလာပါပြီ။ လူငယ်တွေကို အကြမ်းဖက် အစွန်းရောက်စိတ်တွေ ထည့်ပေးပြီး သူတို့က နောက်ကွယ်ကနေ ကြိုးကိုင်နေကြတယ်။ ဝေဖန်ထောက် ပြသူတွေကိုလည်း သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်ကြတဲ့အတွက် ခုလို တရားစွဲဆိုတာတွေ ဖြစ်လာတယ်"ဟု NLD ပါတီဝင်ဟောင်း လူငယ်တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် ရောက်ရှိအခြေချနေထိုင်သူ ဒေါ်စန်းစန်းမော်က ပြောသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် အုပ်စုများက ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်၊ ဘာသာရေး ရည်မှန်းချက် စသည့် ရည်မှန်းချက် တစ်ခုခုကိုရရှိအောင် အကောင်အထည်ဖော်ရာတွင် အကြမ်းဖက်ခြင်းကို လက်နက်တစ်ခုအဖြစ် အသုံးချကာ အစိုးရ၏မူဝါဒများ ထိပါးနှောင့်ယှက်ခြင်းဖြစ်သည်။ ၎င်းင်းရည်မှန်းချက်အတွက် အကြမ်းဖက်သမားတို့ ရွေးချယ်သည့် ပစ်မှတ်မှာ လွန်စွာလွယ်ကူသည့်၊ အားနည်းသော ပစ်မှတ်များလည်း ဖြစ်သည့် အရပ်ဘက်ပစ်မှတ်များပင်ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အများပြည်သူနေထိုင်ရာ ရပ် ရွာအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရမှုများ၊ အကြောက်တရားနှင့် အမုန်းတရားများ၊ စိတ်ဒဏ်ရာများ ဖြစ်ပေါ် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် အကြမ်းဖက်မှုများသည် ပြည်သူကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြည်သူများ နားလည်လက်ခံလာပြီး နောက် ယခုအခါတွင် အကြမ်းဖက်မှုများကို လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြော ဆိုလာခဲ့ခြင်းက ကောင်းမွန်သော အပြောင်းအလဲဟု ဆိုရမည်ဖြစ်သည်။ ပြည်တွင်း၌လည်း လက်နက်အားကိုးဖြင့် အကြမ်းဖက်လုပ်ဆောင်နေကြသူများကို ဆန့်ကျင်ကြောင်း ပြသနေကြသလို ပြည်ပတွင် နေထိုင်ကာ အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုနေ သူများကိုလည်း ပြည်ပရောက်ရှိနေ သူများက တရားဥပဒေအရ ဆောင်ရွက်နေကြသည်။ ထိုသို့ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများ စုပေါင်းအားဖြင့် အကြမ်းဖက်မှုများကို ဆန့်ကျင်မှသာ အများပြည်သူ လိုလားသော နိုင်ငံရေးအခင်း အကျင်းတစ်ရပ်ကို လွယ်ကူစွာပြောင်းလဲ နိုင်မည်ဆိုသည့် စဉ်စားချက်ကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်နိုင်ရန် လိုအပ်လာပြီဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )