မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ သံဃာတော်များသို့ အမှာစကား

၂၀၂၄ ဩဂုတ် ၁၂

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ သံဃာတော်များကို အလွန်ကြည်ညိုစွာ ဂါရဝပြုလေ့ရှိပါတယ်။ ကိုရင်လေးကအစ လက်အုပ်ချီပြီး ကြိုဆိုနှုတ်ခွန်းဆက်လေ့ရှိပါတယ်။ သံဃာဆိုတာ ဘုရားသားတော်၊ ဘုရားရှင်ရဲ့ ရင်သွေးရင်နှစ်သားတော် အစစ်များ ဖြစ်ကြပေတယ်လို့ လည်း မိန့်ကြားတော်မူလေ့ ရှိပါတယ်။ ဒကာ၊ ဒကာမများဘက်က သံဃာတော်များကို ကြည်ကြည်ညို ညို ရိုသေတတ်အောင် သြဝါဒပေး လေ့ရှိသလို၊ သံဃာတော်များဘက်ကလည်း အရိုသေခံ ထိုက်အောင်၊ အကန်တော့ခံထိုက်အောင် ဝိနည်းတော်များကို လေးလေးစားစား လိုက်နာကျင့်ဆောင်ဖို့ လမ်းညွှန်တော်မူလေ့ရှိပါတယ်။
    ဝိနည်းသိက္ခာပုဒ်ဆိုတာ ဗုဒ္ဓသာသနာတော်ရဲ့ အသက်၊ ရဟန်းသံဃာများရဲ့ အသက်လည်း ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ နီးပါး ၁၃၅၉ ခုနှစ်ကပင် 'ဝိနယသင်္ဂဟကထာ'ဆိုတဲ့ ဝိနည်းအနှစ်ချုပ် ကျမ်းစာတစ်အုပ်ကို ပြုစုတော်မူ ခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဝိနည်းသိက္ခာပုဒ်များကို စနစ်တကျ သင်ယူလေ့ကျက်နိုင်ခြင်း မရှိခဲ့တဲ့တော ထွက်ရဟန်းများ၊ ဒုလ္လဘရဟန်းများအတွက် အထူးပြုရည်ရွယ်ပြုစုထားခြင်း ဖြစ်ပါတယ်။ ဆရာတော် ကြီးက 'ဝိနည်းခေါင်းစည်းများ လေ့လာနည်း'လို့ ညွှန်းဆိုထားပြီး ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက် အနှစ်ချုပ်ထက် ပိုမိုပြည့်စုံတဲ့ 'ဝိနယဗေဒ' ကျမ်း ကြီးကို ဆက်လက်ပြုစုတော်မူခဲ့ပါတယ်။ 'ဝိနယဗေဒ'ကျမ်းစာအုပ်ကြီးဟာ မဂ္ဂဇင်းဆိုက် စာမျက်နှာ ၅၄၅ မျက်နှာရှိပြီး ၂၀၀၉ ဧပြီလမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ သံဃာတော်များအတွက် ဝိနည်းစည်းကမ်းများဟာ အရေးကြီးလွန်းလို့ အကျဉ်းရောအကျယ်ပါ ရေးသားပြုစု လမ်းညွှန်တော်မူ ခဲ့ခြင်း ဖြစ်ပါတယ်။
    'ရှင်တော်မြတ်ဘုရားသည် ဤသိက္ခာပုဒ်များ ပညတ်ချက်ထားရာဝယ် တပည့်အများ မိမိစိတ်တော်နှင့်မခြား တစ်သားတည်းကျစေရန် ရည်ရွယ်တော်မူ၏။ အယူဖြောင့်စင်း စိတ်ဖြူထွက်ခြင်းများဖြင့် 'စိတ္တသမဂ္ဂီ' ဖြစ်ရန်တည်း။ မိမိကိုယ်တော်နှင့်မခြား တစ်သားတည်း ကျစေရန် ရည်ရွယ်တော်မူ၏။ ကိုယ်၏ ယဉ်ကျေးသိမ်မွေ့ခြင်း အကျင့်တူဖြင့် 'ကာယသမဂ္ဂီ' ဖြစ်ရန်တည်း။ ဘုရားရှင်သည် မိမိ ကိုယ်ကို ယဉ်ကျေးစေပြီးဖြစ်၏။ ရဟန်းတို့ကိုလည်း မိမိကဲ့သို့ပင် ယဉ်ကျေးစေရန်အတွက် ဤသိက္ခာ ပုဒ်တော်များဖြင့် ကျုံးသွင်းပေးထား၏။
    'အကယ်တိတိ ဤသိက္ခာပုဒ်တော်များအတိုင်းသာ အတိအကျ အမိအရ လိုက်နာကျင့်သုံးခဲ့ပါလျှင် စိတ်ထားလည်းဘုရား၊ ကိုယ်ထားလည်း ဘုရားဟူသော နောက်ထားတစ်သားတည်းကျစေမည်မှာ မလွဲပြီ။ ထိုသို့သော ရဟန်းအား ဘုရားရှင်များ သက်တော်ထင်ရှားရှိ နေသေးပါလျှင် ...ဤ ရဟန်းသည်ကား ငါ၏ ကိုယ်ပွား၊ ငါ့သွေးသားပါတကားဟူ၍ ဦးခေါင်းပေါ် လက်သပ် မဟာကရုဏာ တော်ဓာတ်ဖြင့် သမုတ်အပ်မည်မှာ မလွဲပြီ။' (ဝိနယသင်္ဂဟ၊ ကျောဖုံးအညွှန်း)
    ဆရာတော်ဘုရားကြီးက ...'ရဟန်း၏ အသက်သည် ဝိနည်း၊ ဝိနည်း၏အသက်သည် သတိ'လို့ အလေးအနက် ညွှန်းဆိုထားပါတယ်။ ဝိနည်းတော်တို့ကို မကျင့်ဆောင်တဲ့ ရဟန်းဟာ ဦးခေါင်း ပြတ်သွားတဲ့ ယောက်ျားနဲ့ ဘာမှမခြားနားတော့ ဝိနည်းကိုမှ မကျင့်ဆောင်နိုင်လျှင် 'ရဟန်း' ဆိုတဲ့ အမည်ကို မခံယူထိုက်တော့လို့ သတိပေးထားပါတယ်။
    ဒီနေ့မှ ဖြစ်လာတဲ့ ကိုရင်သာမဏေလေးကနေ ဘုရားရှင်အထိ အားလုံးဟာ သံဃာဆိုတဲ့ စကားလုံးမှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘုရားရှင်နဲ့အမြင်တူ အကျင့်တူမှ သံဃာမည်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဝိနည်းကို အခြေခံအကြောင်းပြုပြီး သံဃာ့ဂုဏ်တော်ကို ဆက်လက်ပူဇော်သွားမှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက အကျင့်စရဏနှင့် ဝိဇ္ဇာအမြင် တွဲယှဉ်နေပါမှသာ ဘုရားရှင်ရဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးနဲ့ ပေါင်းစည်း မိနိုင်တယ်။ မြင်သိမှုနဲ့ ဖြည့်ကျင့်မှု တစ်ခုခုချွတ်ချော်နေရင် အမည်ခံသံဃာမျှသာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
    'ရဟန်း၏ ဘိက္ခုအမည်သည် ကိလေသာတို့ကို ရဲဝံ့စွာသတ်ဖြတ်နေလေသူ ဟူ၍ပင်၊ ထိုအမည်ကို ခံယူထိုက်သူကား ကာယဂတာသတိလျှင် အရင်းရှိသော အနုဿတိဆယ်ပါး၊ ကျန်ကမ္မဋ္ဌာန်း တရားများကို သတိဖြင့် ရှုပွားနေသူသာ မုချဆတ်ဆတ် ခံယူအပ်၏။ သတိသည် ရဟန်း ကိုင်လက်နက်တည်း။ ကာယဂတာစသည့် ကမ္မဋ္ဌာန်းတရားသည် ရဟန်းသုံးခဲယမ်းမီးကျောက်များ ပင်တည်း။ အို...ရဟန်းမြတ် ...သင့်အား သီလဝန္တရဟန်းကောင်း၊ ရဟန်းမြတ်တို့က ဤသူကား ကိလေသာတို့ကို သတ်ဖြတ်မည့်သူဟူ၍ ဉာတ်ကမ္မဝါ အကြိမ်ကြိမ်ဖတ်၍ သမုတ်ပေးလိုက်ကြပါပြီ။ သင်သည် ထိုအချိန်မှစ၍ သိမ်မှထွက်ကတည်းက...သြော် ...ငါသည်ကား ကိလေသာစစ်ကို အမြစ်ပြုတ်တိုက်ရ မည့် တာဝန်ရှိလာပြီတကား။ ကိလေသာစွဲ စိတ်အမည်းကို ဖြူစင်ရန် ငါလျှင်ကိုယ်တိုင် ထုတ်ဆောင်နိုင်ရမည်တကား။ ထိုသို့ သုံးသပ်ပြီးလျှင် လူ့ဘဝရှိ၊ လူ့အသိ၊ လူ့ဉာဉ်များကို ပလပ်၍ ရဟန်း ဘဝ၊ ရဟန်းသိ၊ ရဟန်းဉာဉ် ပေါ်လွင်လာရန် အားထုတ်အပ်၏။' (ဝိနယသင်္ဂဟကထာ၊ နိဒါန်း)
    'သံဃာအမည်ရ ဗုဒ္ဓသာဝက တစ်ပါးသည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော စစ်မြေပြင်တို့၌ မိမိကိုင်ဆောင်မြဲ အပ္ပမာဒသတိလက်နက်အသင့် ထားလျက်က အာရုံတို့အကြားမှ ဘွားခနဲပေါ်လာလေ့ရှိသော မည်သူမည်ဝါမှသည် ကောင်းသည်၊ မကောင်း။ ကြိုက်မကြိုက် စသည့် ပညတ်သိနှင့် ကိလေသာတို့ကို တစ်စစီ တစ်သုတ်ချင်း ရုတ်ခြည်းဖြတ်တောက်ပစ်နေရ ချေသည်။ အသစ်အသစ် ကိလေသာတို့ကို ပညတ်မတင်၊ ဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း အသိအမှတ်ပြုပေးသောအား ဖြင့် ခုခံစစ်ဆင်နွှဲပေးနေခြင်းသည် သံဃာ့အလုပ်၊ အဟောင်း အဟောင်းကိလေသာတို့ကို အတွေးမဝင်၊ ကြံသိမှုကို ကြံသိမှုအတိုင်းလျှင် အသိအမှတ်ပြုပေးသောအားဖြင့် ထိုးစစ်ကြီး ဆင်နွှဲနေခြင်းသည် သံဃာ့အလုပ်၊ ထိုအကျင့်မျိုးသည် ဘုရားရှင်နှင့်လည်းကောင်း၊ ဘုရားရှင်၏ အရိယာသာဝကအစား စားနှင့်လည်းကောင်း အယူအကျင့်အားဖြင့် (တစ်စိတ်တစ်ဒေသ) တူမျှသွားတော့၏။' (၂၀၀၁၊ အောက်တိုဘာထုတ်၊ ရတနာစစ်တမ်း စာ-၃၃၉)
    အဲဒီလို ဘုရားအရိယာတို့နှင့် အယူချင်း အကျင့်ချင်း ပေါင်းစည်းသွားမှသာ 'သံဃာ' မည်ထိုက်တယ်လို့ ဆိုပါတယ်။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ သံဃာဖွင့်ဆိုချက်၊ သံဃာရဲ့ အနက်အဓိပ္ပာယ်က အလွန်ပင် ကျယ်ဝန်းနက်ရှိုင်းလှပါတယ်။ ကိလေသာ မဝင်သာအောင် သတိဖြင့် ရှုမှတ်နေလေ့ရှိတဲ့ အကျင့်မျိုးကို 'သုပ္ပဋိပန္န'လို့ ခေါ်ပါတယ်။ သံဃာ့ဂုဏ်တော် ကိုးပါးမှာ ရှေ့ဆုံးက ဂုဏ်တော်ဖြစ်ပါတယ်။ သံဃာဖြစ်သွားပြီဆိုတာနဲ့ လူဝတ်ကြောင်တို့ရဲ့ အကျင့်ဆုံးတွေနဲ့ လုံးဝခြား နားသွားအောင် 'အကျင့်ကောင်း'ကို ကျင့်နေရမှာ ဖြစ်ပါတယ်။
    'လူတို့သည် နေ့ရှိသရွေ့ မိမိစိတ်တဏှာဖမ်းစားသည်ကို ခံယူကြလျက်က ရမ္မက်သွေးဆူလေတိုင်း ဘေးလူတို့ကို အကြိုက်ပေး ဖျက်ဆီးပေးနေကြ၏။ အကြိုက်မရက တိုက်ခိုက်လျက်က ဖျက်ဆီးပေးကြရသည် လည်းရှိ၏။ အကြိုက်တူ ဖြစ်လာလေသောအခါ မာနဖမ်းစားသည်ကိုခံယူလျက်က စိတ်ထန်လေတိုင်း အချင်းချင်းပြိုင်၍ အနိုင်ယူပေးနေကြရသည်လည်း ရှိ၏။ တဏှာအကြိုက် လိုက်လံတိုက်ခိုက်၍ သိမ်းပိုက်မိလာသောအခါ ဒိဋ္ဌိဖမ်းစားခြင်းကိုလည်း ခံကြရ၏။ ဤသို့ ဖြင့်ပင် လူတို့သည် သေတစ်ပန် သက်တစ်ဆုံးတိုင် 'တဏှာ၊ မာန၊ ဒိဋ္ဌိ'တို့၏ အကိုင်ကို ခံနေကြရကား သက်ရှိသက်မဲ့တို့အပေါ် တစ်ခုမှတစ်ခု ကူးစက်လျက်ကလည်း လိုက်လံဖျက်ဆီးပေးနေရခြင်း၊ သူ့ဆိုင်ရာ တံခါးပေါက်တို့မှ သွင်း၍ ခံစားနေရခြင်းအမှု ပြုနေကြရပါကုန်၏။ သက်ရှိသက်မဲ့ တစ်ခုဆိုတစ်ခုအပေါ်၌ တဏှာပူဆာလေတိုင်း အကြိမ်ကြိမ် လွန်ကျူးပေးနေကြရပါကုန်၏။ ကိုယ်ဖြင့် မပလူးရသော်မှ စိတ်ကူးဖြင့် ပလူးပေးနေကြရပါ ကုန်၏။ တစ်နေ့တစ်နေ့ ...ထိုစိတ်သုံးမျိုး(တဏှာ၊ မာန၊ ဒိဋ္ဌိ)မဖြစ်သော အချိန်ဟူ၍ မရှိ၊ ထိုစိတ်သုံးမျိုး၏ အချဲ့ကို မခံယူသော အချိန်ဟူ၍လည်းမရှိ။' (ရတနာ စစ်တမ်း၊ စာ-၃၄၁)
    'သံဃာတို့မှာမူကား ကိုယ့်စိတ်ကို ပိုင်နိုင်စွာ ထိန်းသိမ်းထားနိုင်ခြင်း၊ အာရုံကိုကိုင်၍ အပိုင်မ ချိုင်လိုခြင်း၊ တဏှာအမြူ၊ မာနအချူ၊ ဒိဋ္ဌိအယူတို့ကို လက်သင့် မခံတော့ခြင်းများကြောင့် ကြိုက်တိုင်း လားသော အလားမရှိ၊ မုန်းတိုင်းလားသော အလားမရှိ၊ မသိတိုင်းလားသော အလားလည်းမရှိ၊ ကြောက်၍လားရသော အလားလည်း မရှိ၊ အလားမရှိ၍ အသွားရပ်၍ အလားလည်းပြတ်၏။ သို့ကြောင့်လည်း သတိမပြတ် ရှုမှတ်ပတ်သက်နေသော ထိုသံဃာ့အကျင့်ကို 'အကျင့်ကောင်း'ဆိုရ၏။ သံဃာ၏ ထိုအကျင့်ကြောင့် စိတ်ရင့်ကျက်လေသောအခါ ထိုစိတ် ကိလေသာ၏ အထိုးအကြိတ်ကို မခံရတော့ကား စိတ်အစဉ် အမျှင်တန်းကြီးသည် အရှိန်နှင့် အသိသာဖြစ်နေသောကြောင့် သန့်ပြန့်စင်ကြယ်လာ၏။ စိတ်စည်းလုံးမိပြီဖြစ်သဖြင့် စိတ်သတ္တိကြီးထွားလာ၏။ သတ္တိကြီးထွားလာသော စိတ်သည် တန်ခိုးကို ဖြစ်စေ၏။ ထိုစိတ်တန်ခိုးသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်၍ သူတစ်ပါးတို့ကိုလည်း ကယ်ဆယ် နိုင်စွမ်းရှိ၏။ ထိုအခါ ဘေးရန်များသော ဒုစရိုက်တို့အကြား သွားလာနေကြရသော လူအများနတ်အများ တို့၏ အားထားရာ ဖြစ်လာရတော့၏။' (၎င်း၊ စာ-၃၄၂)
    ပယောဂဆရာရဲ့ ဂါထာမန္တန် မန်းနှုတ်ပေးရုံမျှဖြင့် စုန်းကဝေစတဲ့ အမှောင့်များ လူသို့ မကပ်သာ ခွာ၍ပြေးရတဲ့ပမာ လူ၊ နတ်တို့ရဲ့အပူတွေကို သံဃာရဲ့ အကျင့်စွမ်းအားဖြင့် ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။ သံဃာတစ်ပါးတည်းရဲ့ တန်ခိုးစွမ်းအားမျှသာမကတော့ဘဲ ဘုရား၊ ရဟန္တာ၊ အရိယာသူ တော်ကောင်းကြီးများရဲ့ 'ဓာတ်ကူ'အားဖြင့်လည်း လူနတ်တို့ရဲ့ အပူတွေကို လွှင့်ထုတ်ပစ်နိုင်တယ်လို့လည်း သိရပါတယ်။
    'ထိုအခါ အားကိုးသလောက် အကာအကွယ်ပေးနိုင်သော ကိုးကွယ်မှုကို လူ၊ နတ်တို့ထံမှ တုံ့ပြန်လာတော့၏။ ထိုသံဃာ၌ ထိုအကျင့်ကောင်း မစောင်းသမျှ ကာလပတ်လုံး သုပ္ပဋိပန္နဟူသော အကြောင်းခံဂုဏ်သည် ကုံလုံကြွယ်ဝနေမည်သာဖြစ်၏။ စင်စစ် ထိုသုပ္ပဋိပန္န (အကျင့်မှန်အကျင့် ကောင်း) ဂုဏ်သတ္တိသည် သံဃာ့အသက်တည်း။' (၎င်း၊ စာ-၃၄၂)
    သုပ္ပဋိပန္နဆိုတဲ့ အကျင့်ကောင်းဖြင့် 'ဥဇုပ္ပဋိပန္န'ဆိုတဲ့ သမာဓိသာသနာကို ဆက်လက်ထူထောင်ရမယ် လို့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ညွှန်ကြားတော်မူပါတယ်။ သမာဓိဆိုတဲ့ စိတ်ရဲ့တည်ကြည်မှုရလာတဲ့အခါ အပြင်အာရုံတွေ ဘယ်လောက်ပဲ လာရောက်တိုက်ခိုက် မြှူဆွယ်ပါစေ စိတ်တုန်လှုပ်မှု မရှိတော့ပါဘူး။ မသိစိတ်၊ ကြိုက်စိတ်၊ မုန်းစိတ်တွေ ကင်းစင်နေပြီဖြစ်လို့ အာရုံမှန် လမ်းမှန်ပေါ် တစ်ဖြောင့်တည်း ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 'စဉ်းလဲသမှု၊ မာယာစုဖြင့်၊ ဖုဖုထစ်ထစ်၊ မကောက်ကျစ် ဘဲ၊ စင်စစ်နိဗာန်လမ်းဖြောင့် မှန်အောင်၊ လျော်ကန်ချင့် မျှော်၊ ကျင့်ကြံတော်မူနိုင်ခဲ့ပြီဖြစ် ပါတယ်။ သံဃာသည် မိမိ၏ အာရုံမှန် အာရုံဖြောင့် အကျင့်ဖြင့် နိဗ္ဗာန်လမ်းကြောင်း တစ်ကြောင်းတည်း သော လမ်း၊ တစ်ဖြောင့်တည်းသွားသာရန် ကြိုးစားနေရသလို ဘုရားအရိယာသူတော် ကောင်းကြီးများ ရဲ့ ဂုဏ်ကျေးဇူးကို ပေးဆပ်နိုင်အောင်လည်း ကြိုးစားနေရပါတယ်။ အားကိုးလာသူတို့ရဲ့ ဘေးကိုလည်း ကာကွယ်ပေးရုံမျှမက လောကဓမ္မနှစ်ဌာနလုံးမှာ ချမ်းသာကြစေဖို့လည်း အားထုတ်တော်မူရပါတယ်။ သံဃာတော်တို့ရဲ့ ဖြောင့်မှန်သော အကျင့်ဂုဏ်ဟာ ဘယ်လောက်များ အားကိုးစရာ ကောင်းလိုက်ပါသလဲ။
    မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အကျင့်ကောင်းမှ အာရုံမှန်၊ အာရုံမှန်မှ နှလုံးသွင်း မှန်မယ်လို့ ဆက်လက်ညွှန်ပြတော်မူပါတယ်။
    'အာရုံမှန်သည် စိတ်ကို တစ်ဖြောင့်တည်း ထားရာ၏ သော့ချက်၊ နှလုံးသွင်းမှန်ခြင်းသည် စေတနာကို တစ်ဖြောင့်တည်းထားရာ၏ သော့ချက်၊ အပြန်အားဖြင့် ထိုနှလုံးသွင်းစေတနာဖြောင့်စင်းပါမှသာ အာရုံမှန်တတ်ပြီး အာရုံမှန်ပေါ်မှသာ အကျင့်ကောင်းကိုလည်း ကျင့်၍ရချေ၏။ သို့ကြောင့် ထိုသုံးချက်သည် သံဃာ၌ မရှိမဖြစ်သော အကြောင်းခံ အင်္ဂါရပ်များဖြစ်၍လာရချေ၏။ သို့မဟုတ် သံဃာ့ အသက်၏ မူလရေသောက်မြစ်ကြီး သုံးခုစုစည်းပေးထားခြင်း။' (၎င်း၊ စာ-၃၄၇)
    နှလုံးသွင်းမှန်ခြင်းဟာ အဝိဇ္ဇာအမှောင်ထုကို ဖယ်ရှားထွန်းလင်းနိုင်တဲ့ ဝိဇ္ဇာဉာဏ် 'ဉာယပ္ပဋိပန္န ဂုဏ်တော်'ကိုဖြစ် ပေါ်စေခဲ့ပါတယ်။ မိမိကိုရော သတ္တဝါေ၀ နေယျတို့ကိုပါ လောင်မြိုက်စေတဲ့ ကိလေသာ အပူမီးတို့ကို ငြိမ်းအေးစေနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို အကျင့်မှန်၊ အာရုံမှန်၊ နှလုံးသွင်းမှန်ပြီး ဝိဇ္ဇာဉာဏ်ဖြင့် သတ္တဝါတို့ရဲ့ ဘေးရန်ကို ကာဆီးပေးရုံမျှမက နိဗ္ဗာန်အထိ လမ်းညွှန်ပြတတ်သော သံဃာတော်အရှင်မြတ်တို့ရဲ့ ဂုဏ်ကျေးဇူးဟာ 'သာမိစိပ္ပဋိပန္နဂုဏ်' လူ၊ နတ်တို့ရဲ့ အရိုအသေအလေး မြတ်ပြုရာ ဖြစ်လာပါတော့တယ်။ အဝေးမှ ယူဆောင်လာတဲ့ ပူဇော်အပ်သော ပစ္စည်းများကိုလည်း သံဃာတော်များ အလှူခံထိုက်တာမို့ 'အာဟုနေယျဂုဏ်တော်'ဖြင့်လည်း သံဃာ့ဂုဏ်ကို အမွှမ်းတင်အပ်ပါတယ်။
    'အပယ်ဘေးနှင့် ဝေးရာသို့ ပို့ဆောင်နိုင်စွမ်းရှိသမျှ အလှူခံထိုက်၏။ အထက်အထက် ဘုံဘ၀များနှင့် အရိယာသာဝက အစားစားဟူသော ခရီးရှည်ကြီးကိုလည်း ဝေးရာအထိ ဆွဲတင်နိုင်စွမ်းရှိသဖြင့် အလှူခံထိုက်၏'လို့ ဆရာတော်ကြီးက ဖွင့်ဆိုတော်မူခဲ့ပါတယ်။ သံဃာဆိုတာ ဧည့်သည်တို့အတွက် စီမံထားတဲ့ ပစ္စည်းကိုပင် ခံယူထိုက်တဲ့ 'ပါဟုနေယျဂုဏ်တော်'နဲ့လည်း ထိုက်တန်တယ်လို့ ဆိုပါတယ်။
    'ဧည့်သည်တကာ့ ဧည့်သည်တို့တွင် သံဃာသည် အကြီးဆုံး အမြတ်ဆုံး ဧည့်သည်ကြီး၊ သံဃာ၏ နေရပ်သည် အရိယာဝါသမည်၏။ ထိုနေရပ်မှလွဲ၍ အခြား လူတို့ဒေသ၊ နတ်နေဒေသ၊ ဗြဟ္မနေဒေသ အားလုံးတို့သည် သံဃာနေဒေသမဟုတ်ရကား မည်သည့်အရပ် သို့ဝင်ဝင်၊ သံဃာသည် ဧည့်သည်ပမာရှိ၏။ တစ်ဖန် သံဃာလည်နေရသော ဧည့်သည်မှန်သမျှတို့တွင် သံဃာသည် အမြတ်ဆုံး ဧည့်သည်တော် နေရာအပါအဝင် ဖြစ်နေရကား အလှူခံထိုက်တော့သည်သာ ဖြစ်၏။' (၎င်း၊ စာ-၃၅၆)
    သံဃာတွေကိုလှူတဲ့ မည်သည့်ပစ္စည်းမဆို တန်ဖိုးဖြတ်လို့ရတယ်၊ သံဃာတော်တွေက ပြန်ပေးစွမ်းတဲ့ လူ၊ နတ်၊ နိဗ္ဗာန်သုံးတန်သော အကျိုးတို့အား တန်ဖိုးဖြတ်လို့မရ၊ ဒါ့ကြောင့် သံဃာဆိုတာ 'ဒက္ခိနေယျ - အလှူခံထိုက်တဲ့ဂုဏ်'နဲ့ ပြည့်စုံတော်မူခြင်းဖြစ်ပါတယ်။ ပြီးတော့ သံဃာဆိုတာ တစ်လောကလုံး၊ ကိုင်းညွတ် ရုံးလျက်၊ ရွှင်ပြုံးကြည်ကြို၊ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းကို ခံယူထိုက်တဲ့ 'အဉ္စလိကရဏီယဂုဏ်တော်' ဖြင့်လည်း အထွတ်တင်ထားပါသေးတယ်။ ဘာ့ကြောင့်လဲ။ တစ်လောကကလုံး တဏှာခိုင်းတာလုပ်နေချိန်မှာ သံဃာက တဏှာကို အာခံပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာရန်တွေကို အောင်တော်မူဖို့ ကျင့်ဆောင်နေတယ်။
    'ပြင်ပရန်ကို အောင်နိုင်သူ ဘုရင်ကို တုပ်ဝပ်ခစားနိုင်သေးလျှင် အတွင်းရန်အောင်သော ထိုသံဃာကို ရိုသေတုပ်ဝပ် ရှိခိုးအပ်တော့သည်သာ၊ တစ်ဒေသ တစ် ပြည်တွင်းမျှအောင်သေးသူ ဘုရင်ကို တုပ်ဝပ်ခစားနိုင်သေးလျှင် သုံးဆယ့်တစ်ဘုံလုံး သိမ်းကြုံးအောင်ပြီးအောင် ဆဲဖြစ်သော ထိုသံဃာကို ရိုသေတုပ်ဝပ်ရှိခိုးအပ်တော့သည်သာ။' (၎င်း၊ စာ-၃၅၇)
    သံဃာတော်တို့ရဲ့ နဝမမြောက်ဂုဏ်တော်ကား 'အနုတ္တရ ပုညက္ခေတ္တ ...ကုသိုလ်ကောင်းမှု မျိုးစေ့ကို စိုက်ပျိုးဖို့ရန် လယ်ယာမြေကောင်းနှင့် တူတော်မူ၏'ဆိုတဲ့ ဂုဏ်တော်ဖြစ်ပါတယ်။ ပထမတန်းစား မြေပေါ်မှာစိုက်တဲ့ စပါးတစ်နှံရဲ့ စပါးလုံးရေဟာ အစေ့တစ်ရာမျှသာ၊ သံဃာ တော်၌ ချပျိုးခဲ့တဲ့ စေတနာမျိုးစေ့ကတော့ တစ်ဘဝစာအတွက်သာမက တစ်သံသရာလုံး နိဗ္ဗာန်ရောက်တဲ့အထိ အကျိုး ပေးမဆုံးတော့ပြီ။ သံဃာဘက်ကလည်း အကျင့်ဂုဏ်ကြောင့်လာလှူတဲ့ ပစ္စည်းတွေကို အကျင့်ဖြင့်သာ လက်ခံပါလေလို့ လမ်းညွှန်ထားပါတယ်။  သံဃာ့ဂုဏ်ရည်မှန်း၍ လှူသောပစ္စည်း(မိမိဟူသော ပုဂ္ဂိုလ်စွဲ ငါမဝင်) သံဃာ့ဉာဏ်ဖြင့်ပင် အလှူခံရန်လို့ တိုက်တွန်းပါတယ်။
၁။    မိမိ၏ သီလဂုဏ် အာရုံပြုလျက်က အလှူခံပါလေ။
၂။    အာရုံမှန်ဖြင့် ကန်တော့ခံပါလေ။
၃။    စေတနာမှန်ဖြင့် ပြန်လည်ချီးမြှောက်ပါလေ။
၄။    အကျင့်မချွတ် လက်မလွှတ်ဘဲနှင့်လည်း တုံ့ပြန်ပါလေ
လို့ ကျေးဇူးတော်ရှင် မဟာဗောဗဓိမြိုင်ဆရာတော်ဘုရားကြီးက သံဃာတော်များသို့ အမှားစကားပါး တော်မူခဲ့ပါတယ်။ ဒါမှသာ ဒကာ ဒကာမ တို့ရဲ့ ဒါနခန်းဟာ အပါယ်လမ်းပိတ်ပြီး အထက်တန်း အထွတ်အထိပ်သို့ ရောက်စေနိုင်တယ်လို့လည်း ညွှန်ပြတော်မူခဲ့ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကား ပြောတဲ့အတိုင်း ကျင့်၍ ကျင့်တဲ့အတိုင်းလည်း ပြောခဲ့ပေပြီ။ သံဃာ့ဂုဏ်ပြောလို့ မကုန်ပါဘူးတဲ့။ ဟုတ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ အနန္တဂုဏ်တော်များကိုလည်း ဘယ်လိုပင် ရေးဖွဲ့ပူဇော်ပါစေ၊ ရေးလို့မကုန်၊ ပြောလို့မကုန်အောင် ကျေးဇူးကြီးလွန်းလှပါတော့တယ်။    
မောင်သွေးချွန်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 318

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.