ပြည်ပြေးတို့၏ အရောက်ပို့သံ

၂၀၂၄ မတ် ၁၀

တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ပါလား
    လိမ်သည့်သူက တော်၍ ယုံလွယ်သူများ ခံကြရသည်လား၊ ယုံသည့်သူများ'အ'လွန်းသောကြောင့်  လိမ်သည့်သူများ ပေါများနေခြင်းလား အဖြေရှာမရပေ။သို့သော်လည်း ရွှေပြည်ကြီးတွင် တစ်ရက်တစ်ရက်ကြား နေရသည့် သတင်းစကားများနှင့်ပတ်သက်လျှင် လူများ၏ စဉ်းစားချင့်ချိန် နိုင်စွမ်း နည်းပါးနေသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရလေသည်။ ရန်ကုန်ကမိတ်ဆွေ တစ်ယောက် လူမှုကွန်ရက်တွင် ရေးသားထားသည့်စာကို မြင်ရချိန် အထက်ပါအတွေးကို တွေးမိခြင်း ဖြစ်သည်။ ''လမ်းသွားရင် ဂရုစိုက်ကြပါအမျိုးတ့ို၊ အရင်က ခါးပိုက် နှိုက်ပဲကြောက်ရတာ၊ အခု တို့ဆေးပါ ကြောက်နေရပြီ" ဟူ၍ ဖြစ်သည်။ တို့ဆေးဆိုသည့်သတင်းမှာ မြန်မာနိုင်ငံတွင် နာမည်ကြီးလာခဲ့ သည်မှာ လွန်ခဲ့သည့် နှစ် ၂၀ ခန့်ကပင်ဖြစ်မည်။ ဂျပန်ခေတ်က သရဲခြောက်ခံရသည့် ဇာတ်လမ်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ပမာ ပြောဆိုနေကြရာ ယုံသူနှင့်ပြောသူ ကိုက်ညီနေကြသည်မှာ အံ့ဖွယ်ဖြစ်နေလေသည်။ ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်လာသော်လည်း လူများ၏ စဉ်းစားချင့်ချိန်နိုင်စွမ်း လျော့ကျ လာသည်မှာ အံ့သြပါသည်ဟုပင် ဆိုရမလိုဖြစ်နေလေသည်။ လူအချို့က ကိုယ့်အမှားကို လည်း ဝန်မခံချင်၊ တစ်ပါးသူကိုလည်း အပြစ်ပုံချချင်သည့် အကွက်မျိုးများ ပေလားဟုလည်း စဉ်းစားမိသည်။ ကျွန်တော်တို့နယ်ဘက်က ကျောင်းဆရာတစ်ဦး လစာထုတ်လာပြီး ဖဲဝင်ရိုက် ရာဖဲရှုံးသည့် လုပ်ရပ်မျိုး လုပ်နေသလားဟုလည်း တွေးမိသည်။ ထိုကျောင်းဆရာက လစာထုတ်အပြန် ဖဲဝင်ရိုက်ရာ ပါလာသမျှတက်တက်စင်အောင် ကုန်သွားလေသည်။သို့နှင့် လူပြတ်သည့် ရိုးချောင်းလေးထဲ စက်ဘီးလေး ကိုးရိုးကားယားထားကာ လှဲအိပ်နေလေသည်။ သူအိပ်နေပြီး မကြာမီ ရွာထဲက တစ်ယောက်က တွေ့သွားရာ ကျောင်းဆရာ ဘာဖြစ်သွားလဲဟု မေးမြန်းရင်းထူမှ ''ဒီရိုး ချောင်းအဆင်းမှာ နောက်ကနေ ဘယ်သူရိုက်သွားမှန်း မသိဘူး၊ ဟာပိုက်ဆံတွေလည်းမရှိတော့ဘူး''ဟု ဆိုလိုက်ရာ ထိုကျောင်းဆရာကို သူ့မိသားစုနှင့် ရပ်ရွာကပါ သနားသွားလေသည်။ ယခုလည်း တို့ဆေးဟု ကောလာဟလလွှင့်ပြီး ဘယ်ကေတီဗွီ၊ မာဆတ်ကိုသွားပြီး ငွေအပြည့်မရှင်းနိုင်သည့်အခါ ပါသမျှပေးခဲ့ရသလားဟု စဉ်းစားမိ သည်။ လူအများသည်လည်း မဟုတ်တစ်တစ်ခွခွ ကောလာဟလဆိုလျှင် ယုံလွယ်ကြရဲ့ မဟုတ်လား ။ထိုကဲ့ သို့သတင်းများသည်လည်း အခမဲ့ဖြန့်ဝေပေးမည့်သူလည်း များပြားတတ်ပါသည်။ တစ်နည်းဆိုရ လျှင်တိုင်း ပြည်မတည်မငြိမ်ဖြစ်လျှင် ပြီးရောဆိုသူများ၏ အကြိုက်အကွက်ဝင်သွားသည်ကို သတိမမူ သူများက ယခုထိ မသိကြသေးဟုပင် ဆိုရမည်ဖြစ်သည်။


ကျိန်စာပါသည့် ဆုတောင်း
    လူမှုကွန်ရက်ပေါ်က ရွှေပြည်ကြီး၏ကောလာ ဟလများနှင့်ပတ်သက်သည့် အကြောင်းအရာ တစ်ခု၏ အောက်တွင် ကြက်သီးထဖွယ် မှတ်ချက်လေးတစ်ခု တွေ့လိုက်ရသည်။ အခုပြောဆိုနေကြသည့် စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး မှတ်ချက်များစွာနှင့် ပတ်သက်သည်။ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်သော်လည်း ဟိုနေရာက ပေါ်တာဆွဲသည်၊ သည်နေရာကပေါ်တာဆွဲ သည်ဆိုသည့် သတင်းများ အဆက်မပြတ် ကြားကြရဲ့ မဟုတ်လား။ ယခုလူမှုကွန်ရက်တွင် တင်သူက ရိုးရိုးတင် ခြင်းမဟုတ် ရှယ်တင်ခြင်းဟုပင် ပြော၍ရနိုင်သည်။"မြိတ်လှေထဲထိ အတင်းဆွဲနေတာ"ဆိုပြီး မော်တော်ဘုတ်လေးကို Movie ရိုက်ကာ တင်ထားခြင်းဖြစ်သည်။ထို တင်ထားသည့်အောက်တွင် လူတစ်ယောက် က "စစ်တပ်က ပေါ်တာဆွဲလို့ ထွက်ပြေးတဲ့သတင်းမှန်ရင် သတင်းတင်သူ စိတ်ချမ်းသာပါစေ၊ ကိုယ်ကျန်းမာပါစေ၊ သတင်းမှားဖြစ်ပါက သတင်းတင်သူ စိတ်အပူသောကများနဲ့ အသေဆိုးနဲ့သေပါစေ"ဟု ဆုတောင်းထဲတွင် ကျိန်စာပါထည့်ကာ မှတ်ချက်ပေးထားလေသည်။ ထို မှတ်ချက်လေးတစ်ခုကို ထောက်ခံသည့်သူ များပြားစွာရှိနေခဲ့ပြီး အမှန်တရားအတွက် ပြောဆိုပေးသည့် ပြည်သူများရှိသေးသည်။ ထောက်ခံသူများလည်း ရှိသည်ဆိုသည်က သက်သေတစ်ခုဟု ဆိုနိုင်ပါ သည်။ ဤရွှေပြည်ကို မတည်ငြိမ်စေချင်သူများ၊ မဟုတ်မမှန် ပြောဆိုနေ သူများကို ထိုကဲ့သို့ မှတ်ချက်များဖြင့် ပြုလုပ်သင့်သည်ဟုလည်း သင်ခန်းစာရမိပါသည်။

မိတ်ဆွေတစ်ယောက်၏ ပေါက်ကွဲသံစဉ်
    ပေါက်ကွဲသံစဉ်ဖြစ်သဖြင့် Tone အနည်းငယ် ကြမ်း၏။ သို့သော်လည်း အမှန်တရားဆိုသည်မှာ ဖြောင့်သောသစ်ပင်ကဲ့သို့ အတက်ရခက်ပြီး ကြားရသည်မှာလည်း နားဝင်မချိုတတ်ပေ။ 'အခွန်မဆောင်ချင်တဲ့ လုပ်ငန်းရှင်တွေရယ်၊ စီးပွားရှာနေတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရယ်၊ ထုတ်ကုန်လုပ်ငန်း မလုပ်ချင်တဲ့ စီးပွားရေးသမား၊ တိုင်းပြည်အတွက် စစ်မှုမထမ်းချင်တဲ့ ပြည်သူ၊ လက်နက်ကိုင် ဓားပြ တိုက်ချင်တဲ့ လူငယ်တွေရယ်၊ နယ်တစ်နယ်ဓားတစ်စင်း၊ တစ်ဗိုလ်တစ်မင်း လုပ်ချင်တဲ့တိုင်းရင်း သားတွေ  ရယ်၊ လက်ဝါးကြီးအုပ်ချင်တဲ့ အုပ်နေတဲ့ အင်အားကြီး နိုင်ငံတွေရယ်၊ ရသလောက် အခွံနွှာချင်တဲ့ အိမ်နီးခြင်း နိုင်ငံတွေရယ် နောက်လိုက်မရှိ ငါသိ ငါတတ်လူထုရယ်၊ အာဏာကို အသား ငမ်းငမ်းတက်နေတဲ့ နိုင်ငံရေးသမား ဆိုသူတွေရယ်၊ ဒီနိုင်ငံကို ဘာကောင်းစေချင်နေတာလဲ၊ မြေပုံပေါ် က ပျောက်မသွားသေးတာကိုဘဲ အံ့သြစရာကောင်းနေပြီ။ အားလုံးအကျင့်တွေမပြင်ရင်၊ ကိုယ့်အလုပ်ဘာဆိုတာ မသိကြသေးရင် ကိုယ့်တိုင်းပြည်မြေပုံပေါ် ကပျောက်သွားမယ်"ဟု ခတ်ဆတ်ဆတ် ပေါက်ကွဲ၍ ရေးထားလေသည်။ သူပြောတာကို လက်ခံခြင်း၊ လက် မခံခြင်းထက် တွေးချင့်ချိန်စရာ တစ်ခုဟု မှတ်ယူမိပါသည်။

ဆရာဝန်နှစ်ယောက်အကြောင်း
    မိတ်ဆွေသူငယ်ချင်းက မြန်မာပြည်မြေပုံကြီးကိုချပြီး သူ၏သူငယ်ချင်းနှင့် အကြိတ်အနယ်ဆွေး နွေးခဲ့ရသည့်အကြောင်းကို ဖောက်သည်ချလာလေသည်။သူ၏သူငယ်ချင်းက သွားဆရာဝန်ဖြစ်သော ကြောင့် စစ်မှုထမ်းဥပဒေထဲတွင် ပညာရှင်ကဏ္ဍ၌ အကျုံးဝင်သေး သည်ဟု ဆိုလေသည်။ ထိုသွားဆရာဝန်က စစ်မှုလည်း မထမ်းချင်သကဲ့သို့၊ PDF ထဲသို့လည်း မဝင်ချင်သည့်သူဟု ဆိုလေသည်။ ထို့ကြောင့် လွတ်မြောက်မှုနေရာကို  မြန်မာပြည်မြေပုံချကာ ရှာဖွေရင်း အကြိတ်အနယ်ဆွေး နွေးခြင်းဖြစ်သည်ဟု ဆိုလေသည်။ ထိုသွားဆရာဝန်က  စစ်မှုမထမ်းချင်ဟု ဆိုသဖြင့် ကျွန်တော့်ဆရာသမားမိတ်ဆွေတစ်ဦး ပြောပြသည့် အကြောင်းအရာကို ပြန်၍ပြောဖြစ်ခဲ့သည်။ ထိုအကြောင်းအရာက သူသည်လည်း ဆရာ ဝန်တစ်ယောက်ဖြစ်သည်။ ထိုဆရာဝန်တွေးသည်က သည်တိုင်းပြည်၊ သည်နိုင်ငံကို လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်နေသည့်၊ တရားဥပဒေမဲ့ပြုလုပ်နေသည့် လက်နက်ကိုင်များစွာရှိနေသည်ကို မကျေနပ်ပေ။ ယခုစစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်သည့်အချိန် သူ့အမည်ကို အမြန်ဆုံးစာရင်းပေးသွင်း ချင်နေလေသည်။ သူတွေးသည်က ရှင်းသည်။ မိမိတိုင်းပြည်ကို ဖျက်ဆီးသည့်သူစာရင်း တွင်မပါဝင်လို၊ မိမိတိုင်းပြည်ကို မိမိတို့မှ မကာကွယ်လိုလျှင် မည်သူက ကာကွယ်ချင်မည်နည်း။ ထိုဆရာဝန်၏ အတွေးမျိုးနှင့်ဆိုလျှင် အချောင်နေ၊ အချောင်စားလိုသည့် စိတ်ဓာတ်များ အမြန်ပြုပြင် သင့်ပါသည်ဟု သတိကပ်မိပါသည်။

နွေဦးအလွန်
    နွေဦးလွန်လာပြီဖြစ်သည်။ ပန်းပေါင်းစုံလည်း ပွင့်လာကြသည်။ ရာသီဥတု သာယာနေသည်ဟု ဆိုနိုင်ပါသည်။ နွေဦးတွင် ဖြစ်ပေါ်လေ့ရှိသည့် စိတ်ရိုင်းတို့သည်လည်း တည်ငြိမ်စပြုလာပြီဖြစ်သည်။ ရာသီဥတု သာယာသဖြင့် စိတ်လက်လည်း ကြည်သာနေမိသည်။ သဘာဝတရားကြီး၏ ရာသီဥတုသာ ယာနေသော်လည်း လူတိုကြွေးကြော် အမည်တပ်ထားသည့် နွေဦးတော်လှန် ရေးဆိုသည်က သုံးကြိမ် မြောက်ပင် ကျော်လွန်လာခဲ့လေသည်။ ကနဦးအစပထမက တစ်ပတ်ခန့်တောင့်ခံလျှင်၊ တစ်လခန့် တောင့်ခံလျှင် အရေးတော်ပုံအောင်မည်ဆိုသူ များလည်း ယခုအထိ ပြည်တွင်းသို့ အနားပင်မသီ ပြည်ပမှာပင် ဘေးတီးနေဆဲဖြစ်သည်။
    မှတ်မိသေးသည်။ ဆန္ဒတွေပြစဉ်အခါက ဖြစ်သည်။ ဆန္ဒပြသည့်လူအုပ်ကြီးနောက်ခံထားပြီး တက္ကစီပေါ်ကနေ လူထုကို သြဝါဒချွေခဲ့သူတစ်ယောက်အ ကြောင်းပင်ဖြစ်သည်။ ယခုနောက်ပိုင်းမှ သိသည်က ကွန်ပျူတာအဖက်ဖြင့် စတူဒီယိုအခန်းထဲမှနေ၍ ဘယ်မှမသွားဘဲ ရိုက်ကူးထုတ်လွှင့်ခြင်း ဖြစ်သည်ဟု ထောက်ပြသူများရှိလာနေပြီဖြစ်သည်။ ထိုစဉ်ကတည်းက ဂျင်းထည့်ခဲ့သည်ကို ယခုထိ မသိသူများက မသိကြသေးပေ။ ဆိုလိုက်သေးသည်။ တွဲတိုင်းတွင် စက်ခေါင်းပါသည်ဟု  စလို ဂန်ဆန်ဆန်ပြောအပြီး စက်ခေါင်းတိုင်းက တိုင်းပြည်အတွင်း ထင်ရာမောင်းနေကြသည်ကိုတော့ မသိကျိုးကျွန်ပြုခဲ့ရဲ့ မဟုတ်လား။ မှတ်မိပါသေးသည်။ ၂၀၁၃ ခန့်က ဖြစ်မည်။ ၈၈ နိုင်/ကျဉ်းများထဲက ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)ဆိုသူက "နိုင်ငံရေး သမားရောင်းရန်ရှိသည်"ဆိုသည့် ဆောင်းပါး ဖြင့် ထိုပြည်ပသို့ ထွက်ပြေးသွားသူတို့၊ နိုင်ငံရေးလုပ်စားသူတို့အကြောင်း ခရေစေ့တွင်းကျ ရေးသားခဲ့ဖူးသည်။ ထိုဆောင်းပါး၏ အဓိကဆိုလိုရင်းတွင် (၈၈)ငြိမ်းပွင့်အဖွဲ့၏ ဂျော့ဆိုးရော့ ပံ့ပိုးသည့် ဒေါ်လာ ငွေကြေးများဖြင့် လုပ်စားခဲ့သည်များဖြစ်သည်။ ဆိုလိုသည်က ယခုမှလုပ်စားခဲ့သည်မဟုတ်ဆိုခြင်းကို ပြောလိုရင်းဖြစ်သည်။ သူတို့၏မူလရည်ရွယ်ရင်းက တိုင်းပြည်မတည်မငြိမ် ဖြစ်နေလေ  သူတို့အတွက် အနေအစားချောင်လေဖြစ်သည်။ ယခု လည်းကြည့် နွေဦးတော်လှန်ရေးခေါင်းစဉ်တပ်ကာ ပြည်သူနှင့်အတူ နေခဲ့ရဲ့လား။ ယခုလည်း လာပြန်လေသည်။ ယခင်က တစ်ပတ်တောင့်ခံ၊ တစ်လနေလျှင် အောင်ပြီ ပြောခဲ့သည့်ပါးစပ်။ နွေဦးသုံးကြိမ်ကျော်အပြီး ယခုနွေ ဦးအကျော်အထိ ပြောလာသည်က "တစ်နှစ်လောက် တောင့်ခံထားနိုင်ရင်အောင်ပြီ"ဟု လျှာရိုးမရှိ ပြောနေပြန်၏။ သူလျှာရိုးမရှိ ပြောသည် က သူ့အတွက်ပြဿနာမဟုတ်။ သူက ပြည်သူနှင့်အတူ တောင့်ခံရသူမှမဟုတ် တာဟုသာ ဆိုရမည် ဖြစ်သည်။ 
( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 432

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42940

© 2022 - 2025 News. All Rights Reserved.