၂၀၂၅ ၊ ဇန်နဝါရီ ၂
လူတွေ စိတ်ဝင်စားတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ အမေရိကန်နဲ့တရုတ် (Superpo-wer) ၊ ကမ္ဘာ့နံပါတ်တစ်ဖြစ်ဖို့ အလျော်အစားများတဲ့ပြိုင်ပွဲကို ပြိုင်ကြတဲ့အခါ ဘယ်သူနိုင်မလဲ ဆိုတာပါ။ တရုတ်ဟာ US ကို ဒီအားပြိုင်မှုချိန်ခွင်လျှာ ပြောင်းသွားအောင်၊ အဘက်ဘက်က ကြိုးစားနေရာမှာ ဘယ်လိုအနေအထား ရှိတယ်ဆိုတာကို စင်ကာပူနိုင်ငံ Lee Kwan Yu Center for Public Policy ကို တည်ထောင်ခဲ့သူ၊ ပါမောက္ခချုပ်၊ ထင်ရှားတဲ့ သံတမန်နဲ့စာရေးဆရာတစ်ဦးလည်းဖြစ်သူ၊ စင်ကာပူနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်၊ လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်တွေထမ်းဆောင်ခဲ့သူ Prof Kishore Mahbubani ရဲ့ Youtube က သုံးသပ်ချက်ဟာ စိတ်ဝင်စားစရာကောင်းတဲ့အတွက်တင်ပြ လိုက်ရပါ တယ်။
Prof Kishore က ပြောကြားရာမှာ သူဟာ ဒီခေါင်းစဉ်ကို အမေရိကန်နေရာအနှံ့နဲ့ ဟားဗတ်လို အမေရိကန်တက္ကသိုလ်တွေမှာလည်း ဒီခေါင်းစဉ်ပဲပြော ခဲ့ဖူးပါတယ်။
"အခုအခါမှာ ကျွန်တော်တို့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့အဖြစ်က တရုတ်ဟာ တဖြည်းဖြည်း အင်အားကောင်းလာပြီး ကမ္ဘာ့စူပါ ပါဝါနေရာကို ရောက်အောင် US ကို ခြိမ်းခြောက်လာတဲ့ အရွေ့တစ်ခုကို တွေ့နေရပြီ ဖြစ်ပါတယ်"အခုလို ကြေးကြီးတဲ့ ကမ္ဘာ့ပြိုင်ဆိုင်မှုမျိုးမှာ 'ဘယ်သူက အနိုင်ရမလဲ'ဆိုတဲ့ Prof Mahbubani ရဲ့ လေးနက်တဲ့ သုံးသပ်ချက်ဟာ မျက်လုံး ပြူးသွားစေလောက်ပါတယ်။ သူက နိုင်ငံနှစ်နိုင်ငံမှာ မတူညီဘဲ ထူးခြားတဲ့ စွမ်းအားသုံးချက်စီကို ဦးစွာထုတ်နုတ်ပြောကြား သွားပါတယ်။ သူပြောတဲ့ ပထမအချက်က တရုတ်က တရုတ်ရဲ့ ယဉ်ကျေးမှုဟာ နှစ်ပေါင်း ၅၀၀၀ ငါးထောင်ကျော်လောက်နဲ့ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံးဖြစ်ပေမယ့် အမေရိကန်က သူတို့ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြိုင်နေတာပါလို့ ထင်နေရင် သူတို့ တွက်တာလွဲနေပြီထင်ပါတယ်လို့ သူက ပြောပါတယ်။ ဒုတိယအချက်က တရုတ်ဟာ သူ့သမိုင်းမှာ (၁၈၄၂ ကနေ ၁၉၄၉ ထိ) အစော်ကားခံခဲ့ရတာကို သူတို့ဘယ်တော့မှ မမေ့တဲ့အတွက် ဒီအဖြစ်မျိုး ထပ်မဖြစ်ရဖို့ တရုတ်ခေါင်းဆောင်တိုင်းရဲ့ အသဲမှာ စွဲနေပါတယ်။ ဒီအစွဲဟာ တရုတ်ခေါင်းဆောင်တွေကို သူများက ထပ်အစော်ကား မခံရစေဖို့၊ အောက်တန်းမကျဖို့ စိတ်ဓာတ်ဟာ သူတို့အတွက် မဟာတွန်းအားကြီးတစ်ခု ဖြစ်စေတယ်။ တတိယအချက်ကတော့ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်မှာ တရုတ်ရဲ့တိုးတက်မှုဟာ အံ့သြစရာပါ။ ဒါကို အနောက် တိုင်းမီဒီယာတွေရဲ့ မှတ်တမ်းတွေက သက်သေပါ။ တရုတ်လူမျိုး ဘီလီယံရဲ့ စိတ်ဓာတ်ကို ခန့်မှန်းလို့ ရပါတယ်ဆိုတဲ့ အချက်ပါပဲ။
ဒီလိုပဲ US ရဲ့ပထမထူးခြားချက်ကတော့ 'ဒါဝင်ရဲ့ ပြိုင်ဆိုင်မှုသဘောတရား "Darwinian Contest-ation" ပါ၊ Naturalist ၊ Geologist နဲ့ Biologist ပညာရှင်ကြီး ဒါဝင်က လူသားဟာ ဆက်လက်ရှင်သန်နေဖို့ အမြဲရုန်းကန်နေရတယ်ဆိုတဲ့ သဘောတရားအတိုင်း အမေရိကန် လူ့အဖွဲ့ အစည်းဟာ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုကစပြီး ကဏ္ဍတိုင်းမှာ 'အပြိုင်အဆိုင် ကြိုးစားမှု'ဟာ အင်မတန်အားရဖွယ် မြင်တွေ့နေရမှာပါ။ ဒုတိယအချက်ကတော့ လူဦးရေအရ တရုတ်ကများပေမယ့် US က ကမ္ဘာတစ်ဝန်းက ပညာရပ်အလိုက် တော်တဲ့လူတွေကို မွေးစားလိုက်ပြီး သူ့တိုင်းပြည်ရဲ့ Competitive Advange) အကျိုးရှိအောင် အသုံးချနိုင်တဲ့အချက်ပါ။ တတိယအချက်ကတော့ ကမ္ဘာ့တီထွင်မှုအရပ်ရပ် လုပ်ဆောင်နိုင်သူတွေ အများစု ဟာ အမေရိကန် တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်လို့ Kishore ကပြောပါတယ်။
ဒီမှာ သူက ဥပမာလေးတစ်ခုပေးပြီး ပြောရာမှာ "အခု သူပြောနေတာဟာ အာရှသားတွေကို ပြောနေတာ။ အကယ်၍သာ ဒီပရိသတ်ကြီးဟာ အမေရိကန်တွေဖြစ်နေပြီး သူက အမေရိကန်နဲ့ တရုတ် ယှဉ်ပြိုင်ကြလို့ ဘယ်သူနိုင်မလဲလို့သာ မေးခွန်းထုတ်လိုက်ရင် လူတွေဟာ သူ့ကို ကြောင်စီစီနဲ့ တအံ့ တသြကြည့်ရင်း 'အမေရိကန်ပဲ နိုင်မှာပေါ့'လို့ ဖြေကြမှာပါ။ 'ပြီးခဲ့တဲ့ နှစ် ၁၃၀ က ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတိုင်းကို ပြန်ကြည့်ရင် အမေရိ ကန်ပဲ နိုင်ခဲ့တာပါ။ ပထမကမ္ဘာစစ်မှာ ဂျာမနီကို နိုင်ခဲ့တယ်၊ ဂျာမနီနဲ့ ဂျပန်ကို ဒုတိယကမ္ဘာစစ်မှာ နိုင်ခဲ့တယ်၊ ဂျပန်ကို စီးပွားရေးအရလည်း ချိုးနှိမ်ပစ်လိုက်နိုင်ခဲ့တယ်။ ပြီးတော့ ရုရှားကို စစ်အေးတိုက်ပွဲမှာ သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ အနိုင်ယူလိုက်တယ်။ 'ဒီတော့ ဒီပြိုင်ပွဲမှာ အမေရိကန် ဘယ်လိုမှ ရှုံးစရာအကြောင်း မရှိပါဘူး'လို့ ဖြေကြမှာပါ။ တကယ်တော့ အမေရိကန်တွေဟာ တရုတ်ကို ရှုံးနိုင်တယ်ဆိုတာလေးတောင် အပြောမခံနိုင်ကြပါဘူး။
Prof Kishore က သူဟာ အမေရိကန်ရဲ့မိတ် ဆွေတစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ အမေရိကန် သူငယ်ချင်းတွေကို သူတို့ ဒီပြိုင်ပွဲမှာ ရှုံးနိုင်တယ်ဆိုတာလောက်တော့ စဉ်းစားထားသင့်တယ်လို့ သတိပေးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ အင်မတန် ရှုပ်ထွေးလို့ပါ။ သူဟာ ဒီမှာအဖြေကို အကျဉ်းလောက်ပဲ ပြောနိုင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ "Living in the Asian Century" ဆိုတဲ့ စာအုပ်မှာ အကျယ်တဝင့် ရေးထားပါတယ်။ အမေရိကန်တွေဟာ ရှုံးနိုင်တယ်ဆိုတာလေးကို လက်မခံနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီကိစ္စကို ရိုးရိုးရှင်းရှင်းလေးပဲ တွေးနေလို့ပါ။ သူတို့စိတ်ထဲမှာ ဒါဟာ အင်မတန်မှ တောက်ပြောင်ပြီး သက်သောင့်သက်သာရှိတဲ့ ဒီမိုကရေစီစနစ်နဲ့ အင်မတန်မှ ကျပ်တည်းတဲ့ ကွန်မြူနစ် စနစ်တို့ရဲ့ ပြိုင်ပွဲဖြစ်လို့ အမေရိကန် ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကပဲ တရုတ်ပြည်ရဲ့ ကွန်မြူနစ်စနစ်ကို လှလှပပနဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ်အပေါ်မှာ အနိုင်ယူခဲ့သလို နောက်ထပ် ကွန်မြူနစ်စနစ်တစ်ခုအပေါ်မှာ ထပ်အောင်ပွဲ ခံနိုင်ဦးမှာပဲလို့ထင်နေရင် သူက အမေရိကန်တွေကို အတော်ကရုဏာ သက်မိပါတယ်လို့ Kishore က ပြောပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ဒီပြိုင်ပွဲဟာ အမေရိကန်နိုင်ငံထဲက ဒီမိုကရေစီစနစ်နဲ့ တရုတ်ပြည်က တင်းကျပ်လွန်းတဲ့ ကွန်မြူနစ်စနစ်တို့ရဲ့ ပြိုင်ပွဲဆိုရင် ဒီမိုကရေစီစနစ်ကပဲ အနိုင်ရနိုင်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဝါဒရေးရာလို့ မရှုမြင်ဘဲ US နဲ့ တရုတ်တို့ရဲ့ လူမှုအဖွဲ့အစည်းချင်းရဲ့ အခြေအနေချင်း နှိုင်းယှဉ်တာလို့ နက်နက်နဲနဲ ကောက်ချက်ချမယ်ဆိုရင် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းဟာ အများကြီး ကွာခြားသွားပါလိမ့်မယ်။ အမြင်တစ်မျိုး ထွက်လာပါ့မယ်"လို့ ပါမောက္ခ Kishore က သတိပေးလိုက်ပါတယ်။ ယနေ့အမေရိကန်ရဲ့ ပကတိ နိုင်ငံရေးစနစ်ဟာ Democracy ကနေ Plutocracy စနစ်ကို ရောက်နေပါပြီ။ ဒီမိုကရေစီစနစ်က ပြည်သူအများစုက ပြည်သူအများစုအတွက် စီမံခန့်ခွဲတာကနေ အမေရိကန် လူဦးရေရဲ့ ၁ ရာခိုင်နှုန်းက လူ့မလိုင်ပိုင်း ၁ ရာခိုင်နှုန်းအတွက် စီမံခန့်ခွဲတဲ့ အခြေအနေ ဖြစ်နေပြီလို့ သူက ပြောပါတယ်။
ဒီစကားဟာ သူ့နုတ်ထွက်မဟုတ်ကြောင်း US ရဲ့ ဗဟိုဘဏ် အကြီးအကဲဖြစ်ခဲ့သူ သူ့မိတ်ဆွေ Paul Volker ရဲ့ စကားပါ။ ဒါတင်မကပါဘူး နိုဘယ်ဆုရှင် Joseph Stigliz နဲ့ ကမ္ဘာကျော်စာရေးဆရာကြီး Martin Wolff တို့လည်း သူတို့ ရေးသားထုတ်ဝေခဲ့တဲ့ စီးပွားရေး ပညာစာအုပ်တွေမှာလည်း ဒီလိုပဲ သုံးနှုန်း ဖော်ပြခဲ့တာတွေ သက်သေရှိခဲ့ကြောင်း ပြောပါတယ်။ အမေရိကန်ရဲ့ အခြေခံလုပ်သား ရာခိုင်နှုန်း ၅၀ ရဲ့လစာဟာ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ နှစ်ပေါင်း ၃၀ ကျော် မတိုးခဲ့ကြောင်းနဲ့ တခြားနိုဘယ်ဆုရှင်တွေကလည်း အမေရိကန်လုပ်သားများ ဒုက္ခပင်လယ်ဝေနေတဲ့ အဖြစ်တွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီလို ဖော်ပြရာမှာ ဒေါ်နယ်ထရမ့်က ဘယ်လို ၂၀၁၆ ခုနှစ်မှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတယ် ဆိုတာလည်း ပါဝင်ပါတယ်။ ပိုပြီး ကြောက်စရာကောင်းတာကတော့ ဒီဒုက္ခပင်လယ်ဝေတာကို မထိန်းနိုင်ခဲ့ရင် ၂၀၂၄ မှာ ဒေါ်နယ်ထရမ့် ပြန်တက်လာလိမ့်မယ်၊ ဒီဒုက္ခတွေကို အချိန်မီ မကုစားနိုင်ခဲ့ရင်တော့ လူဖြူလုပ်သားတွေလည်း စိတ်ပျက်ကြမှာဖြစ်ပြီး ပြည်တွင်းမှာ စိန်ခေါ်မှုတွေနဲ့ ကြုံရလိမ့်မယ်လို့ Kishore က ပြောပါတယ်။
အခုလိုအခက်အခဲတွေ ရှိနေချိန်မှာ တရုတ်နဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ပါးနပ်ဖို့ လိုပါတယ်။ ဘာ ကြောင့်လဲဆိုတော့ တရုတ်ဟာ သူ့အားနည်းချက်တွေကို သူပြုပြင်လာပါပြီ။ အခု တရုတ်ပြည်မှာ Meritocracy အရည်အသွေးကို ဦးစားပေးလာပါပြီ။ အတော်ဆုံးလူတွေကိုသာ ရွေးချယ်ပြီး လူမှုအဖွဲ့အစည်းတွေကို ဦးဆောင်စေပါတယ်။ ဒါကြောင့် တရုတ်ပြည်ရဲ့ အစိုးရအဖွဲ့ဟာ အမေရိကန်အစိုးရအဖွဲ့ထက် ပိုစွမ်းဆောင်မှု သာပါတယ်။ ဒါကို သံသယရှိခဲ့ရင် Covid-19 ကပ်ရောဂါကာလက သက်သေပါ။ ကပ်ရောဂါစဖြစ်တဲ့ တရုတ်က လူငါးထောင် အသက်ဆုံးရှုံးချိန်မှာ အမေရိကန်မှာ လူခြောက်သောင်း အသက်ဆုံးရှုံးခဲ့ပါတယ်။ US အစိုးရသာ တရုတ်လို ထက်ထက်မြက်မြက်လုပ်နိုင်ခဲ့ရင် လူတစ်ထောင်လောက်ပဲ အသေအပျောက် ရှိရမှာပါ။
ဒါဟာအစိုးရရဲ့ Performance စွမ်းဆောင်နိုင်ရည်ကို ပြတာပါ။ စွမ်းဆောင်နိုင်ရည်ဆိုတာမှာ လူအသေအပျောက်နည်းရမယ် စီးပွားရေးအရလည်း ကမ္ဘာ့နံပါတ်တစ်အဆင့် ဖြစ်လာနိုင်တဲ့ တိုးတက်မှုအဆင့်မျိုးရှိရမှာပါ။ ဒီတော့ အမေရိကန်ဟာ တရုတ်ရဲ့စိန်ခေါ်မှုသဘာဝကို လျှော့တွက်တဲ့ မဟာအမှားကြီးကို လုပ်နေပါပြီ။ ဒါကြောင့် သူက အမေရိကန်ရဲ့မိတ်ဆွေတစ်ဦးအနေနဲ့ အကြံပြုချင်တာကတော့ "ဒီမှာ မိတ်ဆွေကြီး ခင်ဗျားအနေနဲ့ ဒီပြိုင်ပွဲကိုမဝင်မီ ခေတ္တဆိုင်းငံ့ ခလုတ် (Pause Button)ကို နှိပ်ပြီး ပြီးပြည့်စုံတဲ့ ရေရှည်စီမံချက် တစ်ခုကို အရင်ဆွဲသင့်တယ်။ ကံကောင်းထောက်မစွာပဲ မိတ်ဖက်နိုင်ငံတွေကလည်း ဒါကို တိုးတိုးတိတ်တိတ် သတိပေးနေကြတာ ဖြစ်ပါတယ်"လို့ Kishore က ပြောကြား သွားခဲ့ပါတယ်။
Kishore က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ စတုတ္ထမြောက်မေးခွန်းကို ဆက်ရှင်းပြပါတယ်။ ဒီနှစ်နိုင်ငံကြား ပြိုင်ပွဲမှာ ကြားနိုင်ငံတွေက ဘယ်ဘက်ကိုရွေးသလဲ၊ ပြီးတော့ အမေရိကန်ဟာ ပါးလည်း ပါးနပ်မယ်၊ အာရုံလည်း ပြုမိမယ်ဆိုရင် အခြေအနေတွေဟာ ပထမ စစ်အေးတိုက်ပွဲကာလတုန်းကလို နိုင်ငံအများစုက US ဘက်ကို အားတက်သရောလိုက်ပြီး ဆိုဗီယက်ကိုဆန့်ကျင်တာမျိုး မဟုတ်တော့ပါဘူး။ အဲဒီတုန်းက US ဘက်မှာ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တတိယနိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား နိုင်ငံတွေဟာ US ဘက်ကနေလိုက်ပြီး ဆိုဗီယက်ကို ဆန့်ကျင်ကာ စစ်အေးတိုက်ပွဲကို ထောက်ခံခဲ့ပါတယ်။ Kishore က ကနေ့ သူ့အထင်မှာ ဒီလိုတရုတ်ကို ဆန့်ကျင်ဖို့ ဘယ်နိုင်ငံကမှ ဒီလောက်စိတ်အားထက်သန်မှုရှိမှာ မဟုတ်တော့ပါဘူး။ အာရှနိုင်ငံတွေကတော့ ကျိန်းသေ သူ့ဘက်က မလိုက်ပါဘူး။ နောင်လာမည့် ဆွေးနွေးပွဲတွေမှာ အာဆီယံအကြောင်းပဲ အဓိက ပြောကြမှာပါ။ ဒီနိုင်ငံတွေကလည်း ရိုးရိုးရှင်းရှင်းလေးပဲ။ တရုတ်နဲ့ US ကို သူတို့မှာ လတ်တလောရင်ဆိုင် နေကြရတဲ့ ပြဿနာတွေကိုပဲ အာရုံစိုက်ရမှာ။ ပထဝီနိုင်ငံရေးမှာ အားပြိုင်နေတဲ့ကိစ္စတွေကို အသာဘေးချိတ်ထားပြီး Covid အမြစ်ပြတ်ဖို့နဲ့ ဘုံပြဿနာတွေကို ဖြေရှင်းကြဖို့ဆိုတဲ့ စကားပဲ ပါးသင့်ပါတယ်လို့ Kishore က သုံးသပ်ထားပါတယ်။
သူက အာရှသားတွေက သိပ်ပြီးယဉ်ကျေးလွန်းတယ်၊၊ တကယ်တော့ ဒီ့ထက်ပိုပြီး တွန်းတွန်းတိုက်တိုက် ပြောသင့်ပြီး တည့်တိုး ပြောသင့်ကြောင်း၊ သတိပေးလိုက်ပြီး သူပြောချင်တဲ့ နောက်ဆုံးအချက်ကို ပြောပါတယ်။ ဒါကတော့ ဒီပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်သလဲ ဆိုတဲ့အချက်ပါပဲ။ နိုင်ငံတွေအားလုံးဟာ တညီတညွတ်တည်းပဲ စုပေါင်းပြီး ဝါရှင်တန်ဒီစီနဲ့ ဘေဂျင်းကို ကျွန်တော်တို့ အခုအချိန်မှာ ကမ္ဘာကြီးဟာ Covid-19 ကိစ္စ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကိစ္စ၊ နိုင်ငံတွေ ကိုဗစ်လွန်ကာလမှာ စီးပွားရေးနာလန်ထူနိုင်အောင် ပြန်ထူထောင်ကြဖို့စတဲ့ စိန်ခေါ်မှုတွေအပေါ် အာရုံစိုက် လုပ်ဆောင်နိုင်အောင် တရုတ်နဲ့ အမေရိကန်ကြား ဒီကမ္ဘာ့နံပါတ် တစ်ကိစ္စကို (Pause Button) နှိပ်ထားပြီး 'ဘွာတေး'လုပ်ဖို့လိုကြောင်း ပြောဖို့လိုပြီလို့ ပြောကြားသွားတာကို တင်ပြလိုက်ရပါတယ်။ (ရွှေလင်းယုန်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )