မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့  ဣစ္ဆာသယဘုရားတည်ထားရာမှာ ပါရမီဖြည့်ခဲ့ခြင်း

၂၀၂၃ နိုဝင်ဘာ ၁၆

    မင်္ဂလာဒုံ ဣစ္ဆာသယဘုရားကြီး တည်ထားရာမှာလည်း အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရပုံကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဘုရားတည်ခြင်းနှင့် ဆက်စပ်ပြီး ဝိဇ္ဇာလောကသမထကျင့်စဉ်များရဲ့ သဘောသဘာဝတို့ကိုလည်း မှတ်သားဖွယ် အသိပေးရေးသားထားပါတယ်။ ဣစ္ဆာသယ သာသနာ့နယ်မြေမို့ သံဃာတော်များ သီတင်းသုံးဖို့ အတွက်ပါ အဘဝိမလက ရည်ရွယ်ထားခဲ့ပါတယ်။ သံဃာရှိရင် သိမ်ရှိရမှာဖြစ်တဲ့အတွက် သိမ်ဆောက်ဖို့ စီစဉ်တဲ့အခါမှာ အနှောင့်အတားများနဲ့ ကြုံတွေ့လာရ ခြင်းဖြစ်ပါတယ်။ (မြေပေါ်မငြိမ်သက်ခြင်းကား မြေအောက်ကလက်ခြင်း ကြောင့်ပင်ဖြစ်၏)လို့ ဆရာတော် ဘုရားကြီးက သုံးသပ်ဖော်ပြထားပါတယ်။ မြေအောက်ဆိုတာ ဘုမ္မိယသိုက် စောင့်များကို ဆိုလိုပါတယ်။
    မင်္ဂလာဒုံ သင်္ဃန်းကျွန်းကြီးရွာ ဣစ္ဆာသယ ဘုရားနယ်မြေမှာ ဦးကျန်အုပ်စီးသော အုပ်စုက တစ်ဂိုဏ်း၊ ဘုရားနယ်မြေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရဟန်းတော်က တစ်ဂိုဏ်းဆိုပြီး သဘောထားကွဲ အတွဲနှစ်တွဲရှိတယ်လို့ ဆိုပါတယ်။ ဦးကျန်ရဲ့နောက်မှာ သက်ဆိုင်ရာ ပါတီကောင်စီရှိနေပြီး ဣစ္ဆာသယ ဘုရားစေတီကို စောင့်ရှောက်နေတဲ့ ရဟန်းတော်(ဆရာတော်ဦးဥတ္တရ)ရဲ့နောက်မှာ အဘဝိမလနှင့်တကွ မင်္ဂလာဒုံ ကျိုက္ကလဲ့ ဆရာတော်စသော သံဃာတော်များက အားပေးထောက် ခံမှု ပြုနေတယ်လို့ ဆိုပါတယ်။


    'ဣစ္ဆာသယ၌ သိမ်သမုတ်တော့မည်ဆိုသည်နှင့် သက်ဆိုင်ရာ ကျေးရွာရပ်ကွက်ကောင်စီက လာရောက်တားမြစ်၏။ ဤနေရာသည် နွားစားကျက်နယ် မြေဟူ၍ အကြောင်းပြ၍ ဘုရားပုရဝုဏ်ကား နွားစား ရာစားကျက်ဖြစ်သွားချေပြီကော။ အဘကား ပြန်လည် ချေပခြင်းမပြု။ အန်လည်း အန်မတု။ "အေးလေ ... မင်းတို့က မလုပ်နဲ့ဆိုလည်း မလုပ်ပါဘူးကွယ်'ဆိုကာ ရပ်ဆိုင်းပေး၏။ ငါတို့ကိုလည်း ..."သားရဲ့ ...ဒီဒေသက လူကြမ်းတွေကွယ့်၊ အသက်အန္တရာယ်ပေး တတ်တယ်။ ငါတို့ ပြန်ကြမယ်"မိန့်၏။ ငါတို့ကား မကျေ နပ်ချင်ပြီ။'
    ကောင်းတာလုပ်ရာ နှောင့်ယှက်တာ၊ သူ့မှာ တုတ်ကိုင် ကိုယ်ဓားကိုင်အံ့။ ဆိုင်ရာ သစ္စာဆို၍ ဖယ် ရှားပစ်စေလို၏။ သွားလမ်း၏အတား သစ္စာစကားဖြင့် ဖယ်ရှားခြင်းသည် အလောင်းတော်တကာများ၏ လုပ်ထုံးမဟုတ်လော။ အဘကား ထိုသို့ မဟုတ်ပြီ။ ခမာဂုဏ်နှင့် ပြည့်စုံစွာသော ခန္တီလက်နက်ကိုသာ သုံး၏} (၂၀၁၂၊ စက်တင်ဘာထုတ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ စာ-၂၃၀)
    ဒီလိုနဲ့ မဏ္ဍပ်ကျောင်းက အထွက်မှာ 'လောကဓံရင်စီးပြီး ခံမဟေ့'လို့ အဘဝိမလက ကြွေးကြော်လိုက် တယ်။ အဘက မေတ္တာဖြင့် ဆက်ကြိုးစားပါတယ်။ ကျောင်းပြန်ရောက်ပြီး တစ်ပတ်ခန့်အကြာမှာ ''မောင် ကျန်ရယ်...ငါ့ရဲ့သာသနာ့ကိစ္စ ဆောင်ရွက်ရာတွင် မနှောင့်ယှက်ချင်ပါနဲ့ကွယ်၊ ငါလည်း သာသနာ့နောင်ရေး တွေးပြီး လုပ်တာ မင်းလည်းပဲ သာသနာ့နောင်ရေးကို အလေးပေးလုပ်နေတာ၊ သာသနာ ဘယာမဝင် ကောင်း"ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ စာတစ်စောင်ရေးပြီး အဲဒီစာကို ဦးညိမ်းမောင်ပဲ ပို့ပေးခဲ့ရပါတယ်။ ဦးကျန်ကို ပေး ခဲ့ခြင်းကားမဟုတ်။ ဦးကျန်ကို ဒီစာပေးသင့်၊ မပေးသင့် ဦးခင်စိုးကိုပြကာ တိုင်ပင်ခြင်းဖြစ်ပါတယ်။
    'ဦးခင်စိုးဆိုသည်မှာ မင်္ဂလာဒုံအခြေချမဟုတ်၊ မိုးကုတ်မှဖြစ်၏။ ၎င်းသည် သာသနာကိုလည်းကောင်း၊ အဘကိုလည်းကောင်း၊ ရိုသေညွှတ်ကိုင်းလေသူ ဖြစ်၏။ ထို ကာယရပ်ကွက်၏ ပါတီကောင်စီများအပေါ်၌လည်း သြဇာညောင်းသူဖြစ်၏။ ဦးခင်စိုး၏ ကိုယ်ကျင့်သိက္ခာကြောင့်လည်းကောင်း၊ ပစ္စည်းဥစ္စာကြောင့်လည်းကောင်း ပါတီကောင်စီတို့က ထိုဦးခင်စိုးစကားဆိုလျှင် မဖယ်ရှားတတ်၊ သို့ကြောင့် သွားတိုင်ပင်ခြင်းတည်း' (စာ-၂၃၀)
    ဦးခင်စိုးက စာကို မပေးသင့်လို့ ဆုံးဖြတ်ပြီး သိမ်းထားလိုက်ပါတယ်။ နောက် နှစ်ရက်ခန့်ကြာတော့ မင်္ဂလာဒုံပါတီယူနစ်မှ အနားယူပြီး ကာယရပ်ကွက်မှာ ခြံစိုက်စားနေတဲ့ ဦးကျော်စိန်နဲ့အတူ အဘဆီရောက်လာပါတယ်။ သူတို့ မင်္ဂလာဒုံ ကာယရပ်ကွက်သို့ ရောက်ရှိ လာတာဟာ ဣစ္ဆာသယဘုရားကြီး အမှီပြုပြီးရောက်လာ တာဖြစ်ကြောင်း၊ သာသနာထွန်းကားရာ အရပ်မှာ လူကောင်းတွေနဲ့ ပေါင်းဖက်ရမယ်လို့ ထင်မိခဲ့ကြောင်း၊ လူမသမာအနေနည်းလိမ့်မယ်လို့ စဉ်းစားပြီး ရောက်လာပါကြောင်း သာသနာ့နယ်မြေအတွက် သူတို့မှာလည်း တာဝန်ရှိကြောင်း အရှင်ဘုရားသည် တပည့်တော်များ၏ မှီခိုအားထားရာ ဖြစ်တော်မူကြောင်း၊ သို့ပါ၍ တပည့် တော်တို့ကို သနားသောအားဖြင့် ပြန်လည်ကြွတော်မူ ပါမည့်အကြောင်း လျှောက်ထားကြပါတယ်။


    ဒီလိုနဲ့ နောက်တစ်ရက်မှာ ဣစ္ဆာသယသို့ ပြန်ရောက်ခဲ့ကြပါတယ်။ မကျေမနပ်ဖြစ်နေတဲ့ ဦးညိမ်းမောင်ကိုလည်း အဘက နှစ်သိမ့်ချော့မော့ပြီး ပြန်ခေါ်လာခဲ့ပါတယ်။ ရောက်တာနဲ့ သိမ်ကိစ္စ ချက်ချင်းဆောင်ရွက်ကြပါတယ်။ သိမ်သမုတ်ခြင်း၊ သိမ်နုတ်ကိစ္စတွေကို ဂန္ဓာရီ ဆရာတော်ကို လွှဲအပ်ထားပါတယ်။ ဂန္ဓာရီဆရာတော် ဟာဒီနယ်မြေရှိ ရဟန်းရှင်လူတို့အပေါ် သြဇာညောင်းတဲ့ ဆရာတော်ဖြစ်ပါတယ်။ သိမ်တိုင်ကိစ္စနဲ့ ငွေကြေး ကိစ္စအ၀၀တို့ကိုတော့ ဦးညိမ်းမောင်နှင့် မပု(အဘ၏ ညီမအရင်း)တို့က တာဝန်ခံရပါတယ်။ သံဃာ့ဝေယျာဝစ္စနှင့် စားသောက်ရေး အထွေထွေကိစ္စများကို ဌာနေဓမ္မ မိတ်ဆွေများနှင့် အဘသားသမီးများက တစ်လှည့်စီ တာဝန်ယူကြပါတယ်။
    'သိမ်ကိစ္စဆောင်ရွက်နေစဉ် ထိုတစ်နေ့ ...၊ ထူးခြားသော လူပုဂ္ဂိုလ်ကြီးတစ်ဦး ပုတီးကြီးစလွယ်သိုင်း  လျက်နှင့် ဆိုက်လာ၏။ အဘ၏ ဆွမ်းစားပြီးစ အနား ယူချိန်တွင်ဖြစ်၏။ ငါတို့ကား စားမှုကိစ္စပြီးစီးသဖြင့် ဓမ္မာရုံဟောင်း၌ ရောက်နေခဲ့ပြီး။
    "အဘ ဘယ်ကလာသလဲ"
    "မော်လမြိုင်ဘက်က"
    "အဘ ...အခု ဘယ်မှာတည်းသလဲ"
    "ရေကြည်အိုင် ထောက်လှမ်းရေးစခန်းမှာ"
    မဏ္ဍပ်ကျောင်းပေါ်ရှိ အနီးနေတို့ မေးသဖြင့် ဖြေသောအဖြေပင် ဖြစ်ချေ၏။ ထိုနောက်မှ ထိုဧည့်သည် ကြီးသည် ပရိသတ်နှင့် စကားပြောသည်ဆို၏။ ထိုဧည့် သည်ကား ဥပဓိရုပ်ခံ့ညား၏။ အသားညို၏။ ထောင်ထောင်မောင်းမောင်းသော အရပ်ရှိ၏။ မဏ္ဍပ်အတွင်းရှိ သိုက်ကြိုးမလွတ်သော မိန်းကလေးတို့သည် အဘအဘ တ၍ ငိုကြ၏။ ၎င်းတို့အိမ်သို့လည်း အတင်းခေါ်ကြသေး၏။ ထူးကားထူး၏။ ဘာထူးသည်ကား မသိ။
    ဧည့်သည်ကြီးရောက်သဖြင့် နာရီဝက်ခန့် အကြာတွင်ပင် အဘကိုယ်တော်တိုင်ပင် ငါတို့နေထိုင်ရာ ဓမ္မာရုံဟောင်းကြီးအတွင်းသို့ ကြွရောက်လာပြီး ...  'ဧည့်သည်ရောက်နေတယ်သားရဲ့၊ သွားဧည့်ခံလိုက်ဦး၊ ဧည့်သည်လာရင် ဧည့်ခံဖို့ အိမ်ရှင်တာဝန်ကွယ့်}
    ထိုသို့ မိန့်သဖြင့် ငါတို့လည်း ထိုဧည့်သည်အနီး သွားရောက်ကာ ဧည့်ခံရ၏။ စကားရောနှောကာ ပြော ရ၏။ ထိုစဉ်ဧည့်သည်ကြီးက စကားဆန်းတစ်ခွန်း ဆိုခဲ့ ၏။
    "ငါတို့က ဗိုလ်လာလာတော့ လူတွေက ဘာလိုလို ထင်နေကြတယ်"
    သည်စကား ငါတို့မရိပ်မိခဲ့၊ ဗိုလ်ဆိုသူမှာ အာဏာရှိသူတည်း။ အာဏာရှိသူမှာ အမိန့်ပေးခြင်းတည်း။ သို့ကြောင့် ဗိုလ်လာလာဆိုသည်မှာ အမိန့်ပေးရန် လာ ရောက်ခြင်းဟူ၍ အဓိပ္ပာယ်ရ၏။ 'ထွက်မိန့်'ပေးရန်လာ ခြင်းတည်း။ နောက်တစ်ရက်တွင် အဘကလည်း စကား ဆန်း ဆိုလာပြန်တော့၏။
    'ညက ...အောင်မင်းခေါင်ကြီး၊ မလာစဖူး လာတယ်ကွာ့။ လာပြီး ကိုယ်တော်ကြီးဆီမှာရှိတဲ့ ဆင် ကြီးလွှတ်လိုက်တော့ ပြောသွားတယ်။
    ငါကား အဘမျက်နှာ မော့ကြည့်လိုက်၏။ အဘသည် ငါရိပ်မိသွားသည်ကို သိသဖြင့် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းသွားတော့၏။
    'သည်လိုကွယ့် ငါ့သားရဲ့၊ တစ်ခါကကွာ။ ငါ ဘုရားတစ်ဆူရှေ့ ပုတီးစိပ်နေစဉ် ဆင်ကြီးတစ်ကောင် အဝေးကနေ ပြေးဝင်လာတယ်။ ငါ့အနားရောက်တာနဲ့ ပေါင်ကို မြှောက်ပေးထားပြီး သူအဝင်မှာ ဖိထားလိုက် တယ်။ ဒါကို လွှတ်လိုက်တော့လို့ ပြောတာရယ် ...'
    ဆင်ဟူသည်မှာ ဗုဒ္ဓဟူးဂြိုဟ်သက်၊ ဗုဒ္ဓဟူးနံ ဝင်သတ္တဝါကောင်တည်း၊ ဦးဝိမလဟူသည်မှာလည်း ဗုဒ္ဓ ဟူးဂြိုဟ်၊ ဗုဒ္ဓဟူးနံဝင် ရဟန်းတော်ပင်လျှင်တည်း' (စာ-၂၃၂)
    'နောက်တစ်ရက်တွင်ကား နှမဖြစ်သူ မပုအား ရန်ကုန်သို့ ပြန်လွှတ်၍ ရွှေတိဂုံအရှေ့စောင်းတန်းမှ ဆင်ဖြူတော်တစ်ကောင် (စက္ကူဖြင့် ပြုလုပ်ထားသော ဆင်ဖြူတစ်ကောင်) အဝယ်ခိုင်းလိုက်၏။ ရောက်သော် ဘုရားဝင်ပေါက် တံခါးဘက်သို့ မျက်နှာမူစေလျက်က မဏ္ဍပ်ကျောင်းအတွင်းဝယ် ပွဲပေးထားစေတော့၏။ အ လင်းတိုင်များ နေ့ညဉ့်မပြတ် ထွန်းညှိထားစေ၏'
    ရွှေတိဂုံ အရှေ့ဘက်စောင်းတန်းက ဆင်ဖြူတော်အရုပ်ကို တကူးတက ဝယ်ရတဲ့အကြောင်းကို ဆရာ တော်ကြီး ရှင်းပြထားပုံဟာလည်း အလွန်ထောင့်စေ့ပြီး မှတ်သားဖွယ်ကောင်းလှပါတယ်။ ရွှေတိဂုံဘုရားကြီးသို့ အရပ်လေးမျက်နှာမှ စောင်းတန်းလေးသွယ်ဖြင့် တက်ကြရသည်ဖြစ်ရာ ဘယ်စောင်းတန်းက ဘာကြောင့် တက်ရသလဲဆိုတာ ရှင်းပြထားပါတယ်။
    အရှေ့ဘက်မျက်နှာသည် မွန်ဆက်တို့ကြီး စိုးရာဌာနဖြစ်ရကား မွန်ဆက်မကင်းသူမှန်သမျှ ယင်း အရှေ့ဘက်စောင်းတန်းမှသာ ဘုရားထံ ပူဇော်ဆည်းကပ် ကြမြဲ ဖြစ်ချေ၏။ တောင်ဘက်မျက်နှာသည် မြန်မာဆက်တို့ကြီးစိုးရာ ဌာနဖြစ်ရကား မြန်မာဆက်မကင်းသူ ဟူသမျှ ယင်းတောင်ဘက်မျက်နှာ၏ စောင်းတန်း လှေကားတို့မှသာ တက်ရောက်ကြလေ့ရှိမြဲဖြစ်၏။ အနောက်ဘက်မျက်နှာသည် ရခိုင်နှင့် အိန္ဒိယနွယ်ဖွားတို့ လွှမ်းမိုးရာ ဒေသဖြစ်ရကား အိန္ဒိယနွယ်ဖွားနှင့် ရခိုင်ဆက်များကား ယင်းစောင်းတန်းလှေကားမှသာ တက် ရောက်လေ့ရှိကြ၏။ မြောက်ဘက်မျက်နှာကား ရှမ်းတို့ ကျက်စားရာဒေသ ဖြစ်ချေရကား ရှမ်းသွေးရှမ်းဆက် ပါလေသူများကား ယင်းမြောက်ဘက်မျက်နှာ မြောက်ဘက်စောင်းတန်းမှသာ နေရာယူမြဲဖြစ်ချေ၏။}
    'မှတ်ချက်။    ။ ဤစကားရပ်သည် ပါရမီစခန်းစဉ်တက်ရာ၌သာ အကျုံးဝင်၏။ သာမန်နှင့်မဆိုင်ပြီ။' (စာ-၂၃၂)
    အဘဝိမလဟာလည်း ဘဝတစ်ခုမှာ မွန်သွေး မွန်ဆက်ပါလာတဲ့အတွက် အရှေ့ဘက်စောင်းတန်းက ဆင်ဖြူတော်ရုပ်ကို ဝယ်ခိုင်းခြင်းဖြစ်ပါတယ်။ သိသာအောင် ဆက်လက်ရှင်းပြထားတာကတော့ ...တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က ရန်ကုန်မှာ မြေငလျင် အကြီးအကျယ်လှုပ်ပြီး ရွှေတိဂုံဘုရားကြီးရဲ့ ထီးတော်စောင်းသွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အဘဝိမလဟာ စစ်ကိုင်းတောင် ဝိမုတ္တိရသာရုံချောင်မှာ သီ တင်းသုံးနေပါတယ်။ ငလျင်ဒဏ်ကြောင့် ရွှေတိဂုံဘုရား ကြီးထီးတော်စောင်းသွားတဲ့ သတင်းကြားတာနဲ့ အဘဝိမလ ရန်ကုန်သို့ ပြောင်း<ကတော်မူလာပြီး ရွှေတိဂုံ စနေထောင့် ဖွားသဲနုဇရပ်မှာ သီတင်းသုံးပါတယ်။ ဒီလို ပြောင်း<ကသွားတာကို အထက်အညာက တပည့်ဒကာများ (မြန်မာဆက်၊ ပျူဆက်၊ ရှမ်းဆက်များ)က မကျေနပ်ပါဘူး။ ဒါကြောင့် အဘဝိမလကို နိုင်တဲ့ ဝေဘူဆရာတော် ဘုရားကြီးထံ သွားရောက်ကြကာ ...
    "ဆရာတော်ဘုရားရဲ့ အမိန့်နဲ့ အဘဝိမလကို ပြန်ခေါ်ပေးပါဘုရား၊ တပည့်တော်တို့အဘ တပည့်တော် တို့ဌာနမှာသာ ရှိသင့်ပါတယ်ဘုရား"လို့ လျှောက်တင်ကြ ပါတယ်။
    'ဟုတ်ဖူးတဲ့ဗျာ့၊ သည်လိုတဲ့ဗျာ့၊ ဗောဓိညောင် ကိုင်းကြီးနှစ်ကိုင်း တောင်ဘက်တစ်ကိုင်း၊ မြောက်ဘက် တစ်ကိုင်းရှိတယ်ရယ်ဗျာ့၊ အဲဗျာ၊ မြောက်ကိုင်းသားတွေက မြောက်ဘက်အကိုင်းက အသီးများစွာတို့ကို ခူးဆွတ် စားပြီးကြပြီပဲ။ ဝလို့ အီလို့တဲ့ဗျာ့။ အခုတောင်ဘက်ကိုင်း သားများ အလှည့်ဗျာ့။ သူတို့လည်းပဲ သူတို့ရဲ့ တောင် ဘက်ကိုင်းရှိ အသီးတွေအရွက်တွေကို ခူးဆွတ်စားပါစေဦးဗျာ့"လို့ ဝေဘူဆရာတော်ကြီးက ပြန်လည်မိန့်ကြား တော်မူပါတယ်။ ဝေဘူဆရာတော်ကြီး စကားတော်အရ အဘ ဝိမလသည် မွန်ဘဝက မွန်ဆက်များအတွက် ရန်ကုန် ကြွလာတာ သိသာလှတယ်လို့ ဆိုပါတယ်။
    အဘဝိမလဟာ ဘဝရဲ့ နောက်ဆုံးအချိန်အထိ လုပ်သင့်လုပ်ထိုက် လုပ်စရာမှန်သမျှ အကုန်လုပ်သွား တယ်လို့ ဆိုနိုင်ပါတယ်။ ၁၃၄၁ ခုနှစ် ကဆုန်လပြည့်နေ့  ဣစ္ဆာသယ ဘုရားဝင်းရဲ့ စနေထောင့်ရှိ ဗောဓိညောင် တော်ကို အဘကိုယ်တိုင် ရေသွန်းလောင်းပါတယ်။ လပြည့်နေ့မှာပဲ ဆံတော်ပယ်ပြီး အဲဒီဆံတော်တွေကို မဟာဗောဓိ မြိုင်လောင်းလျာ ဦးညိမ်းမောင်ကိုသာ ပေးသနားတော်မူ ခဲ့ပြန်ပါတယ်။
    အဲဒီနောက် တစ်ဆက်တည်း သိမ်မြေနုတ်ခြင်း၊ သိမ်သမုတ်ခြင်းကိစ္စတွေ ဆောင်ရွက်တော်မူပါတယ်။
    'ထိုမှနေခါ ဝေယျာဝစ္စ တပည့်သာဝကများ သည်လည်းကောင်း၊ ဘုရားç ကျောင်းထိန်းသိမ်းမှု တာဝန်ခံရသည့် သာဝကများသည်လည်းကောင်း၊ အဘကား ဝိဇ္ဇာတည်း၊ အဘကား လိုတရ ဣစ္ဆာသယ ဘိုးတော် တည်း၊ ကြံအောက်မေ့ကာ ငွေ၊ ပစ္စည်းအခွင့်ရလျှင် ရသမျှ မလွတ်တမ်းအခွင့်အရေးရယူကြ၏။ အဘကား ငုံ့ ခံ၏။ ငါတို့ကားမကျေနပ်၊ အဘအား အမဲဖျက်သလို ဖျက်နေကြသည်ဟု ယူဆမိ၏။'
    အဘဝိမလရဲ့ ဂုဏ်သိက္ခာကို ထိပါးပြောဆို တာတွေလည်း မခံမရပ်နိုင်အောင် ကြားခဲ့ရပါတယ်။
    'အဘဟာ ဝိဇ္ဇာတွေက အရေးယူခံရလို့အဆင့် နိမ့်ကျနေရာ ကျုပ်တို့ ဘုရားရောက်မှ ရာထူးပြန်ရတာ၊ ဒါ့ကြောင့်မို့ ကျုပ်တို့ ဘုရားက မခွာနိုင်တာ'
    ဘယ်လောက်များ စော်ကားလိုက်ကြပါသလဲ။ ဒါကြောင့် ဦးညိမ်းမောင်ဟာ သူတို့နဲ့ မရော၊ ဒါပေမဲ့ အဘသားသမီးဆိုသူတွေနဲ့လည်း စကားများခဲ့ရလေပြီ။  အဘကား မတုန်မလှုပ်၊ ကျောင်းပြန်ရောက်မှ ]မင်းလုပ် တာမှန်တယ်။ ဒါပေမဲ့ ဒုန်းတိုက်ကြီး}လို့ ဆုံးမပါတယ်။
    ဣစ္ဆာယစေတီတော်မှာ သိမ်သမုတ်ပြီးစီးတဲ့ အခါ ]သာသနာ့ သောဘိနီသိမ်တော်ကြီး}လို့ အမည်ပေး လိုက်ပါတယ်။ သိမ်သမုတ်ပွဲရဲ့ နာယကမှာ ကျိုက္ကလဲ့ ဆရာတော် ဦးဇဝနဖြစ်ပါတယ်။
    'ကျိုက္ကလဲ့ဆရာတော်ကား ဖိုထိုးဝါသနာပါရာ တစ်နေ့၎င်း၏ ကျောင်းဝင်းထဲ ဘိုးတော်အောင်မြင့်စိန်ခေါ် တိမ်ကြားမင်းခေါင်၏ ရုပ်ကလာပ်ကို ဂူသွင်းမြှုပ်နှံခွင့်ပြုရာမှ ကုဋ္ဌနူနာရောဂါဖြစ်ပွားလာရာ အဘ၏ ပြု ပြင်ပေးမှုကြောင့် ပျောက်ကင်းခဲ့ရဖူး၏။ ထိုကျေးဇူးတရား သည် ကျိုက္ကလဲ့ဆရာတော်၏ အဘအပေါ်ဝယ် တစ် သက်တာ မေ့မရစေသော အမှတ်သင်္ကေတပေတည်း။' (စာ-၂၃၄)
    ဒီလိုနဲ့ ကျောင်းပြန်ရောက်ပြီး တစ်ပတ်မျှမပြည့်ခင် ဦးညိမ်းမောင်ကို မဟာစည်ရိပ်သာဝင်ဖို့ တိုက်တွန်းပါတယ်။ မဟာဗောဓိမြိုင်လောင်းလျာကား အင်း မလှုပ် အဲမလှုပ်။ နောက် ၁၀ ရက်လောက်ကြာတော့ တစ်ခါ မိန့်ပြန်ပါတယ်။
    'မင်း ...မဟာစည်တရားစခန်းဝင်လျှင် တရားတွင်သာမက သူ့စည်းကမ်းပါ ရနိုင်တယ်။ ဘာမဆို စည်းကမ်းရှိတော့ တိုးတက်တာပေါ့။ ဘုရားစကား နားထောင်လျှင် ဘယ်သွားသွား မျက်နှာမငယ်စေရဘူး ကွယ့် ...သားရဲ့ ...'
    အဘက ချော့မော့ တိုက်တွန်းနေသလောက် ဦးညိမ်းမောင်ကား မတုန်မလှုပ် ကျောက်ရုပ်ပမာ၊ မဟာ ဗောဓိမြိုင်လောင်းလျာကား သမထမှ မသထဟူ၍ တစ်ယူသန် တစ်ဇွတ်ထိုးÓဉ်ဖြင့် သမထကိုသာ တထစ်ချ ပြုကျင့်နေလေရာ အဘဝိမလက လိမ္မာပါးနပ်စွာဖြင့် ကဗျာလေးတစ်ပုဒ်နဲ့ လမ်းပြတော်မူခဲ့ပါတယ်။
    ဖြစ်သမျှလှစ်ဟလို့ ဖွေကျန်
    လောကရဲ့ အခြေခံ အဖြေမှန်ဧကန်
    ဝိပဿနာဉာဏ် ဝေဖန်ကြည့်မှ
    အမြင်မှား အထင်အရှား သိနိုင်တယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ကျမ်းစာအုပ်ကြီးကား အကြိမ်ကြိမ်ဖတ်လေ မှတ်စရာတွေ သိစရာတွေ ကျင့်စရာတွေ ပို၍များလာလေဖို့ ဆိုချင်ပါတော့တယ်။


မောင်သွေးချွန်
TREND News Journal  အတွဲ(၂)၊ အမှတ်(၄၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Total Views ~ 544

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31232

© 2022 - 2024 News. All Rights Reserved.