မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ယောဂီလမ်းပြ သြဝါဒ

၂၀၂၅ မတ် ၈
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဓမ္မအမွေကို ဆက်ခံပြီး တရားဟော တရားပြ သာသနာပြုနေတဲ့ ဗောဓိရိပ်ငြိမ် ဆရာတော် (ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ) ရဲ့ 'ယောဂီလမ်းပြ မိန့်ခွန်း'ဆိုတဲ့ စာအုပ်ကလေးကို ပြန်ဖတ်နေဖြစ်ပါတယ်။ ဒီစာအုပ်ကလေးကို ၂၀၀၅ ခုနှစ်က စာပေစိစစ်ရေးတင်ပြီး တရားဝင် ထုတ်ဝေခဲ့တာပါ။ စာမူခွင့်ပြုချက်အမှတ်တွေ၊ ဘာတွေနဲ့ ဒီနေ့ခေတ်က ပြန်ကြည့်ရင် တစ်မျိုးတစ်ဖုံ ထူးဆန်းသလို ဖြစ်နေတော့တယ်။ ဒီစာအုပ်ကလေးရဲ့ သက်တမ်းပင်လျှင် နှစ်ပေါင်း ၂၀ ရှိခဲ့လေပြီ။ ဒီစာအုပ်ကလေးဟာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ကန့်ဘလူမြို့နယ် နတ်တလူတောရမှာ နှစ်လတရားစခန်းဖွင့်ခဲ့စဉ်က ၆-၃-၁၉၉၉ မှာ ယောဂီတွေကို မိန့်ကြားတဲ့ အလုပ်ပေးတရားရဲ့ နိဒါန်းစခန်း ဖွင့်သြဝါဒကို လုံးကောက် မှတ်တမ်းတင်ထားတဲ့ စာအုပ်ကလေးဖြစ်ပါတယ်။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက မိမိရဲ့သြဝါဒကို ]တပ်ထွက် မိန့်ခွန်း} လို့ အမည်ပေးထားတာလည်း ထူးခြားပါတယ်။
    ရှေ့တန်းထွက်ကာ တိုက်ပွဲဝင်တော့မည့် စစ်သည်များကို တပ်မှူးက စစ်ဆင်ရေးအကြောင်း၊ ရန်သူ့အကြောင်း ဘယ်လိုတိုက်ရမည် စသည်တို့ကို လမ်းညွှန် မိန့်ကြားသကဲ့သို့ ကိလေသာစစ်ပွဲ ဆင်နွှဲတော့မည့် ယောဂီတို့အား ဆောင်ရန်ရှောင်ရန်တို့ကို တရားပြဆရာက လမ်းညွှန်တာကို 'တပ်ထွက်မိန့်ခွန်း'လို့ တင်စားထား ခြင်းဖြစ်ပါတယ်။ ၂၀၀၃ ဒီဇင်ဘာထုတ် 'ကဗျာ့နန်းတော်' ကဗျာပေါင်းချုပ် စာအုပ်ကြီးမှာလည်း 'တပ်ထွက်မိန့်ခွန်း'ဆိုတဲ့ ကဗျာရှည်ကြီးတစ်ပုဒ် ဖော်ပြထားပါတယ်။ ဗောဓိ ရိပ်ငြိမ် ဆရာတော်က 'ယောဂီလမ်းပြမိန့်ခွန်း' စာအုပ်မှာ မဟာ ဗောဓိမြိုင်ဆရာတော်ဘုရား ကြီးရဲ့ 'တပ်ထွက်မိန့်ခွန်း' ကဗျာရှည်ကို ပူးတွဲပုံနှိပ်ဖော်ပြထားတာလည်း ယောဂီများအတွက် ကျေးဇူးများလှပါတယ်။

    ကာမအရာ တပ်မဟာ၏
    ရောင်ဝါထိန်တောက် အလံတော်အောက်မှာ
    ကူထောက်ခိုဝင် ထိုးစစ်ဆင်သမား
    ထိုများပြားက ...

(ကဗျာ့နန်းတော်၊ စာ-၂၇၄)

    အဝိဇ္ဇာရန် ကိလေမာန်ကို
    တွန်းလှန်ချေဖျက် ရှေ့ကိုတက်မည့်
    ဂုဏ်သက်ကိုရည် ဘိက္ခုမည်မှည့်
    သားတပည့်များ ရှိတပ်သားလည်း
    ဘုရားဖခင် ပဲ့သွန်သင်ကို
    ပန်ဆင်ရွှေနား ထိပ်မှာထားကာ ...

(ကဗျာ့နန်းတော်၊ စာ-၂၇၅)

    တပ်ထွက်မိန့်ခွန်း ကဗျာရှည်မှာလည်း စစ်သုံး ဝေါဟာရများဖြင့် ကဗျာဖွဲ့ကာ ကိလေသာ စစ်ပွဲဆင်နွှဲမည့် ယောဂီများကို အားတင်းစေခဲ့ပါတယ်။ ဗောဓိရိပ် ငြိမ်ဆရာတော်ကတော့ နေပြည် တော်လက်လုပ်တောင်၊ ဟင်္သာတ၊ သန်လျင်၊ မှော်ဘီ၊ ရန်ကုန်စတဲ့ တရားစခန်း တွေမှာ မဟာဗော ဓိမြိုင် ဆရာတော်ကြီးနဲ့ နတ်တလူ တရားစခန်းအဖွင့် သြဝါဒမိန့်ခွန်းတိပ်ခွေကို ဖွင့်ထားပေး လေ့ရှိပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် တရားလာပြနေသကဲ့သို့ ခံစားရကာ ယောဂီများ အထူးပင် အားတက်ခဲ့ရပါတယ်။ ဆရာတော်ကြီးရဲ့ တပ်ထွက်မိန့်ခွန်း(ဝါ)ယောဂီ လမ်းပြမိန့်ခွန်းထဲက အရေးကြီးတဲ့ အကြောင်းအချက်များ ကို ကောက်နုတ် တင်ပြလိုက်ပါတယ်။
    'အလုပ်ပေးတရားဆိုသည်မှာ စစ်ထွက်ခါနီး တပ်ထွက်မိန့်ခွန်းဟောတာနဲ့ အတူတူပဲ တပ်ထွက်မိန့်ခွန်းသည် တိုက်ရတော့မည့် စစ်အတွက် အရိပ်အငွေ့မျှ ပြောပြတာ၊ တို့လည်း စစ်တိုက်ရမှာ၊ တို့တိုက်ရမှာက ကိလေသာစစ်၊ ဒီစစ်က ခန္ဓာထဲမှာ၊ အတွင်းစစ်တိုက်ရတာ ပိုခက်ပါတယ်။ တို့ဘုရားလက်ထက်တုန်းက ည ၂ နာရီနဲ့ ၄ နာရီအချိန်သည် အထက်က အရိယာဗြဟ္မာတွေကို ပေးထားတဲ့အချိန်၊ အဲဒီအချိန်မှာ ဗြဟ္မာတွေ ဆင်းလာပြီး ဘရားဖူးတဲ့အခါလည်း ဖူး၊ မသိတာလည်း မေးတဲ့အခါ မေးသဗျာ။ ည ၂ နာရီနဲ့ ၄ နာရီသည် အရိယာတွေ အားထုတ်ချိန်ဖြစ်လို့ 'အရိယာအချိန်' လို့ဆို ရပါတယ်။
    အဲဒီမှာ ဗြဟ္မာတစ်ပါးဝင်လာပြီး ဘာလျှောက် သလဲဆိုတော့ ...

သတ္တိယာ ဝိယ သြမဋ္ဌော၊ ဍယှမာနော၀ မတ္ထကေ၊
ကာမရာဂ ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ

(သံယုဂ်ပါဠိတော်)

    ပါဠိလိုလျှောက်တာ၊ သတ္တိယာ - လှံမကြီးသည်၊ သြမဋ္ဌောဝိယ - ရင်ဝသို့ စူးဝင်နေသူကဲ့သို့ လည်းကောင်း၊ မတ္ထကေ - ဦးခေါင်းကြီး၌၊ ဍယှမာနေ၀ - မီးတောက်လောင်နေသူကဲ့သို့ လည်းကောင်း၊ ကာမရာဂ ပဟာယ - ကြိုက်စွဲကို ပယ်ခြင်းငှာ၊ (ဝါ) ရာဂစိတ်ကို ပယ်ခြင်းငှာ၊ ဘိက္ခု - ရဟန်းသည်၊ ပရိဗ္ဗဇေ - ဝိပဿနာ အလုပ်ဖြင့် မြန်မြန်ကြီး ပုတ်ချလိုက်သလို ကြိုးကုပ်အားထုတ်ရာ၏။
    'ဘိက္ခု ...ဘိက္ခုဆိုလို့ရှိရင် ...တို့သင်္ကန်း ဝတ်ကြီးကို မြင်နေတတ်ပါတယ် မဟုတ်ဘူး။ ကိလေသာကို သတိဖြင့် သတ်နေသူမှန်သမျှ ဘိက္ခုချည်းပဲ၊ ယောက်ျားဘိက္ခု၊ မိန်းမဘိက္ခု၊ ရဟန်းဘိက္ခုပဲ ကွာတယ်။ သတိဖြင့် ကိလေသာကို ဖျက်ဆီးနေတာ မှန်သမျှ ဘိက္ခုချည်းပဲ။ ဒါကြောင့်မို့ ဘုရားဟော တရားတော်တွေမှာ  'ဘိက္ခဝေ'ပဲ ပါတယ်။ ဒကာကြီးတို့၊ ဒကာမကြီးတို့လို့ မပါဘူး။ ဒါကြောင့် ဘိက္ခု - ကိလေသာကို ဖျက်ဆီးနေတဲ့ ဘုရားသားတော် သမီးတော်အပေါင်းသည် သတော - သတိဖြင့် ရှုမှတ်လျက်၊ ပရိဗ္ဗဇေ - ကြိုက်စိတ်နဲ့ ကြိုက်စွဲကို မြန်မြန်ကြီး ပယ်သတ်လိုက်ပါတဲ့။ ဒါက ဗြဟ္မာက လာပြောတာဗျ။'
    'ဗြဟ္မာမင်း ပြောတာက ...အရှင်ဘုရားနဲ့ သားတော် သမီးတော်တွေဟာ ကာမရာဂလို့ ခေါ်တဲ့ ကြိုက်စိတ်နဲ့ ကြိုက်စွဲကို ရင်ဝမှာ စူးဝင်နေတဲ့လှံကို မြန်မြန်ကြီး နုတ်ပစ်သလို၊ ဦးခေါင်းမှာ မီးလောင် နေတာကို မြန်မြန်ကြီး ငြှိမ်းသတ်သလို ကြိုက်စိတ်နဲ့ ကြိုက်စွဲကို သတိနဲ့ရှုမှတ်ပြီး မြန်မြန်ကြီး ငြှိမ်း သတ်ပါစေဘုရားလို့ လာလျှောက်တာ လျှောက်လာပြီး ဆရာလုပ်တာပေါ့။ အဲဒီတော့ ဘုရားက 'ဟုတ်သေးဘူးကွ ဆိုပြီး ဒီလိုဟော တော်မူတယ် ...'

သတ္တိယာ ဝိယ သြမဋ္ဌော ဍယှမေနော၀ မတ္တကေ၊
သက္ကာယဒိဋ္ဌိ ပဟာနာယ၊ သတောဘိက္ခု ပရိဗ္ဗဇေ၊

    ဘုရားက ပြင်ပြင်ပေးလိုက်တာ၊ သတ္တိယာ- လှံမကြီး၊ သြမဋ္ဌောဝိယ - ရင်ဝ၌ စူးဝင်နေ သူကဲ့သို့လည်းကောင်း၊ မတ္ထကေ - ဦးခေါင်း၌၊ ဍယှမာနေဝ-မီးတောက် လောင်ခံနေသူကဲ့သို့ လည်း ကောင်း၊ သက္ကာယဒိဋ္ဌိ ပဟာနာယ - ငါသူတစ်ပါး ယောက်ျားမိန်းမလို့ ထင်နေတဲ့ သက္ကာယဒိဋ္ဌိကို၊ ပရိဗ္ဗဇေ - မြန်မြန်ကြီး ဆွဲနုတ်ရာ၏'တဲ့။ ရင်ဝမှာ လှံစူးနေရင် စူးနေတဲ့လှံကို မြန်မြန်ကြီး ဆွဲ နုတ်ပစ်လိုက်သလို၊ ခေါင်းမှာ မီးစွဲလောင်နေတဲ့ ပုဂ္ဂိုလ်ဟာ မီးတောက်ကြီးကို မြန်မြန်ကြီး ပုတ်ချ လိုက်သလို ငါ့ကိုယ် င့ါဟာ ငါ့ဥစ္စာနှင့်တကွ၊ အစွဲနှင့်တကွ အမြင်မှားနေတဲ့ သူတွေ၊ အဲဒါတွေကို ရှုမှတ်လျက် မြန်မြန်ကြီးနှင်ချလိုက် ရမယ်တဲ့ဗျ။ အဲဒီတော့ ဗြဟ္မာလျှောက်တာက ကြိုက်စိတ်နဲ့ ကြိုက်စွဲကို မြန်မြန်ကြီး နုတ်ပစ်ဖို့လျှောက်တယ်၊ ဘုရားက ဗြဟ္မာပြောတာမဟုတ်ဘူး။ ငါစွဲကို မြန် မြန်ကြီး နုတ်ပယ်လိုက်တဲ့၊ ဘာဖြစ်လို့တုန်း၊ ငါစွဲမှ မနုတ်ဘဲ ကြိုက်စွဲ ဘယ်လိုနုတ်လို့ရမလဲ' (စာ-၁၇)
    ဗြဟ္မာလျှောက်တာ ကွက်ကျော်နေလို့ ဘုရားက ပြန်ပြင်ပေးတာ၊ ငါစွဲကို အရင်ပယ်သတ်ရမှာ၊ ငါစွဲရှိ ရင် သူစွဲလည်း ဝင်မှာပေါ့။ သူတောင်တစ်သူမက သူ ပေါင်းများစွာ၊ ရုပ်နာမ်ခန္ဓာကို ငါလို့ သတ်မှတ်လိုက်ရင် ကျန်တာတွေ သူဖြစ်သွားရော၊ သူနဲ့ငါနဲ့ယှဉ်လိုက်ရင် ငါ အနိုင်လိုချင်သလား၊ သူအနိုင်လိုစေချင်သလား။
    'ငါအနိုင်လိုချင်ပါတယ် ဘုရား'
    'ငါကောင်းစားရေးကို ဦးစားပေးမလား၊ သူ ကောင်းစားရေးကို ဦးစားပေးမလား'
    'ငါကောင်းစားရေး ဦးစားပေးမှာပါဘုရား'

    ဒါကြောင့် ဘုရားက ကြိုက်စွဲကို ခဏထား လိုက်ဦးကွာ၊ ငါစွဲကို အရင်ပယ်လိုက်ဦးလို့ ပြောတာ၊ ငါစွဲဖြုတ်ချင် မရှိတာကို မရှိတဲ့အတိုင်း၊ ရှိတာကိုလည်း ရှိတဲ့အတိုင်း သိဖို့လိုသေးတယ်၊ ရှိတာက အမှန်တရားဆိုတဲ့ သစ္စာလေးပါး မရှိတာက အစွဲကြောင့် ပေါ်လာတဲ့ ရုပ်တွေ၊ နာမ်တွေ၊ လူစွဲ စွဲရင် လူရုပ်နဲ့ လူနာမ်၊ နတ်စွဲစွဲတော့ နတ်ရုပ်နဲ့ နတ်နာမ်၊ ခွေးစွဲတော့ ခွေးရုပ်နဲ့ ခွေးနာမ်၊ ဒီအတိုင်းသွားမှာပါဗျ။ သေချာနီးရဲ့ နောက်ဆုံး စိတ်သည် ပထမဘဝကိုသွားမှာ၊ မကောင်းစိတ်က လက်ဦးသွားရင် အောက်ဘုံတွေ သွားကြပေတော့၊ ကောင်းစိတ်က လက်ဦးသွားရင် အထက်ဘုံတွေဆီ တက်ကြပေတော့ ...။ ဒီတော့ ရုပ်နာမ်နှစ်ပါးသည် မရှိတာကို အရှိလုပ်ရာက ဖြစ်လာတာ၊ အဲဒီတော့ ငါစွဲ ဖြုတ်ချင်ရင် မရှိတာကို မရှိတဲ့အတိုင်း သိဖို့လိုတယ် ...'သိရုံနဲ့ လည်းမပြီးဘူး၊ ပယ်ရဦးမယ်၊ ပယ်တာ သတိနဲ့ပယ်ရမှာ၊ မိမိတို့၏ ဆရာသည် သတိလို့ မှတ်ထားစမ်းပါ။' တို့က (ဆရာတော်ကြီးက) ကလျာဏမိတ်ဆွေ၊ အပြင်မိတ်ဆွေ၊ အပြင်ကနေ အကြံပေး၊ ဉာဏ်ပေးလောက်ပဲ တတ်နိုင်တယ်၊ သတိကသာ အတွင်းက လမ်းပြသွားမှာ၊ သတိက အလုပ်သုံးမျိုး လုပ်ပါလိ့မ်မယ်။
- ကိလေသာလည်း ပယ်ပေးလိမ့်မယ်။
- သိစရာလည်း ဖော်ထုတ်ပေးလိမ့်မယ်။
- ကိုယ့်စိတ် ကိုယ်ပိုင်အောင်လည်း လုပ်ပေးလိမ့်မယ်။

    သတိက ဘယ်လောက်မှတ်ရမှာလဲဆိုတော့ လေးဌာန လိုက်မှတ်ရမှာ။ (သတိပဋ္ဌာန်လေးပါး) ဟုတ်ပြီလား။ တရားထိုင်တော့ တင်ပါးနာလာပြီဆိုရင် တင်ပါးမှာ စိတ်ရောက်နေတတ်တယ်။ တင်ပါးမှာ စိတ်ရောက်နေရင် တင်ပါးမှာ သတိလေးနဲ့ မှတ်ရမှာ။ ဒါကို ကာယ အပေါင်းအစုကို၊ အနု-အဆက်မပြတ်၊ ပဿနာ-ရှုမှတ်ခြင်း၊ ကိုယ်ပေါ်မှာ အဆက်မပြတ် ရှုမှတ်ခြင်းကို 'ကာယာနုပဿနာ'လို့ စာလို သုံးလိုက်တယ်။
    တစ်ခါတလေကျတော့ တင်ပါးကိုသွားမမြင် ဘူး။ တင်ပါးထဲမှာ ဖောက်ပြန်နေတဲ့ နင့်ခနဲ နင့်ခနဲ ခံစားရတဲ့ ဝေဒနာမှာ စိတ်ရောက်နေတတ်တယ်။ စွဲစိတ်က အဲဒီ နင့်ခနဲ နင့်ခနဲ ရောက်နေရင် အဲဒီနေရာလေးကို အဆက်မပြတ်မှတ်တာ'ဝေဒနာနုပဿနာ'ခေါ်တယ်၊ ဝေဒနာကို ခံစားမှုလို့ ဆိုကြပါစို့။ မခံသာတဲ့ ခံစားမှုကို 'ဒုက္ခဝေဒနာ'လို့ သုံးတယ်။ ဒုက္ခဝေဒနာက သိသာထင် ရှားတဲ့အတွက် သမထ ထူထောင်ရာမှာ အထောက်အပံ့ ဖြစ်စေတယ်။ တစ်ခါတလေကျတော့ ကိုယ်ပေါ်မှာလည်း အာရုံညောင်း၊ ခန္ဓာညောင်းလို့ စိတ်မရှိဘူး။ ဝေဒနာကလည်း မပေါ်ဘူးဆိုရင် သက်သာတဲ့ အချိန်လေးဆိုရင် စိတ်ကလေး ဟိုပြေး ဒီပြေး ထင်တယ်။ ဝင်လေထွက်လေပဲ မှတ်နေရတော့ အဆန်းကြိုက်တဲ့စိတ်ဟာ ၁၀ ချက်၊ ၁၅ ချက်ထက် ပိုမမှတ်ချင်ဘူး။ ထူးမလားလို့ လုပ်ကြည့်တာ၊ မထူးတော့ စိတ်မဝင်စားတော့ဘဲ မနက်ဆိုရင်တော့ ဘယ်လိုဘယ်ညာ၊ တရားစခန်းကထွက်ရင် ဘယ့်နှယ် ...ဘယ့်နှယ်၊ စိတ်က ဒီလိုလည်း သွားနိုင်သေးတယ်။ ရှေ့ကိုမသွားရင်လည်း နောက်က ကိုယ်ခံစားခဲ့ရဖူးတဲ့ ကြိုက်စွဲ လေးတွေ၊ မကြိုက်စွဲလေးတွေကို ပြန်ပြီးတော့ စားမြုံ့ပြန်ချင် ပြန်နေတတ်သေးတယ်။ အဲဒီအခါ ကျရင် စွဲစိတ်ရှိတဲ့နေရာ မှတ်စိတ်လိုက်ရုံပဲ။ စွဲစိတ်လေး တကယ် ရှိမရှိ၊ အကောင်အထည်ရှိမရှိ၊ အလုံးဒြပ်ရှိ မရှိ၊ အဲဒါလေးမှတ်တာ စိတ္တာနုပဿနာလို့ ခေါ်တယ်။
    သတိပျိုးထောင်နေတဲ့ သမထပိုင်းမှာ ဒီအတွေးကို စိတ္တာနုပဿာနဲ့ ရှုရမှာပါ။ ဝိပဿနာက အလိုလိုဝင်သွားပါလိမ့်မယ်။ ဒီမှာတော့ဖြင့် အဲဒီအတွေးကိုပဲ စိတ္တ - ကြံသိမှုပေါ်ရာသို့၊ အနု - အဆက်မပြတ်၊ ပဿနာ - ရှုမှတ်လိုက်ပါတဲ့။ အဲဒါကို 'စိတ္တာနုပဿနာ'လို့ ခေါ်ပါတယ်။
    ပြီးတော့ သတိကို ပျိုးထောင်ရင်း ကိလေသာကို ငြိမ်သက်အောင်လုပ်နေရတဲ့ အခြေခံပိုင်းမှာ တော့ 'ဓမ္မာနုပဿနာ' ဘာတွေရှုမလဲ၊ အာရုံငါးပါးထဲမှာ မြင်မှု၊ ကြားမှု၊ နံမှု ဒီသုံးခုက အငွေ့တိုက်နော်၊ ဆိုပါစို့ မြင် တာလည်း အရိပ်အယောင်ပဲ၊ လူကိုယ်တိုင် မျက်လုံးထဲ ဝင်သလား (မဝင်ပါဘူးဘုရား)၊ မှန်ပေါ်မှာ အရိပ်ပေါ် သလိုပဲ၊ မျက်စိအကြည်ဓာတ်အပေါ်မှာ အရိပ်ပေါ်တာ၊ ဒါကြောင့် အငွေ့။ ကြားတာ၊ နံတာလည်း အငွေ့ပဲ၊ အတွေ့မဟုတ်ဘူး။ အငွေ့မျှသာဖြစ်လို့ 'ဓမ္မာနုပဿနာ'ရှု ရလိမ့်မယ်။ စားတာကျတော့ ထမင်းခဲ၊ ဟင်းဖတ်ကြီးတွေ ဆိုတော့ အတွေ့ဖြစ်သွားပြီ။ အင်္ဂါခြေလက်နဲ့ ထိမိကိုင်မိ တာတွေဟာ အတွေ့ပဲ၊ ထိတွေ့မှု ...။ အဲဒီစားတာ ရသာရုံနဲ့ ဖောဋ္ဌဗ္ဗာရုံ (အထိအတွေ့) တွေက ကာယနုပ ဿနာထဲ ထည့်ရမှာ။ အဆင်း၊ အသံ၊ အနံ့ ဒီသုံးခုက ဓမ္မာနုပဿနာ ...။ (စာ-၃၀)
    စားမှုသောက်မှုရယ်၊ ကိုင်တွယ်ထိတွေ့မှုရယ် စသည်အားဖြင့် ကိုယ်နဲ့ထိတာမှန်သမျှ၊ အခုထိုင် နေတာတောင် ယောဂီတို့ ပျဉ်ပြားနဲ့ တင်ပါးထိနေတယ်။ ဖောဋ္ဌ ဗ္ဗရှိနေတယ်။ သွားရင် ဖဝါးနဲ့ ထိနေ ပါလိမ့်မယ်။ အဲဒါတွေကို ကာယနုပဿနာထဲ ထည့်လိုက်ပါ။ ဓမ္မာနုပဿ နာလို့ပြောရင် ဒီနေရာမှာ သတိမလွတ် တော်ပြီဆိုပြီး သတိပျိုးထောင်တဲ့နေရာမှာ မြင်လျှင်မြင်နေတဲ့ အငွေ့သဘောလေး၊ ကြားလျှင်ကြားတဲ့ အသံလှိုင်းဆိုတဲ့ အငွေ့သဘောလေး၊ နံရင်နံတဲ့ အငွေ့သဘော သတ္တိလေး ရှု မှတ်နေရမယ်။
    ထိုင်နေတဲ့ ယောဂီတစ်ယောက်အတွက် မျက်စိမှိတ်ထားတဲ့အတွက် အဆင်းတော့ ဝင်စရာမရှိပါဘူး။ နားကတော့ ပိတ်ထားလို့ မရတဲ့အတွက်ကား ဖြတ်သွားလည်း သိမယ်၊ ခွေးဟောင်လည်း သိမယ်၊ အဲဒါဆိုရင် အသံဝင်ရာ တံခါးပေါက်က စောင့်ပြီးကြားလျှင် ကြားတယ် မှတ်ရမှာပါ။ နှာခေါင်း လည်း ပိတ်ထားလို့မရတဲ့အတွက် အနံ့တစ်ခုခုတော့ ရမှာပဲ။ နံတာလည်း မှတ်ရမှာပဲ။ အဲဒီတော့ သတိရဲ့ ကျက်စားရာသည် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုပြီး လေးမျိုးလေးနေရာရှိတဲ့အတွက် 'သတိပဋ္ဌာန်လေးပါး'လို့ ဆိုရပါတယ်။ လေးဌာနကွဲနေလို့ သတိကို လေးမျိုး ခွဲပြောနေရပေမယ့် သတိကတော့ သတိပါပဲ။
 (မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 120

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.