မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ မေတ္တာဆိုတာ သင်္ချာလွန်ကုသိုလ်

၂၀၂၄ ဩဂုတ် ၁၈

    သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ဖြင့် ထုံမွှမ်းအပ်သော မေတ္တာကို 'ဓမ္မမေတ္တာ'လို့ ကျေးဇူးတော် ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ညွှန်းဆို ထားပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ ၁၃၄၁ ခုနှစ် တောထွက်တော်မူချိန်ကစပြီး ခန္ဓာဝန်စွန့် တော်မူချိန်အထိ ဓမ္မမေတ္တာကို အချိန်ပြည့် ကျင့်သုံးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဆရာတော်ဘုရားကြီး ကြွချီလေရာ၊ သီတင်းသုံးရာ မြန်မာပြည်အရပ်ရပ်က တောတောင်အသီးသီးမှာ ရဟန်းရှင်လူ ပရိသတ်ဗိုလ်ပါ တပည့်ဒကာတွေ စည်ကားများပြားနေခြင်းပဲ ဖြစ်ပါတယ်။ အချို့သော ဒကာရင်းများက အန္တရာယ်ကင်း၊ လာဘ်ပွင့်၊ ရာထူတိုး၊ အသက်ရှည်ဖို့အတွက် တစ်ခါတရံမှာ အဆောင်လက်ဖွဲ့၊ အစီအရင် စသည်တို့ကိုတောင်း ဆိုလေ့ရှိပါတယ်။ အဲဒီမှာ ဆရာတော်ဘုရားကြီးက ..."ဟဲ့ ...နင်တို့ သံဃာ့ မေတ္တာကို မယုံတတ်ကြသေးဘူးကိုး၊ မေတ္တာခြုံရင် လုံပါတယ်ဗျ။ မေတ္တာပုံရင် အကုန်ပြီးပါတယ်ဗျ"လို့ အဖြေပေးတတ်လေ့ရှိပါတယ်။
    "တပည့်တော်တို့ကို မေတ္တာပို့ပေးပါဘုရား"လို့ လျှောက်ထားတဲ့အခါ ..."အရိယာ အရှင်ကောင်း အရှင်မြတ်ကြီးများနဲ့ သူတော်ကောင်းကြီးတွေဟာ ဘာသာ၊ လူမျိုးမခွဲခြားဘဲ သတ္တဝါဝေနေယျတွေ အားလုံးကို မေတ္တာပို့နေပါတယ်ဗျ။ တို့ဘက်က မေတ္တာဘယ်လောက် ပို့ပို့ ...ခံယူသူဘက်က အဆင်သင့်ရှိနေမှ အပေးအယူတည့်သွားတာဗျ။ ဆိုကြပါစို့။ မြန်မာ့အသံကတော့ သူ့အချိန်နဲ့သူ ထုတ်လွှင့်နေတာပါပဲဗျာ။ သူလွှင့်တာ မီဖို့ဆိုတာ ကိုယ့်မှာ ရေဒီယိုလေးလည်း ရှိပါမှ၊ ရေဒီယိုရှိ ပြန်တော့လည်း သူ့လိုင်းနဲ့သူ ဖွင့်မိဖမ်းမိပါမှ သူပေးတာရမှာဗျ။ ဟုတ်ရဲ့လား"လို့ ဥပမာပေး ကောင်း ကောင်းနဲ့ ရှင်းပြလိုက်မှ မေတ္တာအလင်းတန်းကြီး ပွင့်သွားပါတယ်။ မှန်ပါတယ်။ သူတော်ကောင်းကြီး တွေဘက်ကတော့ အချိန်ပြည့်မေတ္တာပို့နေတာပါ။ ရေဒီယိုတွေ၊ တီဗွီတွေကမှ နားတဲ့အချိန်ရှိသေးတယ်။ သူတော်ကောင်းကြီးများကတော့ တစ်လောကလုံးအပေါ် မေတ္တာဓာတ်လှိုင်းများ အချိန်ပြည့် ထုတ်လွှင့်ဖြန့်ကျက်နေကြပါတယ်။
    ကျွန်တော်တို့ဘက်ကသာ စားဝတ်နေရေးအတွက် ပြေးလွှားလှုပ်ရှား ရုန်းကန်နေကြရင်း လောဘ၊ ဒေါသ၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ၊ မာန်မာနစတဲ့ ကိလေသာအပူခိုးတွေ စဉ်ဆက်မပြတ် အင်အားကောင်းကောင်းနဲ့ ထုတ်လွှင့်နေကြရာ မေတ္တာလှိုင်းမဝင်သာအောင် ပိတ် ဆို့ကန်ထုတ်ပစ်သလို ဖြစ်နေပါတယ်။ အထူးသဖြင့် နေထွက်ကနေဝင် တစ်နေ့တာ စီးပွားဝမ်းစာရှာနေချိန်များမှာ အပူလှိုင်းတွေ အားကောင်းနေတတ်ပါတယ်။ သူတော်ကောင်းကြီးတွေ ပို့လွှတ်နေတဲ့ မေတ္တာကို ခံယူနိုင် စွမ်းမရှိလောက်အောင် အပူကန်နေချိန်ဖြစ်တယ်လို့ ဆိုသင့်ပါတယ်။ ယာဉ်၊ ရထား၊ ကားတွေက ထုတ်လွှတ်လိုက်တဲ့ အပူရှိန် အပူငွေ့တွေ၊ စက်ရုံအလုပ်ရုံတွေက ဒလစပ်ထုတ်လွှတ်နေတဲ့ အပူလှိုင်း တွေက ကောင်းကင်ပြာကြီး ပျောက်ဆုံးသွားရတဲ့အထိ မှိုင်းမှုန်နေပါတော့တယ်။ ကမ္ဘာလောကတစ်ခွင် ကြည်ကြည်လင်လင် မရှိတော့ပါဘူး။ ကမ္ဘာ့နေရာတချို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဆီက ယမ်းငွေ့တွေ၊ မီးခိုးလုံးကြီးတွေ၊ ပေါက်ကွဲသံတွေ၊ ငိုကြွေးသံ ညည်းညူသံတွေကလည်း မေတ္တာလှိုင်းမဝင်သာ အောင် တံတိုင်းမြင့်မြင့်ကြီးတွေ ကာရံပိတ်ဆို့ထားသလို ဖြစ်နေပါတယ်။
    ဒါ့ကြောင့်လည်း သူတော်ကောင်းကြီးတွေဟာ မေတ္တာဘာဝနာကို ပိုပြီးတော့ အားစိုက်ပွားများ နေကြပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးဟာ ခုနစ်ရက်သားသမီးများ အတွက် နံနက် ၇ နာရီမှာတစ်ကြိမ်၊ ညဦး ၇ နာရီမှာတစ်ကြိမ် အထူးသီးသန့်မေတ္တာပွားပို့တော်မူလေ့ ရှိပါတယ်။ ဒီအချိန်တွေမှာ နမော်နမဲ့ မနေဘဲ မေတ္တာခံယူမိအောင် ကြိုးစားကြဖို့ပါပဲ။ ပြီးတော့ သန်းခေါင်ကျော် ညဉ့် ၂ နာရီနဲ့ လေးနာရီကြားအချိန်ကို 'ဝိကာလ' (အထူးသီးသန့်ချိန်)အဖြစ် သတ်မှတ်ပြီး တရားထိုင်ရင်း မေတ္တာပို့လွှတ်တော်မူပါ တယ်။
    'ညဉ့် ၂ နာရီနဲ့ လေးနာရီကြားအချိန်ဟာ တစ်နေ့တာ ၂၄နာရီမှာ အအေးဆုံးအချိန်လေ၊ သဘာဝရဲ့ အအေးဆုံးအချိန်မှာ မေတ္တာတရားရဲ့ အအေးဓာတ် ကြီးနဲ့ ပေါင်းမိဟပ်မိသွားရင် ရှိသမျှအပူတွေ ငြိမ်းသွားရောဗျ။ ဒီအချိန် တရားပဲထိုင်ထိုင်၊ ပုတီးပဲစိပ်စိပ်၊ သူတော်ကောင်းကြီးတွေနဲ့ အဆက်အ သွယ်ရနိုင်တယ်'လို့ ဆရာတော်ဘုရားကြီးက ညွှန်ပြသွန်သင်တော်မူခဲ့ပါ တယ်။
    ပြီးတော့ ...ဗုဒ္ဓဘာသာဝင်အများစု ရွတ်ဖတ်ပူဇော်လေ့ရှိတဲ့ 'မေတ္တာသုတ်'တော်လာ မေတ္တာပွားနည်းများကိုလည်း ဆရာတော်ဘုရားကြီးက တစ်ချက်ချင်း ရှင်းပြပါတယ်။ မေတ္တာသုတ်ဟာ တန်ခိုးအာနုဘော် ကြီးလှပါတယ်။ မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်တာ အလွန်ကောင်းပါတယ်။ မေတ္တာ သုတ်တော်လာ လမ်းညွှန်ချက်များအတိုင်း ကျင့်ကြံပွားများ အားထုတ်နိုင်ရင် အတိုင်းထက်အလွန် ပိုကောင်းတယ်လို့ နားလည်ရပါတယ်။ မေတ္တာသုတ်ဟာ ရဟန်းတော်များကို တိုက်ရိုက်ဟောခဲ့တဲ့ တရား၊ ရဟန်းတော်များ ကျင့်ဆောင်ရမယ့်တရား၊ ဘုရားလက်ထက်တော်က ရဟန်းများတောထဲမှာ တရား အားထုတ်စဉ် ခြောက်လှန့်ခံရ၊ နှောင့်ယှက်ခံရနဲ့ ဘုရားထံ ပြန်ပြေးလာကြတယ် မဟုတ်ပါလား။ အဲဒီမှာ ဗုဒ္ဓ အဘဘုရားက ဘယ်လိုကျင့်၊ ဘယ်လိုမေတ္တာပို့လို့ သင်ပြပေးခဲ့ရာက မေတ္တာသုတ် ဖြစ်ပေါ် လာတာပါ။ ဒါကြောင့် မေတ္တာသုတ်ဟာ ရဟန်းတော်များ ကျင့်ရမယ့် တရား၊ လူဝတ်ကြောင်တွေ တရားနှင့်အညီ ကြီးပွားချမ်းသာဖို့ လူတွေကျင့်ဖို့ ဟောခဲ့တဲ့တရားက မင်္ဂလသုတ်၊ ဒီအကြောင်းတွေကို ဆရာတော်ဘုရားကြီးက ၂၀၁၅ သြဂုတ်လထုတ် 'လူတစ်ထမ်း ရဟန်းတစ်ရွက်'ဆိုတဲ့ ကျမ်းစာအုပ်မှာ ဖွင့်ဆိုရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။
    ရဟန်းတော်များကတော့ နိဗ္ဗာန်ဆိုတဲ့ဦးတည် ချက်အတိုင်း တစ်လမ်းတည်း၊ တစ်ဖြောင့်တည်း သွားရမှာဖြစ်လို့ မေတ္တာသုတ်က ညွှန်ပြတဲ့ ဘာဝနာပရိကံတစ် ဆယ့်ငါးပါးနဲ့အညီ မိမိတို့ စိတ်နေ စိတ်ထားများကို ပြုပြင်ထားကြဖို့ ၁၉၉၈ ဒီဇင်ဘာထုတ် ဓမ္မောဝါဒကထာ ကျမ်း(မူသစ်)မှာ လမ်း ညွှန်ထားပါတယ်။ ရဟန်းတရား အားမထုတ်မီ ကိုယ့်စိတ်ကို ဘယ်လိုပြုပြင်ထားရမယ်ဆိုတာ အလွန်မှတ်သားစရာကောင်းပါတယ်။ မေတ္တာသုတ် ပါဠိတော်လာ 'သက္ကောဥဇူစ သုဟူဇူစ၊ သုဝစောစဿ မုဒု အနတိမာနိ'စတဲ့ စကားလုံးတော်တွေကို မဟာဗောဓိ မြိုင်ဆရာတော်ဘုရားကြီး အနက်ဖွင့် ပေးထားပေးပုံဟာ ကြက်သီးဖျန်းဖျန်း ထလောက်ပါတယ်။
(၁) သရဏဂုံ ကျင့်စဉ်တွေအပေါ် ကိုယ်နှင့်အသက် မငဲ့ ကွက်ဘဲ ရက်ရက်စက်စက်ကြီး ကျင့်မယ်ဆိုတဲ့ စိတ်ထား၊
(၂) ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး ဖြောင့်မှန်စေရမယ်ဆို တဲ့ စိတ်ထား၊
(၃) ဘုရားစကား၊ ဆရာသမားစကား တစ်ထစ်ချ နား ထောင်မယ်ဆိုတဲ့ စိတ်ထား၊
(၄) ကိုယ်၊ နှုတ်ဖွင့်ရာ စေတနာပါ ဖြောင့်မှန်စေရမယ် ဆိုတဲ့ စိတ်ထား၊
(၅) နူးညံ့သော သဘောထား အမြဲထားမည်ဆိုတဲ့ စိတ်ထား၊
(၆) ထောင်လွှားတက်ကြွ မာန်မာနတွေကို ချိုးနှိမ်ထား မယ်ဆိုတဲ့ စိတ်ထား၊
(၇) တရားသောက၊ အခြားသောက ငါ့ဆီမဝင်ရဆိုတဲ့ စိတ်ထား၊
(၈) စိတ်အလို ကိုယ်မလိုက် ထိုက်သင့်ရာလေးဖြင့်သာ ပြီးပြေအံ့ဟူသော စိတ်ထား၊
(၉) မလုပ်မဖြစ်သော ကိစ္စမှတစ်ပါး အခြားပြုဖွယ်ရာ စွန့်ပယ်မယ်ဆိုတဲ့ စိတ်ထား၊
(၁၀) သရဏဂုံပွား ဘာဝနာတရားများ လျင်မြန်စွာ တိုးပွားစေမည်ဟူသော စိတ်ထား၊
(၁၁) စိတ်လည်းလုံ၊ အာရုံလည်း မများစေရန် မျက်စိ စသည် တံခါးများ အမြဲပိတ်ထားမည်ဟူသော စိတ်ထား၊
(၁၂) ကိလေသာအလိုဆိုးအတွင်း ဝင်စီးပိုးနေသည်ကို ဖျက်ချိုးချထားခဲ့တော့မည်ဟူသော စိတ်ထား၊
(၁၃) ခန္ဓာဝန်ခန္ဓာကိစ္စ ကျဉ်းနိုင်သမျှ ကျဉ်းစေရမည်ဟူသော စိတ်ထား၊
(၁၄) ဆွေမိတ်မျိုးမိတ်တို့သို့ ငြိနေသော စိတ်ကိုလည်း မချိတ်မိစေရန် ပြုပြင်ထားမည်ဟူသော စိတ်ထား၊
(၁၅) ပညာရှိတို့ ပညာမျက်စိဖြင့် အကြည့်ခံနိုင်ရန်လည်း ကြိုးစားမည်ဟူသော စိတ်ထား၊
(ဓမ္မောဝါဒကထာ၊ စာ-၁၂၉)
    ဒီလို စိတ်ထားများဖြင့်သာလျှင် မေတ္တာကို တည်ဆောက်၍ မေတ္တာပို့သင့်တယ်လို့ ဆိုပါတယ်။ သရဏဂုံမပွားမီ သို့မဟုတ် တရားမထိုင်မီမှာ ဒီလိုစိတ် ထားမျိုးတွေ မွေးမြူပြီးမှ မေတ္တာပို့အပ်ပါတယ်။ မမြင်အပ်၊ ဝေးနေ၊ နီးနေ၊ ကြောက်တက်၊ မကြောက်တက်၊ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ အရပ်ရပ်သို့ မေတ္တာ ဓာတ်ပို့လွှတ်ရပါတယ်။
    အကယ်၍ မေတ္တာမပို့ခဲ့ပါသော် ...
- သရဏဂုံပွား(တရားထိုင်)ရာမှ မိမိစိတ် အထိုင်မကျ ဖြစ်နေတတ်တယ်။ တစ်ဖက်က မုန်းသူ ရန်သူတို့ရဲ့ အာဃာတစိတ်တွေ မိမိဆီ ရိုက်ခတ်နေလို့ပါပဲ။
- မိတ်ဆွေတွေက သောကစိတ်တွေနဲ့ မိမိဆီ စိတ်လွှတ် နေရင်လည်း အပူလှိုင်းတွေမိပြီး စိတ်မငြိမ်သက်နိုင်။
- တရားမထိုင်မီ မိမိစိတ်က ထိုသူတို့အကြားသွားရောက် ကျက်စားနေခဲ့သော် တရားအာရုံပြုလိုက်တာ နဲ့ ထိုစိတ်ကြမ်း သရမ်းလာတတ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တရားမထိုင်မီကတည်းက ကြိုတင်ပြီး မေတ္တာပို့ရတယ် လို့ ဆိုပါတယ်။ (ဓမ္မောဝါဒကထာ၊ မူသစ်၊ စာ-၂၂၁)
    ထိုင်ပြီးရင်လည်း မေတ္တာထပ်ပို့၊ တစ်ထိုင်အတွင်း ရလိုက်တဲ့ သမာဓိအရှိန်ကြောင့် မေတ္တာအကျိုး ကို ပိုပြီးခံစားရစေမှာဖြစ်ပါတယ်။
    ရှေးဦးစွာ မိမိ၏ မိသားစုအပေါ် မိမိနှင့် ထပ်တူထားလျက် မေတ္တာပို့ပါ။ ပြီးတော့ ဆွေမျိုး မိတ်သင်္ဂဟ၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်၊ ကမ္ဘာမှသည် အနန္တစကြာ ဝဠာအထိ ချဲ့၍ ချဲ့၍ မေတ္တာပို့ပါ။ အထက်ဘဝဂ်မှသည် အောက်အဝီစိအထိလည်း တိုး၍တိုး၍ မေတ္တာပို့ပါ။
- မိမိသည် ဘေးရန်မရှိ၊ ချမ်းသာစွာနေရဘိသို့ အားလုံးလည်း မိမိနှင့် ထပ်တူဖြစ်ကြပါစေ။
- မိမိသည် စိတ်ဆင်းရဲခြင်းကင်းသကဲ့သို့ အားလုံးသည် မိမိနှင့် ထပ်တူဖြစ်ကြပါစေ။
- မိမိသည် စေတနာအကျိုးတိုး၍ ခံစားနေရဘိသို့ အားလုံးသည်လည်း မိမိသို့ပင် ဖြစ်ကြပါစေ။
    ဒီနည်းအားဖြင့် အရပ်ဆယ်မျက်နှာသို့လည်း မေတ္တာပို့နေချိန်မှာ စေတနာကောင်းနှင့် ကုသိုလ်စိတ်များသာ ဖြစ်ပေါ်နေပါတော့တယ်။ မေတ္တာပို့နေချိန်မှာ တဏှာရာဂလည်း မထ<က၊ ဒေါသ အမျက်လည်း မထွက်တော့ဘဲ 'မေတ္တာကုသိုလ်' စစ်စစ်သာဖြစ်ပေါ်နေပါတော့ တယ်။ မေတ္တာကု သိုလ်ဆိုတာ ဝိပဿနာကုသိုလ်ပြီးလျှင် အင်အားအကြီးဆုံး ကုသိုလ်လို့ မှတ်ယူအပ်ပါတယ်။
    မေတ္တာစိတ်ဆိုတာ ...သတ္တဝါခပ်သိမ်းတို့အပေါ် နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေချင်တာ၊ ဘေးရန်ခပ် သိမ်းကင်းငြိမ်းစေချင်တာ၊ မငြူမစူကြည်ဖြူတာ၊ ဆင်းရဲကင်းစင်ချမ်းသာစေချင်တာ၊ အထင်သေးအမြင်သေး မခန့်လေးစားမလုပ်တာ၊ မိမိကိုယ်နှင့်အမျှ ထားတာတွေ ဟာ မေတ္တာစိတ်ဖြစ်ပါတယ်။ မိမိ၏ တစ်ဦးတည်းသော သားသမီးအပေါ်ထားသော မေတ္တာစိတ်မျိုးဖြင့် သတ္တဝါအားလုံးနှင့် သင့်တင့်မျှ တအောင် ဆက်ဆံတတ်ပါလျှင် သူ့မှာဖြစ်ပေါ်နေသော ရာဂ၊ ဒေါသစတဲ့ ကိလေသာများ၊ အကုသိုလ်များကိုပင် ဖျက်ဆီးသုတ်သင်ပေးနိုင်ကြောင်း သိရပါတယ်။ လုံးစုံများစွာ သတ္တဝါချမ်းသာ ကိုယ်စိတ်မြဲ ပါစေဆိုတဲ့အတိုင်း ဆင်းရဲ၊ တန်းတူ၊ သာသူ၊ ရန်သူ၊ မိတ်ဆွေတို့အပေါ် အမျှမေတ္တာ ပို့သခြင်းအားဖြင့် ...
- တန်းတူသူ့ကို မျှစိတ်ပို မခိုမာန ကင်းတော့သည်။
- ကိုယ့်အောက်သူ့ကို ထောက်စိတ်ပို၊ ဝန်တို မိစ္ဆာကင်း တော့သည်။
- ကိုယ့်ထက်သာကို မြှောက်စိတ်ပို၊ မျက်သို ဣဿာ ယွင်းတော့သည်။
- ရန်မိတ်နှစ်ပါး တန်းတူထား၊ ခွဲခြားကိလေကင်းတော့ သည် ...လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ကဗျာလင်္ကာရေးပြီး မှတ်သားစေခဲ့ ပါတယ်။
    မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မာ့ဝိဟာရတရားလေးပါးမှာလည်း မေတ္တာသည် ရှေ့ဆုံးက ဦးစွန်းနေရာမှာ ရှိပါတယ်။ ကောင်းကင်ကြီးမှာ နယ်နိမိတ်ပိုင်းခြားမှု မရှိသလိုဘဲ မေတ္တာမှာ လည်း ပိုင်းခြားကန့်သတ်ထားခြင်း မရှိပါ။ အတိုင်းအဆ ပမာဏ ကန့်သတ်၍ မရခြင်းကြောင့် မေတ္တာထားခြင်း။ မေတ္တာပွားခြင်း၊ မေတ္တာပို့ခြင်းတို့ကို 'သင်္ချာလွန်ကုသိုလ်'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အမွှန်းတင်တော်မူခဲ့ပါတယ်။
    'ဒါနလိုကုသိုလ်မျိုးကမှ အပိုင်းအခြား အကန့်အသတ်ရှိပါသေးတယ်ဗျ။ ဘယ်ရွေ့ဘယ်မျှ လှူမယ်၊ လူဘယ်လောက်ဖိတ်မယ်၊ ငါလှူတယ်၊ ဘာလှူမယ်၊ ဘယ်ဆရာတော်ကို ပင့်မယ်ဆိုတဲ့ အကန့်အသတ်တွေ၊ မျှော်ခေါ်တွက်ချက်မှုတွေ၊ ငါစွဲတွေ တင်းကြမ်းပြည့်နေ တာ၊ မေတ္တာကတော့ စက တည်းက သဗ္ဗေသတ္တာနဲ့စတာ၊ သတ္တဝါ အကုန်လုံးအပေါ် အညီအမျှ လွှမ်းခြုံထားတာ၊ အပိုင်းအခြား အကန့်အသတ်မရှိဘူး။ နယ်ကုန်ပယ်ကုန်ပဲ'လို့ ဆရာတော်ဘုရားကြီးက ညွှန်ပြတော်မူခဲ့ပါတယ်။
    မေတ္တာဆိုတာစပြီး ပို့လွှတ်စဉ်မှာကတည်းက မိမိရဲ့ ရာဂ၊ ဒေါသ၊ စိတ်ဆိုး၊ စိတ်ပုပ်တွေကို ချေဖျက် ထွင်းဖောက်ပြီးတော့မှ ကမ္ဘာလောကထဲမှာ ပျံ့နှံ့လွှမ်းမိုး သွားတော့တာ။ မိမိရဲ့ မေတ္တာဟာ သာမန်မဟုတ်ဘဲ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဓမ္မဓာတ်အားနဲ့ ထုံမွှမ်းထားတဲ့ 'ဓမ္မမေတ္တာ'ဆိုရင်တော့ အကျိုးပြုနိုင်စွမ်းအားက ခန့်မှန်း၍ မရစကောင်းပါပြီတဲ့။ ကမ္ဘာ့စစ်မီးကြီးတွေ ငြိမ်းစေခဲ့တာ၊ လေ မုန်တိုင်းစတဲ့ သဘာဝဘေးရန်တွေ ကာ ဆီးပေးတာ ...စသည်ဖြင့် ...။
    လူတစ်ဦးချင်းမှာလည်း ဖြစ်ဆဲဖြစ်အံ့သော ဘေးရန် အန္တရာယ်တွေက လွတ်မြောက်သွားတာ၊ ဖြစ်ဆဲဖြစ်အံ့ အကျိုးစီးပွားတွေ တိုးပွားလာတာ ကာယကံ ရှင်ကိုယ်တိုင်တောင် မခန့်မှန်းနိုင်လောက် အောင်ပါပဲ။ ဒါ့ကြောင့် 'မေတ္တာသတ္တောအနန္တရော'လို့ဆိုတာ၊ မေတ္တာ စွမ်းအား သက်ရောက်ရာ အရပ်သည် အဆုံးအပိုင်းအခြား မရှိလို့ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ ကျေးဇူးတော်ရှင်မဟာ ဗောဓိမြိုင်ဆ ရာတော်ဘုရားကြီးက 'ဘဝသမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိ အကျိုးကိုဖြစ်စေနိုင်တဲ့ ကံတို့တွင် မေတ္တာကို အံတုနိုင်သော ကံဟူ၍ မရှိပြီ'လို့ ၁၉၉၈ ဇန်နဝါရီလ ထုတ် 'မဂ္ဂပဋိသံယုတ္တကထာ'ကျမ်းစာအုပ်မှာ ထပ်မံညွှန်း ဆိုထားပါတယ်။
    ဘုရား၊ ရဟန္တာ၊ အရိယာသူတော်ကောင်းကြီးများရဲ့ မေတ္တာကို ခံယူရရှိဖို့ဆိုရင် ကျွန်တော် တို့စိတ်တွေ လောဘ၊ ဒေါသစတဲ့ ကိလေသာတွေ ကင်းစင်အောင် သရဏဂုံတည်နေဖို့၊ ပွားနေဖို့လိုပါတယ်။ သရဏဂုံတည် နေမှသာလျှင် အရိုင်းမှ အယဉ်မေတ္တာစိတ်ဝင်ရာလမ်း ကြောင်းကြီး ဖြောင့်တန်း နိုင်မယ် မဟုတ်ပါလား။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 362

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.