၂၀၂၅ ဇန်နဝါရီ ၂၀
ဒီကနေ့ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေဆိုတာ အခုမှ ကောက်ကာငင်ကာ ရလိုက်တဲ့ ဒုက္ခတွေ မဟုတ်ပါဘူး။ ဇာတိ အစကတည်းက ပါလာတဲ့ ဒုက္ခတွေပါ။ သမုဒယ အကြောင်းခံပြီး ဒုက္ခဖြစ်လာတဲ့အတွက် 'သစ္စာ ချစ်ရာက စခဲ့တယ်'လို့ဆိုရင် မမှားပါဘူး။ အတိတ်ကာလကပင် လူ့ဘဝကို မျှော်လင့်ခဲ့လို့၊ စောင့်စားခဲ့လို့ 'လူဆု'ကို ရည်ရွယ်ပြီး ပြုခဲ့တဲ့ ကုသိုလ်ကြောင့်။ ဒါကြောင့် အတိတ်နဲ့ပြော ရင်တော့ သမုဒယက ရှေ့၊ လက်ရှိနဲ့ပြောရင်တော့ ဒုက္ခကရှေ့၊ သမုဒယက နောက်။ ဒီဘဝရောက် လာတော့ ဒီဘဝကြီးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့တကွ စွဲလမ်းခဲ့တယ်။ သူ့အပေါ် ခင်မင်လေ ဒုက္ခခံရလေပါပဲ။ ဒီခန္ဓာဒုက္ခခံနေရတာ မကြည့်ရက်တော့ သူလိုချင်တဲ့ အာရုံတွေ ရှာပေးရ တယ်။ သူပျော်အောင် အာရုံနဲ့ မွေးမြူပေးခဲ့ရပါတယ်။ သူကြိုက်တတ်တာလေးတွေ အမျိုးမျိုးရှာပေး ခဲ့ရပါတယ်။ ဒီလိုဆိုတော့ ဘဝဒုက္ခမှီပြီး သမုဒယရော မဖြစ်ဘူးလား။ ပြီးတော့ ဘဝသမုဒယမှီပြီး ကာမဒုက္ခလည်း ဖြစ်လာခဲ့ပါတယ်။ (၂၀၀၄-သြဂုတ်လ၊ ဒု-အကြိမ်၊ ပဋိဘာနဉာဏ ဒဿနကထာ၊ စာ-၂၆၀)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ဘဝဒုက္ခနှင့် ဘဝသမုဒယတို့ကို ရှင်းရှင်းလင်းလင်း သိမြင်စေခဲ့ပါတယ်။ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့ကို အရင်းအမြစ်ကျကျ သိထား ပါမှ နိရောဓနဲ့ မဂ္ဂသစ္စာတို့ကို လှမ်းတက်နိုင်မှာဖြစ်လို့ ဘဝနှင့် သမုဒယတို့ရဲ့သဘောကို အလေးအနက် ပြောပြနေတာဖြစ်ပါတယ်။
အတိတ်နဲ့ပြောရင်တော့ ဒီဘဝကို သာယာတောင့်တလို့ ကောင်းမှုတွေပြုပြီး ရအောင်ယူခဲ့တာ။ အဲဒီတုန်းက ဒီဘဝရောက်ရင် ဒီလိုဖြစ်လိမ့်မယ်။ ဒီဒုက္ခတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဒီခန္ဓာကြီး သိရဲ့လား၊ မသိလို့ရအောင် ယူခဲ့တာဆိုတော့ အဲဒီမသိမှုဟာ အဝိဇ္ဇာပါပဲ။ ပြီးတော့ လက်ရှိ သူပြုနေတဲ့ ကောင်းမှုတွေရှိခဲ့ရင် ဒီကောင်းမှုတွေ ပြုနေစဉ်မှာ ဖြစ်ပျက်မြင်ပြီလား၊ မမြင်သေးရင် ဒီမှာလည်း အဝိဇ္ဇာ ပါနေတယ်ဆိုတာပါပဲ။ ဒီတော့ အဝိဇ္ဇာနဲ့ ပုညသင်္ခါရ လုပ်ခဲ့တယ်။ ဒီလိုလုပ်ရာမှာလည်း အလှူခံပုဂ္ဂိုလ်က အဟောကောင်း၊ အပြောကောင်းလို့ ဖြစ်စေ၊ ကြားဖူးနား၀ ဗဟုသုတကြောင့်ဖြစ်စေ၊ သူများ တိုက်တွန်းလို့ဖြစ်စေ ဒီကုသိုလ်ကတော့ လူ့ဘဝ၊ နတ်ဘ၀ မလွဲတော့ဘူးလို့ မျှော်ခဲ့တဲ့ ]တဏှာ}လည်း ပါဝင်ခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
အဲဒီတော့ လူ့ဘဝ၊ နတ်ဘဝကို စွဲလမ်းတဲ့ ဥပါဒါန်လည်းပါခဲ့ပြီ။ အဓိကကတော့ အဝိဇ္ဇာသည် ခေါင်းဆောင်၊ တဏှာက နောက်လိုက်...၊ ဒါ အတိတ်နဲ့ပြောတာ၊ လက်ရှိနဲ့ပြောရင်တော့ တဏှာခေါင်းဆောင်၊ အဝိဇ္ဇာနောက်လိုက်၊ ဘာကြိုက်ကြိုက် ကြိုက်လေ မသိလေပါပဲ။ ဒီတော့ အတိတ်ဘဝကတည်းကပင် အဝိဇ္ဇာနှင့် တဏှာက 'ဒွေးမူလ'ဖြစ်ခဲ့တယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ အဝိဇ္ဇာနှင့် တဏှာဟာ လူအပါအဝင် သတ္တဝါတို့ကို မွေးထုတ်ပေးလိုက်တဲ့ မိဘသဖွယ်ပဲ ဖြစ်ပါတယ်။
ဒီဘဝကြီး ရလာတော့ ဘဝတစ်ခုလုံး စာရင်း ချုပ်ကြည့်လိုက်တဲ့အခါ 'ရုပ်နဲ့ နာမ်'ပဲ ရပါတယ်။ တစ်နည်းအားဖြင့် 'ထိမှုနှင့်သိမှု' ဒီနှစ်ခုပဲ ရပါတယ်။ ရုပ်က ထိရုံသာထိပြီး မသိဘူး၊ နာမ်က သိရုံသာ သိပြီး မထိဘူး၊ ထိတာလေးက ဘာမှမသိတော့ ရုပ်နဲ့နာမ်ဆိုတာ 'အကန်း'နဲ့တူတယ်။ သိတာလေး ကလည်း ဘာမှထိလို့မရတော့ 'အကျိုး'နဲ့တူတယ်။ ရုပ်နဲ့နာမ်ဆိုတာ အကန်းနဲ့အကျိုး အမြွှာပူးမွေးထား သလိုပဲ။ ဒီအမြွှာပူးနှစ်ယောက်ကို ထိန်းကျောင်းဖို့ ငါစွဲဆိုတဲ့ 'သက္ကာယဒိဋ္ဌိ' ပေါ်လာတယ်။ ငါစွဲဆိုတာ ယဉ်ယဉ် ကျေးကျေးပြောတော့ အထိန်းတော်၊ ရိုင်းရိုင်းပြောရင်တော့ အစေခံပေါ့။ ဒီအစေခံက အဝိဇ္ဇာ၊ တဏှာဆိုတဲ့ မိဘနှစ်ပါး ခိုင်းတာ အကုန်လုပ်ရမှာ။
အဲဒီမှာ အကန်းလေး(ရုပ်)က ဖအေတူကလေး၊ ထိရုံပဲထိပြီး ဘာမှမသိတဲ့အတွက် အဝိဇ္ဇာဆိုတဲ့ ဖအေနဲ့ အလွန်တူ၊ ချွတ်စွပ်တူ၊ အကျိုးလေး(နာမ်)ကတော့ သိသာသိပြီး ဘာမှမလုပ်နိုင်တဲ့အတွက် ဟိုဟာ ပူဆာ၊ ဒီဟာပူဆာ၊ ဟိုဟာလိုချင်၊ ဒီဟာလိုချင်နဲ့ဆိုတော့ တဏှာဆိုတဲ့ မိခင်ကြီးနဲ့ အတော်တူ ပါလိမ့်မယ်။ ဒီဖအေတူ၊ မအေတူ အကျိုးနဲ့အကန်းကို ငါစွဲဆိုတဲ့ အစေခံက လိုက်ထိန်းနေရတယ်။ ထိန်းသာထိန်းရ လွယ်မယ်တော့ မထင်လေနဲ့။ အကျိုးက ခပ်ဆော့ဆော့၊ အကန်းက ခပ်မော့မော့ ဆော့ရင်းမော့ရင်းနဲ့ ဟိုဟာတောင့်တ၊ ဒီဟာ ပူဆာနဲ့ ထိန်းရလွယ်ပါ့မလား၊ ဒါကြောင့် ဒုက္ခသစ္စာရဲ့ သဘောကို ဒီလိုဟောခဲ့တာ။
နှိပ်စက်ဖျက်ဆီးတတ်တဲ့ သဘောရှိတယ်၊
ပြုပြင်ပေးရတဲ့ သဘောရှိတယ်၊
ပူပန်တတ်တဲ့ သဘောရှိတယ်၊
ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်၊
ဒီလေးချက်နဲ့အညီ အကျိုးလေးနဲ့ အကန်းလေးက ဒုက္ခပေးပါလိမ့်မယ်။ ဒုက္ခပေးနေပါတယ်။ ဒုက္ခ ဆိုတာ 'ဒုက်'မကောင်းသဖြင့်၊ 'ခ'တူးဖြိုဖျက်ဆီးခြင်းတဲ့။ အဲဒီတော့ ငါစွဲအစေခံဟာ အဝိဇ္ဇာ၊ တဏှာဆိုတဲ့ မိဘခိုင်းတာလည်း ခံရမယ်၊ အကန်းနဲ့ အကျိုးဆိုတဲ့ သားအမြွှာပူးခိုင်းတာလည်း ခံရမယ်။
သိဆိုတဲ့ နာမ်(အကျိုး)ကလေးက ခံစားတယ်၊ မှတ်သားတယ်၊ ဒါလေးခံစားရင်းက ဟိုဟာလေး ရှာပေးပါ၊ ဒီဟာရှာပေးပါ ပြောလာဦးမယ်။ ခဏခဏ မရအရ ရှာခိုင်းတတ်တယ်။ တစ်ခုရိုးတော့ တစ်မျိုးပြောင်းပြီး တောင်းဆိုတတ်တယ်။ ပန်းခင်းထဲ လိပ်ပြာဝဲနေသလို လူးလားခတ်နေလိမ့်မယ်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ တစ်ခုပြီးတစ်ခု သူမွေ့လျော်ချင်တိုင်း ခိုင်းတော့မယ်။ အဆင်းတောင်မှ အနီ၊ အစိမ်း၊ အဝါ၊ အပြာ တစ်ခုပြီးတစ်ခု ပြောင်းပြီးတောင်းနေတတ်တယ်။ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့တွေမှာလည်း ဘယ်တော့မှ တစ်ကြိမ်တည်းနဲ့၊ တစ်ခုတည်းနဲ့ ပြီးပြေကျေနပ် အားရတယ်မရှိပါဘူး။
ဒီလိုအကျိုးကလေး ပူဆာသမျှ ငါစွဲအစေခံကြီးက လုပ်မပေးနိုင်တော့ဘူးလို့ ဘယ်တုန်းက အာခံဖူးပါသလဲ။ သူတောင်းဆိုသမျှ လိုက်လုပ်ပေးနေရတယ်ဆိုတာ လုပ်ခဆိုတဲ့အစွဲကို အတိတ်ဘ၀ကတည်းက စရန်ကြိုယူထားခဲ့လို့ပါပဲ။ ဒီလိုခိုင်းသမျှ လုပ်ပေးနေရတာကိုမှ ဒုက္ခမခေါ်ရင် ဘာကို ဒုက္ခခေါ်မလဲလို့ ဆရာတော်ကြီးက မေးခွန်းထုတ်ရင်း အဖြေပေးထားပါတယ်။
ဒုက္ခဆင်းရဲမှန်း သိပေမယ့်လည်း ပျော်နေတတ်ကြပါတယ်။ (ပျော်အောင် တဏှာက ချော့ထား တယ်)။
သာသနာပ ကာလတုန်းကပေါ့။ သူဌေးကြီးရယ်၊ သူဌေးကတော်ရယ်၊ သားရယ်၊ ချွေးမရယ် လေးဦးရှိတဲ့အိမ်မှာ ကျွန်(အခိုင်းအစေ) တစ်ယောက်လည်း ရှိတယ်။ တစ်နေ့မှာ သူတို့ငါးယောက်စာ ချက်ထားတဲ့ထ မင်းကို ပစ္စေကဗုဒ္ဓါ တစ်ပါးအားလှူပြီး သူဌေးကြီးက 'ဤ ဆွမ်းလှူရသော အကျိုးကြောင့် မရှိဆိုသောစကား၊ မလှဆိုသောစကား၊ မဝဆိုသောစကား မကြားရသည်သာ ဖြစ်ရပါလို၏'လို့ ဆုတောင်းတယ်။ ဆက်ပြီးတော့ 'ဒီဆုသုံးဆုနဲ့ ပြည့်ပြီးလျှင် အရှင်ဘုရားတို့ ကျင့်သလိုကျင့်၍၊ အရှင်ဘုရားတို့ သိသလို သိရပါလို၏' ဆိုတဲ့ 'ကျွတ်ဆု'ကိုလည်း ဆုတောင်းတယ်။ ကျန်တဲ့မိန်းမ၊ သား၊ ချွေးမတို့လည်း သူတို့စားမယ့်ထမင်း ဆွမ်းအဖြစ်လှူပြီး သူဌေးကြီးဆုတောင်းသလို ဆုတောင်းကြတယ်။ အဲဒီမှာ သူတို့အိမ်က ကျွန်မ (အခိုင်းအစေ) ကလည်း သူစားမယ့် ထမင်းကို ဆွမ်းအဖြစ် လှူဒါန်းရှာတယ်။ ဒါပေမဲ့ ဆုတောင်းကတော့ ဝေးသွားတယ်၊ လွဲသွားတယ်။
'ဒီဆွမ်းလှူရသောအကျိုးကြောင့် ဒီသူဌေးကြီး မိသားစုနဲ့ ဘဝအဆက်ဆက် မကွေမကွာ ဖြစ်ရပါလို၏'တဲ့။ တောင်းတာကိုက ကျွန်ဆု၊ အစေခံဆု၊ ဒီဘဝကို သာယာတပ်မက်နေတာကိုး။ ယခု ပစ္စေကဗုဒ္ဓါ ကြွလာချိန် အခွင့်အရေး ရပါလျက် 'သခင်ဆု'ကို ဘာလို့မတောင်းခဲ့တာလဲလို့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက သုံးသပ်ထားတယ်။ ငါစွဲနေသမျှ အစေခံဘဝနဲ့ပျော်ပြီး ကျွန်ဆုကိုပဲ တောင်းမိလျက်သား ဖြစ်နေလိမ့်မယ်။ အကျိုးကတော့ ပူဆာတာတောင် ငါစွဲအစေခံက ဘယ်လောက် လုပ်ပေးရပြီးပြီလဲ၊ အကန်းကလေးဆိုတဲ့ ရုပ်ကလည်း အားကျမခံခိုင်းပြပါလိမ့်ဦးမယ်။ ချေးပါချင်တယ်၊ သေးပေါက်ချင်တယ်၊ ရေချိုးချင်တယ်၊ ထိုင်ချင်တယ်၊ ထချင်တယ်နဲ့ အိပ်တာတောင် ဘယ်စောင်း ပေးရ၊ ညာစောင်းပေးရနဲ့ ခိုင်းလိုက်ပုံများ သြချလောက်ပါတယ်။ အကျိုးနဲ့အကန်း မခိုင်းတဲ့ နေ့ရယ်လို့ မရှိပြီ။ ရုပ်ကနှိပ်စက်၊ နာမ်က နှိပ်စက်နဲ့ ဘယ်ပြန်ညာပြန် ပါးရိုက်ခံနေရသလို ခံနေရပေမယ့် ဒုက္ခကို ဒုက္ခမှန်း မသိကြပါ။
အဲဒီလို ရုပ်နာမ်တွေနှိပ်စက်လို့ ပုံပျက်သွားတာကြီးကို ပူပူပန်ပန် ပြုပြင်ပေးနေရပြန်တယ်။ ပြုပြင်ထားတာက မြဲသလားဆိုတော့ ဖောက်ပြန် ပျက်စီးတဲ့သဘောကိုပဲ တွေ့ရဦးမယ်။ ပူလို့ ရေချိုး ပေးရတယ်၊ ရေချိုး ပြီးတော့ ပြန်ပူတာပဲ။ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရှိရှိ လိုချင်တာရှိနေသမျှ လိုနေမှာပဲ၊ လိုနေသမျှ ကြောင့်ကြစိုက်နေရမှာပဲ။ ကြောင့်ကြစိုက်နေသမျှ ဆင်းရဲနေမှာပဲ။ သြော်... သူဌေးကြီးမို့ ဆင်းရဲနေတယ် ထင်ပါရဲ့။ နတ်သူဌေးကြီး ဆိုရင်တော့ စီးပွားရေးကြောင့်ကြစိုက် စရာမ လိုလို့ ချမ်းသာမယ်လို့ ထင်ပါသလား။ သူလည်း ရုပ်နဲ့နာမ်နဲ့ အကန်းနဲ့အကျိုး ခိုင်းတာခံနေရတဲ့ နတ် ဆင်းရဲပါပဲ။ ဒီတော့ လူဆင်းရဲ၊ နတ်ဆင်းရဲတွေ ဘာကြောင့် ဖြစ်တာလဲ။ ဒီဘဝတွေကို ဆုတောင်းနေတာ ဒုက္ခရောက်ပါစေ ဆုတောင်းနေတာနဲ့ အတူတူပဲမဟုတ်လားလို့ မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက သုံးသပ်ဖော်ပြထားပါတယ်။ အပါယ်လေးဘုံကတော့ ဆင်းရဲမှန်းသိတော့ ဘယ်သူမှ မသွားချင်ကြပါဘူး။
သံသရာလည်နေတာ ဒုက္ခကို ဒုက္ခမှန်းမသိလို့၊ ဒုက္ခကို သုခထင်ခဲ့လို့၊ ဒုက္ခလား သုခလား ကွဲကွဲ ပြားပြားသိချင်ရင် ဒီရုပ်ဒီနာမ် (အကန်းနဲ့အကျိုး) နှစ်ယောက်ပေါင်းပြီး အလုပ်လုပ်နေပုံကို မြင်အောင် ကြည့်ပါ။ ငါ့ကိုယ်၊ ငါ့ဟာဆိုတဲ့ ငါစွဲအစေခံကြီးကို မနားရအောင် ခိုင်းစားနေတာ တွေ့ရပါလိမ့်မယ်။ အစေခံဘဝက လွတ်မြောက်ချင်တယ်ဆိုရင် ကိုယ်ပိုင်မဟုတ်တဲ့ သူဌေးအိမ်က စည်းစိမ်တွေကို သာယာနေတဲ့ ကျွန်မလို ဆုတောင်းမမှားမိပါစေနဲ့။ ဒီသူဌေးအိမ်မှာပဲ ကျွန်ထပ်ဖြစ်ဖို့တော့ ဆုတောင်း မနေပါနဲ့၊ တောင်းမယ့်တောင်း သခင်ဆုကို တောင်းကြပါ။ သခင်ဆု ဆိုတာကတော့ တဏှာကျွန်၊ အဝိဇ္ဇာကျွန် ဘဝက လွတ်မြောက်သွားတဲ့ 'အရိယာအရှင်သခင်'ကို ဆိုလိုပါတယ်။
ဆုတောင်းဆိုတာကတော့ ခရီးသွားလက်မှတ် ယူထားတဲ့သဘောပါ။ လက်မှတ်ယူထားပြီး အိပ်ပျော်နေရင်လည်း ရထားမမီ၊ ကားမမီနဲ့ ခရီး မရောက်ဖြစ်ပါ လိမ့်မယ်။ ဆုတောင်း လက်မှတ်ကလေးနဲ့ အတူသွားလိုရာခရီး ပြီးဆုံးအောင် သွားနိုင်ဖို့ နိုးနိုးကြားကြားရှိနေဖို့ လိုပါတယ်။ သံသရာခရီး သွားကြရာမှာ ကျွန်အဖြစ်နဲ့ ခရီးဆက်နေဦးမှာလား၊ အရိယာသခင်ဖြစ်ရင်တော့ သခင်အကျင့်ကို ကျင့်ဖို့လိုတယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက မိန့်ကြားလမ်း ညွှန်တော်မူခဲ့ပါတယ်။
(ဝန်ခံချက်။ ၂၀၀၄ သြဂုတ်လ ဒုတိယအကြိမ်ထုတ် ပဋိဘာနဉာဏ ဒဿနကထာကျမ်းနှင့် ၁၃-၄- ၉၉ နတ်တလူတောရ ဟောစဉ်တို့ကို ညှိနှိုင်းတိုက်ဆိုင် ရေးသားထားခြင်း ဖြစ်ပါတယ်။)
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )