၂၀၂၄ ဇွန် ၂၂
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းကျင့်သုံးလာခဲ့သည့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နယ်မြေဖွဲ့စည်းမှုများသည် ယခုအချိန်မှာ ဖြစ်ပွားနေသည့် ပြဿနာများအရ ဖွဲ့စည်းမှု၊ အုပ်ချုပ်မှုများ ပြောင်းလဲတော့မည့် အလားအလာကို တွေ့မြင်နေ ရပါသည်။ ထိုအခြေအနေနှင့်တစ်ဆက်တည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကလည်း ပြိုကွဲတော့မည့်အခြေအနေကို မြင်တွေ့နေရပေသည်။ ထိုအခြေအနေများသို့ မရောက်စေရန် မည်သို့ဆောင်ရွက်ကြမည်၊ မည်သို့ ဝိုင်းဝန်းထိန်းသိမ်းကြမည်ဆိုသည်ကို အဖြေရှာဖို့လိုပေလိမ့် မည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိကြသော်လည်း အဓိက လိုအပ်ချက်မှာ အေးအတူပူအမျှ အတူတကွယှဉ်တွဲနေထိုင်လိုစိတ်သာ ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိပါသည်။ လူမျိုးစု အနေဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူ၍ လူမျိုးစု ရှစ်စုရှိသည်ဟုဆိုရာ ယခုအချိန်တွင် စာအရ၊ ပေအရ၊ သမိုင်းကြောင်းအရသာ လက်ခံရမလို ဖြစ်နေပေသည်။ လူမျိုးစုအမည်ပေးထားသည့် ပြည်နယ် အတွင်းမှာရှိသည့် ကျန်တိုင်းရင်းသားများကို သက်ဆိုင် ရာ မျိုးနွယ်စု ဟုတ်ပါရဲ့လားဟူ၍မေးလျှင် နိုးပါဟုဖြေ ကြပါလိမ့်မည်။ ထို့အတူ ဗမာကလွဲ၍ ကျန်တိုင်းရင်းသားများကို မြန်မာလားဟူ၍မေးလျှင်လည်း မည်သို့ဖြေကြ မည်မသိ။ လက်ရှိခေတ်ကာလ၏ အခြေအနေမှန်ကို မှန်မှန်ကန်ကန် တွက်ဆနိုင်မှသာ အနာဂတ် ပြည်ထောင်စုဖွဲ့စည်းမှု မှန်ကန်နိုင်လိမ့်မည်ဟု ယူဆပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဖြစ်တည်လာခဲ့သည့်ပြည်ထောင်စုသည် ယခုအချိန်အခါမှာ တိုးတက်ပြောင်းလဲလာသည့် အခြေအနေ မှာရှိနေပါသည်။ ၁၉၄၈ ခုနှစ်က တိုင်းရင်း သားများ၏အမြင်နှင့် ယခုခေတ်အခြေအနေမှာရှိသည့် တိုင်းရင်းသားများ၏အမြင်သည် လုံးဝခြားနား သွားခဲ့ပြီ ဖြစ်ပါသည်။ လူမျိုးစုထက် ကိုယ့်လူမျိုးသီးသန့်ကိုသာ လက်ခံနေကြသည့်သဘာဝကို တွေ့ရပေလိမ့်မည်။ ပြည်ထောင် စုနိုင်ငံတိုင်းတွင် လူမျိုးကြီးနှင့် လူမျိုးငယ်ပြဿနာများဖြစ် လေ့ရှိကြသော်လည်း မြန်မာနိုင်ငံလောက် ကြီးမားမည် မထင်ပါ။ မြန်မာနိုင်ငံတွင် အေးအတူပူအမျှ အတူယှဉ် တွဲနေထိုင်ရေးထက် ကိုယ်ကျိုးအတ္တကို အခြေခံသည့် ဝါဒဖြန့်မှုများက ပိုမိုများပြားခဲ့သည့်အတွက် လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ပိုမိုကြုံတွေ့ရခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
တိုင်းတစ်ပါးသားက သွေးခွဲပေးခဲ့မှုအပေါ် အခြေခံပြီး ဗမာမုန်းတီးရေးဝါဒကို လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်ကစပြီး အသက်သွင်းခဲ့ကြတာ ယခုဆိုလျှင် အတော်ပင် အခြေခိုင်နေပြီဟု ဆိုရပေလိမ့်မည်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကြားတွင် ပိုမိုထင်ရှားစွာ တွေ့နိုင်ပါသည်။ ထိုဗမာမုန်းတီးရေးဝါဒကို တကယ်တမ်း သွေးထိုးလှုံ့ဆော်ပေးခဲ့ကြတာကလည်း ဒီလက်နက်ကိုင်အဖွဲ့များပဲ ဖြစ်ကြပါသည်။ အထူးသဖြင့် ဗမာမုန်းတီးရေးကို အခြေခံပြီး တပ်မတော်ကို 'ငါတို့နယ်မြေကို ကျူးကျော်ဗိုလ်ကျနေသည့် ဗမာတပ်'ဟူ၍ မသိနားမလည်ကြသည့် တိုင်းရင်းသားကျေး ရွာလေးများတွင် ဝါဒဖြန့်ခဲ့ကြသည့်အတွက် တိုင်းရင်းသားရွာလေးများကို ရောက်သည့်အခါ မလို လားသည့် အကြည့်၊ မလိုလားသည့် ပြောဆိုဆက်ဆံမှုများကို တပ် မတော်သားများအနေဖြင့် ကြုံတွေ့ ခဲ့ကြရတာပဲ ဖြစ်ပါသည်။ ထို့ကြောင့်လည်း တပ်မတော်သားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားဒေသများတွင် အမှားမလုပ်မိအောင် သတိကြီးကြီးထားခဲ့ကြတာ၊ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးခဲ့ကြတာ၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက စောင့်ရှောက်ပေးခဲ့ကြ တာပဲ ဖြစ်ပါသည်။
ယခုအခါမှာ ပြည်တွင်းရှိ ဒေသအသီးသီးကို ကြည့်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပြည့်နှက်နေပြီး သူတစ်လူငါတစ်မင်း ထင်ရာဆိုင်းနေကြတာ တွေ့ရမှာဖြစ်ပါသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တည့်သည်ဟူ၍လည်းမရှိပါ။ အစိုးရနှင့် တပ်မတော်ကို ဘုံရန်သူအဖြစ် တိုက်ခိုက်သည့်အခါ မဟာမိတ်သဘောဆောင်ပြီး အကျိုးစီးပွားအရဆိုလျှင် လက်နက်ကိုင်အဖွဲ့အချင်းချင်းကြားမှာ ရန်ဆောင်မှုတွေ အပြည့်ရှိနေကြတာ တွေ့ရမှာ ဖြစ်ပါသည်။ KNU က စောတောနီးပြောသလို မဟာမိတ်စစ်စစ်ဖြစ်ဖို့ဆိုတာ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုး စီးပွားအရ အတော်မလွယ်သည့်ကိစ္စပဲ ဖြစ်ပါသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေသည့် KIA နှင့် TNLA တို့၏ နယ်မြေလုမှုပြဿနာများကို ကြည့်လျှင် ထင်ရှားစွာ တွေ့ရမှာဖြစ်ပြီး အနာဂတ်တွင် ပိုမိုဆိုးရွားလာမှာ သေချာသလောက်ရှိပါသည်။
ကချင်ပြည်နယ်အတွင်းမှာ အတူတကွ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်းကြားမှာရော ညီညီညွတ်ညွတ်အေးအတူပူအမျှ ရှိပါရဲ့လား။ ရက်ပိုင်းအတွင်းကပင် ကချင်ပြည်နယ်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုံတိန့်ယိန်းက KIA နှင့် PDF အဖွဲ့များကို သူ့နယ်မြေအတွင်းမှာ အမြစ်ပြတ်ချေမှုန်းဖို့ စစ်မိန့်ပေးခဲ့သည့် ကြေညာချက်ကို တွေ့ရမှာဖြစ်ပါသည်။ ကချင် မျိုးနွယ်စုချင်း အတူတူဆိုသော်လည်း KIA မှာ အများ စုက ဂျိန်းဖောများဖြစ်ကြပြီး ဦးဇခုံတိန့်ယိန်းတို့က လချိတ်၊ လော်ဝေါ်များပဲ ဖြစ်ကြပါသည်။ KIA နှင့် ဦး ဇခုံတိန့်ယိန်းတို့ ဖြစ်ပွားခဲ့သည့်ပြဿနာက ယခုမှဖြစ်ပွား ခဲ့တာမဟုတ်ပါ။ KIA စတင်ပေါ်ခါစကပင် မတည့်ကြခြင်းဖြစ်ပါသည်။ ဦးဇခုံတိန့်ယိန်းအဖွဲ့သည် KIA တွင် အစပိုင်းက ပါခဲ့သော်လည်း နောက်ပိုင်းတွင် ဗကပနှင့် ပူးပေါင်းသွားခဲ့ပါသည်။ KIA မှာ ပါရခြင်းကလည်း KIA လက်အောက်မှာမနေပါက သီးခြားရပ်တည်၍ မရသည့် အခြေအနေမှာ သူ့လူမျိုး၊ သူ့ဒေသအတွက် ပါဝင်ခဲ့ရ ခြင်းဖြစ်ပါသည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ KIA နှင့်တစ်ကျော့ပြန် တိုက်ပွဲများဖြစ်သည့် အခါ KIA က ဦးဇခုံတိန့်ယိန်း၏ ပန်ဝါဒေသကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့ပါသည်။ ကျလုဆဲဆဲအခြေအနေမှာ တပ်မတော်က ကြားဝင်ကာကွယ်ပေးခဲ့သည့်အတွက် အကျယ်အကျယ် ဖြစ်မသွားခဲ့ ခြင်းဖြစ်ပါသည်။ ထို့အပြင် ကချင် ပြည်နယ်အတွင်းမှာ KIA ၏ ရန်လိုမှုကိုကာကွယ်ဖို့ ရှမ်းနီ၊ လီဆူနှင့် ကျန်တိုင်းရင်းသားလက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့များလည်း ရှိပါသေးသည်။
ရှမ်းပြည်နယ်အတွင်းကို ကြည့်လျှင်လည်း လက်နက်ကိုင်အဖွဲ့အစည်း မျိုးစုံတွေ့ရမှာ ဖြစ်ပါသည်။ ထင်ရှားသည့်အဖွဲ့များအနေဖြင့် 'ဝ' အထူးဒေသ(၂)၊ မိုင်းလား အထူးဒေသ(၄)၊ ကိုးကန့် MNDAA? TNLA ? SSPP/SSA? RCSS/SSA? PNO နှင့် တိုင်းရင်းသားပြည် သူ့စစ်အဖွဲ့များပဲ ဖြစ်ပါသည်။ ထိုငြိမ်းချမ်းရေးရယူထား ခဲ့သည့် အဖွဲ့များသည် နိုင်ငံတော်နှင့် တပ်မတော်ကို တိုက်ခိုက်ခဲ့ကြသည့် အဖွဲ့များ ဖြစ်ကြပြီး တိုင်းရင်းသား ဌာနေပြည်သူ့စစ်များသည် တပ်မတော်နှင့်ပူးပေါင်းပြီး မိမိဒေသကို ကာကွယ်လိုသည့်အဖွဲ့များ ဖြစ်ကြပါသည်။ ထိုသို့လူမျိုးစုံ၊ အဖွဲ့အစည်းစုံရှိကြပြီး အေးအတူပူအမျှ အတူတကွ နေထိုင်လိုစိတ် မရှိကြသည်ကိုလည်း တွေ့ရမှာ ဖြစ်ပါသည်။ လက်နက်နှင့် အာဏာကို တည်ဆောက် ထားကြသည့် အဖွဲ့အစည်းများ ဖြစ်ကြသည့်အတွက် အချိန်မရွေးပေါက်ကွဲမည့်အခြေအနေနှင့် ရင်ဆိုင်နေရ သလို အာဏာလုကြသည့် ပြဿနာများလည်း ပြည့် နှက်လျက်ရှိပါသည်။
တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေး ရယူပြီးနောက် ရှမ်းပြည်အထူးဒေသ(၁) ကိုးကန့် အဖွဲ့ထဲမှာပင် သူ့အုပ်စု၊ ကိုယ့်အုပ်စုဖြင့်နယ်မြေလု၊ အာဏာလုသည့် ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပါသေးသည်။ ဖုန်-ရန် အရေးအခင်းဟု ဆိုကြပါသည်။ ကိုးကန့်ခေါင်း ဆောင်များဖြစ်ကြသည့် ဖုန်ကြားရှင်အုပ်စုနှင့် ရန်မိုးလျံ အုပ်စုတို့အချင်းချင်း ချကြခြင်းဖြစ်ပါသည်။ ထိုပြဿနာကို တပ်မတော်က ဝင်ရောက်ဖျန်ဖြေရှင်းလင်းပေးမှ အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်ထိ ခပ်တန်းတန်း စောင်နေဆဲဟု ဆိုရပေလိမ့်မည်။ ဤကိစ္စအပြင် ၂၀၁၀ နောက်ပိုင်းမှာ ဖုန်ကြားရှင်အုပ်စုနှင့် ပယ်စောက်ချိန်အုပ်စု အခင်းဖြစ်ခဲ့ကြပြန်ပါသေးသည်။ တပ် မတော်က ကြားဝင်ပေးခဲ့သော်လည်း ဖုန်ကြား ရှင် အုပ်စုက လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့်အတွက် ဒုတိယအကြိမ် စစ်မီးတောက်ခဲ့ ရပြန်ပါသေးသည်။ ၁၀၂၇ တိုက်ပွဲများသည် ထိုမီးစနှင့် ရန်ငြှိုးကတစ်ပိုင်းတစ်စ ပါနေသည်ဟု ဆိုရပေလိမ့်မည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်းမှာ RCSS နှင့် SSPP ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ရှိပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်နေကြဆဲပဲ ဖြစ်ပါသည်။ ယခင်က နယ်မြေလုတိုက်ပွဲများ အပြင်းအထန်ရှိခဲ့ကြ ပြီး တပ်မတော်က ကြားဝင်ဖျန်ဖြေပေးခဲ့သည့်အတွက် ယခုချိန် မှာ အတန်အသင့်လျော့သွားခဲ့ခြင်းပဲ ဖြစ်ပါသည်။ ပအိုဝ်းကို ကြည့်မည်ဆိုလျှင် PNO နှင့် PNLO ဆိုပြီး နှစ်ဖွဲ့တွေ့ရပြန်ပါသည်။ PNLO ၏ ကောင်းမှုဖြင့် အေးချမ်းသာယာနေသည့် ဆီဆိုင်ဒေသမှာ စစ်မီးတောက်ခဲ့ရပြီး PNO က တပ်မတော်နှင့် ပူးပေါင်းကာကွယ်ခဲ့ရသည်ကိုတွေ့ရမှာဖြစ်ပါသည်။ ၂၀၁၅-၁၆ ခုနှစ်ခန့်က မိုင်းယန်းမြို့အနီးမှာ 'ဝ' အထူး(၂) အဖွဲ့နှင့် မိုင်းလားအထူး(၄) အဖွဲ့တို့ ထိပ်တိုက်ဖြစ်ခဲ့ကြပါသေးသည်။ တပ်မတော်က ဝင်ရောက်ဖျန်ဖြေပေးခဲ့သည့်အတွက် အကျယ်အကျယ် မဖြစ်ခဲ့သော်လည်း အထူး(၄) က နေရာတစ်ခု 'ဝ'ကို ပေးခဲ့ရသည်ကို တွေ့ရမှာဖြစ်ပါသည်။
ကယားပြည်နယ်အတွင်းကို ကြည့်မည်ဆိုလျှင် ယခုအခါမှာ ပြေလည်သယောင်ရှိနေသော်လည်း ကလလတ နှင့် KNPP တို့သည် တဇောင်းစေးနှင့် မျက်ချေးပါ။ ခေတ်အဆက်ဆက်ကပင် သူဦးသူချ၊ ကိုယ်ဦးကိုယ်ချ အခြေအနေမှာ ရှိခဲ့ကြပါသည်။ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်အတွင်းကို ကြည့်မည်ဆိုလျှင် ကရင်လက်နက် ကိုင်အဖွဲ့များ၏ လွှမ်းမိုးမှုကို တွေ့ရမှာဖြစ်ပါသည်။ မွန် လက်နက်ကိုင်အဖွဲ့သည် မလှန်နိုင်သည့်အတွက် ငြိမ်နေရသည့်သဘောမှာ ရှိပါသည်။ ကရင်လက်နက်ကိုင်အဖွဲ့များကိုကြည့်လျှင် KNU ဟူ၍ တစ်ဖွဲ့တည်း ညီညီ ညွတ်ညွတ်မရှိဘဲ အဖွဲ့ပေါင်းများစွာ ကွဲနေတာတွေ့ရမှာ ဖြစ်ပါသည်။ KNU ထဲမှာလည်း အချင်းချင်းကွဲနေကြသလို BGF အဖွဲ့ထဲမှာလည်း အချင်းချင်း အားပြိုင်နေကြတာ တွေ့ရပါသည်။ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုး စီးပွားကို အခြေခံနေတာ တွေ့ရမှာဖြစ်ပြီး အကျိုးစီးပွား မထိချိန်မှာ ပြဿနာမရှိပေမယ့် အကျိုးစီးပွား ထိလာလျှင် အချင်းချင်းချကြမည့်သဘောကို တွေ့ရမှာဖြစ်ပါသည်။ စောမူတူးစေးဖိုးကဲ့သို့ ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် ကရင်ပြည်နယ်ကို ငြိမ်းချမ်းသာယာဖွံ့ဖြိုးစေချင်သည့်သူ ရှိသလို၊ ဘောကျော်ဟဲတို့လို လက်နက်ဖြင့် အာဏာတည် ဆောက်လိုသူများလည်း ရှိကြပါသည်။ ထို့အပြင် KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းမှာပင် လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် ရာဇဝင်မရှိဘဲ NGO အဖွဲ့အစည်း ကလာသည့် အနောက်အုပ်စုအလိုကျ ဆောင်ရွက်လိုသူ များလည်း ရှိနေပါသေးသည်။
ချင်းပြည်နယ်ကိုကြည့်လျှင် တောင်ပိုင်းချင်း နှင့် မြောက်ပိုင်းချင်း အချင်းချင်းမတည့်ကြသလို ယခု အခါမှာ ဖြစ်ပွားနေသည့် အခြေအနေများအရ ကြည့် မည်ဆိုလျှင်လည်း သူ့အဖွဲ့ ကိုယ့်အဖွဲ့နှင့်ကွဲနေကြတာ တွေ့ရမှာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်းမှာ ကြည့်လျှင် ALP အဖွဲ့နှင့် ULA/AA တို့ အပြန်အလှန် ချနေကြတာ တွေ့ရမှာဖြစ်ပါသည်။ လက်ရှိအချိန်မှာ AAက အင်အားကြီးနေသည့်အတွက် ALP တို့ အကျပ်ရိုက်နေ သည့်အခြေအနေကို တွေ့ရပေလိမ့်မည်။ AA ကလည်း ရခိုင်ပြည်အတွင်းမှာ AA တစ်ဖွဲ့တည်းသာ ရှိရမည်ဟုကြွေးကြော်ထားသည့်အတွက် ရခိုင်အချင်း ချင်းကြားမှာ ပြဿနာတွေ ငြိမ်းသွားလိမ့်မည်မဟုတ်ဟု ဆိုရပေလိမ့် မည်။
အထက်တွင်ဖော်ပြခဲ့သည့်အခြေအနေများသည် မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယေဘုယျအခြေအ နေများသာ ဖြစ်ပါသည်။ အသေးစိတ်သာ ဖော်ပြရမည်ဆိုလျှင် တစ်ထောင့်တစ်ညပုံပြင်ထက်ပင် များပါလိမ့်မည်။ တိုင်းရင်းသား နိုင်ငံရေးသမား များနှင့်တိုင်းရင်းသား သာမန်ပြည်သူလူထု၏ အမြင်နှင့်ခံယူချက်များကိုလည်း ထည့်သွင်းစဉ်းစားရပေလိမ့်မည်။ လက်နက်ကိုင် လမ်းစဉ်နှင့် လက်နက်ဖြင့် အာဏာတည်ဆောက်သည် ကို အများအားဖြင့် မကြိုက်ကြပါ။ သို့သော်မပြောရဲ၊ မဆိုရဲနှင့် မတတ်သာသည့် အခြေအနေကို ရင်ဆိုင်နေရ သည့်အတွက် ငြိမ်နေကြရသည့်သဘောမှာ ရှိကြပါသည်။ တည်ငြိမ်အေးချမ်းပြီး နိုင်ငံရေးဆွေးနွေးပွဲများ မှတစ်ဆင့် တိုင်းရင်းသားအခွင့်အရေး ရယူလိုကြသည်ကို ၎င်းတို့၏ အင်တာဗျူးများ၊ သတင်းများတွင် မကြာခဏတွေ့ရသော်လည်း လက်နက်ကိုင်များကို ထိုပုဂ္ဂိုလ်များအနေဖြင့် လွှမ်းမိုးနိုင်သည့် အခြေအနေတွင်မရှိပါ။
အထက်ပါအခြေအနေများအရ ဗမာလူမျိုး ကြီးဝါဒမှန်ကန်မှုနှင့် တပ်မတော်အင်အား တောင့်တင်းမှုများမရှိတော့လျှင် အဆိုပါဒေသများတွင် လက်နက်အားကိုးဖြင့် အာဏာတည်ဆောက်မှု၊ အပြိုင်အဆိုင်အင်အားတည်ဆောက်မှု၊ နယ်မြေလုမှု ပြဿများနှင့်သာ ပြည့်နှက်နေပါလိမ့်မည်။ သာမန်ပြည်သူလူထုများအနေဖြင့် ဟိုလူသိမ်းရင် ဟိုလူ့မူဝါဒ၊ ဒီလူသိမ်းရင်ဒီလူ့မူဝါဒအရ ရောယိမ်းလိုက် ဘသားယိမ်းလိုက်ဖြင့် ဟိုလူ့အဖေခေါ်၊ ဒီလူ့အဖေခေါ်နှင့် ကျီးလန့်စာစားနေရသည့် အခြေအနေများကိုသာ ရင်ဆိုင်ကြုံတွေ့နေရပေလိမ့်မည်။ မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီ ရလိမ့်မည်မဟုတ်ဟု ဆိုရပေလိမ့်မည်။
မကြာမီကာလမှာ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဟု စီစဉ်နေကြောင်း ကြားသိရပါသည်။ ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ၂၀၂၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ဆိုပါသည်။ ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်တည်ဖို့အတွက် အရေးကြီးသည့်လုပ်ဆောင် ချက်တစ်ခုဟူ၍ ရှုမြင်ပါသည်။ နိုင်ငံရေးဘောင်ကျယ်မှသာ စစ်ဘောင်ကျဉ်းပြီး တိုင်းပြည်ငြိမ်းချမ်း သာယာပေလိမ့်မည်။
ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ၏ နယ်မြေခွဲဝေမှု၊ အတည်ပြုမှု၊ အာဏာဖြန့်ဝေမှုများသည် လက်နက် ဖြင့်တည်ဆောက်၍မရသလို လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ဖွဲ့ကလည်း ပေးအပ် ၍မရပါ။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သည့် ပြည်ထောင်စုသားများ၏သဘောတူညီချက်အ ရသာ ဖြစ်တည်ခွင့်ရှိပါသည်။ မဟုတ်ဘဲ အတင်းအကျပ်ဆောင်ရွက်ပါက ထိုသူ၊ ထိုအဖွဲ့အစည်းသည် ပြည်ထောင်စု၏ ရန်သူအဖြစ်သို့ရောက်ရှိသွားပေလိမ့်မည်။ နိုင်ငံရေးဘောင်ချဲ့ထွင်ခြင်း သည် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၏ လှုပ်ရှားဆောင်ရွက်ခွင့် သက်သက်မဟုတ်ဘဲ မကျေလည်သည့် ကိစ္စရပ်များကို လက်နက်ဖြင့် မဆုံးဖြတ်ဘဲ ဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းသည်လည်း အပါအဝင်ဟု ဆိုရပေမည်။ ဆွေးနွေးသဘောတူညီမှုများမှတစ်ဆင့် ပြည်ထောင်စုက အတည်ပြုပေးသည်အထိ ဆောင်ရွက်နိုင် မည်ဆိုလျှင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် ရရှိပေလိမ့်မည်။ ဗကပတို့ ကြွေးကြော်ခဲ့သည့် တိုက်ယူမှ ရမည်ဆိုသည့် ခံယူချက်ဖြင့် ဆောင် ရွက်နေကြမည်ဆိုလျှင် ထိုသူ၊ ထိုအဖွဲ့အစည်းသည် ကျိန်းသေပေါက် ပျက်စီးမှုနှင့်သာ ကြုံရပါလိမ့်မည်။ ( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )