၂၀၂၅ မတ် ၁
"အောင်မလေး...ကြားရတာ နားဝမှာ မချမ်းသာ ဆိုသလိုပါဘဲ ဗိုလ်ချုပ်ရယ်"
ဗိုလ်ချုပ်ကြေးရုပ်တုကြီးနား မောင်ထူးမြတ်လေးတစ်ယောက် ထိုင်ညည်းတွားနေမိသည်။ ကြေးညှိတွေတက်နေသော ဗိုလ်ချုပ်ရုပ်တုအနီး ထီးကွယ်ကာ အနမ်းမိုးခြွေနေသော အတွဲတစ်တွဲ ရုတ်တရက် လန့်သွားပြီး နေရာပြောင်းသွားကြသည်။ နေပူကြီးထဲ မတ်တတ်ရပ်နေသော ဗိုလ်ချုပ်ကို အသာမော့ကြည့်ရင်း ညည်းတွားပြောဆိုလိုက်သော မောင်ထူးမြတ် အသံကိုကြားတော့ ဗိုလ်ချုပ်မနေသာတော့ဘဲ မတ်တတ်ရပ်နေရာမှ အသာလေး ထိုင်ချလိုက်သည်။
"ကိုင်း မောင်ထူးမြတ် ဘာတွေများ ကြားရတာ နားဝမှ မချမ်းသာတာလည်း ပြောစမ်းပါဦးကွ။ ငါလည်း တစ်ယောက်တည်း ပျင်းနေတာ လေးနှစ်လောက်ရှိပြီ။ အရင်ဆိုရင် ငါနားကို ပင်နီဝတ်လူတွေ တရုန်းရုန်းနဲ့ ပဲပြုတ်နံပြားကျွေးလိုက်၊ လာအလေးပြုလိုက်နဲ့ ရှုပ်နေတာ။ အခုတော့ ပဲပြုတ်နံပြား အသံတောင် မကြားရတာကြာပြီ။ ကဲပြောစမ်းပါဦး အံ့မခန်း တော်လှန်ရေးကြီးအကြောင်း"
"ဒီလို ဗိုလ်ချုပ်ရ ဗိုလ်ချုပ်ခေတ်တုန်းက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က စစ်သားလေးတွေကို ဈေးခြင်းတောင်း ဆွဲခိုင်းတာ ဗိုလ်ချုပ်က မကြိုက်ဘူးဆို"ဟု ပြောလိုက်လေရာ ဗိုလ်ချုပ်အသာလေး စောင်းငဲ့ကြည့်ပြီး "ဟုတ်တယ်လေကွာ ရဲဘော်လေးတွေဆိုတာက တိုင်းပြည်အတွက်လေကွာ ဟတ်လား၊ ခင်ကြည် ဈေးခြင်းတောင်း ဆွဲဖို့မှမဟုတ်တာ အဲဒီကာလက ငါက တော်လှန်ရေးခေါင်းဆောင်၊ သူတို့လေးတွေက တော်လှန်ရေး တပ်သားလေးတွေလေ။ ကဲဆိုစမ်းပါဦး ခင်ကြည်ဈေး ခြင်းတောင်းနဲ့ မင်းကြားရတာနားဝမှာ မချမ်းသာတာနဲ့ ဘာဆိုင်တုန်း:
"ဒီလို ဗိုလ်ချုပ်ရေ ခုခေတ် တော်လှန်ရေး ကာလကြီးမှာတော့ တော်လှန်ရေးရဲဘော်လို့ ပြောတဲ့သူတွေက ပြည့်တန်ဆာခန်းရှေ့ အစောင့်လုပ်ရတယ်လို့ သတင်းဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသဗျို့"
"ဟေ ဒါဆို -ာခန်းစောင့် ရဲဘော်ပေါ့"
"ဟာဗျာ ဗိုလ်ချုပ်ကလည်း တိုးတိုးပြောပါ ဖြတ်သွားဖြတ်လာ ကလေးမလေးတွေ ကြားသွားရင်ဒုက္ခ။ ထားပါတော့ ဗိုလ်ချုပ်ပြောသလို ဟိုအခန်းဆောင့်တဲ့ ရဲဘော်တွေပေါ့ဗျာ။ ဒါတင်မကသေးဘူး ခုခေတ်တော်လှန်ရေး ခေါင်းဆောင်တွေက ခုခေတ်အခေါ် KTV ဆိုတဲ့ သီချင်းဆိုတဲ့ နေရာလာရင် တော်လှန်ရေး ရဲဘော်တစ်ယောက်က အခန်းကို အရင်လာပြီး လုံခြုံရေး ယူရသတဲ့ဗျာ။ ဒီလိုပဲ ဟို ကချင်ပြည်နယ်က ဒူဝါတွေ လာရင်လည်း လုံခြုံရေး ယူရတယ်တဲ့ဗျ"
"သြော်...မောင်ထူးမြတ်ရယ်၊ ငါလည်း မြန်မာပြည် လွတ်လပ်ရေး မရခင်က တစ်ခါတလေ ရုပ်ရှင်လေး ဘာလေးကြည့် အပန်းဖြေ ကြည့်တာပဲလေ။ သူတို့လည်း သီချင်းဆိုချင်ရှာမှာပေါ့။ ငါလည်း ဒီကောင်တွေနဲ့ဆုံရင် ငွေသော်တာရောင်ခြည်လေး တစ်ပုဒ်လောက် ဟစ်ချင်သေးသကွာ။ နေစမ်းပါဦး ကွ မင်းပြောတဲ့ KTV တို့၊ ပြည့်တန်ဆာခန်း ဆိုတာတွေက ဘယ်နေရာမှာ ဖွင့်တာလဲဟ"
"ဗိုလ်ချုပ်တို့ အညာဘက်မှာတဲ့ဗျာ"
"ဟေလကွာ တို့အညာက ဘာအညာ ဖြစ်ကုန်ပြီပေါ့။ သေချာလို့လားကွာ တို့အညာက လူရိုးလူအတွေ များပါတယ်ကွာ"
"လူရိုးလူအတော့ မသိဘူး ဗိုလ်ချုပ်ရေ။ ဗိုလ်ချုပ်တို့အညာ ခေတ်မီနေပုံများ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ပိုက်ဆံသာပေး ကြိုက်တာ လုပ်လို့ရတယ်တဲ့ဗျာ။ လောင်းကစား ဝိုင်းတွေ၊ ပြည့်တန်ဆာခန်းတွေ၊ မူးယစ်ဆေးဝါးတွေ၊ KTV တွေ၊ ဘီယာဆိုင်တွေနဲ့ အလွန် စည်ကားနေတယ်ဆိုပဲ ဗိုလ်ချုပ်ရေ"
တစ်ဆက်တည်း ဗိုလ်ချုပ်ပါးစပ်အဟကိုမခံဘဲ "ဗိုလ်ချုပ်မေးမှာ ကြိုသိတယ်မမေးနဲ့ ဗိုလ်ချုပ် ရေ။ ဒီလိုဗိုလ်ချုပ်ရေ၊ ဗိုလ်ချုပ်တို့ခေတ်ကတော့ အင်္ဂလိပ်မျက်နှာဖြူတွေ၊ ဂျပန်တွေကို တော်လှန်တာ၊ ခုခေတ်က ဗိုလ်ချုပ်တည်ထောင်ထားတဲ့ တပ်မတော်ကို တော်လှန်တာတဲ့ဗျာ။ ဒီလိုတော်လှန်ရင်း လက်နက်ကိုင်ရတာကို အရသာ တွေ့သွားပြီး ဗိုလ်ချုပ်တို့ အညာဒေသလည်း ဗိုလ်ချုပ်ပြောသလို ဘာအညာကြီး ဖြစ်သွားတော့တာပဲ"
"အောင်မာ ရာရာစစ တပ်မတော်တောင် တော်လှန်တယ်ဆိုပဲ။ နို့နေစမ်းပါဦး တစ်ခေါက်က မင်း ငါ့ကို လာပြောပြတဲ့ စစ်ပညာသင်ဖို့ အမေရိကားကို သွားတဲ့ ရဲဘော်တွေကရော ပြန်မလာကြဘူးလား"
"သွားတုန်းကတော့ အိမ်ပြန်မယ့်လှိုင်းတို့၊ ပြည်တော်ဝင်မယ်ဆိုပြီး အော်ကြဟစ်ကြသေးတာပဲ။ အခုတော့ ဘာအသံမှ မကြားရတော့ဘူးဗျာ။ ဗိုလ်ချုပ်တို့ခေတ်ကတော့ လွတ်လပ်ရေးရဖို့ ရဲဘော် သုံးကျိပ်ပဲ စစ်ပညာသွားသင်ကြတာလေ။ အခုက ခေတ်ပြောင်းသွားပြီ ဗိုလ်ချုပ်ရေ။ ကျုပ်တို့တွေကို ထားခဲ့ပြီး စစ်ပညာသွားသင်မယ်ဆိုပြီး အသုတ်လိုက် ထွက်သွားလိုက်တာ ရဲဘော်အကျိပ် ၅၀၀ လောက် ဖြစ်သွားပြီ ဗိုလ်ချုပ်ရ။ တချို့ဆို မိသားစုလိုက်ကြီး စစ်ပညာသွားသင်ကြတာ။ ဗိုလ်ချုပ်တို့ ခေတ်ကမှ အနေဆင်းရဲ၊ အစားဆင်းရဲပြီး အခန့်မသင့်ရင် ဂျပန်တွေက ပါးရိုက်သေးတာ။ အခုကတော့ နေစရာလည်းရ၊ စားစရာလည်းမပူရ။ ဒီကြားထဲ ဈေးဆိုင်လေး၊ စတိုးဆိုင်လေး တစ်နိုင်တစ်ပိုင် ဖွင်ရောင်းပြီး အမြတ်အစွန်းလေးများတော့ အိုးပိုင် အိမ်ပိုင်လေးတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေတွေတောင် ဖြစ်ကုန်ပြီဗျ။ ကြာကြာတော်လှန်လေ ပိုက်ဆံများများ ရလေပေါ့ဗျာ"
"ဟိုက်...သောက်ကျိုးနည်း တော်လှန်ရေး ကြီးပါလား။ ဒါနဲ့ နှောင်းလူတွေများ ငါ့ကျေးဇူး သိသေးရဲ့လားကွ။ အရင်ကဆိုရင် ငါ့မွေးနေ့ ပဲပြုတ်နံပြားလေး ကျွေးကျ။ ကျဆုံးတဲ့ရက်ဆို လူတွေ တရုန်းရုန်းနဲ့လာကြ။ငါ့ရုပ်တုကြီးတွေ လူအမြင်ကပ်အောင် ပန်းခြံတိုင်း လိုက်ထုကြတော့ ငါတောင် အားနာနေတာ"
"ဒါတော့ စိတ်ချဗိုလ်ချုပ်ရေ၊ ဗိုလ်ချုပ်ကိုတော့ မေ့ဟန့် မတူသေးဘူး။ ဗိုလ်ချုပ်မွေးနေ့နား နီးရင် အမေရိကားမှာ ဗိုလ်ချုပ်မွေးနေ့အမှတ်တရ ဈေးရောင်းပွဲတော် ကြီးတွေ ကျင်းပတယ် ကြားတာပဲ။ ဟော အာဇာနည်နေ့ နီးရင်လည်း ဗိုလ်ချုပ်ကို အကြောင်းပြု ရန်ပုံငွေ ရှာကြတာတော့ နှစ်စဉ်ပဲဗျာ"
"ကောင်းလိုက်တာကွာ ဒါကြောင့် ပြောတာ စစ်သားဆိုတာ သေသွားရင်တောင် အရိုးက လုပ်ကျွေးတယ်ဆိုတာ။ အခု ငါကျဆုံးတာ နှစ်တောင် အတော်ကြာပေါ့။ ခုချိန်ထိ ငါ့နာမည်နဲ့ လုပ်စား လို့ကောင်းတုန်းပဲပေါ့။ တောက် ဟိုကာလ လူတွေ စုရုန်း စုရုန်းနဲ့ ဆန္ဒပြ ကြတုန်းကဆိုရင် ငါ့ကို ရှေ့ထားပြီး 'ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို ဘာလုပ်ဖို့မဟုတ်ဘူး၊ ညာလုပ်ဖို့ မဟုတ်ဘူး' ဆိုတဲ့ သကောင့်သားတွေ အခုတော့ စစ်ပညာလေးလည်း တတ်လာရော ဘာဖြစ်တယ်၊ အညာမှာ ပြည့်တန်ဆာခန်း လုံခြုံရေး လုပ်တတ်သွားကြပြီပေါ့။ ရှက်စရာ ကောင်းလိုက်တာကွာ။ အောင်မာ ခေါင်းဆောင်တွေ KTV ဆိုတာကြီးကို လာရင် စောင့်ရှောက် ပေးရသေးဆိုပဲ။ တိုးတက်လိုက်ကြတာ ဘာအထာနဲ့ ရွှေအညာကြီးကို ဖြစ်ရောပေါ့ ဟူး..."
ဗိုလ်ချုပ်တစ်ယောက် စိတ်ညစ်သွားပုံရသည်။ဖေဖော်ဝါရီ နေအပူရှိန်ထဲ လက်နောက်ပစ် မတ်တတ်ရပ်နေသည့် ဗိုလ်ချုပ်တစ်ယောက် ခုခေတ်တော်လှန်ရေးကြီး အကြောင်းစုံကိုသိတော့ ရင်တွင်း ပူလောင်နေလိမ့်မည်။
"ကဲဗိုလ်ချုပ်ရေ စကား ကောင်းနေလိုက်တာဗျာ။ နေတောင် အတော်စောင်းရောပေါ့။ ဒီလိုအချိန်ဆိုရင် အရင်က ဗိုလ်ချုပ်ရုံးပြန်ရင် ကားမောင်းတဲ့ ဒရိုင်ဘာ ကျော်စိန်က အရက်တွေ မူးမူး နေလို့ အပါးတော်မြဲ ဗိုလ်ထွန်းလှက ကားမောင်း လိုက်ပို့ရတာဆို"
"ဟုတ်ပါ့ကွာ သူ့မလည်း ကလေးတွေများ၊ မိန်းမကလည်း ပွစိပွစိဆိုတော့ စိတ်ညစ်ပြီး သောက်တာနေမှာပေါ့။ တော်လှန်ရေးကာလ ဆိုတော့လည်း ဘယ်သူမောင်းမောင်း လိုရာခရီး ရောက်ဖို့လိုတော့ ထွန်းလှပဲ မောင်းခိုင်းရတာပေါ့။ ခုခေတ် တော်လှန်ရေးမှာရော ကျော်စိန်လို မူးတဲ့လူတွေ ရှိသေးလားဟ"
"ရှိပါ့ ဗိုလ်ချုပ်ရယ်၊ တစ်ခါတလေ မူးမူးနဲ့ ပေါက်ကရတွေ ထထပြောသေးတာ။ တွဲတိုင်းမှာ စက်ခေါင်းပါတယ်တို့၊ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပြီတို့၊ စစ်မျက်နှာ ခြောက်ခု ဖွင့်တိုက်မယ်တို့ ထထ ပြောသေးတာ"
"တော်ပါတော့ မောင်ထူးမြတ်ရယ်။ မင်းတို့ ခေတ် တော်လှန်ရေးသမားတွေများ အရက်၊ မိန်းမ၊ လောင်းကစားနဲ့ အပျော်အပါး မက်မှတော့ ဘာအထာနဲ့ ရွှေအညာ ဖြစ်တာ နည်းတောင် နည်းသေး တယ်။ ကဲ.. ငါလည်း အညောင်းပြေပြီ ပြန်မတ်တတ်ရပ်လိုက်ဦးမယ်"ဆိုပြီး မတ်တတ်ထရပ်လေ တော့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )