မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ တောကျင့်တောင်ကျင့် နိဒါန်းအဖွင့်

၂၀၂၃ အောက်တိုဘာ ၂

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ရသေ့လေးဘ၀နဲ့ တောထွက်ပြီး ကျင့်ကြံ အားထုတ်ခဲ့ပုံတွေဟာလည်း အံ့သြလို့ မကုန်နိုင်အောင် ဆန်းကြယ်တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာခဲ့ပါ တယ်။ ရသေ့လေးဟာ ရွှေတိဂုံနောင်တော်ကြီးဘုရား ပေါ်မှာ အလွန်ခက်ခဲပြီး အဖျက်ကြမ်းတယ်ဆိုတဲ့ အဓိ ဋ္ဌာန်ကြီး အောင်ခဲ့ပြီးတဲ့နောက် ၁၃၃၉ ခု နယုန်လပြည့် ကျော် ၁၂ ရက်၊ တနင်္ဂနွေနေ့မှာ 'ကေလာသတောင်' သို့ အဓိဋ္ဌာန်ခရီး ဆက်ခဲ့ပါတယ်။ ရသေ့လေး ဦးညိမ်းမောင်ရယ်၊ ဓမ္မမိတ်ဆွေ ဦးတင်အောင်ရယ်၊ ကိုရင်ကြီး ရယ် သုံးယောက်ပေါင်းမိကာ ရွှေတိဂုံဘုရားမှ ရန်ကုန် ဘူတာကြီးသို့ ထွက်လာခဲ့ကြပါတယ်။ သို့သော် ရထား မမီလိုက်ပါ။

'မော်လမြိုင်ရထား မမီလိုက်ပေမယ့် ဟောဒီ မန္တလေးရထားနဲ့ ပဲခူးလိုက်သွားပါ။ ပဲခူးမှာ မော်လမြိုင် ထွက်မည့် လော်ကယ်ရထား ပြောင်းစီးပါ'လို့ လက်မှတ် စာရေးက အကြံပေးလိုက်ပါတယ်။ သူအကြံပေးတဲ့ အ တိုင်း လုပ်ခဲ့ကြပါတယ်။ မော်လမြိုင်ဘက် ထွက်ခွာလာတဲ့ ရထားကြီးဟာ 'ဝေါ' ရောက်ခါနီးမှာ ကုန်တွဲမှ ကုန် ပစ္စည်းအိတ်ကြီးတွေ ထွက်ကျနေတာ သိလိုက်ရပြီး ရထားကြီး နောက်ပြန်ဆုတ်ခဲ့ရပြန်ပါတယ်။

'အင်း အတိတ်နိမိတ် ရှေ့ပြေးတွေကတော့ ဖြင့် ရထားမမီလိုက်တာနဲ့၊ မီပြန်သော်ကော နောက်ပြန် ဆုတ်ရတာနဲ့ ရှေ့ဆက်ဘာတွေ ဖြစ်လေဦးမလဲ မသိ' (၂၀၁၂၊ စက်တင်ဘာထုတ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ စာ-၁၈၅)

သမထလမ်းမှာ အိပ်မက်တွေ၊ အတိတ်နိမိတ် တွေဟာ ရှေ့ပြေး အရိပ်အယောင်တွေပဲ ဖြစ်ပါတယ်။ စစ်တောင်းတစ်ဖက်ကမ်းရောက်တော့ ထင်လဲရည်တင်တဲ့ တွဲကြီးမှာ ပြောင်းစီးကြပါတယ်။

'ဟေ့ ...ဟေ့ ဟိုမှာ ရသေ့ကြီးနှစ်ပါးနဲ့ ဘုန်းကြီးတစ်ပါး တွဲကြားမှာ'


'ကျုပ် မတက်နိုင်တော့ဘူး။ လမ်းမှာပဲ အိပ် ကြရအောင်'လို့ လက်လျှော့စကား ဆိုလာပါတယ်။ ဒါနဲ့ ကိုရင်ကြီးကို တွဲခေါ်လာခဲ့ကြပေမယ့် ...'ကျုပ် မ တက်နိုင်တော့ဘူး'လို့ ဆန္ဒပြနေပြန်တော့တယ်။ 'မ တက်နိုင်၊ နေရစ်ပေတော့'ဆိုမှ ပေတေပြီး လိုက်လာ လိုက်တာ တောင်ထိပ်ပေါ်သို့ ည ၈ နာရီခန့်မှာ ရောက် ခဲ့ကြပါတယ်။ တောင်ပေါ်မှာလည်း မည်းမှောင်လို့ နေပါတယ်။ ဓာတ်မီးကမပါ။ လေတဟူးဟူး တိုက်နေလို့ ဖယောင်းတိုင်လည်း ထွန်းလို့မရ။ တောင်ထိပ်စေတီ ရင်ပြင်တော်ဆီ စမ်း၍ မှန်း၍သာ တက်ခဲ့ကြပါတယ်။ ကိုရင်ကြီးကတော့ ဘုရားခြေရင်း လှေကားထိပ်မှာ ကျန် ရစ်ခဲ့လေပြီ။

ဘုရားကိုလည်း အမှောင်ထဲကပင် ဖူးခဲ့ရပြီး လေကွယ်ရာ အရပ်ကနေ အလင်းတိုင် ညှိထွန်းပူဇော်၊ ဘုရားအာရုံပြု၊ မေတ္တာပို့နေစဉ်မှာပဲ 'ရသေ့ကြီး ... ရသေ့ကြီး'ဆိုတဲ့ အော်ခေါ်သံကြီး ပေါ်လာပါတယ်။ ဘုရားခြေရင်းကနေ ထွက်ပေါ်လာတဲ့ ကိုရင်ကြီးရဲ့အသံ ဖြစ်ပါတယ်။ တောင်ပေါ်မှာ အရင်ရောက်နှင့်နေတဲ့ ရ သေ့ကြီးက သူ့ကိုခေါ်တယ်အထင်နဲ့ ရောက်လာပါတယ်။ မီးစက်စောင့်သမားလည်း အပြေးကလေး ရောက်လာပါတယ်။

'သူတစ်ပါးတည်းမို့ ကြောက်လို့အော်တာ'လို့ ဆိုပါတယ်။ ဒီလိုနဲ့ မီးစက်စောင့်ရဲ့ အစီအမံနဲ့ မြောက် ဘက်အာရုံခံ တန်ဆောင်းထဲမှာ ညအိပ်ခဲ့ကြပါတယ်။ အရင်ရောက်နှင့်နေတဲ့ သံဃာတစ်ပါးရဲ့ ခြေရင်းမှာ အိပ် ခဲ့ရတာပါ။ မနက်လင်းတော့ မီးစက်စောင့်က ချက်ပြုတ် ကျွေးမွေးနဲ့ အဆင်ပြေလို့၊ ဘုရားဖူးရတာလည်း ကြည် နူးလို့မဆုံး။ ဒါပေမဲ့ နောက်တစ်ရက်မှာတော့ မီးစက် စောင့်က သူ့မှာ ကျွေးစရာမရှိတော့ဘူးလို့ ကြေညာလိုက် ပါတော့တယ်။ မောင်းထောင်ချိုင့်တစ်လုံးနဲ့ ဆန်တွေ ပေးလိုက်ပါရဲ့။ ရသေ့လေးတို့မှာလည်း ဘာဆို ဘာမှပါ မလာခဲ့ရာ ပေးလိုက်တဲ့ ဆန်တွေယူပြီး စနေထောင့်က ဇရပ်တစ်လုံးပေါ် ပြောင်းလာခဲ့ကြပါတယ်။

'တောထွက် ကြရအောင်၊ ကျုပ် ဆွမ်းခံကျွေးပါမယ်'ဆိုတဲ့ ကိုရင်ကြီးကား လှုပ်ပင် မလှုပ်နိုင်တော့ပြီ။

ဒီလိုနဲ့ သုံးယောက်စာချက်၊ ဇရပ်လေးမှာ ပေါက်နေတဲ့ရဲယိုပင်က အရွက်တွေခူးပြီး မီးကင်၊ ထမင်း ဆားဖြူးနဲ့စား၊ ဆာသလောက် ကောင်းနေတကားတဲ့။ ထမင်းရည်ကျဲကျဲလေး ဆားဖြူး သောက်ရတာလည်း ကောင်းမှကောင်းတဲ့။ ရန်ကုန်လို နေရာမျိုးမှာပင် ရသေ့ လေး ဦးညိမ်းမောင်ဟာ ထမင်း လုံးဝမစားဘဲ ကုလားပဲ ရေစိမ်စားပြီး ကျင့်ခဲ့တာ မဟုတ်ပါလား။ ကေလာသ တောင်မှာလည်း သစ်ရွက်၊ သစ်ဥ၊ သစ်မြစ်ရတာစားပြီး ကျင့်မယ်ဆိုတဲ့ စိတ်နဲ့ လာခဲ့တာပါ။ သို့သော် ကိုရင်ကြီး ကစ၍ ဗွေဖောက်ခဲ့လေပြီ။ ဒီလိုနဲ့ ပါလာတဲ့ ငွေစလက် ကျန်ကလေးနဲ့ ကင်းရွာဆင်းပြီး ဈေးဝယ်ထွက်ကြရပြန် ပါတယ်။ ကိုရင်ကြီးက ရောက်မှမရောက်သေး။ ၀င်းကရွာဘက်ကနေ ပြန်ပြေးသွားခဲ့လေပြီ။

နောက်တစ်နေ့ နံနက်မှာတော့ 'အမေမိုးရင်'ဆိုတဲ့ မိန်းမကြီးတစ်ယောက် ရောက်လာပြီး ...

'ငါ့သား စေတီတော်ရင်ပြင်တက်ပြီး မဏ္ဍပ် ထိုးကွယ့်၊ မဏ္ဍပ်ထိုးပြီးရင် အင်းတစ်ချပ်ခုန်ရမယ်'လို့ ပြောပါတယ်။

'ဘယ်လို ခုန်ရမလဲ အမေရဲ့'

'တနင်္ဂနွေနေ့ စနေထောင့်က စခုန်'

'သည်လိုဆို ...စနေနေ့ တနင်္ဂနွေထောင့် ကနေခုန် ပြီးပြီးတာပေါ့'

'အေး ...ဟုတ်တာပေါ့ ငါ့သား'

ဆရာတော်လောင်းလျာ ရသေ့လေးမှာ အဲဒီလို ပါရမီဖြည့်မည့်သူတွေ ကြုံတွေ့ရတတ်လေ့ရှိပါတယ်။ အဲဒီလို ညွှန်ပြသူရှိသည့်တိုင်အောင်လည်း မိမိဘက်က အဓိပ္ပာယ်ဖော်ပြီး ကျင့်နိုင်တဲ့ ဉာဏ်ပညာရှိဖို့လည်း လိုပါသေးတယ်။

'မဏ္ဍပ်မည်သည်က လေးမျက်နှာ၊ အင်းခုန် နည်းကား အန္တော၊

ဟုတ်ပြီ၊ ဟုတ်ပြီ။ စေတီတော်ကြီး အရပ်လေး မျက်နှာမှနေ အဓိဋ္ဌာန်ဝင်မည်။ တစ်နေ့လျှင် လေးကြိမ် တို့ဖြင့် ရက်ဆက် အားထုတ်မည် ဆုံးဖြတ်လိုက်၏။ ထို့ နောက် နောက်တစ်နေ့ နံနက်လေးနာရီမှစ၍ ဦးစွာ မဏ္ဍပ်ထိုးသောအားဖြင့် အနောက်အရပ်မျက်နှာ (မိမိ စေတီပေါ်သို့ တက်ရာ၏မျက်နှာ)မှ စတင်ကာ လက်ျာ ရစ် လေးရက်တိတိဝင်၏။ တနင်္ဂနွေနေ့သို့ ရောက်လျှင် မူကား စေတီတော်ကြီး၏ စနေထောင့်မှ တနင်္ဂနွေဂြိုဟ် သက်ဖြစ်သော ဂုဏ်တော် ခြောက်ပတ်တို့ဖြင့် အဓိဋ္ဌာန် ၀င်၏။

'စနေနေ့ရောက်သောအခါတွင်ကား တနင်္ဂ နွေထောင့်မှပင် စနေဂြိုဟ်သက် ၁၀ ဖြင့်ပိတ်၏။ 'အန္တော၊ ဂဗ္ဘေ၊ စရေ၊ ၀ံသေ'ဟူသော ဓာတ်ဖက်စကား အတိုင်း ၎င်းတို့ ဂြိုဟ်သက်အတိုင်း တနင်္လာနေ့အနောက် အရပ်မှ ၁၅ ပတ် စသည်အားဖြင့် ၇ ရက် ၈ မျက်နှာဝင်ရ၏။

၀င်ချိန်ကား နံနက် ၄ နာရီ၊ ၁၂ နာရီ၊ ၂ နာရီ၊ ညနေ ၆ နာရီ လေးချိန်သတ်မှတ်၏။ တစ်နံနက် လေးနာရီ မိုးရွာ၏။ အဓိဋ္ဌာန်အတိုင်း သွားရောက်ဝင်၏။ ချက်ချင်းတိတ်၏။ တစ်နံနက် မိမိထိုင်မည့်နေရာ ပုရွက် ဆိတ်တို့ အပုံလိုက် လှုပ်ရှားနေပြန်၏။ တောင်းပန်၍ ၀င်၏။ အားလုံးပင် တစ်ကိုယ်လုံးကြီး ရွာစာထိုးမျှတက် ၏။ ကိုက်ကားမကိုက်၊ ဆင်းသွားကြ၏။ တကယ်ယုံလျှင် အဟုတ်ဖြစ်သည်။ ကိုယ်ကသာ ကိုယ့်အတွက် မနေသာ မထိုင်သာကျင့်က မည်သူမျှ မကူဘဲ မနေသာပြီ။' (၎င်း၊ စာ-၁၈၇)

ကေလာသတောင်အကြောင်းကိုတော့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း မှတ်တမ်းတင်ဖော်ပြထားပါတယ်။


''ထိုကေလာသတောင်၌ပင်လျှင် ရသေ့ရှစ် ပါး(ကျိုက်ထီးရိုး ဒါယကာ-တိဿ၊ ဇင်းကျိုက် ဒါယကာ-သီဟရသေ့ညီနောင်တို့ အ၀င်အပါ)တို့အား ဆံတော်များ အသီးသီး ချီးမြှင့်ရာ နေရာဒေသဖြစ်သည် ဆို၏။ ထို နေရာရောက် စိတ်ပြောင်းသည်ကား အမှန်။ ဘုရားရှင် ခေတ္တမျှ ဖလသမာပတ်ဝင်စားသွားတော်မူသည်ဆိုသော ကေလာသစေတီ၏ ခြေတော်ရင်းရှိ ညောင်ပင်ကြီး၌ကား သာ၍ပင် စိတ်ငြိမ်သက်မှုရစေဘိ၏။ ညောင်ပင်ကြီး၏ အကိုင်းအခက် အလက်ထွက်ပုံများကပင် မဏ္ဍပ်သဖွယ် ရှိ၏။ ညောင်ကိုင်းမှကျလာကြလေသော မုတ်ဆိတ်မွေး များက စုစည်းမိလာကြသောအခါ မဏ္ဍပ်တိုင်သဖွယ် ပြန်လည်ထောက်ခံပေးနေသည်ကိုလည်း တွေ့ရ၏။ ဘုရားရှင်သည် ထိုညောင်ပင်အောက်ဝယ် ခေတ္တမျှ သီတင်းသုံးသွားသည်ဟူ၍ သုတစကားမှတ်သားမိခဲ့ရ၏။ နှစ်ပေါင်း နှစ်ထောင်ကျော်မျှ ကြာညောင်းလေပြီဖြစ် သဖြင့် ညောင်ပင်ကား အိုမင်းခြင်းနှင့်အတူ ကြီးထွား ခြင်းသည်လည်း ကုန်းတော်ပြည့်မျှပင်တည်း။"

''ဘုရားရှင်ကြွတော်မူလာစဉ်က 'ကေလာသဖ' တောင်ကား ဆံတော်ချီးမြှင့်ရာဌာနဆို၏။ 'ကေလာသ' ကား တရားချီးမြှင့်ရာဆို၏။ ကေလာသသဖကား ယခု သော် အင်းကစား၍ ထွန်းကားသောနေရာဖြစ်ပြီး ကေ လာသကား အဓိဋ္ဌာန်ဝင်ရန် ထွန်းကားသော နေရာဟူ၍ ပြောစမှတ်ပြုကြ၏။ (ငါတို့ကား ရာဇ၀င်လေ့လာရန် သွားခြင်းမဟုတ်၍ တိတိပပကား မဆိုနိုင်ပြီ။)

ဘုရားရှင် ကေလာသသုဝဏ္ဏဘူမိသို့ ကြွသောနှစ်ကား ရှစ်ဝါရပြီး

တာကူး(တန်ခူး)လပြည့်မှာ ဆိုသဖြင့် သက္ကရာဇ် ၁၁၁ ခုနှစ်၏ တာကူး(တန်ခူးလ) ဖြစ်ဟန်ရှိ၏။ သုဝဏ္ဏဘူမိရွှေမြေ(ရွှေမြို့တော်ဒေသ)ဆို သည့်အတိုင်း ကမ္ဘာစစ်ဖြစ်သော်မှလည်း ထိုနေရာကား ဘေးမရှိ၊ ရန်မရှိ၊ ငြိမ်းချမ်း၏ ဆိုသည်။ ဒုတိယကမ္ဘာစစ် မီးကြီး တောက်လောင်စဉ်တုန်းက ထိုဒေသသို့ စစ်မီး မကူးဟူ၍ အသက် (၈၂)နှစ်ရှိ အဖွားငွေပွင့်က ရှင်းပြဖူး ၏။ သို့ကြောင့် ထိုကေလာသဒေသသည် ရသေ့များ ထွန်းကား၏။ ငါတို့ လူဝတ်သာသာမျှသော ရသေ့ကိုပင် ရဟန်းတစ်ပါးမျှ ရိုသေ၏။ ရဟန်းကဲ့သို့ ဆက်ဆံ၏။ ရဟန်းကဲ့သို့ပင် ဝေယျာဝစ္စပြုမူ၏။ အဓိဋ္ဌာန်ဝင်သူတို့မှာ တစ်ပါးအခြားမရှိ၊ အေးချမ်း၏။" (၎င်း၊ စာ-၁၈၈၊ စာ-၁၈၉)

ကေလာသတောင်ပေါ်မှာ မျောက်တွေ ပေါလှတယ်ဆိုပါတယ်။

ဆရာတော်လောင်းလျာ ရသေ့လေး ကေလာ သတောင်ပေါ်ရောက်ပြီး သုံးရက်မြောက်နေ့မှာ '၀င်းက ရွာ'မှ အမေပန်းချုံ(၇၆ နှစ်)ဆိုသူနှင့် အဘွားငွေပွင့် (၈၂ နှစ်)တို့ ရောက်လာကြပါတယ်။

''ညက အိပ်မက်ထဲဝယ် အရာရှိနှစ်ယောက်ကလာပြီး ကေလာသတောင်သို့တက်ပြီး 'သားရသေ့ကို ချက်ပြုတ်ကူညီရမည်' အမိန့်ပေးသဖြင့် လာခဲ့ရကြောင်း ပြောပြ၏။ ငါတို့ကိုလည်း ရသေ့လေးသည်မှာ ရှိနေသမျှ ဝေယျာဝစ္စပြုခွင့်ပေးရန် တောင်းပန်၏။ ငါတို့ကား ၀မ်းသာလှဘိခြင်း။ တရားစောင့်သောသူ ထိုတရားကပစ်မ ထားဟူသောစကား ငါတို့အကြွင်းမဲ့ယုံ၏။} (၎င်း၊ စာ-၁၈၇)

ရသေ့လေးကို ချက်ပြုတ်ကျွေးမွေးဖို့၊ ဝေယျာဝစ္စလုပ်ပေးဖို့ အမေပန်းချုံတို့ကို အထက်ပုဂ္ဂိုလ်ကြီးများ က စေလွှတ်လိုက်တာဖြစ်ပါတယ်။ ဘယ်လောက်များ အံ့သြဖို့ကောင်းလိုက်ပါသလဲ။ ရသေ့လေးဟာ ကိုယ့် သီလ၊ ကိုယ့်အကျင့်အပေါ် ပိုမိုယုံစားအားကိုးလာချိန်မှာ ဦးတင်အောင်ကတော့ သူ့ကိုယ်သူ ယုံကြည်မှုလျော့နည်း လာတာ သိသာလှပါတယ်။ ဒူးရင်းသီးစားချင်ရတာနဲ့၊ လက်ဖက်ရည်အချိုသောက်ချင်ရတာနဲ့၊ သူ့ဇနီးဆီ စာလှမ်းရေးရတာနဲ့၊ ရသေ့လေး သူ့အနားရောက်လာရင် လည်း ရှောင်ထွက်သွားရတာနဲ့ စိတ်တည်ငြိမ်မှု ပျက် ပြားခဲ့လေပြီ။ ရှစ်ရက်မြောက်နေ့မှာ အဘွားအိုကြီးများ ပြုစုကျွေးမွေးနေတာ မသုံးလိုတော့ပြီဆိုပြီး ပြန်တော့မယ် ဆိုပါတယ်။ သြော် တောထွက်ဖို့ စတင်လှုံ့ဆော်ခဲ့တာ လည်းသူပါပဲ။ ဘယ်လိုပဲဖြစ်စေ ရသေ့လေးကတော့ အဓိဋ္ဌာန်မပျက်အောင် ထိန်းသိမ်းရင်း ဘူတာအထိလိုက် ပို့ပေးခဲ့ပါတယ်။

ဒီလိုနဲ့ ၁၃ ရက်မြောက်နေ့မှာတော့ 'မဏ္ဍပ် ထိုး အင်းကစား'တဲ့ အဓိဋ္ဌာန်ပြီးစီးအောင်မြင်ခဲ့လေပြီ။ မဏ္ဍပ်ထိုး လေးရက်၊ အင်းခုန် ခုနစ်ရက်ပြီးချိန်မှာ အဘွားငွေပွင့်လည်း ပြန်ဆင်းသွားလေပြီ။ ရသေ့လေးနှင့် အမေပန်းချုံသာ ကျန်ခဲ့ပါတော့တယ်။ အဲဒီမှာ ရသေ့ လေးအတွေးဝင်မိတာက တောထွက်လာတယ်သာဆို တယ်။ သွပ်မိုး ပျဉ်ထောင်နဲ့နေတယ်။ ရန်ကုန်မှာ နေရ တာနဲ့ ဘာမှမထူး။ ကျင့်စဉ်ပိုင်းမှာလည်း ရန်ကုန်မှာ အဓိဋ္ဌာန်ဝင်ခဲ့ရတာနဲ့ ဘာမှမကွဲပြားသေး။ 'တောထွက်'လာတာနဲ့တူအောင် သွပ်မိုးပျဉ်ကာ ကျောင်းဇရပ်ပေါ်က ဆင်း၍ ဂူတွင်းဝင်ကျင့်မှ တော်ချေမည်။ ကေလာသ တောင်ပေါ်မှာရှိတဲ့ ဂူတွေထဲက ညောင်ပင်ကြီးအောက်မှာ ရှိတဲ့ ဆံတော်တိုက်သို့ သွားရာဂူမှာ ကျင့်လိုတဲ့ဆန္ဒတွေ တဖွားဖွားပေါ်ပေါက်ခဲ့ပါတယ်။ တစ်ယောက်ယောက်နဲ့ ဖွင့်ဟ တိုင်ပင်မိရင်လည်း ဖြဲခြောက်နေဦးမယ်။ ဒါပေမဲ့ ဒီတောဒီတောင်တွေအကြောင်း ကောင်းကောင်းကြီး သိ နေတဲ့ 'ရသေ့လေးပညာသုခ'ဆီမှာ အကြံဉာဏ်တောင်း ရင်တော့ သင့်တော်လိမ့်မယ် ထင်မိတယ်။

'ထိုရသေ့လေးကား ၁၃ နှစ်သားကပင် သည် တောင်သို့ လာရောက်ကျင့်နေသော အာဇာနည်ရသေ့ လေးဖြစ်ဘိ၏။ ထိုဒေသ 'ပိုင်တန်းလေး'မှဆို၏။ ၎င်းင်း ကား မွေးကတည်းက သက်ကင်းစား၏။ မိထွေးကလည်း လင်ပါသားမို့ ပစ်ထားသည်။ အကဲ့ရဲ့ခံရမည်စိုးသဖြင့် အသား၊ ငါးဟင်းများနှင့် စားရန် အတင်းအကြပ်ကျွေး ၏။ မသင့်မြတ်ကြပြီ။ သို့ကြောင့် အိတ်ငယ်တစ်လုံးဖြင့် ဤတောဤတောင်သို့ ထွက်ခွာလာပြီး သစ်ရွက်ပြုတ်ဖြင့် စတင်ကျင့်ခဲ့သော ရသေ့လေးတည်း။} (၎င်းင်း၊ စာ-၁၉၀)


'အရှင်ဘုရား ဧည့်သည်ဆိုသည်မှာ အိမ်ရှင် က တံခါးဖွင့်ပေးမှသာ ၀င်ရောက်နိုင်ရိုးထုံးစံရှိပါသည် ဘုရား'

'အကယ်၍ အိမ်ရှင်က မ၀င်စေလိုသဖြင့် တံခါးဖွင့်မပေးလျှင် မည်သည့်ဧည့်သည်ကိုမှ ကြောက် စရာမလိုပါဘုရား'

ရသေ့လေးပညာသုခရဲ့ စကားကြောင့် ရသေ့လေးဆရာညိမ်း အားတက်သွားခဲ့လေပြီ။ ရွှေတိဂုံ ကိုး ဌာန အဓိဋ္ဌာန်ဝင်စဉ်က အိပ်မက်လိုလို၊ တကယ်လိုလို ကြုံတွေ့ခဲ့ရပုံ အဖြစ်အပျက်တစ်ခုကို သတိရလိုက်မိပါ တယ်။ တစ်နေ့ နံနက် ၄ နာရီ မထိုးသေးလို့ ဘုရား တံခါး မဖွင့်သေးခင် ခေတ္တမှိန်းနေစဉ် ရွှေတိဂုံနောင် တော်ကြီး စေတီတံတိုင်းကို ကျော်ဆင်းလာသော လူတစ် ယောက်ကို မြင်လိုက်ရပါတယ်။ အသားညိုညို၊ ၀၀ဖိုင့် ဖိုင့်၊ ကတုံးနှင့် စွပ်ကျယ်ဝတ်ထားတဲ့ လူကြီးတစ်ဦးဟာ ဦးညိမ်းမောင်အနား ရောက်လာပြီး ... ၁- ဆရာလေး အိပ်လျှင် တံခါးလုံအောင်ပိတ်ပြီးမှ အိပ်ပါ။ ၂- ဒေါသ မထားပါလေနှင့်။ ၃-မေတ္တာတရားများများ ပွားများပေး ပါဆိုတဲ့ စကားသုံးခွန်းပြောပြီး ဘုရားပေါ် ပြန်တက်သွား တာ မြင်လိုက်ရပါတယ်။

ယခုလည်း ရသေ့လေးပညာသုခက တံခါး လုံခြုံစွာပိတ်ဖို့ သတိပေးနေပြန်ပေပြီ။ တံခါးခိုင်ရင် ကြောက်စိတ်ကင်းနေမှာပဲ။ လာရောက် ခြောက်လှန့်မည့် အဟန့်ဆိုတာလည်း တံခါးကြောင့် တန့်သွားနိုင်တယ်။ ရသေ့လေးပညာသုခက 'အဓိဋ္ဌာန်ဝင်နည်း'ကိုလည်း ပြောပြလေရာ ပညာတစ်ခု တိုးလေပြီလို့ နှလုံးသွင်းရင်း ၀မ်းမြောက်ခဲ့ရပါတယ်။ နောင်တစ်ချိန်မှာ မြန်မာပြည် အရပ်ရပ် တောတောင်အသီးသီးသို့ လှည့်လည်ကာ 'ဓမ္မ၊ ဓူတ' နှစ်ဖြာအားထုတ်တော်မူသည့် ကျေးဇူးတော် ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ရသေ့ဘ၀ ဖြင့် 'တောကျင့်တောင်ကျင့်'နိဒါန်းအစလို့လည်း ဆိုနိုင် ပါတယ်။ ။

မောင်သွေးချွန်

TREND News ဂျာနယ် အတွဲ၂၊အမှတ်(၃၆) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Total Views ~ 687

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42830

© 2022 - 2025 News. All Rights Reserved.