ဘုရားပွဲဈေးများဖြင့် စည်ကား ပျော်ရွှင်နေသည့် မြို့တော်ရန်ကုန် 

၂၀၂၄ ဒီဇင်ဘာ ၂၂

    ပွဲဈေးဟု ဆိုလိုက်လျှင် လမ်းမတစ်လျှောက် ၁၂ ပွဲဈေးသည်များ၊ တိုးဝှေ့သွားလာ လည်ပတ်နေကြသူများ၊ ရောင်စုံမီးများဖြင့် စည်ကားလွန်းလှသည့် ပျော်စရာ ညဈေးတန်းကြီးအသွင်အဖြစ် ချက်ချင်းတန်းမြင်ကြရမည် ဖြစ်သည်။ လူတိုင်းတွင် ဘုရားပွဲဈေး အတွေ့အကြုံ အမှတ်တရများစွာ ရှိနေကြမည်ဖြစ်ပြီး ပွဲဈေးရှိသည်ဟုဆိုလျှင် လူတိုင်းပျော်ကြသည်။ ပျော်ပျော်ပါးပါးလည်း ပွဲဈေးလည်ပတ်လေ့ ရှိကြသည်။
    ပွဲဈေးတိုင်းတွင် လူကြီးလူငယ်များသာမက ကလေးသူငယ်များပါ အသက်အရွယ်အစုံ၊ အရွယ်စုံ ပျော်ရွှင်ကြလေ့ရှိပြီး အပျော်စီးလှေနှင့် ချားရဟတ်တို့မှာလည်း ပွဲဈေးတွင် မပါမဖြစ် ရှိနေခဲ့သည်။ အစားအသောက်မျိုးစုံ စုံလင်သလို လူ့အသုံးအ‌ဆောင်နှင့် ဖန်စီပစ္စည်းများ ခင်းကျင်းထားသည်။ ပွဲဈေး လျှောက်ရင်း  မြန်မာမုန့်မျိုးစုံ ဝယ်စားကြသည်။ ဈေးပွဲတော်လျှောက် လည်ကြရာတွင်လည်း ပွဲဈေး၏ အဓိကအစားအစာတစ်ခုဖြစ်သည့် ဘူးသီးကြော်နှင့်  ဆလတ်ရွက်ကို လူတိုင်းလိုလို စားဖြစ်ကြမည် ဖြစ်သည်။ ပွဲဈေးတစ်ခုလုံး လူများသည် အသံစုံသည်၊ သီချင်းများ၊ ဆောင်းဘောက်များ အပြိုင်ဖွင့်နေကြပြီး ဆူညံရှုပ်ထွေးနေသည့်သဘော တွေ့ရသည်။ သို့သော် မည်သူကမျှ နားငြီးသည်၊ မျက်စိရှုပ်သည်ဟု မပြောကြ။ လူစုမကွဲအောင် တစ်ယောက်နှင့် တစ်ယောက် လက်ချင်းချိတ်ကာ လျှောက်လှမ်းရင်း တိုးဝှေ့သည့်ဒဏ်ကို နားလည်သည်းခံတတ်ကြသည့်သဘောတွေ့ရသည်။


    ထိုအခင်းအကျင်းကို ပွဲလည်ပတ်သူတိုင်း နှစ်သက်ကြသလို ချားရဟတ်လည်ပတ်သံ၊ ပင်လယ်ဓားပြ လှေစီးသူတို့၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများမှာ ပွဲဈေးအသွင်ကို ပို၍ အသက်ဝင်စေလှပါသည်။
    ရန်ကုန်မြို့က ပုဇွန်တောင် ရေကျော်ပွဲဈေးအပြီး ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် စမ်းချောင်းမြို့နယ်၏ အထင်ကရ ကျွန်းတောဈေးပွဲတော်ကြီး လူ စည်ကားသည့်ပုံရိပ်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။ လူငယ်တော်တော်များများက ကျွန်းတောပွဲဈေးရောက် အမှတ်တရများ ပို့စ်တင်ကြသည်။ လူအတော် စည်ကားခဲ့သည်ကိုလည်း TikTok များတွင် ပို့စ်တင်ထားကြသည်ကို တွေ့ခဲ့ရသည်။ ရန်ကုန်မြို့၏ အသည်းနှလုံးဟူ၍ ပြောစမှတ်ရှိကြသည့် ရေကျော် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၂၂ ရက်မှ စတင်ကာ နိုဝင်ဘာ ၂၆ ရက်အထိ ငါးရက်တိုင်တိုင် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည်။ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းတစ်လျှောက် ၅၂ လမ်းနှင့် သိမ်ဖြူလမ်းကြား ရေကျော်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းတို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်နေသူတိုင်းအတွက် အမှတ်တရများစွာ ရှိဖူးခဲ့ကြသည့် ပွဲတော်ကြီးလည်း ဖြစ်ခဲ့သည်။ ပုဇွန်တောင် ရေကျော်ပွဲတော်ကြီးသည်လည်း ရန်ကုန်တန်ဆောင်တိုင်ပွဲတော် အငွေ့အသက် ပြန်ရခဲ့သည့် ပွဲဈေးကြီးအဖြစ် မြင်တွေ့ခဲ့ရသည်။
    ရေကျော်ပွဲအပြီး ပွဲဈေးက စမ်းချောင်းမြို့နယ်ထဲ ရောက်သွားသည်။ လူပြောများသည့် ကျွန်းတောလမ်းပွဲဈေးဆိုသည်မှာ ကိုးနဝင်းကပ်ကျော် ရန်အောင် ဆုဝောာင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးဖြစ်ပြီး စမ်းချောင်းသူ စမ်းချောင်းသားတွေ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ပွဲဈေးတစ်ခုအဖြစ်လည်း လူသိများသည်။ ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်း(တောင်) ရပ်ကွက် ကျွန်း တောလမ်းမတစ်လျှောက်တွင် ကျင်းပသည့် ဘုရားပွဲဖြစ်သည်။ ၁၉၈၀ ကျော်လောက်ကတော့ ဘုရားလေးပွဲဟုခေါ်ကြသည်။ ၂၀၁၅ နောက်ပိုင်းမှ ကျွန်တောလမ်း ပွဲဈေးဟု ခေါ်ဝေါ်လာသည်ကို သတိထားမိသည်။
    ယခုနှစ်တွင် ကိုးနဝင်းကပ်ကျော် ရန်အောင်ဆုဝောာင်းပြည့်စေတီတော်၏ အကြိမ် (၉၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၆ ရက် အထိ ကျင်းပခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အ ထိ သုံးရက်တိုင်တိုင် ညစဉ် ၇ နာရီမှစ၍ ဆရာတော်ကြီး များက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားတော်မူခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက်ညတွင် ရွှေသရဖူ တေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေခဲ့သလို ဒီဇင်ဘာ ၁၅ ရက်‌ညတွင် မဟာရန်ကုန် အောင်စည်မိုး ဆိုင်းအဖွဲ့ဖြင့် ဧည့်ခံခဲ့သည်။ "စမ်းချောင်းသားမှန်ရင် ခြင်းခတ်တတ်ရမယ်"တဲ့။ ကျွန်းတောလမ်းပွဲဈေးတွင် မပါမဖြစ်သည့် ဖျော်ဖြေမှု တစ်ခုကလည်း ခြင်းလုံးအလှခတ်ပွဲဖြစ်သည်။ ယခုနှစ်တွင်လည်း ပွဲဈေး၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းတွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲဖြင့် ပွဲဈေးလာရောက် လည်ပတ်သူများကို ဖျော်ဖြေခဲ့သည်။
    ကျွန်းတောလမ်းပွဲဈေးသည် ပွဲဈေးများ၏ အစဉ်အလာအတိုင်း ညဈေးတန်းသဖွယ် ခင်းကျင်းထားပြီး ပင်လယ်ဓားပြလှေ၊ မီးရောင်စုံများနှင့် ချားရဟတ်များ အပါအဝင်ဖြစ်သည်။ လူအသုံးအ‌ဆောင်နှင့် ဖန်စီပစ္စည်း၊ အကြော်အလှော်၊ အ‌အေး၊ စားသောက်ဆိုင်များ၊ အပျော်တမ်းမြားပစ်၊ မြားစိုက် Game များက လမ်းမတစ်လျှောက် ဝဲယာတစ်ဖက်စီရှိနေကြပြီး လမ်းလယ်တွင်လည်း ကျောချင်းကပ် ခင်းကျင်း ရောင်းချနေကြသည်။ ထိုအခင်းအကျင်းမှာ ယခင့်ယခင် ကျင်းပခဲ့ကြလေ့ရှိတဲ့ ဈေးပွဲ‌တော်များအတိုင်း၊ နဂိုမြင်ကွင်းများအ တိုင်းပင်ဖြစ်သည်။ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ ဆုံလည်ရဟတ်များ‌ပေါ်တွင် ကလေးများပျော်ရွှင်စွာ ဆော့ကစားနေကြပြီး အပျော်စီးလှေ (ပင်လယ်ဓားပြ)သည်လည်း လူငယ်များ၏ သည်းခြေကြိုက် ဖြစ်နေလေသည်။


    "ပွဲဈေးမလုပ်ဖြစ်တာက ကိုဗစ်နဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် မလုပ်ဖြစ်ခဲ့တာ၊ အခုမှ ပြန်လုပ်တာ။ တော်တော်စည်တယ်ဗျ၊ အစောပိုင်းမို့လို့ လူသိပ်မများသေးတာ။ ည ၇ နာရီလောက်ဆိုရင် လူတွေက အလုံးလိုက်ကြီးကို များလာတာ။ ပွဲဈေးတန်းကလည်း ရှည်တယ်၊ ခြေထောက်ကို ညောင်းအောင် လျှောက်ရတယ်။ ည ၁၀ နာရီ လောက်အထိကို ကြိတ်ကြိတ်တိုး စည်ကားနေတာ တွေ့ရပါတယ်။ မလုပ်တာကြာတော့ လူတွေက ပွဲငတ်နေတာပေါ့။ မလုပ်တာကြာပြီ၊ အခု ပြန်လုပ်တော့ လာလည်ကြတာပေါ့"ဟူ၍ ပွဲဈေးလည် ပတ်သူတစ်ဦးက မှတ်ချက်ပြုသည်။
    ရန်ကုန်မြို့၏ အစည်ကားဆုံး၊ လူသိအများဆုံး ဘုရားပွဲများ၊ ဈေးပွဲတော်ကြီးများမှာ ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ကိုဗစ်ကပ် ရောဂါကာလကြောင့် ၂၀၂၀မှစတင်ကာ ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရသည်။ အစဉ်အလာလည်းရှိ၊ လူကြီးလူငယ်၊ သက်ကြီးရွယ်အို ကလေးငယ်များအတွက်ပါ ပျော်ရွှင်စရာ အကောင်းဆုံးပွဲတော်၊ အမှတ်တရများ စွာရှိခဲ့သည့် ပွဲတော်များမှာ လေးနှစ်ခန့်အထိ ရန်ကုန်နေ သူများနှင့် ကင်းကွာခဲ့ရပြီး ရန်ကုန်မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ်တွင် ပွဲဈေးမြင်ကွင်းများ  ရန်ကုန်မြို့၏ နေရာအနှံ့ ပြန်လည်မြင် တွေ့လာရပြီ ဖြစ်သည်။ တစ်ချိန်က အစဉ်အလာမပြတ် ကျင်းပလေ့ရှိသည့် ပွဲဈေးများ၊ မြို့နယ်တိုင်းလိုလိုရှိ အထင်ကရ ဘုရားပွဲများကို ပြန်လည်ကျင်းပလာခဲ့ပြီဖြစ်သည်။ ကျင်းပသည့် အလျောက်လည်း ပွဲတော် တိုင်းလိုလိုပင် စည်ကားလျက်ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။ ရေကျော်ပွဲ၊ လမ်းမတော်ပွဲဈေးနည်းတူ စမ်းချောင်း ဘုရားပွဲသည်လည်း လေးနှစ်ခန့် ရပ်နားထားပြီးမှ ယခုနှစ်တွင်မှ  ပြန်လည် ကျင်းပလာခြင်းဖြစ်သည်။
    "လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က ရပ်ကွက်ကလည်း ဒီလောက် မစည်သေးဘူး။ ပြီးတော့ ကြံတောသုသာန်ကြီးကလည်း ရှိသေးတာကိုး။ နောက်မှ ပြောင်းသွားပြီးတော့မှ Time City ဆိုပြီး ဖြစ်လာတာ။ အဲဒီနောက် ပွဲဈေးလုပ်တဲ့အခါ ဇာတ်စင်ကို ကားလမ်းကို တစ်ခြမ်းပိတ်ပြီး ထိုးခဲ့တယ်၊ လူရွှင်တော် မော့စ်တို့၊ မိုးဒီတို့ အဲဒီလို လူရွှင်တော်ကြီးတွေလည်း ဖျော်‌ဖြေတာ ကြည့်ခဲ့ရဖူးတယ်။ လူရွှင်တော် မေတ္တာတို့၊ ဗေဒါတို့ကလည်း ဒီစမ်းချောင်းသားပဲ။ ဒီပွဲဈေးက လေးနှစ်လောက် နားခဲ့တာ၊ အခုမှ ပြန်စရတာပေါ့။ စည်တာပဲ။ ရပ်ကွက်ထဲမှာလည်း ပွဲဈေးလေးတွေ လုပ်လေ့ရှိတယ်။ ဒီကျွန်း တောလမ်းကတော့ အစည်‌ဆုံးပဲ။ စမ်းချောင်းမှာ အထင်ကရဖြစ်တဲ့ ပွဲဈေးက မဖြစ်တာ လေးနှစ်လောက်ရှိပြီ။ လူ‌တွေက ပွဲငတ်တာလည်း ပါမယ်။ ပြီးတော့ အရင်တုန်းကနဲ့ သိပ်တော့ မကွာဘူးလို့ မြင်တယ်။ ဒီနှစ်ဆိုင်ခန်းတွေက ဗားကရာဘက်အထိ။ အငြိမ့်သဘောမျိုးလည်း ပါတယ်၊ ဇာတ်ခုံနဲ့။ ခြင်းဝိုင်းလည်း ပါတယ်။ အရင်တုန်းကတည်းက အဲဒီလို အစီအစဉ်တွေပါတာ။ အဲဒီတုန်းက စာသင်ကျောင်းထဲမှာ လုပ်တာ၊ အခုကတော့ ခြင်းလုံးရုံရှေ့မှာလုပ်တာ။ ဟိုတုန်းက လူရွှင်တော်တွေနဲ့ ဆိုင်းလည်းပါတယ်။ တစ်ခန်းရပ်ပြဇာတ်တွေ နောက်ပိုင်း ဇာတ်ထုတ်တွေလည်းပါတယ်။ ရပ်ကွက်ထဲက လူတွေနဲ့ ဖျော်ဖြေတာ။ အဲဒီတုန်းကဆိုရင် ဈေးသည်တွေက ၁၂ နာရီ၊ ၁ ချက်ဆိုရင် သိမ်းသွားတာ။ အငြိမ့်တို့၊ ဘာတို့က မနက်လင်းမှ ပြီးတာ။ လူရှိရင် ရှိသလို အဲဒီအငြိမ့်က ကပြဖျော်ဖြေပေးခဲ့တာ။ ဟိုတုန်းက စောင်ဆိုင်ဘာဆိုင်၊ အဝတ်အစားဆိုင်တွေ တအားပေါတာ။ အ‌စားအ သောက်ဆိုင်က နည်းတယ်။ အခုဒီနှစ်ကျတော့ အဲဒါတွေ နည်းသွားတယ်။ အစားအသောက်ဆိုင်တွေ တအားပေါလာ တယ်။ အစားအသောက်တွေ စုံတာပေါ့။ ခါတိုင်းနှစ်တွေက ဘုရားလေးနဲ့ မကြီးကြီးလမ်းကြားက တော်တော်စည်ခဲ့တာ၊ အခုကတော့ စည်တာက ချမ်းသာလမ်းအကျော် မြောင်းမြလမ်းလောက်အ ထိကို စည်နေတာ"ဟူ၍ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ကျွန်းတောပွဲဈေးနှင့်ပတ်သက်၍ ၎င်းင်းမှတ်မိသမျှ ပြန်ပြောင်းပြောပြခဲ့သည်။
    မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ တစ်နှစ်ပတ်လုံး၊ ၁၂ လရာသီ ကာလပတ်လုံး ပွဲတော်များရှိသည်။ ဘုရားပွဲတော်၊ ဈေးပွဲတော်တို့နှင့်အတူ ခွဲမရသည်က ၁၂ ပွဲဈေးသည်များပင်ဖြစ်သည်။ ယခုလို ဘုရားပွဲဈေး၊ ဈေးပွဲတော်များ ပြန်လည်ကျင်းပလာခြင်း၊ စည်ကားလာခြင်းဟာ ပွဲတော်အလီလီတွင် လှည့်လည် ဈေးရောင်းချကာ ဝမ်းစာရှာဖွေစားသောက်နေကြရသည့်  ၁၂ ပွဲဈေး သည်များအတွက် အခွင့်အလမ်းကောင်းများ ပွင့်လင်းလာမှုဖြစ်ပင် ဖြစ်သည်။ ယခု ကျွန်းတောလမ်း ဘုရားပွဲတွင်လည်း အစားအသောက်ဆိုင်များတွင် လူစည်နေပြီး ရောင်းကောင်းနေကြသည့် အနေအ ထား တွေ့ရသည်။
    ကိုးနဝင်းကပ်ကျော် ရန်အောင် ဆုဝောာင်းပြည့်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်မှာ အကြိမ် (၉၀) မြောက် ကျင်းပခြင်းဖြစ်၍ ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အကြောင်းပြုပေါ်ပေါက်လာသည့် ဘုရားပွဲ၊ ကျွန်းတောလမ်းဈေးပွဲတော်၏ သက်တမ်းမှာလည်း နှစ် ၉၀ ခန့်ဖြစ်မည်ဟု ခန့်မှန်းမိသည်။ တစ်ချိန်က ရှေးခေတ် ဘုရားပွဲ ကျင်းပခဲ့မှုများနှင့်ပတ်သက်၍ ဓငယ်ငယ်တုန်းက ဂန္ဓမာလမ်းမှာဆိုရင် အမေနံကရိုင်း၊ ပြည်သူ့ကွက် သစ်(၁)လမ်းဆိုရင် စံမတူ တီးဝိုင်းထင်တယ်။ လမ်းအလိုက်အကတွေတိုက် ဘုရားလေးပွဲအတွက် လှည့်အလှူခံခဲ့ကြတယ်။ ရပ်ကွက်တွေထဲလှည့်ပြီး အကအဖွဲ့တွေ ဖျော်ဖြေတာလဲ အရမ်းလွမ်းမိတယ်"ဟူ၍ လည်းကောင်း၊ "ယခင်ကတော့ ပွဲမတိုင်မီကတည်းက လမ်းအလိုက် အကပွဲတွေနဲ့ လှည့်ပတ်အလှူခံ နံကရိုင်းကျွဲ အကလည်းပါ၊ ညပိုင်းမှာ ခြင်းလုံးခတ်ပွဲတွေ ကြည့်ရ၊ မင်းသားရွှေဘနဲ့ လူကြမ်းတွေ ခြင်းခတ်ကြတာတွေ ကြည့်ပြီးရင် ကောင်ညှင်းကျည်တောက်၊ မုန့်လေပွေစတဲ့ မြန်မာမုန့်တွေစားကြရင်း အငြိမ့်စင်ရှေ့သွား နေရာယူ အော်ကြဟစ်ကြ ပျော်စရာငယ် ဘဝနဲ့ ဘုရားလေးပွဲကို  သတိရတိုင်းလွမ်းမိတယ်"ဟူ၍ လည်ကောင်း စမ်းချောင်း သူစမ်းချောင်းသားများက ကျွန်းတောပွဲဈေး၏ အမှတ်တရပုံရိပ်များကို လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်မျှ ဝေထားကြသည်။
    "ကျွန်တော်တို့ဆိုရင် ဒီပွဲဈေးကို အကြိမ်ပေါင်း မနည်းတော့ဘူး။ အရင်တုန်းက မီးပွိုင့်ဘက်ခြမ်း ဘက်မှာလုပ်တာ။ မကြီးကြီးလမ်းကို မရောက်ဘူး။ အခုက မကြီးကြီးလမ်းဘက်ကနေ ဟိုဘက်အထိကို ဆိုင်တွေအများကြီး။ ဒီဘုရားပွဲဈေးနဲ့ ပတ်သက်ပြီး အဘိုးအဘွားတွေ ပြောဖူးတယ်။ အရင်က ဘုရားပွဲအတွက် အလှူခံတွေ လမ်းတိုင်းထွက်တယ်။ ပြီးတော့ စမူဆာတို့၊ ဘာတို့ မုန့်တွေလုပ်ပြီးတော့ ရောင်းပြီး ဘုရားကို လှူတာ။ အဲဒီလိုကနေစပြီး ပွဲဈေးစလာတာ။ နောက်ပိုင်းကျတော့ အဲဒီလို ပုံစံမရှိတော့ဘဲနဲ့ အနယ်နယ်အရပ်ရပ်က လာရောင်းတဲ့ ဈေးသည်တွေနဲ့ ပွဲဈေးကြီး ဖြစ်လာတာ"ဟူ၍ စမ်းချောင်းသားတစ်ဦးက ပွဲဈေးအမှတ်တရ ပြန်ပြောင်းပြောပြသည်။
    ကျွန်းတောလမ်းပွဲဈေးကို ဒီဇင်ဘာ ၁၄ ရက်က ရောက်ခဲ့သည့် အခြေအနေအရ ညနေ ၅ နာရီ လောက်ကစပြီး လူတဖြည်းဖြည်း များလာ‌သည်။ စည်လာသည်ကို တွေ့ရသည်။ ညနေ ၆ နာရီခွဲတွင် မိုးအနည်းငယ် ရွာလာသည်။ ပွဲဈေးလျှောက်သူများ ပွဲဈေးတန်းဘေးဝဲယာ နေအိမ်တိုက်ခန်းများရှေ့တွင် တဒင်္ဂမိုးခိုကြသည်။ အချို့က ထီးဖွင့်စောင့်ရင်း လျှောက်ကြသည်။ ဈေးဆိုင်အချို့ အမိုးအကာများ ဖွင့်ထားကြသည်။ ပွဲဈေးကို အနှောင့် အယှက် ဖြစ်စေလောက်အောင် ရွာချခြင်းမဟုတ်ဘဲ စိုရုံပက်ဖျန်းလိုက်သည့် သဘောတွေ့ရ၍ ပွဲဖျက်သည့် မိုးမဟုတ်ဟု ပြောရမည်။ သို့သော် ပွဲဈေး လည်ပတ်သူများ အတွက်တော့ ခဏတာစိတ်အနှောင့် အယှက်ဖြစ်စေခဲ့သည်။ ထိုစဉ် အငြိမ့်စင်ပေါ်က လူရွှင်တော် တစ်ဦး ပြက်လုံးထုတ်လိုက်သံ ဆောင်းဘောက်ထဲမှ ထွက်လာသည်။ "ဦးလေးတို့ဟူးချောင်းလည်း မချောင်း နိုင်တော့ဘူး၊ ရေစိုလို့ ပျော့ကုန်ပြီ"ဟူ၍ TikTok တွင် Trend ဖြစ်နေသည့် 'ချောကလက် ရေခဲချောင်းနှင့် ဦးလေးတို့ဟူးချောင်း' သီချင်းဖြင့် ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့သည်။ အငြိမ့်စင်ပေါ်က လူရွှင်တော်တစ်ယောက်၏ ဟာသသံဟာ ပွဲခင်းထဲက ကြားရသူတိုင်းကို ပီတိဖြစ်စေခဲ့သည်။
    ယခုနှစ် ဒီဇင်ဘာလအတွင်း စမ်းချောင်းမြို့နယ်တွင် ကျွန်းတောလမ်းဘုရားပွဲ ကျင်းပသလို မရမ်းကုန်းမြို့နယ်တွင်လည်း ပွဲဈေးကျင်းပနေလေသည်။ အလားတူ ရန်ကင်းမိုးကောင်းဘုရားပွဲ သည်လည်း တစ်ပြိုင်တည်းလိုလို ကျင်းပခဲ့သည်ကို တွေ့ရသည်။ ကျိုက်ဝိုင်း၊ မိုးကောင်းဘုရားပွဲများ မရောက်ဖြစ်ခဲ့သော်လည်း ကျိုက်ဝိုင်းဘုရားပွဲ ရောက်ခဲ့သူတစ်ဦးက ပွဲဈေးတော်တော်စည်ကားကြောင်း မှတ်ချက်ပြုထားသည်။ ရန်ကင်း  မိုးကောင်း ဘုရားပွဲဈေးကလည်း ဒီဇင်ဘာ ၂၀ ရက်အထိမို့ မိုးကောင်းဘုရားမှာ လူပိုစည်ကားနေသည်၊ လာလည်ကြဖို့လည်း လူမှုကွန်ရက်ပေါ်မှာတစ်ဆင့် ဖိတ်ခေါ်နေကြသည်ကိုလည်း တွေ့ရသည်။
    ပုဇွန်တောင်ရေကျော်ပွဲ ကျွန်းတောလမ်းဈေးပွဲ၊ ကျိုက်ဝိုင်းဘုရားပွဲနှင့် ရန်ကင်းမိုးကောင်းဘုရား ပွဲများနည်းတူ လမ်းမတော်ပွဲဈေးလည်းလာမည့် ၂၀၂၅ ဇန်န  ဝါရီလအတွင်း ကျင်းပမည်ဟု သတင်းထွက်နေသည်။ ယခင်က လမ်းမတော်တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို တန်ဆောင်မုန်းလအတွင်း ကျင်းပခဲ့သည်။ လမ်းမတော် တန်ဆောင်တိုင် မီးထွန်းပွဲတော်သည်လည်း ဘုရားပွဲတော်ဖြစ်သည်။ လမ်းမတော် တန်ဆောင်တိုင်မီးထွန်း ပွဲတော်သည် လမ်းမတော်မြို့နယ် အနော်ရထာလမ်း (ကျုံးကြီး လမ်း)နှင့် ၁၁ လမ်းထိပ်တွင် တည်ထားကိုးကွယ်ထားသည့် ပြည်လုံးချမ်းသာ မဟာဝါဠုက စေတီတော် မြတ်ကြီး၏ သမိုင်းကျောင်းနှင့် ဆက်စပ်နေသည်ဟု မှတ်သားမိပါသည်။ စေတီတော်မြတ်ကြီး၏ တန်ဆောင် တန်မီးထွန်းပွဲနှင့် ဆွမ်းတော်တင်ပွဲကို  အကြောင်းပြုပြီး ၁၉၃၈ ခုနှစ်က တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် ကျင်းပခဲ့သည့် ပွဲတော်ကြီး ဖြစ်သည်ဟု မှတ်သားခဲ့ရပါသည်။လမ်းမတော်တန်ဆောင်တိုင် ပွဲတော်နှင့်အတူ အလင်္ကာကျော်စွာ၊ ကာတွန်းဦးဘဂျမ်း၏ ကာတွန်းပွဲပင်သည်လည်း မပါမပြီး ပွဲတော်ကြီး၏ ပုံရိပ်တစ်ခုအဖြစ် ရှိနေခဲ့ခြင်းဖြစ်သည်။ 
    လူတိုင်းက ပျော်ပွဲရွှင်ပွဲများနှင့် ဝေးကွာနေကြချိန်၊ ပွဲလမ်းသဘင်များကို ငတ်မွတ်နေကြချိန်ဖြစ်နေ၍ ယခုအခါ လမ်းမတော်တွင် ပွဲဈေးကျင်းပမည်ဟု ကြားသိရသည့်အတွက် လမ်းမတော်ပွဲ ဈေးသည်လည်း စည်ကားလာဦးမည်ဟု ထင်ပါသည်။ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေ အရပ်ရပ်များကြောင့် ရပ်နားထားသော ဘုရားပွဲဈေးများ၊ ဈေးပွဲတော်များ ယခုကဲ့သို့ ပြန်လည်ကျင်းပခွင့်ပေးနေမှုကြောင့် ကျင်းပခဲ့သည့် ပွဲဈေးတိုင်း စည်နေသည်ကို တွေ့ရသည်။ ဘုရားပွဲတိုင်း၊ ဈေးပွဲတော်တိုင်း စည်ကားနေခြင်းသည်လည်း ရန်ကုန်၏ တည်ငြိမ်အေးချမ်းမှုကို ပြသနေခြင်းဖြစ်သလို တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို လိုလားသည်ဆိုသော ပြည်သူလူထု၏ စိတ်ဆန္ဒများကို မြင်တွေ့ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် မတည်မငြိမ်ဖြစ်မှုကို ဦးတည်စေသည့် ဖြစ်စဉ်အကြောင်းတရားများ၊ အကြမ်းဖက် အဖျက်အမှောင့်များကို အလိုမရှိကြောင်း၊ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်လိုကြသည်ဆိုသော ပြည်သူအားလုံး၏ ဆန္ဒအမှန် ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်ပါသည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 247

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42944

© 2022 - 2025 News. All Rights Reserved.