ဗကပ၊ မူးယစ်ဆေးဝါးနှင့် ဖုန်ကျားရှင်ရဲ့ ကိုးကန့်ပလ္လင်လုပွဲ

၂၀၂၃ ဒီဇင်ဘာ ၁၀

    မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက MNDAA ဆိုတာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။ ကိုးကန့်လို့ ပြောလိုက်တာနဲ့ ကိုးကန့်ရဲ့နောက်မှာ 'ဘိန်း'ဆိုတာ အလိုလိုပါလာပြီးသား ဖြစ်ပါတယ်။ ကိုးကန့်နှင့်ဘိန်းဆိုတာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနှင့်ပန်းပါပဲ။ ကိုးကန့်နဲ့ဘိန်း ဘယ်လိုမှ ခွဲခြားမရပါဘူးဆိုတာ ကိုးကန့်အကြောင်း ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်စာတမ်းတွေက သက်သေခံနေပါတယ်။ ၂၀၁၅ အောက်တိုဘာလက ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာမန်းဖိုးအေး(ဝါးခယ်မ) စုစည်းပြန်ဆိုတဲ့ 'တစ်ကျော့ပြန် ဖုန်ကျားရှင်' စာအုပ်မှာလည်း ကိုးကန့်နဲ့ ဘိန်းတို့ရဲ့ အဆက်အစပ်ကို နက်နက်ရှိုင်းရှိုင်း တွေ့ခဲ့ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကိုယ်တိုင် ဘိန်း၊ ဟီးရိုးအင်း၊ မူးယစ်ဆေးဝါးလုပ်ငန်း တွေကို အကြီးအကျယ်လုပ်ကိုင်ခဲ့ကြောင်း ဒီစာအုပ်မှာ ထဲထဲဝင်ဝင် ဖော်ပြထားပါတယ်။
    ဒီစာအုပ်ရဲ့ ထူးခြားမှုကတော့ တရုတ်ဘာသာကနေ တိုက်ရိုက် ဘာသာပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်။ တရုတ်စာရေးဆရာ နှစ်ယောက်ရေးတဲ့ စာအုပ်စာတမ်းတွေထဲက သင့်တော်ရာကို ထုတ်နုတ်ယူပြီး စုစည်းပေးထားတာ ဖြစ်ပါတယ်။ တရုတ်စာရေးဆရာမ 'ဟွမ်တို့မီ' ရေးတဲ့ 'မာယာဝင်္ကဘာရွှေတြိဂံ'၊ တရုတ်စာရေးဆရာ 'ကျမ်းကျဲန့်ကျန်း'ရဲ့ 'တနယ်တခြားက သွေးခင်းလမ်း' စာအုပ်များထဲက ကောက်နုတ်ဘာသာပြန်ခဲ့တာ ဖြစ်ကြောင်း ဆရာမန်းဖိုးအေးက ဝန်ခံဖော်ပြထားပါတယ်။ ကျမ်းကျဲန့်ကျန်းက ဗကပထဲမှာ ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့ ဆိုထားတဲ့အတိုင်း ဗကပတို့ရဲ့ အတွင်းရေး(အထူးသဖြင့် ဘိန်းကိစ္စ)တွေကို ဖော်ထုတ်ရေးသားထားပါတယ်။ ဘိန်းကိစ္စအကြောင်းပြော ရင်း 'ကိုးကန့်'ဆိုတာ ကျွဲကူးရေပါ အလိုလိုပါလာရမှာ ဖြစ်ပါတော့တယ်။ ကိုးကန့်အကြောင်းပြောရင် 'ဖုန်ကျားရှင်'ဆိုတာလည်း အရိပ်ပမာထင်ဟပ်လာပါ တော့တယ်။
    'ဒီနေရာ၊ ဒီဒေသ အမည်နာမရဲ့ မြန်မာလို အဓိပ္ပာယ်က (အရိုင်းစိုင်းဆုံးနယ်မြေ)ဖြစ်ပါတယ်။ ယခုအခါ မြန်မာနိုင်ငံ ကိုးကန့်ခရိုင်ဆိုပြီး တွင်ကျယ်နေပါပြီ။ ပိုင်းခြားထားတဲ့ ကိုးကန့်နယ်မြေ ဝိုင်းဝိုင်းကြီးဟာ မြင့်မားများပြားလှတဲ့ တောင်ကုန်းတွေက အနှံ့အပြားပါ။ အဓိကကျတဲ့ တမံတာရိုးကြီး သုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအထဲမှာ အကျော်ကြားဆုံးကတော့ ဘိန်း အမြောက်အမြား ထွက်ရှိတယ်လို့ တွင်ကျယ်နေတဲ့ 'မာလိ ပါး'ဖြစ်ပါတယ်။' (စာ-၄)
    'ကိုးကန့်တို့ အချင်းချင်း အတွင်းရေးပဋိပက္ခတွေ များပြားလှပါတယ်။ အတွင်းရေးပဋိပက္ခကနေ မညှာ မတာ သတ်ကြ၊ ဖြတ်ကြတာလည်း မကြာခဏပါပဲ။ ကိုးကန့်ကို လူတွေက စိုးရိမ်ကြောင့်ကြပြီး ပြောဆိုခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ 'အကြိမ်ကြိမ် အဖန်ဖန် ဆန့်ကျင်တိုက်ခိုက်တဲ့ နယ်မြေ'တဲ့ ...စော်ဘွားတွေပျက် သုဉ်းပျောက်ကွယ်သွားတော့ စော်ဘွားမျိုးဆက်ဖြစ်တဲ့ မမလေး အောလစ်ဖ်ယန်း(ကိုးကန့် ဘိန်းဘုရင်မ)က သံ လွင်မြစ် အရှေ့ဘက်ကမ်းကို ကိုးကန့်သားတို့ရဲ့ စီးပွား ရေးလက်သည်းရှည်ကြီးနဲ့ ရွှေတြိဂံရဲ့ လည်မျိုဒေသတစ် ဝိုက်ကို ထိုးစိုက်ပစ်လိုက်ပါတယ်။ ဒါ့အပြင် အဲ့ဒီစီးပွားရေး အဓိက ပင်မသွေးကြောနယ်မြေကြီးကို ကြီးစိုးချုပ် ကိုင်လိုက်ပါတယ်။ အဲ့ဒီ စီးပွားရေးသွေးကြောကြီးကတော့ ဘိန်းကုန်သွယ်မှုပါပဲ။' (စာ-၇)
    ကိုးကန့်ရဲ့ အာဏာပါဝါဆိုတာ ဘိန်းစီးပွား ရေးပေါ်မှာ အခြေပြုတယ်လို့ တရုတ်စာရေးဆရာက ရေး ထားပါတယ်။ ကိုးကန့်မြေမှာ အုပ်ချုပ်ရေး အပြောင်း အလဲတွေ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဘိန်းပန်းတွေကတော့ ဝေဆာပွင့်လန်းနေဦးမှာဖြစ်တယ်လို့လည်း မူရင်းတရုတ် စာရေးဆရာက အတပ်ဟောထားပါတယ်။
    'စော်ဘွားတွေ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ထဲမှာ လော်စစ်ဟန်နှင့် ဖုန်ကျားရှင်တို့ဟာ တပ်ဖွဲ့မှူးတွေအဖြစ် အသီးသီးထမ်း ဆောင်ခဲ့ကြပါတယ်။ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးအစိုးရ ပေါ်ပေါက်လာချိန်မှာတော့ စော်ဘွားတွေ စိတ်ဝမ်းကွဲ အုပ်စုကွဲကုန်ပါတယ်။ ဖုန်ကျားရှင် ဟာ စော်ဘွားတွေဆီ လက်နက်ပြန်အပ်ပြီး သူ့ရဲ့ညီ ဖုန်ကျားဖုနဲ့ တွဲဖက်ကာ ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ တည်ထောင်လိုက်ပါတယ်။ အဲဒီအချိန်မှာ လော်စစ်ဟန်က မြန်မာအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ သုံး၊ လေး၊ ငါးယောက်လောက်နဲ့ တပ်ဖွဲ့သူတွေလည်း ပေါ်ပေါက်လာပြီး ကိုးကန့်မြေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှုပ်ယှက်ခတ်နေပါတယ်။ လော်စစ်ဟန်တပ်တွေက ကိုးကန့်စော်ဘွား မိသားစု အမြုတေ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်တွေကို အပြတ်ရှင်း လိုက်တဲ့အတွက် စော်ဘွားမိသားစုဟာ သမိုင်းနိဂုံးချုပ်သွားပါတယ်။ လော်စစ်ဟန်က ကိုးကန့် တစ်ခွင်လုံးကို ချုပ်ကိုင်စိုးမိုးပြီးတဲ့နောက် စော်ဘွားစနစ် ဟာ ဇာတ်သိမ်းသွားပါတော့တယ်' (စာ-၁၃)
    ဒါပေမဲ့ ထိုင်းနိုင်ငံထဲ ထွက်ပြေးလွတ်မြောက်သွားတဲ့ စော်ဘွားမျိုးဆက်သစ် ရန်ကျဲန့်ယဲန်ဟာ ထိုင်းနယ်စပ်မှာ လက်နက်လူသူ ပြန်လည်စုစည်းပြီး ကိုးကန့် နယ်မြေထဲ ပြန်ဝင်လာပါတယ်။ ဖုန်ကျားရှင်ကလည်း တစ်စစီ ပြန့်ကျဲနေတဲ့ လက်နက်ကိုင်အုပ်စုလေးတွေကို ဓားပြအဖွဲ့ပါမကျန် သိမ်းသွင်းစုစည်းထားပါတယ်။ သူ တို့နှစ်ဖွဲ့ပေါင်းပြီး အစိုးရတပ်တွေကို တိုက်မယ်လို့ စီစဉ် ခဲ့ကြပေမယ့် ...
    'ရွှေချောင်းတို့၊ သေနတ်၊ လက်နက်တို့၊ မြင်း၊ လားတို့ပါ ကုံလုံပြည့်စုံနေတဲ့ ဒီတပ်ဖွဲ့ကြီးက ပူးပေါင်း ဆောင်ရွက်လိုက်ကြတဲ့ အစဦးပိုင်း လတွေထဲမှာပဲ ဘိန်း ကို မပြတ်တမ်း သယ်ယူပို့ဆောင်ပြီး ရောင်းဝယ်ဖောက် ကားကြပါတယ်။ အမြတ်အစွန်း ခွဲဝေမှုနဲ့ စပ်လျဉ်းပြီး ရန်ကျဲန့်ယဲန်နဲ့ အစ်ကိုဝမ်းကွဲ ရန်ကျဲန်းရွှမ်တို့ စိတ်ဝမ်း ကွဲပြီး တိုက်ခိုက်ကြပါတယ်။ ညီအစ်ကို ရန်ပွဲမှာ ဖုန်ကျားရှင်က အစ်ကိုတပ်ဖွဲ့ဘက်ကနေ ဝင်တိုက်ပေးပါ တယ်။ အကြိတ်အနယ် တိုက်ပွဲမှာ ဖုန်ကျားရှင်ဘက်က အကြီးအကျယ် ရှုံးနိမ့်သွားပါတယ်။ လက်နက်လူသူတွေ၊ ခွေးပြေးဝက်ပြေး ဆုတ်ခွာပြေးရရုံတင် မကသေးပါ။ ဘိန်းစိမ်းရှစ်တန်နှင့် မြင်းလားအကောင်ရေ ရာချီပြီး တစ်ဖက်ရန်သူလက်ထဲ ရောက်ရှိသွားပါတယ်။ ဒါ့အပြင် တပ်ဖွဲ့အင်အား ရှစ်ရာကျော် သုတ်သင်ရှင်းလင်းခံရပါတယ်။ ဖုန်ကျားရှင်လည်း မြန်မာနိုင်ငံမှာ ခြေကုပ်ယူမရ တဲ့အဆုံး တရုတ်ပြည်ထဲ ထွက်ပြေးခိုလှုံပါတယ်။} (စာ-၁၅)
    ဖုန်ကျားရှင်ဟာ ကိုးကန့်စော်ဘွားတွေဆီမှာ တပ်ဖွဲ့မှူးလုပ်ခဲ့စဉ်က တရုတ်ဖြူ(ချန်ကေရှိတ်ရဲ့ ကူမင် တန်တပ်တွေ'နဲ့ လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံ ခဲ့ရာက ယခုတော့ တရုတ်ကွန်မြူနစ်ပါတီ အနီတွေရဲ့ အရိပ်အာဝါသမှာ ခိုလှုံရပြန်ပါတယ်။ ဒါ့ကြောင့် တရုတ် စာရေးဆရာက ဒီလိုသုံးသပ်ထားပါတယ်။
    'ဖုန်ကျားရှင်ဆိုတာ တရုတ်နီ၊ တရုတ်ဖြူအုပ်စု နှစ်ခုထဲက လူးလှိမ့်ကာ ထွက်ပေါ်လာခဲ့သူပါ။ ကူမင်တန် တရုတ်ဖြူတို့ရဲ့ ပြုစုပျိုးထောင်တာ ခံရသလို ကွန်မြူနစ် တရုတ်နီတို့ရဲ့ ပြုစုပျိုးထောင်တာကိုလည်း လက်သင့်ခံခဲ့တဲ့သူ ဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ စော် ဘွားတို့ရဲ့ ဗြောင်ကျကျ တိုက်ခိုက်ကြတာတွေ၊ ခြေပုန်း ခုတ် သတ်ကြဖြတ်ကြ၊ သွေးညှိနံ့သင်းတဲ့ အထဲမှာလည်း လူးကာလှိမ့်ကာ ပါဝင်ခဲ့သူဖြစ်နေပြန်ပါသေးတယ်။' (စာ-၄၁)
    ဖုန်ကျားရှင် တရုတ်ပြည်ရောက်နေချိန်မှာပဲ ဗကပတို့ရဲ့ ပြည်သူ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင် လိုက်ပါတယ်။ '၁၉၆၇ ခုနှစ် နိုဝင်ဘာလ ယူနန်ပြည်နယ် ပေါင်စန်းခရိုင် နုကျန်း(မြစ်ဝှမ်းမြေပြန့်ဒေသနှင့် ကျဲန်း ခန်းခရိုင် ထဲျ့စွတ်ကုန်းမှာ ဗကပပြည်သူ့တပ်မတော်ကို တရားဝင်ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ စစ်သည် အင်အား အရင်းအမြစ်ကို အစိတ်အပိုင်းသုံးရပ်ကနေ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ (၁) တရုတ်ပြည်မှာပညာ  တော်သင်အဖြစ် ရောက်ရှိနေတဲ့ ဗကပအင်အား၊ (၂) တရုတ်ပြည်ထဲမှာ လေလွင့်နေတဲ့ နော်ဆိုင်းတပ်ဖွဲ့၊ (၃) ဖုန်ကျားရှင်တပ်ဖွဲ့တို့ ဖြစ်ပါတယ်။' (စာ-၃၅)
    ဒီလိုနဲ့ ဖုန်ကျားရှင်ဟာ ဗကပကြီးဖြစ်လာခဲ့ ပြန်ပါတယ်။ နော်ဆိုင်းက လားရှိုးဇာတိဖြစ်ပြီး ဗြိတိသျှ ကိုလိုနီတပ်မှာ စစ်မှုထမ်းခဲ့တယ်။ ဂျပန်တော်လှန်ရေးမှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့လို့ ဗြိတိသျှစစ်တပ်က ဆုတံဆိပ်ချီးမြှင့်ခဲ့တယ်။ လွတ်လပ်ရေးရပြီးစက အစိုးရ တပ်မှာ ဆက်လက်တာဝန်ထမ်းဆောင်တယ်။ ဒါပေမဲ့ ၁၉၄၉ မှာ နော်ဆိုင်းတပ်ဖွဲ့ တောခိုသွားတယ်။ ၁၉၅၀ မှာ လူအင်အားလေးရာကျော်အထိ ကြီးထွားလာခဲ့ပေ မယ့် မြန်မာ့တပ်မတော်ရဲ့ ချေမှုန်းခြင်းခံလိုက်ရပြီး တရုတ်ပြည် လုစီးခရိုင်မှာ ခိုလှုံနေထိုင်ခဲ့တယ်။ ၁၉၆၇ မှာ ဗကပ တပ်ဖွဲ့တော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တိုက်တွန်းစီစဉ်ချက်အရ သူ့ရဲ့ လက်ကျန်အင်အားတွေဟာ ဗကပအဖြစ် အသွင်ပြောင်းသွားပါတယ်။
    ၁၉၃၉ သြဂုတ်လ ၁၅ ရက်မှာ ဗကပကိုစတင် ဖွဲ့စည်းခဲ့ပြီး ၁၉၄၈ မတ်လ ၂၈ ရက်မှာ လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့ပါတယ်။ အစောပိုင်းမှာ အောင် မြင်မှုတချို့ ရခဲ့ပေမယ့် ၆၄ လမ်းစဉ် ချမှတ်ပြီးနောက် ပိုင်း အကျအဆုံးများခဲ့ပါတယ်။ ပဲခူးရိုးမကို စွန့်ခွာပြီး အရှေ့မြောက်စစ်ဒေသမှာ ဗကပတို့ရဲ့ ပြည်သူ့တပ်မ တော်ကို နော်ဆိုင်းတပ်၊ ဖုန်ကျားရှင်တပ်တွေ ပါဝင်စေ ပြီး ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၈ ဇန်နဝါရီ ၁ ရက်မှာ ဗကပတို့ရဲ့ ပွဲဦးထွက်တိုက်ပွဲဟာ ]မုန်းကိုး}ကို သိမ်းနိုင်ခဲ့ပါတယ်။
    'မြန်မာအစိုးရက ကိုယ့်တပ်ဖွဲ့ကို အမြန်ဆုံး ပြန်လည်ပြုပြင် ဖွဲ့စည်းလိုက်တယ်။ တပ်အင်အား အလုံးအရင်းဖြင့် မြောက်ပိုင်းကို ထိုးစစ်ဆင်လိုက်တယ်။ ဗကပ ပြည်သူ့တပ်မတော် ၃၀၃ ဆုတ်ခွာပေးလိုက်ရ တယ်။ နော်ဆိုင်းနဲ့ ဗိုလ်သန်းရွှေ(ဗကပ)တို့ တိုက်ပွဲတစ် ပွဲပြီးတစ်ပွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။' (စာ-၄၇)
    တော်လှန်ရေးဟာ နှေးရင် ငါးနှစ်၊ မြန်ရင်း သုံးနှစ်နဲ့အောင်မယ်လို့ ပါတီဥက္ကဋ္ဌကိုယ်တိုင် လေလုံးထွားခဲ့ပါတယ်။ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ရာ ရှုံး တစ်ခါ နိုင်တစ်လှည့်နဲ့ပဲ တပ်အင်အားကို ကြီးထွား အောင်ချဲ့ထွင်ခဲ့ပါတယ်။
    'နှစ်ဆယ်ရာစု ကမ္ဘာပေါ်မှာ ကွန်မြူနစ်ပါတီ ဒါမှမဟုတ် အလုပ်သမားပါတီ အဖွဲ့အစည်းပေါင်း ၂၇၀ ကျော် ပေါ်ထွန်းခဲ့ပါတယ်။ ဒီအထဲမှာ ၁၁၃ ပါတီက နိုင်ငံ့အုပ်ချုပ်ရေး ယန္တရားကို ဆုပ်ကိုင်ထားပါတယ်။ အာဏာရပါတီအဖြစ် တည်ရှိပါတယ်။ အာဏာမဲ့ပါတီ တွေထဲမှာ ဗမာပြည် ကွန်မြူနစ်ပါတီက အင်အား အကောင်းဆုံး ဖြစ်ပါတယ်။ အင်အား ၇၅၀၀၀ ရှိတဲ့လက် နက်ကိုင်တပ်ဖွဲ့ကြီး ရှိပါတယ်} (စာ-၈၁)
    ဒါပေမဲ့ သူတို့မနိုင်ပါ။ စစ်ရှုံးတဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး တစ်ဖက်နိုင်ငံဆီ ပါတီချင်း အကူအ ညီပေးဖို့ တစာစာ တောင်းခံနေရပါတယ်။ အဲဒီအချိန် မှာ ဟိုဘက်က နိုင်ငံကြီးမှာလည်း နိုင်ငံရေး၊ စီးပွားရေး မူဝါဒ အပြောင်းအလဲတွေ ဖြစ်ပေါ်နေခဲ့လေပြီ။ ညီ နောင် ပါတီအနေနဲ့ ယွမ်ပေါင်း(သန်းနှစ်ထောင့်တစ်ရာ) စီးပွားရေး အကူအညီပေးခဲ့ပြီး တပ်မငါးတပ်စာ လက်နက်ခဲယမ်း တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုတစ်ခါ တပ်မ ၁၀ တပ်စာ လက်နက်တပ်ဆင်ပေးဖို့ ထပ်မံတောင်းဆိုရာ ဟိုဘက်ပါတီကြီးက လုံး၀ ပယ်ချလိုက်ပါ တယ်။ (စာ-၅၈-ရှု)
    အဲဒီမှာ သူတို့ ဆက်လက်ရှင်သန်ရေးအတွက် ဘိန်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ပါတော့တယ်။ ကွန်မြူနစ်တွေဆိုတော့ ဘိန်းကုန်ကူးရတာကို ရှက်တော်မူပြီး ဘိန်းကို ဘိန်းလို့ မခေါ်ဘဲ 'အထူးကုန်'လို့ သတ် မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဗကပ ဆရာကြီးတွေဟာ 'အကုန်ဝယ် အကုန်ရောင်း'စနစ်နဲ့ ဘိန်းစီးပွားရေးကို ချုပ်ကိုင်လိုက်ပါတယ်။ လက်အောက်ငယ်သားတို့ တစ်ဦးချင်း ရောင်းဝယ်ရေးလုပ်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ဒေသခံ ရွာသူရွာသားတွေဆီက အထူးကုန်အကောက်ခွန်(ဘိန်းခွန်) စည်းကြပ်ပါတယ်။ အရှေ့မြောက် စစ်ဒေသမှာ 'အထူးကုန်(ဘိန်း)ကုန်သွယ် ရေးအဖွဲ့'ကို ဖွဲ့စည်းခဲ့ပါတယ်။ ဘိန်းနဲ့ပတ်သက်လာရင် ကိုးကန့်နဲ့ကင်းလို့မရပါဘူး။ ဒါ့ကြောင့် ဘိန်းကုန်သွယ် ရေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ကိုးကန့် တပ်သား ဟောင်းကြီး 'ကျင်တက်လန်'ကို တာဝန်ပေးလိုက်ပါတယ်။ ဒီအဖွဲ့ဟာ ဗကပရဲ့ 'ရတနာသိုက်ကြီး' ဖြစ်တယ်လို့ ဆိုပါတယ်။
    'တပ်စခန်းချထားတဲ့ နေရာတိုင်းလိုလိုမှာ မူးယစ်ဆေးဝါး ပြုပြင်မွမ်းမံရေး မိစ္ဆာအယူဝါဒလမ်းကြောင်းကို လျှောက်လှမ်းနေကြပါတယ်။ ဒီအချက်အလက်ကို တရားဝင် ယူဆောင်လာပြီး ဗဟိုနိုင်ငံရေး အစည်းအဝေးမှာ ချပြဆွေးနွေးပါတယ်။ ရဲဘော်စိုးသိမ်းက ဒါကို ဆန့်ကျင်တဲ့အဖွဲ့ထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ထောင်ပြီး အဆုံးအဖြတ် မဲယူတဲ့အခါ အများစုက သဘောတူညီတဲ့ လက်ချောင်းတွေ ထောင်ပေးကြပါ တယ်။ ခွင့်ပြုချက် ရရှိသွားပါတယ်။' (စာ-၂၃)
    'အထူးကုန်ပစ္စည်း ကူးသန်းရောင်းဝယ်ရေးအဖွဲ့က ထိပ်သီးပိုင်းနှင့် စစ်ဗိုလ်တွေ ချမ်းသာကြွယ်၀ ကုန်ပါပြီ။ စိတ်ဓာတ်ရေးရာပိုင်း စတင်ရှုပ်ထွေးကုန်ပါတယ်။ စားမယ်၊ သောက်မယ်၊ ဖဲရိုက်မယ်၊ လောင်းကစား မယ်၊ လယ်ယာမြေ အိမ်တွေဝယ်မယ်၊ မယားငယ် အချောအလှတွေ ယူမယ်၊ တချို့များဆိုရင် သူတို့ကိုယ်တိုင် မူးယစ်ဆေးစွဲသူတွေ ဖြစ်ကုန်ကြတယ်။ အဲဒီနောက်ပိုင်း ဟီးရိုးအင်းထုတ်လုပ်တဲ့ အလုပ်ရုံတွေက မိုးတွင်းကာလ မျှစ်စို့တွေလိုမျိုး ထိုးထိုးထောင်ထောင် နေရာအနှံ့ပျံ့နှံ့နေပါတယ်။ ဗကပ နယ်မြေဒေသမှာ ဟီးရိုးအင်းမွမ်းမံ ထုတ်လုပ်မှု အလုပ်ရုံက ၈၅ ရုံရှိပါတယ်။ ဗကပအတွင်းပိုင်းမှာ အဆင့်အသီးသီး၊ ကေဒါပိုင်းအသီးသီးတို့က ငွေကို မြင်လျှင် မျက်လုံးတွေပြူးကျယ်ကုန်ကြတယ်။ အားလုံးနီးပါး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု မုန် တိုင်းထဲ လှိမ့်ဝင်ကုန်ကြတယ်။'
    'ပေါက်ကွဲမှုကြီးအဆင့် အကျိုးအမြတ် ရှေ့မှောက်မှာ ပါတီစိတ်ဓာတ်၊ တော်လှန်ရေး၊ စစ်သည်တော် အသွင် ရုပ်ပုံကားချပ်တို့က ရွှံ့မြေတို့ဖြင့် ပန္နက်ရိုက်ထား တဲ့ မြေသားအုတ်မြစ်လို ဖြစ်နေပါတယ်။ ရေနဲ့ ထိတွေ့ လိုက်တဲ့အခါမှာ ပျော်ဆင်းပြီး ပြိုပျက်ကုန်ပါတယ်။ ဒါ ကို အတွင်းသိ၊ အစင်းသိသူတို့ရဲ့ ပြောပြချက်အရ ဗကပ ဥက္ကဋ္ဌသခင်ဗသိန်းတင်ကလွဲပြီး မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှု မကင်းတဲ့သူ မရှိချေလို့ ပြောကြပါ တယ်။ အဆင့်မြင့် ကေဒါခေါင်းဆောင်တိုင်း အားလုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ထဲကနေ အကျိုးအမြတ်တွေ ရရှိကြပါတယ်။' (စာ-၂၆)
    ဗကပဟာ အဝေးကနေကြည့်ရင်တော့ တော်လှန်ရေးပါတီကြီး၊ အနီးကပ်ကြည့်လိုက်တော့ ဘိန်း မှောင်ခို အနက်ရောင်ဂိုဏ်းကြီး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရှေ့တန်းရောက်စစ်သည်များနဲ့ မြို့ပေါ်က မြေ အောက်လှုပ်ရှားသူ ယူဂျီတွေက မကျေနပ်ကြတော့ပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ ပေါက်ကွဲမှုအသွင် အမြတ် အစွန်းက မြှူဆွယ်ညှို့ယူအားကောင်းလွန်းနေပါတယ်။ တပ်မဟာ အသီးသီးနှင့် နယ်ခံတို့အားလုံး အရှိန်အဟုန် ပြင်းပြင်း မောင်းနေတဲ့ကားကို ဘရိတ်အုပ်လို့ မရနိုင် တော့ပါ။' (စာ-၂၇)
    ဗကပရဲ့ မူးယစ်ဆေးဝါး လက်ဝါးကြီးအုပ်မှု၊ နေရာတကာ လွှမ်းမိုးချုပ်ကိုင်ထားမှုတွေကို ဖုန်ကျားရှင် တို့၊ ကိုးကန့်အသိုင်းအဝိုင်းက လုံးဝမကျေနပ်ပါ။ ဒါ ကြောင့် ၁၉၈၇ ဇွန်လမှာ ဖုန်ကျားရှင် (တပ်မ ၄၈၊ စစ် ဦးစီးမှူး)နှင့် လီကျုန်းရှန်(တပ်မဟာ ၆၈၃၊ နိုင်ငံရေးမှူး) တို့ဦးဆောင်ပြီး ကိုးကန့်စစ်ဘက်ရေးရာ ယာယီကွပ်ကဲ ရေးအဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ၁၉၈၇ စက်တင်ဘာလထဲမှာ တော့ ဖုန်ကျားရှင်ရဲ့ ခြံဝင်းကြီးထဲမှာ 'ကိုးကန့်ကာကွယ် ရေး အရေးပေါ်ညီလာခံ'ကျင်းပခဲ့ပြီး ဖုန်ကျားရှင်ကို အမြင့်ဆုံး စစ်ရေးခေါင်းဆောင်အဖြစ် တင်မြှောက်လိုက် ပါတယ်။ (စာ-၈၃-ရှု)
    ဗကပ ဗဟိုကလည်း ကိုးကန့်လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ်။ စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့ပေမယ့် ကိုးကန့်တွေဘက်ကလည်း ဟန်မပျက်နေ ခဲ့ပါတယ်။ ၆-၃-၁၉၈၉ ခုနှစ်မှာ ဖုန်ကျားရှင်ရဲ့ နေအိမ် မှာ 'ကိုးဦးဆွေးနွေးပွဲ'လုပ်ပြီး ဗကပကို အတိအလင်း ပုန်ကန်ခြားနားဖို့ အတည်ပြုလိုက်ပါတယ်။ မတ်လ ၁၆ ရက်နေ့မှာ ပုန်ကန်ကြမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် သတင်း ပေါက်ကြားသွားလို့ မတ်လ ၁၁ ရက်နေ့မှာပဲ အောင်မြင် စွာ ပုန်ကန်နိုင်ခဲ့ကြပါတယ်။ ]ကိုးကန့်ဟာ ကိုးကန့်သား တွေအတွက် ဖြစ်ရမယ်'၊ ]ငါတို့ရဲ့ ရေမြေကို ကာကွယ် ကြလော့}ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကိုးကန့်အလံကို လွှင့်ထူလိုက်ပါတယ်။ (စာ-၈၇)
    'မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (MNDAA) ကို ဒီနေ့တရားဝင် တည်ထောင်လိုက်ပါပြီ'လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဖုန်ကျားရှင်က MNDAA ရဲ့ စစ်သေနာ ပတိနဲ့ ပါတီဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဒါဟာ ဗကပနဲ့ ကိုးကန့်တို့ရဲ့ (၃/၁၁) အရေးအခင်းကြီးရဲ့ အကျဉ်းချုပ်ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။ ကိုးကန့်မှာ အုပ်ချုပ်သူ ဘယ်လိုပဲ ပြောင်းပါစေ၊ ကွန်မြူနစ်ဝါဒ၊ အမျိုးသားရေးဝါဒ ဘယ်လိုမူဝါဒပဲ ကျင့်သုံးပါစေ... (ကိုးကန့်သားတွေဟာ လာလတ္တံ့ အနာဂတ်မှာ လည်းပဲ ဘိန်းတွေ အရပ်လေး မျက်နှာဆီကို သယ်ယူဖြန့်ဖြူးကြမယ့် ကမ္ဘာလောကကို ရှုပ်ထွေးစေမယ့် ဘိန်းရာဇာများသာ ဖြစ်ချေဦးမယ်)လို့ မူရင်းတရုတ်စာ ရေးဆရာက ဝေဖန်သုံးသပ်ထားပါတယ်။
မြတ်ဘုန်းသစ်

( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ်(၄၆)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 323

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42848

© 2022 - 2025 News. All Rights Reserved.