မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဝါးသုံးရုံ သစ်တောစခန်းမှာ

၂၀၂၄ မတ် ၂၅
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ဇာတိမြေ နတ်တလူ သာသနာပြုစခန်းမှာ မင်းဘိသိက်ခံဘုရားနှင့် မင်းကုန်းရွာမှာ ဉေယျဓမ်ရွှေ ချက်သို တံခွန်တိုင်စေတီတို့ကို အောင်မြင်စွာ တည်ထားခဲ့ခြင်းဖြင့် နောင်လာနောက်သားများအတွက် သာသနာ့အမွေ ပေးတော်မူရစ်ခဲ့လေပြီ။ အများအတွက် သာသနာ ပြုခဲ့ပြီးဖြစ်လို့ မိမိအတွက် 'လူမလာ ဖျာမခင်း တစ်ကိုယ်ချင်း ကျင့်ရန်အတွက် ဝပ်ကျင်းပြင်ဆင်'သည့်အနေဖြင့် တောရသစ်ကို စီမံရပြန်လေပြီ။ တောရသစ်ကား နတ်မောက်နယ်၊ နယ်ကူးတောင်မှာ ...။
    သာစည်ဒကာကြီးနှင့် ပျဉ်းမနားဒကာကြီးတို့ ရှာဖွေတွေ့ရှိခဲ့သော နေရာ၊ ဒေသခံများကား ဆရာတော် ဘုရားရောက်မလာမီကပင် ကြိုနှင့်ကြလေပြီ။ ကောလာဟလသတင်းအမျိုးမျိုး ဖြစ်ပေါ်နေပြီး လှုပ်လှုပ်ရွရွဖြစ် နေခဲ့ပါတယ်။
    'ထိုတောင်သည် နတ်မောက်နယ်အတွင်း၌ဖြစ်ပြီး ရှေးက သာသနာပြုများ နေထိုင်သွားသည့် နေရာ ထူးတစ်ခုဆို၏။ ငါတို့ကား နယ်ကူးဆိုသောစကားကို နှစ်သက်မိ၏။ မိမိအတွက် နယ်ကူးရန် ရည်စူး၍ သမထနယ်မှ ဝိပဿနာနယ်ထဲသို့၊ သို့ဖြင့် ထိုနေရာ ကျောင်းကိစ္စအတွက် တာဝန်ပေး လိုက်ပြီး ဤကဆုန်လပြည့်နေ့မှာပင် လာလျှောက်ရန် တပေါင်းပွဲတော်မှ ပြန်ခါနီးတွင် ထိုတာဝန်ခံဒကာကြီးအား ကြိုတင်ပြောကြားထား၏။ ငါတို့ အဓိဋ္ဌာန်ကားနတ်တလူမှ ကဆုန်လပြည့်ကျော် ၉ ရက်နေ့ ထွက်ခွာရန်၊ ကျောင်းကား သစ်သားကျောင်း ငယ်လေးမျှသာ၊ အချိန်ကား နှစ်လတိတိပေး ထား၏။' (၂၀၁၂ စက်တင်ဘာလထုတ်၊ ဘဝကန္တာရ သင်္ကေတ ကထာ၊ စာ-၃၇၂)
    တောရသစ်တစ်ခုသို့ ကူးခါနီးမှာ ထုံးစံအတိုင်း အိပ်မက်ဖြင့် ကြိုတင်အသိပေးလာတာ တွေ့ရှိခဲ့တယ်။
- ပျဉ်းမနား လက်လုပ်တောင်ထက်ပင် လူပိုရှုပ်မည်။
- နိုင်ငံရေး အရှုပ်အထွေးများအကြား ညှပ်ပါသွားလိမ့်မည်။(ဘဝကန္တရ၊ စာ-၃၇၃)

    နတ်မောက်သည် နိုင်ငံရေးဂယက်လှိုင်းပွက်ရာ ဌာနဖြစ်နေသည်။ လူသူအရှုပ်ကြား နိုင်ငံရေးသမားပါလာလျှင် လှိုင်းပုတ်ခံရတတ်သည်။ မိမိအလုပ်မဟုတ်ဘဲ အရှုပ်ထဲ ဝဲလှည့်ပါသွားနိုင်သည်။ (၂၀၀၄ ခုနှစ်ထုတ်၊ သံဝေဂလမ်း၊ စာ-၁၅၄)
    ဆရာတော်ဘုရားကြီးမှာ ဝိပဿနာတရားများကို နှစ်ပေါင်း ၂၀ ခန့် အားထုတ်လာခဲ့သော်လည်း သမထအလုပ်များနှင့် ငြိနေဆဲ၊ ဘုရားတည်ခြင်းစသော အပြင်သာသနာပြုလုပ်ငန်းများမှာ သမထ နယ်ထဲမှာ အကျုံးဝင်နေသည် မဟုတ်ပါလား။ အဓိဋ္ဌာန်ပြုခဲ့တဲ့အ တိုင်း ဘုရားသုံးဆူပြည့်အောင် မင်းဘိသိက်ခံဘုရားကို နောက်ဆုံးအနေနဲ့ တည်ထားခဲ့ပြီးပြီ။ ထို့ကြောင့် ပြင်ပသာသနာပြု သမထ ကိစ္စများရပ်နား၍ အတွင်းသာသနာ ဝိပဿနာတစ်ခုတည်းကိုပဲ အားထုတ်တော့မည်။ သမထမှ ဝိပဿနာသို့ နယ်ကူးတော့မည်။ သို့သော် အဘိညာဉ်ရှင်ကြီးများက လုံးလုံးကြီး ကူးသွားတာမျိုး မဖြစ်စေချင်ပါ။ သမထ ဝိပဿနာ နှစ်ဖြာတွဲလက် ခရီးဆက်စေချင်ပုံရပါတယ်။ သာသနာပြုကိစ္စများနှင့် ပတ်သက်ပြီး ဆရာတော်ဘုရားကို အားကိုးပုံလည်း ရပါတယ်။ ဒါ့ကြောင့်လည်း အဘိညာဉ်ရှင်ကြီးများဟာ ဆရာတော်ဘုရားကို အထူးဂရုစိုက်လျက် အိပ်မက် စသည်တို့ဖြင့် အကြံပေးလမ်း ညွှန်တတ်လေ့ရှိပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဥပမာတစ်ခု ပြတော်မူပါတယ်။ ၁၃၄၃ ခု နှစ်က သာစည်ရွှေကျောင်းကုန်းတောင်မှ ဇင်းကျိုက်သို့ အကူးတွင် သာစည်မှ ညရထားစီးရမှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားက ဆယ့်တစ်မီးငြိမ်းအဓိဋ္ဌာန်ဖြင့် ည ၁၁ နာရီရထားဖြင့် လိုက်ပါဖို့ စီစဉ်ထားသော်လည်း ပုဂ္ဂိုလ်ကြီးများက လက်မခံ၊ ည ၉ နာရီရထားစီးပါတဲ့။ အိပ်မက်ဖြင့် တကူးတက အသိပေးခဲ့ကြပါတယ်။ ပြီးတော့ ပွဲသုံးပွဲ ကပြခဲ့ရမည် ဆိုတာပါသေး။
    'သို့ဖြင့် သာစည်သို့ နံနက်ဆွမ်းခံမီ အရောက်လာပြီး ဆွမ်းခံ၊ ပြီးသည်နှင့် တရားတစ်ပွဲ၊ နေ့လယ်တစ်ပွဲ၊ ည ၇ နာရီတစ်ပွဲ၊ ပေါင်းသုံးပွဲ သည်သို့ ပွဲပေးပြီးမှထွက် ခွင့်ရခဲ့၏။ ဆိုလိုသည်မှာက ကိုးပယ်၍ ဆယ့်တစ်အပြောင်းကို အပြောင်းမခံခြင်းပင်။ ဤမှာလည်း ကိုးကနေ ဆယ့်တစ်ပြောင်းအတိုင်း သမထမှ ဝိပဿနာသို့ အပြောင်းမခံခြင်းပင်။ ယင်းကား ငါတို့၏ အတွင်းရေးများ ပင်ဖြစ်တော့သည်' (ဘဝကန္တာရ၊ စာ-၃၇၃)
    ဆရာတော်ကြီးမှာ သာသနာပြုတာဝန်တွေ ရှိနေသေးပြီး စေတနာကြွေး ပေးဆပ်စရာလည်း ရှိနေသေးပုံရပါတယ်။ ဖြစ်ချင်တော့ နတ်မောက်နယ်ကူးတောင် ကျောင်းဆောက်နေတာလည်း အဆင်ပြေပုံမရ၊ အခြေအနေအရပ်ရပ်ကို ကဆုန်လပြည့်နေ့အရောက် လာလျှောက် ထားပါမည်ဆိုတာ ဒကာတွေဘက်က တာဝန်ပျက်ကွက်ခဲ့ပါတယ်။ ဘယ်သူမှပေါ်မလာ။ ဒီတော့ နောက်တစ်နေရာ စဉ်းစားခဲ့ရတယ်ဆိုပါတယ်။ နတ်တလူဥက္ကဋ္ဌကတော့ ဒီနှစ်ဝါထပ်နှစ်ဖြစ်ပါသဖြင့် ဒုတိယဝါဆိုလဆန်းကျမှ နယ်ကူးတောင်သို့ ကြွရန်လျှောက်ထားပါတယ်။ သူ့ခမျာ အတွင်းကိစ္စတွေကို ဉာဏ်မမီလို့ အရိုးခံအတိုင်း လျှောက်ထားခဲ့ခြင်းဖြစ်ပေလိမ့်မယ်။ နယုန်လဆန်း ၁ ရက်မှာ ဒေါက်တာနှစ်ဦးနဲ့အတူ ရောက်လာပြန်ပြီး နယ်ကူးတောင်သို့ လိုက်ပို့ပါ့မယ်ဘုရားလို့ လျှောက်ထားပြန်ပါတယ်။
    ဒီတော့မှ ဆရာတော်ဘုရားက မုံရွာတစ်ဖက် ကမ်းဖြစ်ဖြစ်၊ မဟာမြိုင်ဖြစ်ဖြစ်လို့ ဆန္ဒပြုအမိန့်ရှိ လိုက်ပါတော့တယ်။ နောက်လိုက် ပရိသတ်များနှင့်ဝေးရာ၊ ငါတို့နှင့် အသိအကျွမ်းမရှိသေးရာ စလင်း၊ စလေ၊ စကုဘက်ဖြစ်ဖြစ် ပို့ပေးကြစမ်းပါတဲ့။ ဥက္ကဋ္ဌကလည်း ဘယ် လောက်မြန်သလဲဆိုရင် နက်ဖြန်နံနက်အဆင်သင့်ဖြစ် ပါစေ့မည်ဘုရားလို့ လျှောက်ထားကာ အဆောတလျင် စီစဉ်ပါတော့တယ်။ နောက်တစ်နေ့ နံနက် ၉နာရီလောက် မှာ ဥက္ကဋ္ဌနှင့်အဖွဲ့ရောက်လာပြီး မုံရွာတစ်ဖက်ကမ်း၊ ဝါး သုံးရုံသစ်တောစခန်းမှာ ]ချက်ချင်းပြီးကျောင်း}ဆောက် ခဲ့ပါကြောင်း၊ ယခု ကြွနိုင်ပါပြီလို့ လျှောက်ထား ကြပါတယ်။
    ကျေးဇူးတော်ရှင် ဆရာတော်ဘုရားမှာ ထွက်ကြွတော်မူခါနီးအချိန်အထိ ဆွမ်းအနုမောဒနာတရား ဟောခဲ့ရပါသေးတယ်။ 'ထိုနှင့်တစ်ဆက်တည်း ဇယ်စက်နည်းဖြင့်ပင် ကျောင်းတွင်းနေ သံဃာများအတွက်လိုအပ်ရာများ လှူခြင်းကိစ္စ၊ ကျောင်းတွင်းနေ ယောဂီများ အတွက် လိုအပ်ရာ ယောဂီများ စွန့်ခြင်းကိစ္စပြုလုပ်ရင်း စိတ်၊ ကိလေသာ၊ ကံ၊ ဝိပါက်စက်များ ဂျင်ဂျင်လည်နေ ကြပြီ။ ဘုံပြောင်း၊ ဘဝပြောင်း၊ ဝတ္ထုအာရုံပြောင်းများလည်း ဒေါင်းတောက်နေကြပြီ။ ဖြစ်၊ တည်၊ နာ၊ ပျောက် များကလည်း တဖွားဖွား ကြွေလွင့်နေကြပြီ။" (၂၀၀၄၊ မတ်လထုတ်၊ သံဝေဂလမ်း၊ စာ-၁၅၇)
    ဒီလိုနဲ့ နတ်တလူမှ ထွက်ခွာတော်မူခဲ့ရာ မိုးညှင်းသမ္ဗုဒ္ဓေမှာ တစ်ညနားပြီး နောက်နေ့နံနက် ၁၀ နာ ရီခန့်မှာ ပုလဲမြို့နယ် ဝါးသုံးရုံသစ်တောစခန်းရှိ တစ်ပါး စံကျောင်းကလေးဆီ ဆိုက်ရောက်လာခဲ့ပါတယ်။ ဒီနေရာဟာ မုံရွာသစ်ထုတ်ရေးက စီစဉ်ဆောင်ရွက်ပေးတဲ့ နေရာဖြစ်ရာ သစ်တောဝန်ထမ်းများ၊ သစ်ကုမ္ပဏီများမှ ဝန်ထမ်းများ၊ သစ်ကုန်သည်ကြီးများမှတစ်ဆင့် ဆရာတော်ကြီးရောက်ရှိနေတဲ့ နေရာကို ရန်ကုန်၊ သာစည်၊ ပျဉ်းမနားမှ တပည့်ဒကာများ သတင်းရ ခြေရာခံမိသွား ကြပါတယ်။
    'ထိုသို့ လူခေါင်ခေါင် လူရှောင်အလုပ်လုပ်ပေးမှ နတ်မောက်နယ်ကူးတောင်၌ တာဝန်ပေးထားခြင်းခံကြရသော တာဝန်ခံများကလည်း သူတို့အချိန်မီ မပြီးစီးသဖြင့် သူတို့ကို စိတ်ကောက်ထွက်သွား ပါသည်ဆိုသော စွပ်စွဲချက်ကြီးများနှင့်အတူ နောက်မှ ချက်ချင်းလိုက်ပါ လာကြကာ ငိုယို၍ လျှောက်ထားသည်ကလည်းရှိလာ၏။ ထို့နောက် ထိုနယ်ကူးဒေသမှ ဒကာများကိုပါ အပါခေါပြီး အပင့်ခိုင်းသည်အထိ အခြေအနေရှုပ်ထွေးလာ၏။ ငါတို့နောက်ကိုသာ ပုဂ္ဂိုလ်ခင်ဖြင့် အတွင်လိုက်ပါ နေကြပြီး တရားဘက် လုံး၀ လက်ပျက်နေကြသော ထိုတာဝန်ခံများ ဤသို့သော လောကဓံနှင့် တွေ့သောအခါ မိမိဆရာ၏ အကျင့်ဂုဏ် ယုံရကောင်းမှန်းပင် မသိတတ် ကြပြီ။}
    'ဆရာမှန်သမျှ (ခေါင်းဆောင်မှန်သမျှ) သူခိုး ဓားပြ ခေါင်းဆောင်များသော်မှ မိမိတပည့် ဆုံးရှုံးနစ်နာ သွားစေစိတ် မည်သည့်ကာလမှ မရှိတတ်၊ ခံစရာရှိ မိမိကသာ ခံယူသွားကြမြဲ။ သို့မှလည်း တပည့်ယုံ ပုံချစ် ချစ်ကြမည်။ ငါတို့ရဟန်းကား စိတ်ကောက်မရှိ၊ ရှိသော် ရဟန်းမဖြစ်၊ ထိုသည့် ငါတို့ စိတ်ကောက်သွားသည်ဟူသော ဆင်ခြင်တွေးများအစား 'အကြောင်းတစ်ခုခုရှိလို့ ဖြစ်မည်'ဟူသော ဆင်ခြင်တွေးလေးများ ဝင်စားလျှင် အလွန်ကောင်းသော အတွေးများဖြစ်လာပေမည်။ ယခုသော် မကျေနိုင် မချမ်းနိုင်စိတ်ဖြင့် အခေါက်ခေါက် အခါခါ လာရောက်တွေ့ထိ ပွတ်တိုက်လာခြင်းကြောင့် နယ်ကျော်သွားပြီ။ အမှန်မှ အမှားဘက် ဆက်ထွက်လာနေပြီ။ ထိုကိစ္စငါတို့ အဘယ်မျှပြောပြော နားမဝင်အထိ ဖြစ်ရရှာပြီ။ တရားမပါ ဗလာချီအကပ်သမား ကပ်ကြား ဥညှပ်ဖြစ်သွားခြင်းတည်း။'
    'ထိုပြန်လည်ပင့်ဆောင်ရေးကားများအပြင် နေ့ချင်းညချင်း မန္တလေးက ဆင်းလာနေပြီ။ ရန်ကုန်က ဆင်းလာနေကြပြီ။ ရှမ်းတောင်က ဆင်းလာနေကြပြီ။ သာစည်က လိုက်လာနေကြပြီ။ ကားတို့သည် တစ်စင်းဝင် တစ်စင်းထွက် ဖြစ်လာလေတော့ရာ အနီးရှိဌာနေတို့လည်း ဘာလဲဖြင့် ခေါင်းမော့ကြည့်လာ ကုန်ကြပြီ။ နောက်သော် ဈာန်ရကိုယ်တော်ကြီးတဲ့။ ဈာန်ပျံနိုင်သည်ဆိုပဲ။ လာလိုက်ကြသည့် ဈာန်ရဖူးဘုန်းကြီးကြည့်၊ လှူလိုက်ကြသည့် လာဘ်လာဘပစ္စည်းအသီးသီး။}
(သံဝေဂလမ်း၊ စာ-၁၆၀)
    'လူရှုပ်ခြင်း၊ လာဘ်ပေါခြင်း၊ ခြွေရံဝိုင်းအုံခံရခြင်း၊ ကျော်စောခြင်း၊ ဤလေးခင်းတို့သည် သွားလက် စခြေလှမ်းများ ရှေ့မှနေ ခြေထိုးခံထားခြင်းအဖြစ်သို့ ငါတို့အမြဲရှုမြင်သုံးသပ်၏။ သို့တိုင်အောင်လည်း ထိုလေးခင်းကားရောက်လေရာ ဘုံထောက်အတင်းတကောက် ကောက် ပါနေကြသည်။ နောက်လိုက်တို့အား မလိုက်စေလိုသဖြင့် လိုက်နေမည့်အစား မိမိအိမ်မှနေ တရားဖြင့် အမွေခံယူကြ စမ်းပါ။ လိုက်လာလျှင် ပေးဝေချိန်များ ပျက်ကွက်သွားတော့သဖြင့် လိုသလောက်မရ၊ မလိုက်မှ လိုတာထက်ပို၍ ရကြသည်။ ထိုသို့ဟောသော်လည်း ဟောပုံလေးကြည့်နေရသည်ကိုက ပီတိတစ်မျိုးပဲဖြင့် အခြေကား ပို၍ပင် ဆိုးရွားလာစေပြီ။'
    'ထိုစခန်း၌ တစ်လမျှမပြည့်သေး၊ ပရိသတ်များကား နံနက်တိုင်း ဆွမ်းလောင်းရာ တိုးဝှေ့နေကြရလေပြီ။ နောက်လိုက်များကလည်း နောက်မှနေ ညာသံ ပေးလာကြပြီ။ ဝါဆိုလပြည့်နေ့ နယ်သံဃာများ ဝါဆို သင်္ကန်းကပ်ချင်ပါ၏။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ဆရာတော့်မွေးနေ့ ကျင်းပလိုပါ၏။ ရော် ...သည် နောက်တွေ လူရှုပ်မခံလို၍ သည်ချောင်လာခိုပါသည်ဟူသော ငါတို့စကား အလျဉ်း ပင်ယုံကြည်မှု မရှိလေရော့သလား။ တစ်ပါးတည်း အားထုတ်လိုသဖြင့် နောက် ကြောင်းဆက်ဝေးရာ ပြေးထွက်လာခဲ့ရပါသည်ဟူသော စကား နည်းနည်းလေးမျှ ဆင်ခြင်ဉာဏ် မဝင်စားလေရော့ သလား။ ကဲ ...လုပ်ချင်တာလာလုပ်။' (သံဝေဂလမ်း၊ စာ-၁၆၂)
    ဆရာတော်ဘုရားကား များပြားလှသော ပရိသတ်ကြီးရဲ့ဆန္ဒကို လိုက်လျောခဲ့ရပြန်ပေပြီ။ ရှိပါစေတော့၊ ဒီနေရာမှာ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေတော့။ ဆရာတော်ဘုရားဟာ ဒီနေရာက စွန့်ခွာမှ ဖြစ်တော့မယ်လို့ စိတ်ပိုင်းဖြတ်ကာ ဒီနေရာထက်ပို၍ ဝေးလံသီခေါင်သော ပုံတောင်ပုံညာ တောတောင်ကြားတစ်နေရာ၊ ဂန့်ဂေါနယ်ထဲက သဘာဝလိုဏ်ဂူကြီးတစ်ခုဆီ ရည်စူးဦး တည်ထားလိုက်ပါတယ်။ ဝါးသုံးရုံ သစ်တောစခန်းကို ရောက်လာတဲ့ ပရိသတ်များအတွက် ဝါဆိုလဆန်း ၈ ရက်မှ ၁၂ ရက်အထိ၊ ငါးရက်တာ နယ်ပရိသတ်တွေကို အချိန်ပေးမည်။ ဝါဆိုလဆန်း ၁၂ ရက်မှ လပြည့်နေ့ ၁၂ နာရီအထိ သာစည်၊ ပျဉ်းမနား စသော နောက်လိုက် ပရိသတ်များကို အချိန်ပေးမည်လို့ ခွဲတမ်းချလိုက်ပါတယ်။
    'ဝါဆိုလဆန်း ၈ ရက်နေ့မှစတင်သော ဒါတုံ- သောတုံ-ပဿိတုံပွဲကြီး (လှူချင်လာ၊ တရားနာချင်လာ၊ ဖူးချင်လာပွဲကြီး)ကား တစ်နေ့ထက်တစ်နေ့ စည်ကား၏။ နောက်ဆုံးနေ့ လဆန်း ၁၂ ရက်ကား အစည်ကားဆုံး ဖြစ်ခဲ့ပြီ။ အနီးပြီးသော် လဆန်း ၁၃ ရက်မှစတင်၍ အဝေးနှင့် ရင်ဆိုင်ရပါတော့မည်။ ပျဉ်းမနား၊ သာစည်၊ မိတ္ထီလာ၊ သုဝဏ္ဏသျှမ်တို့မှလာ၏။ စ...စချင်း ၁၃ ရက်တွင် နယ်ကူးကျောင်း တာဝန်ခံသာစည်ဒကာကြီးက နယ်ကူးတောင်ခြေ ဂေါစရဂါမ်မှ ဒကာကြီးတစ်ဦးခေါ် လာပြီး ပင့်စေပြန် ၏။ ယင်းအား ငြင်းရုံမက ပယ်လိုက် ရပြန်၏။ ထိုနေ့မှစ တစ်ဖွဲ့ပြီးတစ်ဖွဲ့၊ တစ်ညအိပ် တစ်နံနက်ခင်း လာဖူးဖြင့် စည်းကမ်းစီးဆင်းမှုမှန်နေသေး၏။ (၁၄၊ ၁၅)ရက်တို့မှာကား မမှန်တော့ပြီ။
(ဘဝကန္တာရကထာ၊ စာ-၃၇၅)
    လပြည့်နေ့ နောက်ဆုံးနေ့ဆိုပြီး ဆရာတော် ဘုရားရဲ့ ကျောင်းသေးသေးလေးထဲ အတင်းဝင်ရောက် ဖူးမြော်ကြပါတယ်။ လူရင်းတွေက လူစိမ်းတွေပါခေါ်လာပြီး စည်းမဲ့ကမ်းမဲ့ ဖူးမြော်ကြရာ သတ်မှတ်ချိန်စေ့တဲ့အထိ ကျောင်းထဲက မပြန်ကြပါဘူး။
    'ငါတို့ကလည်း ပြန်တော့ နှင်ရိုးထုံးစံမရှိ၊ အလိုက်မသိသော အခွင့်အရေး ကြောင်တောင် နှိုက်သမားများလည်း ပြန်ရိုးမရှိ၊ ရဟန်းအား ဤသို့မလုပ်သင့်'လို့ 'ဘဝကန္တာရသင်္ကေတကထာ' ကျမ်းစာအုပ်ကြီးမှာ စိတ်မကောင်းစွာ မှတ်ချက်ရေးထားတာ ဖတ်ခဲ့ရပါတယ်။ သူတို့ထက်ပိုဆိုး သူတို့ စံချိန်ချိုးမယ့် အဖွဲ့တစ်ဖွဲ့လည်း ရောက်လာခဲ့ပြန်ပါတယ်။ သူတို့လည်း သာစည်ကပါပဲ။ သူတို့လာ ရောက်ဖူးမြော်ချိန်မှာတော့ ဆရာတော်ဘုရား ကြီးမှာထိုင်ပြီး အဖူးခံချိန်မပေးနိုင်တော့။ အလှူခံရရှိ သမျှပစ္စည်းများကို နယ်သံဃာများအား တစ်ခုမကျန် လှူဒါန်းခဲ့ရန် ဒကာများနဲ့အတူ စီစဉ်ပြင်ဆင် နေချိန်ဖြစ် လို့ပါပဲ။
    သူတို့ပြန်သွားပြီး ဘာလုပ်တယ်ထင်ပါသလဲ။ ဆရာတော်ဘုရားရဲ့ ကျောင်းကလေးဆီဦးတည်နေတဲ့ တောင်ကုန်းလေးရဲ့ အတက်အဆင်း လမ်းဝကို သူတို့ ကားနဲ့ ကန့်လန့်ပိတ်ရပ်၊ ကားကိုသော့ ခတ်ပြီး သူတို့ကတော့ တစ်နေရာမှာ သွားရှောင်နေလိုက်ကြပါတယ်။ ]ရိုးရိုးလား၊ ဆန်းဆန်းလား၊ ပန်းလား၊ ခေါင်းလား'မေးရတော့မည့်အဆင့်'လို့ ဆရာတော်ကြီးက မှတ်ချက်ပေး ရေးသားထားပါတယ်။ ဆရာတော်ဘုရားက နယ်သံဃာတွေထံ လှူဖွယ်ဝတ္ထုတွေ ပို့ဆောင်ပြီး ဒီနေ့ညနေ ၄ နာရီ ဒီနေရာကထွက်ခွာဖို့ စီစဉ်ထားချိန်မှာ ဆရာတော်ကိုလာပင့်တဲ့ကား ဝင်လို့ထွက်လို့မရအောင် ဒီလိုလုပ် ထားလေရော့သလား။ ဒေသခံတောအုပ်ကြီးကလည်း ဘာမှမပြောရဲ။ ကန့်လန့်ဖြတ်ပိတ်ရပ်ထားတဲ့ ကားဟာ သူ့ဆရာသစ်တောအရာရှိကြီးနဲ့ ပတ်သက်နေလို့ပါတဲ့။ လာပင့်တဲ့ကားကလည်း မဝံ့မရဲနဲ့ ချုံကြားထဲမှာ စောင့်နေတယ်။ စောင့်နေတဲ့ ကားဆီလူလွှတ်ခိုးထွက်ပြီး ကြတော်မူပါလို့ တောအုပ်ကြီးက လျှောက်တယ်။ ဆရာတော်ဘုရားက လက်မခံ။
    တောအုပ်ကြီးနဲ့ပါလာတဲ့ အခြားသစ်တော ဝန်ထမ်းနှစ်ဦးကတော့ ကားပိတ်ရပ် အရာရှိကြီးရဲ့ တပည့်တွေ မဟုတ်ကြပါ။ ဒီတော့ သူတို့နှစ်ယောက်ကတော့ ဘာမှထောက်ထားမနေတော့ဘဲ လမ်းပေါ်မှာ ကားပိတ်ရပ်ထားတာ ဖယ်ပေးဖို့ ခပ်မာမာအရေးဆိုကြတယ်။ ဒီတော့မှ အဲဒီကား ဆောင့် ကြီးအောင့်ကြီး မောင်းထွက်သွားတော့တယ်။ ဒီတော့မှ ဆရာတော်ပင့်ဆောင်ရေး သူရဲကောင်းများ လည်း ချုံထဲကထွက်လာကြတော့တယ်။ အထွက်ခရီးကား နိမိတ်မကောင်းလှပါတကား။ ညနေ ၄ နာရီထွက်ဖို့ စီစဉ်ထားရာ ၅ နာရီ ၁၅ မိနစ်ကျမှ ထွက်နိုင်ပါတော့တယ်။
    'ဘုရားအဆုံးအမ တကယ်အားထုတ်ပြမည်ဆိုကာမှ အနှောင့်အယှက်က တယ်ကြီး၊ သူများပေး၍မရသော ဓမ္မ ကိုယ်တိုင်စားပြမည်ဆိုကာမှ အန္တရာယ်ကတကယ်ကြီး' (ဘဝကန္တာရ၊ စာ-၃၇၅)
    ဝါးသုံးရုံသစ်တောစခန်းမှ ထွက်လာပြီး တစ်နာရီခန့်အကြာ ပုံတောင်ထိပ် (နတ်ထိပ်) သို့ရောက်လာခဲ့ပေပြီ။ အဲဒီကနေ ၁၀ မိနစ်လောက်ပဲ ကားစီးရတော့ မှာဖြစ်ပြီး ကျန်ခရီးကတော့ ခြေလျင်တောလမ်းခရီး။ ကြယ်ရောင်လရောင်တို့ကလည်း ညဉ့်ဦးအမှောင်ရိပ်တွေ ကို ဖယ်ရှားလမ်း ပြလို့ နေပါပြီ။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ ဝါသနာဘာဂီ လှုံ့ဆော်သည်နှင့် ကဗျာအပိုင်းအစလေး နှုတ်တော်က ပွင့်အန်လာခဲ့ပါတယ်။

လူခေါင်ရှောင် စောင်ပါလေ့ ရန်အများ
သူထောင်ထောင် ငါလဲလဲ ခွဲသော်မှမကွဲပြား ...။

 

(မောင်သွေးချွန်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 616

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.