ပြည်ထောင်စုမပြိုကွဲရေး အမေရိကန်ပေးတဲ့ သမိုင်းသင်ခန်းစာ

၂၀၂၄ ဩဂုတ် ၁၂

    ၂၀၂၄ ဇူလိုင် ၁၃ ရက်က အမေရိကန်သမ္မတဟောင်း ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ဟာ ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့မှာ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ် လုပ်ကြံပစ်ခတ်ခြင်းခံရတဲ့သတင်းက အားလုံးကို အံ့သြတုန်လှုပ်သွားစေခဲ့ပါတယ်။ ဒီလုပ်ကြံမှု သတင်းနှင့်အတူ အမေရိကန်ပြည်ထောင်စုကြီးဟာ ပြင်းထန်ခါးသီးတဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေကြောင့် ပြည်ထောင်စုပြိုကွဲမှုဆီ ဦးတည်နေပြီလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ထရမ့်နှင့် ဘိုင်ဒင်ကြားမှာ မတူကွဲခြားမှုတွေ၊ အားပြိုင်မှုတွေ၊ အားပြိုင်မှုတွေ ဘယ်လောက်ပဲ ကြီးမားပါစေ။ သူတို့နှစ်ယောက်လုံး တစ်သံတည်းထွက်ခဲ့တာက 'ပြည်ထောင်စုမပြိုကွဲရေး'ပါပဲ။ ပြည်ထောင်စုဆိုတာ ကမ္ဘာ့အချမ်းသာဆုံး စူပါပါဝါနိုင်ငံကြီးရဲ့ ဂုဏ်သိက္ခာ တစ်ခုဖြစ်နေတယ် မဟုတ်ပါလား။ အမေရိကန်ခေါင်း ဆောင်တွေဟာ 'ပြည်ထောင်စုမပြိုကွဲရေး'ဆိုတဲ့ မူဝါဒကို ခါးသီးစွာ ဖြတ်သန်း ခဲ့ရတဲ့ 'ပြည်တွင်းစစ်'ကြီးထဲက သင်ခန်းစာ ထုတ်ယူနိုင်ခဲ့ကြပါတယ်။
    အမေရိကန်အကြောင်း တစေ့တစောင်းပြောဖြစ်လိုက်တာကတော့ အမေရိကန်ဆိုတာလည်း မိုးပေါ်ကကျလာတဲ့ နိုင်ငံမဟုတ်ဘူး။ နတ်ပြည်ရဲ့ ဌာနခွဲမဟုတ်ဘူး။ နိုင်ငံထူထောင်ရေးမှာ အမေရိကန်လည်း အသက်သွေးချွေးတွေ အများကြီး ရင်းနှီးပေးဆပ်ခဲ့ရတယ်။ စစ်ပွဲတွေကို မလွဲမသွေ ဖြတ်သန်းခဲ့ရပြီး စစ်ဘေးစစ်ဒဏ်ကို ကော့နေအောင် ခံစားခဲ့ရတယ်။ စီးပွားတက်လာပြီးမှ စီးပွားပျက်ကပ်ကြီး ဆိုက်ရောက်ပြီး ဗိုက်မှောက်နေရသူတွေ၊ မျက်တွင်းဟောက်ပက်နဲ့ အလုပ်လက်မဲ့ဘဝတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ငွေဖောင်းပွမှုဒဏ်တွေကို မရှုမလှခံခဲ့ရပုံတွေ ပြောလို့မကုန်အောင် များပြားလှပါတယ်။
    ဒီရက်ပိုင်းမှာ အမေရိကန်အကြောင်းရေးတဲ့ စာအုပ်တွေက စာအုပ်ကြီးတစ်အုပ်နဲ့ စာအုပ်ငယ် တစ်အုပ်တို့ကို ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ ၁၉၇၀ မေလမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စီ၊ ဗန်၊ ဝုဒ်ဝဒ် နိဒါန်းရေးပြီး ဆရာမောင်စိတ္တ မြန်မာပြန်ဆိုပြုစုခဲ့တဲ့ 'အမြင်သစ် အမေရိကန်သမိုင်း'က စာမျက်နှာ ငါးရာကျော်၊ ရှုထောင့်စုံက အတော်ပြည့်စုံအောင် ရေးထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ နောက်တစ်အုပ်က ...၂၀၁၇ ဇွန်လက The Key Collection Press က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာမ လင်းယဉ်ရေးတဲ့ 'အမေရိကန်အိပ်မက်နှင့် မြန်မာ့အမြော်အမြင်' စာအုပ်ငယ်တို့ ဖြစ်ပါတယ်။ စာအုပ်ငယ်ဆိုပေမယ့် စာမျက်နှာ ၂၀၀ နီးပါးရှိပြီး အမေရိကန်အကြောင်းကချည်း စာမျက်နှာ ၁၂၀ ရှိပါတယ်။ ဒီစာအုပ်ငယ်က ဘာသာပြန်မဟုတ်ဘူး။ ဆရာမလင်းယဉ်က သူ့အတွေ့အကြုံ၊ အတွေးအမြင်ကို ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရေးထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ အမှာစာ ပါဝင်ပါတယ်။
    ဆရာမလင်းယဉ်ဟာ ဆရာ့ဇနီးရဲ့ ငယ်သူငယ်ချင်း မြန်မာစာအဓိကနဲ့ မဟာဝိဇ္ဇာဘွဲ့ အတူတူ ရခဲ့ကြောင်း၊ 'မြန်မာ့အကြောင်း၊ ကမ္ဘာ့အကြောင်း စာပေများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီး သုတေသနစာတမ်းများ၊ ဆောင်းပါးများ ရေးသားပြုစုရသော ဌာနကြီးတစ်ခုမှာ နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ သူတို့မိသားစု အမေရိကန်ပြည်ထောင်စုသို့ သွားရောက်နေထိုင်ရင်း အမေရိကန်အကြောင်း စာတွေ့၊ ကိုယ်တွေ့ လေ့လာခွင့်ရခဲ့ကြောင်း လင်းယဉ်သည် အမေရိကန်၏ သမိုင်း ဖြစ်ရပ်များကို နောက်ခံပြုလျက် အမေရိကန်အိပ်မက်ကို ခြေရာကောက်ကြည့်သည်။ ဗုဒ္ဓယဉ်ကျေးမှုဖြင့် ထုံမွှမ်းအပ်သော မြန်မာတို့၏ အမြော်အမြင်ကို ဖော်ထုတ်ပြီး အမေရိကန်အိပ်မက်နှင့် မြန်မာ့ အမြော်အမြင်ကို ဆက်စပ်ဆင်ခြင်ကြည့်စရာ လမ်းစများကို ဖော်ညွှန်းထားကြောင်း မိတ်ဆက်ပေးထား ပါတယ်။
    လင်းယဉ်က ဒီစာအုပ်ဟာ အမေရိကန်သမိုင်းလည်းမဟုတ်၊ မြန်မာသမိုင်းလည်းမဟုတ်၊ အမေရိကန်နှင့်မြန်မာနိုင်ငံတို့ရဲ့ 'ပုံဖော်လာမှုနှင့် ဖြစ်ထွန်းလာမှု'တို့ကို စာဖတ်သူများ၊ လိုက်ပါချိန်ဆတွက်ချက်နိုင်အောင် ဖော်ပြထားသည့် 'လမ်းစ'များသာ ဖြစ်သည်လို့ ဆိုပါတယ်။ သူ့စာအုပ်ကို မိတ်ဆက်ပေးပုံက နိဒါန်းမှာပင် စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။
    သမိုင်းပညာရှင်များသည် နိုင်ငံများ၏ အတိတ်ကားချပ်ကို အရေးကြီးသည့် အချက်ကြီးငါးချက်ဖြင့် တိုင်းတာလေ့ရှိပါသည်။
(၁)    အုပ်ချုပ်သူနှင့် နိုင်ငံရေး
(၂)    ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် စစ်ပွဲ
(၃)    လူမျိုးစုံနှင့် စီးပွားရေး
(၄)    ပညာတတ်များ၏ ယုံကြည်ချက်နှင့် လူမှုရေး ပြောင်းလဲမှု
(၅)    ဘာသာရေးနှင့် ကိုယ်ကျင့်တရားတန်ဖိုးတို့ ဖြစ်ပါသည်။

    ထို့ပြင် နိုင်ငံတိုင်း၌ မလွဲမသွေ၊ မကြာခဏ ရင်ဆိုင်ကြရမည့် အဓိကအချက်ကြီး သုံးရပ်ကိုလည်း အမြဲသတိပြုရန် ဖော်ပြထားပါသည်။
(၁)    အကျပ်အတည်းကြောင့် အပြောင်းအလဲသို့ တာစူလာမှုများ
(၂)    မကျေနပ်မှုများ တအုံနွေးနွေး ဖြစ်နေခြင်း
(၃)    အားမာန်အပြည့်ဖြင့် ကျော်ဖြတ်ရန် ကြိုးစားခြင်း
တို့ဖြစ်ပြီး လှုပ်ရှားမှုမြန်သော နိုင်ငံများ၌ နှစ်နှစ်တစ်ကြိမ်၊ လှုပ်ရှားမှုနှေးသော နိုင်ငံများ၌ ၁၀ နှစ်တစ်ကြိမ် ထိပ်တိုက်တွေ့ကြရမြဲ ဖြစ်တယ်လို့ ဆိုပါတယ်။ (စာ-၁၇)
    'မူလနေရာမှာတည်မြဲနေဖို့ဆိုရင် ဘက်ပေါင်းစုံမှ ကြိုးစားရတယ်။ မူလမဟုတ်တဲ့ အခြေအနေ တစ်ခုကို ပြောင်းလဲယူမယ်ဆိုရင် အဲဒီနှုန်းထက် နှစ်ဆတင်ပြီး လုပ်ရလိမ့်မယ်'ဆိုတဲ့ လီဝစ်ကာရိုး (Lewis Carroll) ရဲ့ အဆိုအမိန့်ကို ကိုးကားဖော်ပြထားပါသေးတယ်။
    တကယ်တော့ အမေရိကန်ဆိုတာ လူမျိုးတစ်မျိုးရဲ့အမည်၊ နိုင်ငံတစ်ခုရဲ့ အမည်မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့အမည်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၄၉၂ ခု အောက်တိုဘာ ၁၂ ရက်မှာ ကိုလံဘတ်စ်က အမေရိကတိုက်ကို စတင်တွေ့ရှိခဲ့တယ်။ သူ့နောက်မှာ အီတလီကုန်သည် 'အမေရီဂိုဗက်ပူစီ (Amerigo Ves-pucci)က ၁၅၀၀ ပြည့်နှစ်မှာ အမေရိကန်တိုက်ကို ရောက်ရှိခဲ့ပါတယ်။ ဂျာမန် ပထဝီပညာရှင်ဝဲလ်စီးမှူးက အီတလီကုန်သည်ရဲ့ အမည်ကိုပေးခဲ့ရာက 'အမေရိကား'ရယ်လို့ ဖြစ်လာတယ်ဆိုပါတယ်။(စာ-၂၅)
    အလွန်ကျယ်ပြန့်တဲ့ အမေရိကန်ဆိုတဲ့ ကုန်းမြေသစ်ကြီးမှာ မြစ်ချောင်းအင်းအိုင်တွေ၊ သစ်တောတွေ၊ တောတောင်တွေ အပြည့်ရှိနေတယ်။ မြေသြဇာလည်း အလွန်ကောင်းတယ်။ တချို့နေရာတွေမှာ ရွှေထွက်တယ်လို့လည်း နာမည်ကြီးနေတယ်။ အမေရိကရဲ့ သတင်းစကားကို ကြားရတဲ့ ဥရောပတိုက်သားတွေဟာ စီးပွားရှာဖို့ အမေရိကကို တစ်သုတ်ပြီးတစ်သုတ် အုပ်ဖွဲ့ရောက် ရှိလာကြပါတယ်။ အဲဒီတုန်းက ဥရောပနိုင်ငံများဟာ ဆင်းရဲကျပ်တည်းနေချိန်ဖြစ်တယ်။ အာရပ်နဲ့ အာရှက ဥရောပထက်ပိုပြီး ချမ်းသာကြွယ်ဝနေတယ်။ ဥရောပသားတွေဟာ အာရပ်နှင့် အာရှကို အားကျ ယှဉ်ပြိုင်လိုစိတ်တွေနဲ့အမေရိကကို ရောက်လာကြတယ်။ အမေရိကမှာ ဌာနေတိုင်းရင်းသား 'ရက်အင်ဒီးယန်း Red Indian'တွေက လူနည်းစုဖြစ်လာပြီးနောက်မှ ရောက်လာတဲ့ ဥရောပတိုက်သားတွေ ရဲ့ တိုက်ထုတ်ခြင်းကို ခံရပါတယ်။ ဌာနေတိုင်းရင်းသားတွေဟာ တောင်တန်းတွေဆီ မောင်းထုတ်ခံရပြီး ဥရောပသားတွေက ကမ်းရိုးတန်းတစ်လျှောက် ဆိပ်ကမ်းနေရာတွေကို စိုးမိုးသိမ်းပိုက်လိုက်ကြ တယ်။
    'ဥရောပမှ မူလနိုင်ငံများရဲ့ အုပ်ချုပ်သူများကလည်း မြေယာများ ဖော်နိုင်ပြီး စီးပွားရေး လုပ်ကိုင်နိုင်သူတွေကို ဘွဲ့ထူးဂုဏ်ထူးတွေပေးခြင်းဖြင့် သူတို့ကိုလိုနီ နယ်တွေ ကျယ်ပြန့်ပြီး အခြေခိုင်အောင် အပြိုင်အဆိုင် လုပ်ဆောင်ကြတယ်။ လက်နက်နဲ့လည်း အကာအကွယ်ပေးကြတယ်။ ဥရော ပမှလာရောက် အခြေစိုက်သူတွေဟာ စိုက်ပျိုး၊ သိုးမွေးထုတ်လုပ်ခြင်း၊ ရွှေတူးခြင်း၊ ကုန်သည်လုပ်ခြင်း စသည့် လုပ်ငန်းတွေ လုပ်ကြပါတယ်။ ဗြိတိန်၊ စပိန်၊ ပြင်သစ်၊ ဒတ်ချ်တို့ဟာ မိမိနယ်ကို အုပ်ချုပ်ပုံချင်း၊ ဦးတည်ချက်ထားပုံချင်း မတူကြပေမယ့် တိုင်းရင်းအင်ဒီး ယန်းတွေကို တိုက်ထုတ်ကြတာတော့ တူညီကြပါတယ်' (စာ-၂၉)
    ဥရောပသားနယ်ချဲ့သမားတွေအတွက် အမေရိကတိုက်ကြီးဟာ လွတ်လွတ်လပ်လပ် ထင်ရာစိုင်းလို့ရတဲ့ နယ်မြေကြီးဖြစ်လာခဲ့ပါတယ်။
    'ပြင်သစ်၊ စပိန်၊ ဒတ်ချ်၊ ပေါ်တူဂီ၊ ဗြိတိန်အပါ အဝင် ဥရောပကုန်သည်တွေဟာ စီမံချက်ချပြီး အမေရိကရှိ မိမိပိုင်တဲ့ ကိုလိုနီနယ်အသီးသီးသို့ ကျွန်တင်သွင်း တဲ့အလုပ်လုပ်ကြပါတယ်။ ကျွန်ဖမ်းတဲ့လုပ်ငန်းဟာ အလွန်ကြီးထွားတဲ့ လုပ်ငန်းကြီးဖြစ်လာပါတယ်။ ၁၅၀၀ ပြည့်နှစ်ခန့်မှာ စတင်ခဲ့တဲ့ 'အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်၍ ကျွန်ကုန်ကူးခြင်း' လုပ်ငန်းဟာ အရှိန်အဟုန် ကောင်းခဲ့ပါတယ်။ ၁၇၀၀ မှ ၁၈၀၀ အထိ နှစ်ပေါင်းတစ်ရာအတွင်း အာဖရိကတိုင်းရင်းသား ခုနစ်သန်းကို အမေရိကတိုက်ကြီးသို့ ကျွန်အဖြစ် တင်သွင်းပြီးကြောင်း ဆိုပါတယ်။'(လင်းယဉ်၊ စာ-၃၄)
    'ကျွန်ကုန်ကူးမှု ကြီးကျယ်လာသည်နှင့်အမျှ အဲဒီလုပ်ငန်းကို အထောက်အကူပြုမည့် ဥပဒေတွေလည်း ရှိလာပါတယ်။ ၁၆၉၂ ဗာဂျီးနီးယားဥပဒေ ပေါ်လာတယ်။ ကျွန်တွေကို သခင်တွေက နိုင်ချင်သလို နိုင်လို့ရတဲ့ မတရားအခွင့်အရေးပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။ သခင်သည် ကျွန်နှင့် ကျွန်ကပေါက်ဖွားသော သားသမီးများကိုပါ ပိုင်ဆိုင်ပါတယ်။ ကျွန်များ၏ အကျိုးစီးပွားကို သခင်က ရယူခွင့်ရှိတယ်။ ကျွန်တွေကို မြင်းရောင်းသလို ရောင်းနိုင်တယ်။ ကျွန်များထွက်ပြေးလျှင် သို့မဟုတ် ကိုယ်ဝန်ရှိလျှင် သခင်က တရားရုံးသွား၍ ကျွန်သက်တမ်းတိုးနိုင်တယ်။' (စာ-၃၅)
    ခရစ်နှစ် ၁၆၀၀ မှ ၁၇၀၀ ကျော်အတွင်း မြောက်အမေရိကမှာ ဗြိတိသျှအင်္ဂလိပ်တို့ရဲ့ ကိုလိုနီ နယ်တွေ ကျယ်ပြန့်လာတယ်။ ဗြိတိသျှတို့ရဲ့ လွှမ်းမိုးမှုအောက်မှာ လူဖြူတို့ရဲ့ စီးပွားရေးကို အကန့်အသတ်မရှိ ကြီးပွားခွင့်ပြုထားတဲ့ နိုင်ငံရေးပုံစံကို တွေ့ရတယ်။ သမိုင်းတွင်စေမည့် ကျွန်ဖမ်းစနစ် အထွတ်အထိပ်ရောက်လာတယ်။ ကျွန်တွေရဲ့ လုပ်အားနဲ့ ကုန်ထုတ်လုပ်မှု အဆမတန် တိုးတက်လာတယ်။ အမေရိကန်ဌာနေလူမျိုးဆိုတာ ပျောက်လာတယ်။ အမေရိက တိုင်းရင်းသားတွေရဲ့ ဘ၀ နှင့် ယဉ်ကျေးမှုဟာ ဥရောပရဲ့ ဝါးမျိုးမှုခံလိုက်ရတယ်။ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ စကော့၊ ပေါ်တူဂီ၊ ဂျာမန်၊ အီတလီ၊ ဒတ်ချ်၊ ဂျူးစသည်ဖြင့် နယူးအင်္ဂလန်၊ ဗြိတိသျှတွေ သိမ်းထားတဲ့ ကိုလိုနီနယ်မြေမှာ ပေါင်းဆုံပြီး အနေကြာတော့ စည်းလုံးလာပါတယ်။
    အင်္ဂလိပ်ကိုလိုနီနယ်များရဲ့ မြောက်ပိုင်းနယ်သားများဟာ စီးပွားရေးလုပ်ကိုင်တတ်ပြီး စိုက်ပျိုးရေးလည်း ကျွမ်းကျင်တဲ့အတွက် အများစုဟာ ကြွယ်ဝချမ်းသာလာတယ်။ တောင်ပိုင်းသားများရဲ့ စီးပွားရေးကတော့ ကျွန်ကုန်ကူးခြင်းသာ အဓိကဖြစ်တဲ့အတွက် ကျွန်ပိုင်ရှင်လူတစ်စုသာ ချမ်းသာတယ်။ မြောက်ပိုင်းနှင့် တောင်ပိုင်း စနစ်နှစ်ခုရဲ့ အားပြိုင်မှုဟာ ပြည်တွင်းစစ်ကြီးဆီ ဦးတည်နေခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
    'ဗြိတိသျှ မူရင်းနိုင်ငံမှာ စစ်စရိတ်များကြောင့် ၁၉၆၃ မှာ စတာလင်ပေါင် ၁၃၃ သန်းအထိ အကြွေးတင်လာတယ်။ ကိုးနှစ်အတွင်း နှစ်ဆနီးပါး အကြွေးရှိလာတော့ ကိုလိုနီဖြစ်တဲ့ အမေရိကန်ကို အခွန်တိုးကောက်တယ်။ ဥပဒေတွေကလည်း ချုပ်ချယ်လွန်းတဲ့ ဘက်ပြောင်းလာတယ်။ တစ်ခါက ဗြိတိသျှဟာ လွတ်လပ်ခွင့်တွေ အကျိုးခံစားခွင့်တွေ ရက်ရက်ရောရောပေးပြီး စီးပွားရေးလုပ်ကိုင်စေခဲ့ပေမယ့် ယခုတော့ အခွန်ရဖို့ နည်းမျိုးစုံနဲ့ ဥပဒေအရပ်ရပ် ချမှတ်လာတယ်။ အဲဒီအချိန်မှာ အမေရိကမှာ လူဦးရေများလာလို့ ကျပ်တည်းလာ ချိန်ဖြစ်ပါတယ်။ အခွန်စည်းကြပ်တာကို စီးပွားရေးပိတ်ဆို့တာလို့ မြင်ကြတယ်။ အချင်းချင်း အားပြိုင်နေတဲ့ ကိုလိုနီတွေဟာ စည်းလုံးမှ ဖြစ်တော့မယ်ဆိုတဲ့ တစ်ခုတည်းသော လမ်းကို လက်ခံလာကြပါတယ်။' (လင်းယဉ်၊ စာ-၄၂)
    'တန်းတူအခွင့်အရေးပေးရန်၊ တန်းတူညီမျှမှု၊ ပြည်သူ့စီးပွားရေးတို့ကို ကာကွယ်ပေးရန် တောင်းဆိုလာကြတယ်။ ဗြိတိသျှက မလိုက်လျောပါ။ နောက်ဆုံးတော့ နိုင်ငံရေးအာဏာကိုပါ ပြောင်းလဲဖို့တောင်းဆိုလာကြတယ်။ ဒီလိုနဲ့ အကျပ်အတည်းတွေ၊ မကျေနပ်တွေကို ၁၁ နှစ်ကြာစုထားပြီး စစ်ပွဲဆီးဦးတည်းသွားပါတယ်။' (စာ-၄၃)
    '၁၇၇၁ မှာ အမေရိကရှိ ဗြိတိသျှကိုလိုနီ ၁၃ နယ်က ဗြိတိသျှကို တော်လှန်ကြတယ်။ ၁၇၇၅ ခုနှစ်မှာ ဗြိတိသျှဟာ အမေရိကန် ၁၃ နယ်ကို လွတ်လပ်ရေး ကြေညာပေးခဲ့တယ်'လို့ ဖော်ပြထားပါတယ်။ ၁၉၇၀ မေလထုတ် မောင်စိတ္တမြန်မာပြန်တဲ့ 'အမြင်သစ် အမေရိကန်သမိုင်း' စာအုပ်မှာ တော့ ...'အင်္ဂလန်က သိမ်းပိုက်ထားသော ပြည်နယ် ၃၀ အနက် ၁၃ ပြည်နယ်တို့က စုပေါင်း၍ ၁၇၇၆ ခုတွင် လွတ်လပ်ရေးကြေညာကာ အမေရိကန်ပြည်ထောင်စုအဖြစ် တည်ထောင်ခဲ့လေသည်'လို့ စာမျက်နှာ ၃၆ မှာ တွေ့ရပါတယ်။ စာမျက်နှာ ၅၉၊ စာမျက်နှာ ၈၅ တို့မှာလည်း အမေရိကန်လွတ်လပ် ရေးရတဲ့နှစ်ကို ၁၇၇၆ လို့ ဖော်ပြထားပါတယ်။ လင်းယဉ်က ၁၇၇၅ လို့ ဖော်ပြထားရာ တစ်နှစ်စောနေပါ တယ်။ လွတ်လပ်ရေးရတဲ့နှစ်ဆိုတာ အလွန်အရေးကြီး တဲ့ သမိုင်းမှတ်တိုင်ဖြစ်လို့ မလွဲကောင်းဘူးလို့ ဆိုချင်ပါတယ်။
    အမေရိကန် လွတ်မြောက်ရေးစစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ဖော်ပြပြီးတဲ့အခါ ...'စစ်ပြီးနောက် ဘဏ် တွေမှာ ငွေမရှိသော အကျပ်အတည်းများဖြစ်လာတယ်။ ဒေါ်လာများရိုက်၍ ဖြန့်ဝေတော့ လူတွေက မယုံကြပါ။ အာမခံမရှိဟု ယူဆသဖြင့် ငွေတန်ဖိုးကျမှုနဲ့ ရင်ဆိုင်ရတယ်။ တစ်ပြည်နယ်နဲ့ အခြား ပြည်နယ်ရှိ အစိုးရအဖွဲ့ ချင်းပင် ထိုငွေကို လက်မခံကြတာတွေ ဖြစ်လာတယ်။ ၁၇၇၆ ခုနှစ်တွင် ဆားတစ်အိတ်ကို တစ်ဒေါ်လာပေးခဲ့ ရသော်လည်း နှစ်အနည်းငယ်အတွင်း ဆားတစ်အိတ်ကို ဒေါ်လာ ၃၉၀၀ အထိ ဈေးတက်သွားတယ်။ ငတ်သူကငတ်ပြီး တချို့စီးပွားဖြစ်သူက ဖြစ်ကြတယ်။ လယ်သမားကလည်း သူ့သီးနှံကို မရောင်းဘဲ ပစ္စည်းချင်းလဲခြင်း။ ရွှေဖြင့်လဲခြင်းကိုသာ လက်ခံတယ်။ စား သောက်ကုန်များ အကုန်ဈေးတက်သွားတယ်။ ပြည်သူများရဲ့ စာရိတ္တ နှင့် စိတ်ဓာတ်ကတော့ ဆိုးရွားစွာ ပျက်စီးသွားတယ်။ ဒါကြောင့် မျိုးချစ်ခေါင်းဆောင်များက ]အောင်မြင်သော တော်လှန်ရေးမှ ဟုတ်ရဲ့လား'လို့ သံသယဖြစ်ခဲ့ကြရတယ် လို့ ဆိုပါတယ်။ စစ်ပြီးရင် စစ်ရှုံးသည်ဖြစ်စေ၊ စစ်နိုင် သည်ဖြစ်စေ အရာရာပျက်စီးကုန်ပါတယ်။ နိုင်ငံရဲ့လည် ပတ်နေတဲ့ ယန္တရားကြီးတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကျေပျက်သွားတာနဲ့ တူပါတယ်။' (လင်းယဉ်၊ စာ-၄၅)
    နောင်နှစ်ပေါင်း(၈၀)ကြာတဲ့အချိန်မှာတော့ ဒီဒုက္ခတွေ မေ့သွားလောက်အောင် အမေရိကန် ပြည်ထောင်စုဟာ ချမ်းသာစပြုလာခဲ့ပါပြီ။ ဒါပေမယ့် ကြွယ်ဝချမ်းသာခြင်းရဲ့ အရင်းအမြစ်အနေနဲ့ ကျွန်စနစ်ကို တောင်ပိုင်းသားတွေက လက်ခံကျင့်သုံးနေပြီး မြောက်ပိုင်းသားတွေက ဆန့်ကျင်ကြပါတယ်။ ကျွန်စနစ်ကို ဆက်လက်ကျင့်သုံးချင်တဲ့ တောင်ပိုင်းသားတွေက (တောင်ပိုင်းပြည်နယ် ၁၁ ပြည်နယ်က) ၁၈၆၁ မှ အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ကြောင်း ကြေညာလိုက်ပါတယ်။ 'အမေရိကန်ပြည်ထောင်စုကြီး နှစ်ပိုင်းကွဲသွားပြီ ဖြစ်ပါတယ်။ မိသားစုတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ စိတ်ဝမ်း ကွဲကုန်ကြပါပြီ။ ထိတ်လန့်စရာ အကောင်းဆုံးအချိန်ဖြစ် ပါတယ်'လို့ ဖော်ပြထားပါတယ်။ (စာ-၆၉)
    အဲဒီအချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီး 'လင်ကွန်း'က ...'ကျွန်တော်၏ ပဓာနထားမှုမှာ ပြည်ထောင်စုကြီးကို ဘေးရန်မှ ကာကွယ်ရန် ဖြစ်ပါသည်။ ကျေးကျွန်စနစ် တိုက်ဖျက်ရေးမှာ ထိုရည်ရွယ်ချက်ထက်မကြီးနိုင်ပါ။ စင်စစ်ပြည်ထောင်စုကြီး ညီညွတ်မှုသာ ပဓာနဖြစ်သည်။ ကျေးကျွန် ပဿနာမှာ ထိုမျှလောက်မကြီးချေ'လို့ ထုတ်ဖော်ခဲ့ပါတယ်။ (၂၀၁၂ စတုတ္ထအကြိမ်ထုတ်၊ တက်တိုး မြန်မာပြန်၊ အေဗရာဟင် လင်ကွန်း၊ စာ-၁၂၂)
    ကျေးကျွန်စနစ်တိုက်ဖျက်ရေး ကြွေးကြော်သံကြောင့် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ လင်ကွန်းဟာ ပြည်ထောင်စုကြီး ဘေးရန်အန္တရာယ်တွေနဲ့ ကြုံလာရချိန်မှာ ပြည်ထောင်စုမပြိုကွဲရေးသာ အဓိကပဓာနဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။ ၁၉၇၀ မေလထုတ် မောင်စိတ္တ မြန်မာပြန်တဲ့ 'အမြင်သစ်၊ အမေရိကန်သမိုင်း'မှာလည်း ဒီလိုတွေ့ခဲ့ရပါတယ်။
    'ကျွန်ုပ်သည် ပြည်ထောင်စုကြီးအား ကယ်တင်ရန် ကြိုးပမ်းသွားမည်။ စစ်ပွဲဖြစ်ပွားရေးအတွက် ကျွန်ုပ်၏ အမြင့်မားဆုံးသော ရည်မှန်းချက်မှာ ပြည်ထောင်စုကြီးကို ကယ်တင်ရေးအတွက်သာ ဖြစ်သည်။ ကျေးကျွန်စနစ်နှင့် လုံးဝမပတ်သက်၊ ကျေးကျွန်စနစ်ကို ထိန်းသိမ်းရန် မဟုတ်သလို ဖျက်သိမ်းရန်လည်း မရည်ရွယ်ပါ။' (စာ-၂၅၅)
    လင်ကွန်းက နယူးယောက်ထရီဗျူး သတင်းစာအယ်ဒီတာ ဟောရေ့စ်ဂရင်းလေထံ ပေးစာမှာ အထက်ပါအတိုင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ သို့သော် ပြည်တွင်းစစ်ကြီးကို တားဆီး၍ မရခဲ့ပါ။
    '၁၈၆၃ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပင်စီဗေးနီးယား စစ်ပွဲတစ်ခုတည်းမှာပင် သုံးရက်အတွင်း အမေရိကန် ပြည်ထောင်စုမြောက်ပိုင်းမှ လူနှစ်သောင်းသုံးထောင် သေပျောက်ခဲ့ရတယ်။ တောင်ပိုင်းမှ လူနှစ်သောင်းရှစ်ထောင်၊ စစ်ပွဲတစ်ခုတည်းမှာ သုံးရက်အတွင်းစုစုပေါင်း ငါးသောင်းတစ်ထောင် သေပျောက်ခဲ့ရတယ်။ ၁၈၆၅ မှာ တောင်ပိုင်းက လက်နက်ချမှပဲ စစ်ပြေငြိမ်းသွားပါတယ်။ စစ်ဖြစ်ခဲ့တဲ့ လေးနှစ်အတွင်း မြောက်ပိုင်းသား သုံးသိန်းခြောက်သောင်း၊ တောင်ပိုင်းသား နှစ်သိန်းခြောက်သောင်း၊ အမေရိကန်နိုင်ငံသားပေါင်း ခြောက်သိန်းနှစ်သောင်း သေပျောက်ခဲ့ရပါတယ်။' (စာ-၇၀)
    အိုးပျက် အိမ်ပျက်၊ ဘဝပျက် စီးပွားပျက်ခဲ့တာတွေလည်း များလှပါတယ်။ ဒီအပျက်အစီးပုံကြီးကြားက အမေရိကန်တွေ သင်ခန်းစာထုတ်ယူခဲ့တာက 'စစ်နဲ့ဖြေရှင်းရတဲ့အမှားမျိုး နောက်တစ်ကြိမ် မကြုံတွေ့စေရ'ဆိုတာပါပဲ။ ဒါကြောင့် ပြည်တွင်းစစ်အပြီးမှာ ဖွဲ့စည်းပုံကို လည်းကောင်း၊ တရားဥပဒေ များကိုလည်းကောင်း စုပေါင်းညှိနှိုင်းကာ မျက်ခြည်မပြတ်အောင် ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
    အမေရိကန်ဟာ တစ်ကျော့ပြန် ဦးမော့ဖို့ ကြိုးစားနေစဉ်မှာပဲ ၁၉၂၉ မှ ၁၉၃၉ အတွင်း စီးပွားပျက်ကပ်ကြီး ဆိုက်ရောက်ကာ ကျရှုံးခဲ့သော နှစ်ကာလများ (Great Depression)ကို ခါးသီးနာကျင်စွာ ဖြတ်သန်းခဲ့ရပြန်ပါတယ်။ လယ်ယာမြေကစခဲ့တဲ့ အကျပ်အတည်းဟာ တစ်ပြည်လုံးသို့ ရိုက်ခတ်ကူး စက်ပြီး လူတန်းစားမရွေး စီးပွားပျက်ကုန်ပါတယ်။ အလုပ်တစ်ခုရဖို့တန်းစီ တဲ့လူက ထောင်နဲ့ချီရှိပြီး အလုပ်နေရာက သုံးလေးနေ ရာပဲရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဘဏ်တွေလည်း ရှုံးလို့ပိတ်၊ စတော့ရှယ်ယာတွေလည်း ရှုံး၊ လယ်မြေအိမ်တွေကို အကြွေးနဲ့သိမ်း စသည်ဖြင့် စကောထဲမှာ ဆီးဖြူသီးတွေ ထည့်လှိမ့်သလို အားလုံးလိမ့်နေကြပါတယ်။ လူတွေဟာ ခရီးစရိတ်တောင်မရှိလို့ မြို့ရွာအဝေး ကြီးတွေကို လမ်းလျှောက်သွားပြီး အလုပ်ရှာကြရပါတယ်။ အချို့ဆိုရင် ရထားအောက်ဘီးနှစ်ဖက်ကြားမှာ ခိုစီးလိုက်ပါပြီး အလုပ်ရှာကြရတယ်ဆိုပါတယ်။ (လင်းယဉ်၊ စာ-၁၀၄-ရှု)
    အကုန်လုံးဆင်းရဲကြလွန်းလို့ ဒီမိုကရေစီကို အဆုံးခံကာ အာဏာရှင်စနစ်ကို လက်ခံရတော့ မည်လားလို့ စိုးရိမ်မကင်းဖြစ်ခဲ့ကြရတယ်။ ဒီမိုကရေစီရဲ့ အနာဂတ်ပျောက်တော့မည့် အချိန်လို့တောင် ရေးကြပါတယ်။ ဒီလို အခြေအနေဆိုးကြီးထဲကနေ ရုန်းထပြီး ပြည်သူလူထုရဲ့ စိတ်ဓာတ်မပြိုကွဲအောင်၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် သမ္မတကြီး ရုစဗဲ့က ဦးဆောင်မှုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ ကမ္ဘာ့နံပါတ်တစ် စူပါပါဝါနိုင်ငံကြီးဖြစ်လာအောင် ပြည်ထောင်စုမပြိုကွဲရေးကို အခြေခံပြီး အမေရိကန် ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ အခက်အခဲအကျဉ်း အကျပ်တွေထဲက သမိုင်းသင်ခန်းစာ ထုတ်ယူ နိုင်ကြ ဖို့ပါပဲ။    ။

မြတ်ဘုန်းသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 332

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.