၂၀၂၄ ဩဂုတ် ၁၆
"ကျုပ်နိုင်ငံရေးမလုပ်လို့ ထမင်းငတ်သွားမယ့်ကောင် မဟုတ်ဘူး။ အခု ကျုပ်ဝန်ကြီးဖြစ်နေပေမယ့် ကျုပ်မှာ ဘာမှထူးခြားမလာဘူး။ ဂျပန်ခေတ်စစ်ဝန်ကြီးတုန်းကလည်း ကျွန်တော့်မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲလို့ အပိုမရှိဘူး။ လခဘယ်လောက်ရမှန်းလည်း မသိဘူး။ ကျုပ်စိတ်ထဲမှာတော့ လူထုကြီးက ကျုပ်ကိုပေးတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကို ဝန်ကြီးဆိုတာထက် ပိုမက်တယ်" တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းစကားကို ကြားမိပြီး ကြက်သီးတဖြန်းဖြန်း ထမိသည်။ တယ်လည်း ရိုးသားတဲ့ အမျိုးသားခေါင်းဆောင်ကြီးပါလားဟု မှတ်ချက်ပြုမိသည်။ ဒီမိန့်ခွန်းအသံကို ဗိုလ်ချုပ်အသံအစစ်ဖြင့် ဟောထားသဖြင့် ဗိုလ်ချုပ်စိတ်ထားကို သိခွင့်ရတာ ဖြစ်သည်။ တချို့စာရေး ဆရာများက စင်ပေါ်တက် ဗိုလ်ချုပ်ပြောခဲ့လား၊ မပြောခဲ့လားမသိ။ မသိရင် သူတို့ရှေ့မှာ ထိုင်ပြောသွား သယောင်ဟောပြောနေ တာထက် ဟတ်လား ဟတ်လားနဲ့ ပြောတတ်တဲ့ မိန့်ခွန်း အသံအစစ်တွေကိုသာ နားထောင်ကြည့်ပြီး သူ့သဘော သူ့မနောကို သုံးသပ်ရတာ ဖြစ်သည်။
ဗိုလ်ချုပ်တို့များ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်မှာစစ်ပညာတွေသွားသင်ပြီး ဂျပန်နဲ့ပေါင်း အင်္ဂလိပ်ကိုတိုက်၊ ဂျပန်က အချိုးမပြေတော့ အင်္ဂလိပ်နဲ့ပြန်ပေါင်းတိုက်ပြီး လွတ်လပ်ရေးအရ ယူပေးခဲ့တာဖြစ်သည်။ အခုနေများ ဗိုလ်ချုပ်ကိုရှိစေချင်သည်။ အခုခေတ်တော်လှန်ရေးကြီးကို မျက်ဝါးထင်ထင် တွေ့မြင်စေချင်သည်။ဗိုလ်ချုပ်တို့များ ရုပ်ဖျက်ပြီး စစ်ပညာသွားသင်တာ ဂျပန်မှာ တော်တော်လေး အထုအထောင်းခံရသည်ဆိုတော့ စိတ်မကောင်းဖြစ်မိသေးသည်။ အခုခေတ်တော်လှန်ရေး ခေါင်းဆောင်ကြီးတွများ ရုပ်ဖျက်စရာမလိုဘဲ လက်ကလေးသုံးချောင်ထောင်ကာ အမေရိကန်သံရုံးဝင်သွားရုံဖြင့် အမေရိကန်ကို နေ့ချင်းညချင်း ရောက်သွားလေသည်။ ဗိုလ်ချုပ်မှာတော့ စစ်ပညာသင် စစ်သင်တန်းတွေ ပြန်ပို့ချ ပင်ပန်းလိုက်တာ တွေးကြည့်ရုံနဲ့ သနားဖို့ကောင်းသည်။ အခုခေတ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့ စစ်ပညာသင်စရာမလို၊ အလှမပျက်၊ ချွေးမထွက်ဘဲ အလှူခံနေရုံပင်ဖြစ်သည်။ စတိုးဆိုင်လေးဖွင့်လိုက်၊ ဈေးရောင်းလိုက်၊ အလှူခံလိုက်၊ လက်နက်ကိုင် အဖွဲ့တွေကို ပိုက်ဆံပေးပြီး စစ်တိုက်ခိုင်းလိုက်ရုံဖြင့် အမေရိကားမှာ စစ်ဦးစီးချုပ်တွေ ဖြစ်ကုန်ကြသည်။ ဗိုလ် ချုပ်သာ အခုနေရှိသေးရင် ဂျပန်ကိုသွားပြီး စစ်ပညာသင်တာ နောင်တရနေမည်ထင်သည်။ ဂျပန်မှာ စတိုးဆိုင်လေးဖွင့်၊ အလှူလေးခံကာ ဂျပန်ကိုပိုက်ဆံပေး အင်္ဂလိပ်ကို တိုက်ခိုင်း၊ အင်္ဂလိပ်ကို ပိုက်ဆံပေး ဂျပန်ကိုတိုက် ခိုင်းလိုက်ရုံဖြင့် ချွေးမထွက်၊ သွေးမထွက် လွတ်လပ်ရေး ရနိုင်သည်။ ဒီကြားထဲ အဲ့ဒီခေတ်ကသာ ဖေ့စ်ဘုတ်သုံးရင် ဖေ့စ်ဘုတ်ကနေ ဂျပန်တွေ လက်နက်ချပါ၊ အင်္ဂလိပ် တွေလက်နက်ချပါဆိုတာမျိုးကို ကဗျာလိုလို စာလိုလို တွေရေးတင်နိုင်သေးသည်။
ဂျပန်ခေတ်စစ်ဝန်ကြီးတုန်းက ဗိုလ်ချုပ်တစ်ယောက် အဝတ်သုံး၊ လေးစုံသာ ရှိတယ်ဆိုတော့လည်း စိတ်မကောင်း ဖြစ်ရပြန်သည်။ အခုခေတ်ဝန်ကြီးတွေများ အမေရိကားမှာ မိသားစုလိုက် တိုက်တွေ၊ ကားတွေနဲ့ သားသမီးတွေကို နိုင်ငံခြားကျောင်းကောင်းတွေ ထားနိုင်ကြသည်။ အဝတ်အစား ကောင်းတွေဝတ်ပြီး ရုပ်တည်ကြီးတွေနဲ့ ထိုင်စားလို့ရသည်။ ဗိုလ်ချုပ်တို့ခေတ်က အင်တာနက်ဆိုတာ မပေါ်သေးတော့ ခက်ချေသည်။ အင်တာနက်သာပေါ်ရင် ဂျပန်မှာ သာသာယာယာ ထိုင်နေလို့ရသည်။ ဗိုလ်ချုပ်ယူနီဖောင်းတွေ လေလံတင်ပြီး တော်လှန်ရေးပရောဂျက် လုပ်လို့ရသည်။ ဆယ်လမွန်ငါးတို့ အိမ်အပြန်ဆိုပြီးတော့လည်း ပရောဂျက်ဆွဲ အလှူခံလို့ရသည်။ တစ်လှိုင်းပြီးတစ်လှိုင်း လာမယ်ဆိုပြီးတော့လည်း သာသာယာယာနေလို့ ရမှာဖြစ်သည်။ ဒါတင်မကသေး အဲ့ဒီခေတ်က နယ်ချဲ့တွေကို တော်လှန်ဖို့ ဒရဂွန်ဖလိုင်းဆိုပြီး ပရောဂျက်လေးဆွဲ၊ ကျည်ကာဦးထုတ်၊ အင်္ကျီဝယ်ဖို့ ကမ်းပိန်းလေး လုပ်ရုံဖြင့် ရဲဘော်သုံကျိပ်လုံး လက်မလည်အောင် အလှူငွေတွေ ရမှာဖြစ်သည်။ အင် တာနက်မရှိတာ တော်တော်လေး နစ်နာခဲ့ရသည်။ အခုခေတ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေများ ဖေ့စ်ဘုတ်အကောင့်လေးတစ်ခုရှိရုံဖြင့် ဟိုမြို့ဆိုးအောက်၊ ဒီမြို့ဆိုးအောက်ဆိုပြီး ထိုင်ရေးနေရုံဖြင့် မြန်မာပြည်ကြီးကို အဝေးကနေ စောင့်ရှောက်နေကြသည်။
ဗိုလ်ချုပ်တို့များ မြန်မာ့လွတ်လပ်ရေးကြိုး ပမ်းစဉ် ဂျပန်ခေတ်စစ်ဝန်ကြီးဘဝက လခဘယ်လောက် ရတယ်ဆိုတာ မသိရှာပေ။ အခုခေတ် အမေရိကားက ဝန်ကြီးတွေ မဆိုထားနှင့် မဲဆောက်လောက်ကဝန်ကလေးတွေတောင် တစ်လတစ်လ ဘတ်သိန်းချီလစာယူပြီး တော်လှန်ရေးကို စွမ်းစွမ်း တမံ ဆောင်ရွက်နေကြတာ ဖြစ်သည်။ မဲဆောက်ဗီလာမှာနေ ကားလေးတဝီဝီနှင့် ယူနီဖောင်းကြီးတွေ ထုတ်ဝတ် ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်ပေါ်တင် စစ်သွေးစစ်မာန် တက်ကြွပြရုံဖြင့် အလုပ်ဖြစ်နေကြသည်။ တချို့ဝန်ကလေးတွေ၊ ဝန်ကြီးတွေဆိုရင် မဲဆောက်ဘီယာဆိုင်မှာထိုင်ပြီး ဘတ်သိန်းချီ အကုန်အကျခံကာ မြန်မာပြည်ကို ကယ်တင်ဖို့ ပလန်တွေချနေ လိုက်တာများ အားရစရာကောင်းလှသည်။ တော်လှန်ရေးဆိုတာ ကိုယ်တိုင်တိုက်စရာမလိုဘဲ ဘီယာဆိုင်ကနေ စစ်ရေးဗျူဟာ အခင်းအကျင်းတွေ ချပေးလိုက်၊ ငါတို့နိုင်တော့မှာဟု အော်ပေးလိုက်ရုံဖြင့် လစာရနေကြတာ ဖြစ်သည်။
အခုခေတ်တော်လှန်ရေးကြီးက ဈေးရောင်းတတ်ဖို့လည်း လိုသေးသည်။ အမေရိကားမှာ စတိုင်ဆိုင်ကြီး အခြေချပြီး အွန်လိုင်းဆိုင်ခွဲတွေဖွင့်ကာ ဒေါ်လာနှစ်ရာဖိုးဝယ်ရုံဖြင့် ဒေါ်လာတစ်ရာဖိုး လက်ဆောင်ပေးတဲ့ ပရိုမိုးရှင်းတွေဖြင့် တော်လှန်ပရိုမိုးရှင်းတွေဖြင့် အရောင်းအဝယ် ဖြစ်နေကြသည်။ နောက်ပြီး လကုန်ခါနီး ပရောဂျက်လေးတစ်ခုလောက်ထဆွဲပြီး အလှူခံလို့ရ သေးသည်။ အလှူငွေစာ ရင်းမရှင်းချင်ရင်လည်း ဖေ့စ်ဘုတ်ကုမ္ပဏီကြီးကနေ အကောင့်ဖျက်ချလိုက်သယောင် သံယောင်ပေးပြီး တော်လှန်ရေးရန်ပုံငွေတွေ စာရင်းဖျောက်လို့ရသေးသည်။ အခုခေတ်က ဖေ့စ်ဘုတ်ပေါ်မှာ ထောက်ပို့ ဆိုသည့် လူတွေက တစ်ယောက်နှင့် တစ်ယောက်အလှူခံရင်း ခွက်အကြီး၊ အသေးတိုင်းကာ ရန် ဖြစ်ကြသေးသည်။ အမေရိကန်ကခွက်က ပိုကြီးကြောင်း၊ နင်တို့စင်ကာပူက ခွက်ကပေါက်နေကြောင်း၊ မဲဆောက် က ခွက်ကသေးကြောင်း တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေ တက်နေကြသေးသည်။
ဗိုလ်ချုပ်တို့ခေတ်က ဖေ့စ်ဘုတ်မပေါ်တာလည်းတစ်မျိုးတော့ ကောင်းသည်။ မဟုတ်ရင် ရဲဘော်သုံးကျိပ် အလှူခံရင်း ရန်ဖြစ်ကာ လွတ်လပ်ရေးက အခု ခေတ်လို တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဖြစ်ကာ အလှူခံရင်း ကြာသွားနိုင်သည်။
ခုခေတ်တော်လှန်ရေးကြီးက ဗိုလ်ချုပ်တို့ ခေတ်ကနဲ့ မတူတာတော့ အသေချာပင်ဖြစ်သည်။ အခုခေတ်က ဖေစ့်ဘုတ်အကောင့်လေးတစ်ခုရှိရုံဖြင့် တော်လှန်လို့ရသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုရင် စတေးတပ်လေးတစ်ကြောင်းလောက် ထိုင်ရေးလိုက် တော်လှန်လိုက်နဲ့ နှစ်ရှည်ထိုင်တော်လှန်နေကြသည်။အရင်ကတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် "R2P ဝင်ဖို့ အလောင်းလိုရင် ငါ့ကိုပစ်သတ်လိုက်"ဆိုပြီး တင်ခဲ့ကြသော်လည်း ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးကြီးမှာတော့ "အမေရိကားသွားဖို့ တစ်ယောက်လိုရင် ငါကိုခေါ်လိုက်"ဆိုပြီး ပြောင်းလဲ သွားပြီဖြစ်သည်။ ဒါမှလည်း ကြာကြာတော်လှန်လို့ရမှာဖြစ်သည်။
တော်လှန်ရေးကကြာမှလည်း ခေါင်းဆောင်ကြီးတွေ အနေအစားချောင်ကြမှာ ဖြစ်သည်။ အခုလည်း ဖေ့စ်ဘုတ်ပေါ်မှာ ပြည်သူများသို့ အောင်စကားဆိုပြီး တော်လှန်ရေးကြီး အဓွန့်ရှည်ဖို့ ကြိုးပမ်း နေပုံများ အောင်အတိတ် အောင်နိမိတ် အောင်အလှူခံရင်း အောင်ဒေါ်လာတွေနဲ့ အောင်အမေရိကားမှာ မိသားစု လိုက်ကြီးအောင်မြင်နေကြပြီဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )