မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဝတ်ကြောင်ကို လွတ်အောင်ရုန်းခဲ့တယ်

၂၀၂၃ ဒီဇင်ဘာ ၂၆
    ကျေးဇူးတော်ရှင် အဘဝိမလ ဆရာတော် ဘုရားကြီးရဲ့ အဘိညာဉ်စွမ်းပကား ကြီးမားလိုက်ပုံက မဟာစည်မှာ သားတပည့်ဖြစ်သူ ယောဂီညိမ်းမောင် တရားအဆင့်မြင့်တက်နေပုံကို မျက်ကွယ်ကပင် လှမ်းမြင်နေပါတယ်။ ဆရာတပည့် အနီးကပ်တရားစစ်၊ တရားလျှောက်ပြုစရာမလိုဘဲ အဝေးကပင် လှမ်းမြင်နေတော်မူခြင်း ဖြစ်ပါတယ်။ လိုချင်တဲ့အဆင့် (တရားရွှေပြားတစ် မတ်သား) ရပြီမို့ ၁၃၄၁ ခုနှစ် ဝါဆိုလကွယ်နေ့ကပင် ပြန်ခဲ့တော့လို့ လူလွှတ်ပြီးအခေါ်ခိုင်းခဲ့ပါတယ်။ သို့သော် ရိပ်သာက ခွင့်မပြုခဲ့ပါ။ အဓိဋ္ဌာန်ရက် ၄၅ ရက် ပြည့်လို့ ပြန်ခွင့်လျှောက်ထားပါမှ သွားခွင့်ပြုခဲ့ပါတယ်။ ဒီလိုနဲ့ အဘဝိမလရဲ့ ရှေ့တော်မှောက်သို့ ဝါခေါင်လပြည့် ကျော် ၈ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဘကား ပရိက္ခရာ ရှစ်ပါးဖြင့် ဆီးကြိုနှင့်လေပြီ။
    'အဘသမီးကိုသာ နားချပေးပါ'
    မဟာဗောဓိမြိုင်လောင်းလျာ ဦးညိမ်းမောင်မှာ တစ်သက်တာ ခွဲခွာခြင်းအတွက် ပြောမထွက်ပါ။ မိတ် ဆွေကောင်းကြီး ဦးမြင့်ဆွေကိုသာ အကူအညီတောင်းရ ပါတော့တယ်။
    'ပါရမီလူတားလို့ မရပါဘူးရှင်၊ သူ့သဘော အတိုင်းပါပဲ'

    ဒီလောက် လွယ်လွယ်ကူကူ အသာတကြည် ခွင့်ပြုလိမ့်မယ်လို့ မထင်မိခဲ့။ ကေလာသတောင်မှာ အဓိဋ္ဌာန်ဝင်လို့ကောင်းနေဆဲ သူပဲ လိုက်ခေါ်ခဲ့တယ် မဟုတ်ပါလား။ အခုတော့ ရဟန်းဝတ်ဖို့ ခွင့်ပြုရိုက်ရုံမက အလှူငွေ ကျပ် ၅၀ ပင် ထည့်လိုက်ပါသေးတယ်။ (ထိုခေတ်က တစ်ကျပ်ကား ယနေ့ရောက်ဆဲခေတ်၏ တစ်ရာကျပ် နှင့် တန်ဖိုးချင်းညီမျှ၏)လို့ မှတ်ချက်ရေးထားပါသေးတယ်။ ရဟန်းခံပွဲမှာ ပရိသတ်လူသူ စည်ကားများပြား လှပါတယ်။ (၁၃၄၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် ဘောက်ထော် ခေမာ သီဝံကျောင်းတွင်းရှိ ခဏ္ဍသိမ်ဝယ် ရဟန်းခံပွဲစတင် ပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပြီးစီးအောင်မြင်၏)လို့ မှတ်တမ်းတင်ထားပါတယ်။ (၂၀၁၂ စက်တင်ဘာ လထုတ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊ စာ-၂၆၈)
    ရဟန်းခံပွဲရဲ့ နာယကဆရာတော်က ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဦးသေဋ္ဌိလဖြစ်ပြီး ဥပဇ္ဈာယ် ဆရာကား အဘဝိမလဖြစ်ပါတယ်။ ကာရက(အမှုဆောင်) ဆရာတော်များ ဆယ်ပါးရှိပါတယ်။ ရဟန်းဖြစ်စ သိမ်က ဆင်းလာချိန်မှာ အဘဝိမလက သူ့အရိုက်အရာ ဆက်ခံမည့်သူပေါ်လာပြီ ဆိုပြီး ဝမ်းသာနေသလို ဒကာ ဒကာမများကတော့ တို့အားကိုးရမည့် ဆရာတော်ပဲဆိုပြီး ဖူမြော်ရင်း ပျော်နေကြပါတယ်။ မဟာဗောဓိမြိုင် လောင်းလျာ ဆရာတော်လေးကား အားလုံးကို ထားရစ်ခဲ့ပြီး တောထွက်ဖို့သာ ရည်သန်လျက်ရှိပါတယ်။ အားလုံးကိုယ့်အကြံနဲ့ကိုယ် အမြတ်ပေါ်နေသလောက် တစ်ယောက်တည်းသော အရှုံးသမားကား ဇနီးဟောင်း ဒေါ်စိန်မေ ဖြစ်နေပါတော့တယ်။


    အဘဝိမလက ဘယ်လောက်ထိ ချီးမြှောက်သလဲဆိုရင် အဘကိန်းစက်ရာ ခုတင်ကိုပင် သားရဟန်းအတွက် ပေးစွန့်ကာ နေရာချထားပေးပါတယ်။ ပြီးတော့ သြဝါဒပေးပါတယ်။ သြဝါဒပေးရာမှာလည်း တည့်တိုးကြီးမဟုတ်ဘဲ သွယ်ကာဝိုက်ကာ ဆုံးမစကားဆိုတော်မူခြင်းမျိုး ဖြစ်ပါတယ်။
    'အောင်မင်းခေါင်ကြီးက ငါရဟန်းဝတ်တုန်းက ပြောတယ်ကွ၊ ကိုယ်တော်ကြီးက ရဟန်းဘောင် ရောက်သွားပြီး ရဟန်းဘောင်ရောက်လျှင် ရဟန်းအကျင့် ကျင့် ဖို့ ကိုယ်တော်ကြီးတာဝန်ပဲ တပည့်တော်တို့ ဝိဇ္ဇာဆိုတာက ဘုရားထက်လည်း ပိုမသိပါဘူး။ ဘုရားထက်လည်း ပိုပြီး မပညတ်နိုင်ပါဘူး။ သည်တော့ ဘုရားရှင် ပညတ်တော်မူချက်အတိုင်းသာ နေထိုင်ကျင့်ကြံပါလေ။ ဘုရားပညတ်ချက်အတိုင်း နေထိုင်ကျင့်ကြံပါလျှင် ကိုယ်တော်ကြီးနောက် တပည့်တော်တို့ ရှိပါတယ်'ဟူ၏။ (စာ-၂၆၉)
    ရံဖန်ရံခါမှာတော့ အဘဝိမလဟာ ဘွင်းဘွင်းရှင်းရှင်း နားသွင်းဆုံးမတတ်ပုံကို ၂၀၀၁၊ အောက်တိုဘာ လထုတ် ရတနာစစ်တမ်း} ကျမ်းစာအုပ်မှာ အောက်ပါ အတိုင်း ရေးသားဖော်ပြခဲ့ပါ တယ်။
    'သင်္ကန်ကွာ ဘယ်ဆိုင်သွားဝယ်ဝယ် ပေါပါတယ်။ အဲဒီ သင်္ကန်မင်းပတ်ထားမှမဟုတ်၊ ဟောဟို ပိန္နဲ ပင်ကြီးပတ်ထားလည်း ရတာပဲ'ဟူ၍ သာသနာ့ ဗိမာန်ကျောင်းရှေ့ရှိ ပိန္နဲပင်ကြီးကို လက်ညှိုး တော်ညွှန်လျက်က သွန်သင်တော်မူခဲ့၏။ ဆက်လက်၍လည်း ...'သင်္ကန်း ပတ်ပေးတိုင် ရဟန်းမဖြစ်ဘူး ကွ၊ ရဟန်းတရားအားထုတ်မှသာ ရဟန်းဖြစ်တာပါ'ဟူ၍လည်း ထပ်ဆင့်သွန်သင်သေး၏။ 'အသက်ရှင်တုန်း ဘုရားဟော သိက္ခာပုဒ်မသိ ကျိုးကျွန်လုပ်ကာ လုပ်ချင်ရာ လျှောက်လုပ်နေပြီး သေမှ ရတဲ့ သံသာရ ဘီဇက သိက္ခာကာမ ဝိနယပါရဂူတစ်ဆူ ဖြစ်တော်မူသောဆိုတဲ့ ဘွဲ့မင်းမခံချင်စမ်း ပါနဲ့ကွာ'ဟူ၍လည်း ထပ်ဆင့်၍ သတိပေးသေး၏။}
    'တစ်ဖန် ဆက်လက်၍လည်း ဘဝနတ်ထံပျံ လွန်တော်မူခြင်းဆိုတဲ့စကား ရဟန်းလှေးရဟန်း ပျက်များ အတွက်ထားတဲ့ စကားမဟုတ်ဘူး၊ ရဟန်းကောင်းရဟန်း  မြတ်များအတွက် ထားတဲ့စကား၊ မင်း...ရဟန်းအဖြစ် အမည်ခံပြီးရင် ရဟန်းလိုကျင့်ပါ၊ သေတဲ့အခါဘွဲ့နဲ့ မသာလိုက်ဖက်ပါအောင် ကြိုးစားပါ'
    ဤသို့လျှင် တစ်တစ်ခွခွ လှစ်ဟထားသော စကားများ ငါ့နားထဲ ဝင်ရောက်လာတော့၏။ (စာ-၆၆)
    သိမ်ဝင်ခဲ့စဉ်က ... မည်းညစ်သော အဖြစ်မှ ဖြူစင်သောအဖြစ်သို့ ထုတ်ဆောင်ပေးသနား တော်မူ ကြပါဘုရား၊ ယုတ်နိမ့်ရာအဖြစ်မှ မြင့်မြတ်ရာအဖြစ်သို့လည်း ထုတ်ဆောင်ပေးသနားတော်မူကြ ပါ ဘုရား၊ တစ်ဘဝစာ၊ တစ်ခဏစာ မရှုစားဘဲ အမြဲသနားသောအဖြစ် ချမ်းသာစစ်ကို တွက်စစ်လျက်က လည်း ကိလေသာရန် ဘက်အောက်မှ လွတ်မြောက်ရန် တောင်းပန်အပ်ပါသည် ဘုရား ...'လို့ ဆရာတော်များထံ တောင်းပန်လျှောက်ထားခဲ့တယ် မဟုတ်ပါလား။ ဆရာတော်များကလည်း ကိလေ သာရန်ကိုအောင်နိုင်မှသာ ရဟန်းစစ်စစ် ဧကံ ဖြစ်လတ္တံ့လို့ ရည်မျှော်ပြီး ကမ္မဝါစာ လေးကြိမ်ဖတ်ကြားကာ ရဟန်းအဖြစ် သမုတ်တော်မူခဲ့ကြတယ် မဟုတ်ပါလား။
    'ထိုအချိန်မှစ၍ ငါသည် သင်္ကန်းသုံးထည်တို့ကိုလည်း ဝတ်ရုံခွင့်ရခဲ့ပြီ။ ထိုသင်္ကန်းများသည် စစ်တိုက်နေချိန် အလံလွှင့်ထူရန်ပင်တည်း။ ငါသည် သပိတ်ကိုလည်း ကိုင်ခွင့်၊ သပိတ်ဖြင့် ဆွမ်းခံစားသောက်ခွင့်လည်းရခဲ့ပြီ။ စစ်တိုက်နေချိန်ကာလအတွင်း ဝမ်းရိက္ခာဖြည့် တင်းနိုင်ရန် ပင်တည်း။' (ရတနာစစ်တမ်း၊ စာ-၆၅)
    သင်္ကန်းဝတ်ရုံမျှဖြင့် ရဟန်းဖြစ်ပြီလား၊ သူများ လှူဒါန်းထားသော ကျောင်းပေါ်တက်နေရုံဖြင့် ရ ဟန်းဖြစ်ပြီလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း ကိလေသာတွေကို မပြတ်တောက် မဖျက်ဆီးနိုင်သေးသမျှ ရဟန်းစစ်စစ် မဖြစ်သေးဆိုတဲ့ အဖြေကို ရလာပါတယ်။ ဒါ့ကြောင့်လည်း တော ထွက်ပြီး ဓူတင်ဆောင်ကာ တစ်ပါးနေအကျင့်ဖြင့် ကိလေသာတွေကို သတ်ရမယ်လို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၂၁ ဒီဇင်ဘာထုတ် 'တစ်ပါးနေအကျင့်' ကျမ်းစာအုပ်မှာ ...
    'ငါသည် သာသနာတော်ကြီးနှင့် ကြုံခိုက် သာသနာ့ကျွန်ခံ ဖြစ်စေအံ့။ ငါသည် သံဃာ့အရိပ် ခိုလှုံ ရခိုက် သံဃာ့ကျွန်ဖြစ်စေအံ့' ဤအတိုင်း ထားရှိခဲ့၏'လို့ သိမ်ကထွက်တာနဲ့ အလွန်ရဲရင့်စွာ၊ အလွန်နှိမ့် ချစွာ မိမိကိုယ်ကိုယ် ဆုံးမခဲ့ပြီး ဖြစ်ပါတယ်။ (စာ-၃၁ ရှု)
    သို့သော်လည်း ...အဘဝိမလရဲ့ ဦးစားပေးမှု၊ ဒကာဒကာမတို့ရဲ့ သည်းသည်းလှုပ် ကိုးကွယ်မှု တို့ကြောင့် အတူနေသံဃာတို့ရဲ့ မနာလိုခြင်း၊ တိုက်ခိုက်ခြင်း ဒဏ်တွေ ခံလာခဲ့ရပြီ ဖြစ်ပါတယ်။
    'အဘ၏ ဘုန်းရိပ်ကံရိပ်အောက် ရောက်နေသဖြင့် ထိုအရိပ်က ကျောစိမ့်စေ၏။ သူဌေးအိမ်၊ သူ ကြွယ်အိမ်၊ အရာရှိကြီးများ အိမ်၊ ဝန်ကြီးများ အိမ်၊ ကုန်သည်ပွဲစားများ အိမ်၊ ထိုအိမ်ဤအိမ် ဇိမ်ခံပစ္စည်း များ ဖောဖောသီသီ သုံးရာနေရာများစွာတို့သို့ ကားကောင်းကားသန့် အမျိုးမျိုးစီးနင်း၍ သွားရောက် အလှူခံခြင်း၊ စားသုံးရခြင်းတို့ကြောင့် ငြီးငွေ့၍လည်းလာ၏။ အတွင်းပစ္စည်း(တရားရွှေပြား တစ်မတ်သားလေး) ပွန်းပဲ့မည်ကို စိုးရိမ်လာ၏။ အသစ်အသစ်ပစ္စည်းများ (ဆက်လက်အားထုတ်လျှင် ရလာနိုင်သော တရားအဆင့်အတန်းများ) နောက်ထပ် မတိုးပွားမည်ကိုလည်း မျှော်ကြောက်ကြောက် နေပါ၏။} (ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ စာ-၂၆၉)
    မဟာဗောဓိမြိုင်လောင်းလျာ ဦးဉေယျအနေနှင့် မိမိကိုအကြောင်းပြု၍ ဘယ်သူ့ကိုမှ အကုသိုလ်တွေ မတိုးပွားစေလိုတော့ပါ။ ]သီလစွမ်းပကား (အလွန်ကြီးမားလှပါသော သူတော်ကောင်းကြီးများ၏ ဘုန်းကို အကူထမ်းပေးရသူတို့၏ ဝန်ကား အလွန်လျှင် ကြီးလေးလှပါ၏'ဆိုတဲ့ မှတ်ချက်စကားဟာ အလွန်လေးနက်တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်နေပါတယ်။ ဒါ့ကြောင့် တောထွက်ပြီး ဧကစာရီကျင့် မယ်ဆိုတဲ့ အဓိဋ္ဌာန်ဟာပိုပြီးတော့ ရင့်သန်လာပါတယ်။
    အဘ၏ ဘုန်းဒဏ်ကို ငါတို့ မခံနိုင်ခြင်းက ပထမအချက်၊ င့ါအကြောင်းပြု၍ သူတစ်ပါးတို့ အပြစ် မဖြစ်စေလိုသည်က ဒုတိယအချက်၊ ဇနီးဟောင်းနှင့် မျက်မြင်နားကြားအရပ်၌ မနေအပ်ဟူ၍ ဆုံးဖြတ်မိသည်က တတိယအချက်၊ ဒီအချက်သုံးချက်ကို အပြန်ပြန်အလှန်လှန် သုံးသပ်ဝေဖန်ကြည့်သော် တောထွက်တာ မှန်တယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။ ဒါကြောင့် အဘဝိမလကို သွားရောက်ကန် တော့ပြီး တောထွက်ဖို့ ခွင့်တောင်းခဲ့ပါတယ်။ အလွန်အံ့သြစရာ၊ အလွန်ကြေကွဲစရာ ကောင်းလှပါတယ်။ အဘဟာ သားတပည့်ကို လက်အုပ်ကလေးချီပြီး ...
    'အရှင်ဘုရားကို အမှီပြုပြီး သည်ကျောင်း ဝိပဿနာကျောင်းဖြစ်ချင်ပါသည် ဘုရား'
    'ယခုလောလောလတ်လတ် ဖြစ်ပေါ်နေသော လောကဓံကို သည်းခံလိုက်ပါဘုရား'လို့ ပြန်လည်မိန့်ကြားပါတယ်။ သားတပည့်ရဲ့ ရင်ထဲက ဝေဒနာကိုထွင်း ဖောက်ရှုမြင်နိုင်စွမ်းသော အဘရဲ့ အဘိညာဉ်ကိုလည်း တအံ့တသြ ဖူးမြင်လိုက်ရပါတယ်။ အဘဟာ ထွက်စခန်း အတွက် ပြင်ဆင်နေပြီမို့ သာသနာ့ဗိမာန်ကျောင်းတော် ကြီးကို ဝိပဿနာတရားစခန်းအဖြစ် သားတပည့်ထံ ယုံယုံကြည်ကြည် အပ်နှံခဲ့ဖို့ စီစဉ်ထားပုံရပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ခိုင်မာလှသော အရှင်ဉေယျရဲ့စိတ်ဟာ ဘယ်လို အကြောင်းကြောင်းကြောင့်မှ ပြောင်းလဲသွား ဖွယ်မရှိလေပြီ။
    'အိမ်ထောင်' ကြောက်လို့ ရဟန်းဝတ်လာတာ အဘက 'ကျောင်းထောင်' ချနေပါပကောလား။ ကျောင်းထိုင်၊ ကျောင်းပိုင်အဖြစ် လက်ခံလိုက်တာနဲ့ ဝိပဿနာတရားရဲ့ ဆန့်ကျင်ဘက် မဖွယ်မရာ ကိစ္စတွေနဲ့ ပတ်သက်ဖြေရှင်းရတော့မှာပါ။
    'တစ်ဖန် အောင်မင်းခေါင်ကြီး ထွက်စဉ်က ထိုအောင်မင်းခေါင်ကြီး၏ သာသနာပြု ကိစ္စအ၀၀ အဘအား တာဝန်လွှဲပေးခဲ့ရာ အဘကားကတိခံ တာဝန်ယူမိသဖြင့် ယခုလို ဘုရားလည်းတည်၊ ဝိပဿနာလည်းရှု ပြုကျင့်နေရသည်ဟု ကြားဖူးနားဝရှိခဲ့ဖူးသဖြင့် ငါ့ကိုလည်း ဤလိုများ လက်ဆင့်ကမ်း၍ အထမ်းခိုင်းခဲ့သော် ထိုမလုံမလဲ စိတ်ကြောင့် အဘဝ၏ အထွက် ငါကား ကျောင်းမတက်လို။' (စာ-၂၇၀)

    မဟာဗောဓိမြိုင်လောင်းလျာ ဦးဉေယျကား သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အင်္ဂါနေ့ကို တော ထွက်မည့်ရက်အဖြစ် အတိအက သတ်မှတ်ပြီးခဲ့လေပြီ။ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် တနင်္ဂနွေနေ့မှာတော့ အဘနှင့်တကွ သံဃာတော်သုံးပါးအား ဇနီးဟောင်းအိမ်မှာပင် ဆွမ်းကပ်စေခဲ့ပါတယ်။ ဒီအိမ်မှာ သာသနာတည် ပေးခဲ့တာလို့ ဆိုပါတယ်။ တောထွက်ခါနီး ဒကာဒကာမများကို တစုတဝေးတည်း တွေ့ချင်တာလည်း ပါပါတယ်။
    'အဘကား ငါတို့လုပ်သမျှ မသိကျိုးကျွန်ပြု၍သာ ချီးမြှောက်တော်မူပါ၏။ ငြူစူခြင်းကား လုံးဝမရှိ ချေ။ အတင်းအကျပ် ဟန့်တားမှုလည်း လုံး၀ မပြုချေ။ နူးညံ့သိမ်မွေ့လှသော မေတ္တာရှင် အစစ်ပါပေ။' (စာ-၂၇၂)
    ၁၃၄၁ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၄ ရက် အင်္ဂါနေ့၊ နံနက် ၇ နာရီမှာ မဟာဗောဓိ မြိုင်လောင်းလျာ ဦးဉေယျဟာ သပိတ်တစ်လုံးပိုက်ပြီး ဆွမ်းခံထွက်လာခြင်းဟာ တောထွက်ခြင်းရဲ့ နိဒါန်းအစပါပဲ။ ရန်ကုန် မြို့ သာသနာ့ဗိမာန်ကျောင်းတိုက်ကြီးကား အရှင်ဉေယျရဲ့ ကျောဘက်မှာ ကျန်ရစ်ခဲ့ပေပြီ။ အဘဝိမလ ကိုယ်တော်တိုင်လည်း ကျောင်းတော်ကြီးရဲ့ လေသာဆောင် ပေါ်ကနေ သားတပည့်ဖြစ်သူရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့ပါတယ်။ အဘဟာ သူ့သားတပည့် ပြန်လာနိုးနဲ့ ဆွမ်းစားချိန်ရောက်တာတောင် မစားသေးဘဲ လေသာဆောင်ပေါ်ထွက်ကာ မျှော်ကြည့်နေခဲ့ တယ်ဆိုပါတယ်။ မွန်းတည့်ဖို့ နာရီဝက်အလို ၁၁ နာရီခွဲအထိ မျှော်စောင့်ရင်း 'သူလာမှာ မဟုတ် တော့ပါဘူး'လို့ မှတ်ချက်ချတော်မူပါတယ်။ 'သူ့မှာ သုံးပုံတစ်ပုံလောက် ကျန်သေးတယ်'လို့လည်း တရားနဲ့ပတ်သက်တဲ့ မှတ်ချက်စကား ဆိုတော်မူခဲ့ပါသတဲ့။
    အဲဒီအချိန်မှာ နံနက် ၁၁ နာရီခွဲမှာ မန်းစာ ပို့ရထားကြီးကား ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသွားခဲ့လေပြီ။ ရထားပေါ်မှာတော့ နောင်အခါ 'မဟာဗောဓိ မြိုင်ဆရာတော်'လို့ တိုင်းနိုင်ငံပြည်တစ်ဝန်း လျှမ်းလျှမ်းတောက် ကျော်ကြားလာမည့် သံဃာတစ်ပါးလိုက်ပါသွားခဲ့ပါပြီ။ အရှင်ဉေယျဟာ သင်္ဃန်းကျွန်း၊ ဇဝနကွေ့မှာ အငှားကားပေါ်တက်လိုက်ချိန် နံနက် ၁၀ နာရီခွဲကစပြီး မိုးကြီးသည်းထန်စွာ ရွာပါတော့တယ်။ တရားမိုးကြီး ရွာသွန်းဖြိုးမည့် ပုဗ္ဗနိမိတ်ပဲလို့ ဆိုနိုင်ပါတယ်။
    ၂၀၂၁ ဒီဇင်ဘာထုတ် 'သံဝေဂလမ်း' ကျမ်းစာအုပ်မှာလည်း တောထွက်ခဲ့ပုံကို အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။
    'ပထမမိုးကြီးသည်းထွန်စွာ မြို့လုံးကျွတ်ရွာသွန်း၏။ ထို့နောက် ငါတို့၏ ဦးခေါင်းပေါ်၌ မိုးကြိုး ထစ်၏။ ဦးခေါင်းပေါ်၏ ကောင်းကင်ပြင်တစ်ခုလုံး လျှပ်စီး များလက်နေ၏။' (စာ-၆၆)
    မဟာဗောဓိမြိုင်လောင်းလျာဟာ စာပို့ရထားကြီးရဲ့ တွဲနံပါတ် ၇၊ ခုံနံပါတ် ၁၁ မှာ လိုက်ပါလာရာ ...'ဆယ့်တစ်မီးတဲ့အပြီး ခွဲပြီဟေ့'လို့ စိတ်ထဲက ကြွေးကြော်ရေရွတ်လိုက်ပါတယ်။ တဖြည်းဖြည်း ဝေးကျန်ခဲ့တဲ့ ရန်ကုန်မြို့ကြီးကို ကြည့်ပြီး ...
    'ဤ မြို့တော်ကြီးသည် အောက်ဘုံခုန်ချခဲ့ရာ နေရာဖြစ်ခဲ့၏။
    ဤမြို့တော်ကြီးသည် အထက်ဘက်ပြန် တက်ခဲ့ရာ၏ နေရာဖြစ်ရပြန်၏။ သို့မဟုတ် ဤမြို့၊ ဤနေရာသည် နေဝင်သွားရာ နေပြန်ထွက်လာရာ၏ အစတည်း။ ယခုသော် ထိုမြို့တော်ကြီးမှ ယခု ငါ၏ သွားခြင်းသည် အဝင်နှင့်အထွက်တို့၏ အလွတ်ဘက်သွားတော့မည် ဖြစ်ရာ မြောက်သို့မျှော် အော်ခေါ်မလိုဖြင့် ကျန်ခဲ့ပြီ။' (စာ-၆၆)

    အညာဆန် စာပို့ရထားကြီးဟာ အမှောင်ကို ထိုးခွဲလျက် တစ်ဘူတာပြီး တစ်ဘူတာ ခရီးဆက်ခဲ့ပါတော့တယ်။ ညသန်းခေါင်ကျော် 'သာစည်' ဘူတာကြီးသို့ ရောက်လေသော် မဟာဗောဓိမြိုင်လောင်းလျာသည်မှာ ဆင်းသက်ခဲ့၍ အလင်းဖြန့်ကြက်ရာဆီ ဦးတည်လျှောက် လှမ်းခဲ့လေပြီ။    ။
မောင်သွေးချွန်
 ( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၄၈)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 320

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42861

© 2022 - 2025 News. All Rights Reserved.