၂၀၂၄ ဇန်နဝါရီ ၉
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးမှာ အားထုတ်လေလေ အမွှေအနှောက် တွေ့ ကြုံရလေလေဖြင့် တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းအားထုတ်ခဲ့ရပါတယ်။ ပျူခေတ်ကပင် ပဋ္ဌာန်းဆက်ကြီးလှသော သာစည်ရွှေကျောင်းကုန်းတောင်ပေါ်တွင် အရိုးကြေကြေ အရေစုတ်စုတ် အားထုတ်လို့ကောင်းနေချိန်မှာ အမွှေအနှောက်ဖြစ်ရပ်ကြီးနှစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ ပထမ တစ်ခုက ၁၃၄၂ ခုနှစ်မှာ ရပ်/ကျေးမှ ဗဟိုအထိ အဆင့်ဆင့်သော သံဃာ့အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီး သက်ဆိုင်ရာက တောထွက်လာတဲ့ဆရာတော်ကို ခေါ်ယူစစ်မေးကြတော့မယ်ဆိုတာပါပဲ။ တစ်ဆက်တည်းမှာ သံဃာ့မှတ်ပုံတင် (သာသနာဝင်မှတ်တမ်း) ကိစ္စလည်း ရှင်းရပါလိမ့်ဦးမယ်။ ဆရာတော် ရဟန်းဝတ်စဉ်က သံဃာ့မှတ်ပုံတင်ကိစ္စ မပေါ်သေးပါ။ ဒါကြောင့် သပိတ် တစ်လုံး၊ သင်္ကန်းသုံးထည်ဖြင့်သာ တောထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယကိစ္စကတော့ ဆွမ်းခံ<ကတိုင်း တော လမ်းတစ်နေရာက စောင့်ကြိုနှောင့်ယှက်နေတတ်တဲ့ ၁၇ နှစ်သမီးလေး (မမြင်အပ်ရာတွေက သမီးလေးကို ပူးကပ်ပြီး နှောင့်ယှက်နေတာ)ကိစ္စ ...။ ဒီကိစ္စဖြစ် ရပ်ကြီးနှစ်ခုကြောင့် သာစည်ရွှေကျောင်းကုန်းတောင်မှာ မနေသင့်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဆရာတော်ရဲ့ သီလအရှိန်ကြောင့် ရောက်လေ ရာမှာဆိုင်ရာ အစောင့်အရှောက်များက လာမည့်ဘေး ပြေးတွေ့ဆိုတာလို ကြိုတင်အသိပေး နှိုးဆော်တာတွေလည်း ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းက ဆရာတော်ကို ခေါ်ယူစစ်မေးမယ်ဆိုတာ ဘယ်သူကမှ မပြောခင် ရွှေကျောင်းကုန်းတောင်ရဲ့ 'အတွင်းနေများ'က အိပ်မက်ပေးခဲ့တာလို့ ဆိုပါတယ်။ (၂၀၀၄၊ မတ်လ ထုတ်၊ သံဝေဂလမ်း၊ စာ-၉၄-ရှု)
သာစည်ရွှေကျောင်းကုန်းတောင်ကနေ ဘယ်ကိုသွားမည်လဲ။ အိပ်မက်ထဲမှာ အဖြေပေါ်လာပါတယ်။
'ခြသေ့ၤညီနောင် ဆေးပေါ့လိပ်ခုံသွားပါ'ဟူ၏။ 'မှတ်ပုံတင်ကိစ္စ မင်းကိစ္စမဟုတ်'ဟူ၍လည်း ရက်ကန်း စင်တောင်က မာန်ငေါက်သေး၏' (၂၀၁၂၊ စက်တင်ဘာလထုတ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ စာ-၂၈၃)
ရက်ကန်းစင်တောင် ဆရာတော်ကြီး ကိုယ်တော်တိုင်က မှတ်ပုံတင်ကိစ္စ အရေးမထားသော် လည်း 'သာသနာသန့်ရှင်းရေးကာလ ရဟန်းစိမ်းကြီးကြွလာသဖြင့် ထရှင်းပစ်မည်ကိုလည်း လန့်ရသေး၊ မှတ်ပုံတင် မပေးက ခွေးဖြစ်ရတော့မတတ် ဘေးကလည်း ရင်မအေးရကား တုံ့ဆိုင်းနေမိ၏'လို့ ဆိုပါတယ်။ မည်သို့ပင်ရှိပါစေ သာစည်ရွှေကျောင်းကုန်းတောင်မှ ထွက်ခွာမည် ဆိုတာကတော့ အလွန်သေချာနေခဲ့ပါပြီ။ သွားရမည့် နေရာ 'ခြသေ့ၤညီနောင်ဆေးလိပ်ခုံ'ဆိုတာ တိဿ၊ သီဟ ရသေ့ညီနောင်တို့ တည်ခဲ့သော မွန်ပြည်နယ်က ဇင်းကျိုက်တောင်ဘုရား၊ အထက်ပုဂ္ဂိုလ်ကြီးများက နိမိတ်ပုံ စကားဝှက်ဖြင့် လမ်းညွှန်သည်ကို ဆရာတော်က ချက်ချင်းပင် အဖြေဖော်နိုင်ခဲ့ပါတယ်။ အကျင့်စခန်းမှာ 'ဉာဏ် တူမှ ယူလို့ရတယ်'ဆိုတဲ့ စကားရှိပါတယ်။ ဆရာတော်ကား သမထလမ်းပေါ်မှာ ကမ်းကုန်လုနီးပါး လျှောက် ထားခဲ့ပြီမို့ ချက်ဆိုနားခွက်က မီးတောက်ပါတယ်။
ခြသေ့ၤညီနောင် ဆေးပေါ့လိပ်ခုံဆိုတာ (ဇင်းကျိုက်တောင် ရသေ့ညီနောင်တွင် ညီငယ်သီဟ ရသေ့၏ ဘယ်ညာဖဝါးနှစ်ဖက်၌ ခြသေ့ၤရုပ်တစ်ရုပ်စီပါသောဟူ၏)လို့တောင် တိတိကျကျ အဖြေပေး ခဲ့ပါတယ်။ (သံေ၀ ဂလမ်း၊ စာ-၉၅)
နောက်ထပ်စကားဝှက်ဖြင့် လမ်းညွှန်ထားတာ ကိုလည်း မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖော်နိုင်ခဲ့ပါ တယ်။
'ထိုဘုရားသို့ တပေါင်းလ၏နောက် တန်ခူး၊ ကဆုန် နှစ်လရှိသေးရာတွင် ကဆုန်လပြည့်ကျော် ၁၁ နာရီ၊ လထွက်ည အရောက်သွားရမည်ဟူ၏။ နှစ်ရက်မြင်မက်က နှစ်လယူဆသောကြောင့်။ ထိုတွင် လပြည့်နေ့၌ ည ၆ နာရီ လထွက်ချိန်သတ်မှတ်၍ တစ်ရက်လျှင် ၄၅ မိနစ်နှုန်းဖြင့် လထွက်နောက်ကျ ရက် ခန့်မှန်းတွက်ချက်သော် ကဆုန်လပြည့်ကျော် ၆ ရက် ည အရောက်ဟူ၏' (ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊ စာ-၂၈၃)
'ထိုစဉ် သာစည်၌ ပွဲသုံးပွဲကပြပြီးမှ ထွက်ရမည်ဟူ၍ အိပ်မက်ရလာချေသောအခါ သာစည်မှာ နံနက်ဆွမ်းခံမည်၊ ပြီးလျှင် ဆွမ်းအနုမောဒနာ တရား ဟောကြားမည်၊ မွန်းလွဲ ၂ ချက်တီးတွင် ဝိပဿနာ တရားဟောကြားပြီး ည ၇ နာရီတိတိတွင် ထပ်မံ၍ တစ်ကြိမ်ဟောကြားမည်။ (ပွဲသုံးပွဲ)၊ တရားပွဲပြီးသော် ရထား သို့တက်၍ ခရီးဆက်မည်ဟု စဉ်ပေးရတော့၏' (၎င်း၊ စာ-၂၈၃)
'သာစည်နှင့်လမ်းခွဲရန် ည ၁၁ နာရီခွဲ သာစည်အမြန်ရထားဖြင့် လိုက်ပါမည်။ ဤကား ငါတို့၏ အကြံအစည်တည်း။ သာစည်၏ အားကိုးတစ်ခုဖြစ်ရန် ည ၉ နာရီ မန္တလေးအမြန်ဖြင့်သာ လိုက်ပါရမည်။ ဤကား အိပ်မက်ရ ရက်ကန်းစင်တောင်နှင့် ရှင်မထီးတို့၏ မင်း မိန့်များတည်း' (၎င်း၊ စာ-၂၈၄)
အထက်ပုဂ္ဂိုလ်ဆရာတော်ကြီးများ ဘယ်လောက်တိကျလိုက်ပါသလဲ။ ဆရာတော်က ည ၁၁ နာ ရီခွဲရထားလို့ ကြံရွယ်ထားတာကို ည ၉ နာရီရထားဖြင့် နဝင်းကိုက် လိုက်ပါရန် ကြိုတင်စီစဉ်ပေးခဲ့ တာ အလွန်အံ့သြစရောကောင်းလှပါတယ်။ ဆရာတော်ကား သာစည်မှ မထွက်ခွာမီ လုပ်စရာရှိတာ မှန်သမျှ ထောင့်စေ့အောင် ပေးဆပ်လုပ်ဆောင်ခဲ့ပါတယ်။ ရွှေကျောင်းကုန်း တောင် လောကမုနိဘုရား ရဲ့ တပေါင်းပွဲတော် (ဗုဒ္ဓပူဇနိယပွဲတော်)ကိုလည်း ကျင်းပပေးခဲ့ပါတယ်။ တောင်ပေါ်မှာ အလွန်ရေရှား တဲ့အတွက် တောင်နှစ်လုံးကြားမှာ မိုးရေခံဆည်ကြီးတစ်ခုလည်း တည်ဆောက်ပေးခဲ့ပါတယ်။ ဇင်းကျိုက်သို့ ကဆုန်လဆန်းမှာ သွားရမှာဖြစ် တဲ့အတွက် တပေါင်း၊ တန်ခူးအချိန်နှစ်လကို အလကား မဖြစ်စေဘဲ တရားစခန်းဖွင့်ပေးခဲ့ပါတယ်။
တပေါင်းပွဲတော် ကျင်းပနေချိန်မှာပဲ သားရဟန်းရဲ့ အရိပ်ကိုခိုမယ်ဆိုပြီး ကန့်ဘလူနယ် မင်းကုန်း ရွာနေ မိခင်ကြီးလိုက်လာပါတယ်။ မိခင်ကြီးကိုလည်း တရားစခန်းဝင်စေကာ တရားဖြင့် ကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ တရားစခန်းပြီးတာနဲ့ ဆရာတော်က ဇင်းကျိုက်သို့ ကြွတော့မှာ ဖြစ်လို့ မိခင်ကြီးကို ဒီတောင်ပေါ်မှာပဲ ထားခဲ့ရတော့မှာပါ။ သားရဟန်းကို အားကိုးပြီးအခုမှ ရောက်လာတဲ့ မိခင်ကြီးကို အခုပဲ ပစ်ခွာ၊ ထားရစ်ခဲ့ တော့မှာကို မိခင်ကြီးမသိရှာ၊ ယောဂီတွေလည်း မရိပ်မိ ပါ။
'စစ်မြေပြင်ကြားသွားရမည့် စစ်သား၊ မိမိမယား မီးဖွားနေသော်မှ ထားပစ်ခဲ့ရချေသေး၏။ ငါ့မိခင် အားလည်း ထားပစ်ခဲ့ရုံမှတစ်ပါး အခြားလမ်းမရှိ၊ လူ ချင်းနီးက တရားချင်းဝေးတတ်လှ၏။ လူချင်းဝေးပြီး တရားချင်းနီးမှ အချင်းချင်း နီးစပ်ရာ ကျချေသည်မဟုတ်လော။' (ထေရုပ္ပတ္တိ၊ စာ-၂၈၄)
မိခင်ကြီးရဲ့ အခန်းကဏ္ဍကို ဖော်ပြပြီးနောက် ကျေးဇူးတော်ရှင် အဘဝိမလရဲ့ အခန်းကဏ္ဍကို ရောက် လာပါတယ်။
အဘဝိမလဟာ ပြီးခဲ့သောနှစ် တပေါင်းလ ပြည့် ဘုရားထီးတင်ပွဲနှင့် တစ်လမျှအကွာ တန်ခူးလ ပြည့်ကျော် ၁ ရက်က ခန္ဓာဝန်ချသွားပြီလို့ ရန်ကုန် ဒကာများ လျှောက်ထားချက်အရ သိရပါတယ်။
'အဘခန္ဓာဝန်မချမီ၏ သုံးရက်မျှအလို တန် ခူးလဆန်း ၁၃ ရက် ညနေ ၅ နာရီ ငါတို့ တရားမှတ် နေစဉ်အတွင်း 'အရှင်ဘုရား ...ကျောင်းပြန်လာသင့် ပါတယ်'ဟူ၍ အဘ၏အသံ အတိုင်းသားကြားခဲ့ရ ၏။ ဘာကိုဘယ်လိုဟူ၍ တိတိပပ မသိရလေသဖြင့် အရေး မထားမိခဲ့။ ထိုအဘ ခန္ဓာဝန်စွန့်သွား လေသောအခါ၌ အဘမှာကြားထားခဲ့လေသည့်အတိုင်း ငါးရက်ကျင်းပပေး ထားရသည်ဆို၏။ ၎င်းပရိသတ်စုံလင်ရန် စောင့်ဆိုင်းပေး ခြင်းတည်း။ မင်္ဂလာဒုံ ဣစ္ဆာသယဘုရားဝင်းထဲ၌ ဂူသွင်း ရန်မှာကြားခဲ့သည်ဆို၏။ ထိုအစီအစဉ်ကိုကား မိမိက ပြင်ပရောက်နေတော့သဖြင့် အတွင်းက လက်မခံရကား မအောင်မြင်တော့ပြီ။'
'ဂူကိုလည်းကောင်း၊ လူအောင်းရာအခေါင်းကို လည်းကောင်း ခေါင်းရင်းမှ အပေါက် ဖောက်ထားနိုင်ခဲ့ ဆို၏။ ခန္ဓာအားဝိပဿနာ၏ ဖျက်ပျက်မြင်ဖြင့် (ဃန အစိုင်အခဲ ကျေးစွာရှု)၊ ပရမာအနုမြူခန့်မျှအထိ ရုပ်က လာပ်စည်းအဖြစ်သို့ ရောက်လေမှ အာကာသကသိုဏ်း ပြောင်းလဲရှုပြီး ပြင်ပထုတ်သာ ထွက်သာရန်တည်း' (၎င်း၊ စာ-၂၈၄)
'ကဆုန်လပြည့်ခါနီးဝယ် ရန်ကုန်မှ ဦးကျော်မြင့်(မိုးမခ)ဦးဆောင်သော ဒကာများလာကြ၏။ ၎င်း တို့လာခြင်းကား ငါတို့ကိုလာကြိုသော ကောင်းသောလာခြင်းသာ ဖြစ်ချေ၏။ သာစည်မှ ဖိုးသူကြီး ဥယျာဉ်သို့ ကားဖြင့်လာရောက် ပင့်ကြို၏။ ထိုကားဖြင့်ပင် နောက်ပါ စုံစွာဖြင့် ၁၃၄၃ ခုနှစ်ကဆုန်လပြည့်ကျော် ၄ ရက်၌ တောင်ကို စွန့်ခွာခဲ့ရချေတော့၏။ ထိုနေ့ နံနက်ဆွမ်းခံ အမီသာစည်ရောက်၏' (စာ-၂၈၄)
ဆွမ်းခံပြီးနောက် သီလတရားကို အဓိကထား ဟောကြားသော တရားပွဲ၊ မွန်းလွဲ ၂ နာရီ နောက်တစ်ပွဲ၊ ည ၇ နာရီတစ်ပွဲဟောပြီး သာစည်ကို ကျေးဇူးဆပ်ခဲ့တယ်လို့ ဆိုပါတယ်။ 'ထိုသာစည်နှင့် ထိုငါတို့ကား ချည်ခင်နှင့်ရစ် ပမာသာတည်း'လို့လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ရန်ကုန်မှာ သာသနာ့ဗိမာန်(အဘကျောင်း)မှာ တည်းခိုရင်းတစ်ညမျှ ပရိသတ်ကို လက်ခံတွေ့ဆုံ အဖူးခံခဲ့ပါတယ်။ နောက်တစ်နေ့ ကဆုန်လပြည့်ကျော် ၆ ရက်ကား ဇင်းကျိုက်သို့ အရောက်သွားရမည့် သတ်မှတ်ထား သော ရက်ဖြစ်ပါတယ်။ မော်လမြိုင်ရထားနဲ့ လိုက်ပါခဲ့ပြီး ည ၇ နာရီခန့်မှာ ဇင်းကျိုက်တောင်ခြေ ခြသေ့ၤကြီးနှစ်ကောင်ရှေ့ ရောက်ခဲ့ပါတယ်။ ည ၉ နာရီမှာ မိုးမှောင်ကြားကပဲ စမ်းတဝါးဝါးနဲ့ စေတီရင် ပြင်ပေါ် ရောက်ခဲ့ပါတယ်။
'ဇင်းကျိုက်တောင်၏ အထိန်းအသိမ်းအစောင့် အရှောက်ကား ဘားမဲ့ဆရာတော်ကြီးဖြစ်ပြီး ဆရာတော်ကြီးရဲ့ တစ်ကိုယ်လုံးမှာ အင်းကွက်နီနီတွေ ဖုံးလွှမ်းထားတယ်လို့ ဆိုပါတယ်'။ အရပ်အမောင်းကလည်း ခြောက်ပေကျော် ထောင်ထောင်မောင်းမောင်းသာ ရှိချေတော့၏။ အသိကား သမာဓိ၊ ပညာတို့ဖြင့် ထုံမွမ်းထားသော အေးသက်ညင်သာသိဖြစ်၏။ ထိုသင်္ကန်းလှမ်းတောင်မှပင် ဇင်းကျိုက်ကို လှမ်း၍ အုပ်ချုပ်၏။ ဇင်းကျိုက်၌ ကားမနေလေ။' (စာ-၂၈၅)
ဘားမဲ့ဆရာတော်ကြီးကို အိပ်မက်ထဲမှာ ဖူးခဲ့ရပြီး အချီအချပြောဆို လျှောက်ထားခွင့်လည်း ရခဲ့ပါ တယ်။
'ဘုရားတပည့်တော် သာမဏေဘဝကျော်လွန် ၍ ပဉ္စင်းဘဝရောက်ရှိနေပါပြီ ဘုရား'
'အေး ...ပဉ္စင်းဆိုတာက သာမဏေထက် သည်းခံစိတ် ပိုရမကွဲ့၊ သည် ဇင်းကျိုက်တောင်မှာက သာမဏေများနဲ့ချည်း တွေ့ရမှာဆိုတော့ သည်းခံစိတ်ကြီး ကြီးသာ ထားပြီး နေပေရော့'
'မှန်လှပါဘုရား အဆိုးဒဏ်သည်းခံပြီး အကောင်းဒဏ်ဆိုတာ ပယ်လှန်ပါရစေဘုရား'
အိပ်မက်ဖြင့် ကြိုတင်သတိပေးချက်ကလည်း လေးနက်လှပါတယ်။
'၁၃၄၃ ခုနှစ်(သုံးဝါမြောက်)၏ ဝါတွင်းကား ဇင်းကျိုက်တောင်၌ ဝါကပ်ရ၏။ ရောက်ပြီဟေ့ ဆိုကတည်းက လေမိုးဒဏ် အလူးအလှိမ့်ခံရ၏။ ပိဏ္ဏပါတ်ဓူတင်၊ သပဒါန စာရိကဓူတင်များဖြင့် လမ်းစဉ်၊ အိမ်စဉ် များအလိုက် ဇင်းကျိုက်သို့ ဆွမ်းခံဆင်းရာ ဆွမ်းချည်းမျှ သာရ၏။ တစ်လခန့်မျှ (ဆား၊ ဆီမျှမပါ) ဆွမ်းသက်သက် မျှစားသုံးရ၏။ ဒုက္ခသည်ငါနှင့် ရင်းနှီးပြီး မိတ်ဆွေ တည်း၊'
'သည်အကြား ငါတို့အရင် ရောက်နှင့်နေသော ဆရာတော်တစ်ပါးက ၎င်းင်းအားမပန်ကြားဘဲ နေရကောင်းလားဆိုကာ မချေမငံ ဆက်ဆံ၏။ ခံရ၏။ တောင်အောက် (ဇင်းကျိုက်)ရှိ ဂေါပကနှင့် ကောင်စီတို့သို့ သွားတိုင်၏။ ဝါမဆိုမီဖျားတော့၏။ အားပင်မရှိ၊ တောင်အောက် ရောက်လာ တောင်ပေါ်မတက်ချင်၊ တောင်ပေါ်နေက တောင်အောက်မဆင်းချင်၊ နှင်ချရ၏။ တောင်အောက်မှာ နင့်အဖေနှင့် အမေမရှိ၊ မောင်းတင်ရ၏' (စာ-၂၈၆)
အဲဒီနောက် ဒကာတစ်ယောက်ရောက်လာပြီး သိမ်ထဲမှာ သီတင်းသုံးဖို့ လာပင့်ပါတယ်။ သိမ်ထဲမှာ သူတစ်ယောက်တည်းနေရတာ အားငယ်နေလို့ လာပင့်တာပါပဲ။ ဘုရားခြေတော်ရင်း တိုက်ခန်းမှာ နေ့စဉ်အ တွင်း အိပ်မက်နှစ်ခု ရခဲ့ပါတယ်။
'တစ်ခုကား သာစည်ရွှေကျောင်းကုန်းတောင် သာသနာကိုစပြီးမှ ပစ်ထားခဲ့သဖြင့် ဒဏ်ပေးသောအား ဖြင့် စပျစ်သီးကျွေးမည်ဟူ၏။ စပြီးသားပစ်ခဲ့သဖြင့် တီး တော့မည်ဟူသတတ်။ နောက်ဆို မရမ်းသီးလည်း ကျွေး ဦးမည်ဆို၏။ မရမ်းနှင့် အတီးခံရမည်ဟူသတတ်။'
'နောက်တစ်ခုကား အဘဝိမလသည် ဂူတွင်းမှ အထွက်တွင် ခြေထောက်များသို့ မီးမကူးသဖြင့် ခက်ခဲစွာ ထွက်ခဲ့ရကြောင်းနှင့် ယခု ခြေလက်များ မသန်လေ သေးကြောင်းပင် ဖြစ်ချေ၏' (စာ-၂၈၆)
ဇင်းကျိုက်တောင်ပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေက အလွန်ပဲများပြားလှပါတယ်။ သီတင်း ကျွတ်ပြီးလောက်မှာ ဘိုကလေးမော်ကျွန်းဘက်က ရဟန်းငယ်တစ်ပါး ကြွလာပြီး ဆရာတော်နေတဲ့ သိမ်ထဲမှာ အတင်းအကျပ် ကပ်ရပ်နေထိုင်ပါတယ်။ သံဃာမှတ်ပုံတင် ရေးကိစ္စက လည်း ပေးလာခဲ့ချေပြီ။ တောင်ပေါ်နေ အရင်ရောက်နှင့်နေသော ဆရာတော်က ထောက်ခံချက် မပေးနိုင်ဘူးလို့ ငြင်းပယ်လိုက်ပေမယ့် မြို့နယ်ဥက္ကဋ္ဌ ရွှေကျောင်းကြီးဆရာတော်က ဇင်းကျိုက်ခလောက်အင်း အနီးရှိ ရွှေဒင်္ဂါးကျောင်းဝင်းသံဃာအဖြစ် မှတ်ပုံတင်ပေးခဲ့ပါတယ်။ မမျှော်လင့်ဘဲ ကယ်တင်ရှင်ပေါ်လာခြင်း။ တောင်ပေါ်နေဆရာတော်ကတော့ သူ့အနားမှာရှိတဲ့ သောက်သုံးရေကန်ကရေကိုတောင် မခပ်စေလိုတော့ပါဘူး။ ဒါ့ကြောင့် ဝါးဆစ်ဘူးဖြင့် တောင်အောက်ဆင်းပြီး ရေခပ်ရပါတယ်။
ရသေ့မဂူမှာနေတဲ့ ရသေ့လေးတစ်ပါးက သူ အဓိဋ္ဌာန်ခရီးထွက်မှာမို့ သူနေတဲ့ဂူကို လှူပါတယ်တဲ့။ အဲဒီဂူမှာ နတ်တော်၊ ပြာသိုနှစ်လမျှ နေခွင့်ရပြီး ပန်းကုံးရွာသို့ဆင်းပြီး ဆွမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ရသေ့လေး ပြန်ရောက်လာပြီး သူ့ဂူကို ပြန်တောင်းပါတော့တယ်။ သူသွားမည့်ခရီးမှာ တိုက်ပွဲတွေဖြစ်နေလို့ ရှေ့မဆက်နိုင်တော့လို့ ပြန်လာတာပါတဲ့။
'နောက်သို့ကား မပြန်၊ ရှေ့သို့သာ ဆန်မ ဟေ့။ သို့နှင့်မင်းတစ်ရာ့တစ်ပါး တောင်သို့ ထွက်ခဲ့ ရတော့၏။ ဝေဠုဝန်ဆိုသော ထိုစေတီ၌ ငါတို့ နေခွင့်ရပြီ။ (သင်္ဃန်းလှန်းတောင်ကိုကား ခွင့်မပြုခဲ့ချေ။ သင်္ကန်းလှန်း တောင်သွားသော် အတီးခံရမည်ကြိမ်းသဖြင့် မသွားဝံ့ခဲ့။) တစ်ပါးတည်း အေးချမ်းလှချေ ၏။ ကတွန်သို့ဆင်း၍ ဆွမ်းခံ၏။ အိပ်မက်ထဲဝယ် ခရမ်းချဉ်သီးကျွေးဦးမည် ဆိုသော၏။ သည်တစ်ခါ ရမ်းလျှင်တော့ တီးတော့မည် ဟူသတတ်။}
'ထို၌ ၁၃၄၄ ခုနှစ် ဝါဆို၏။ ဘုရားပြုပြင်ပေး ရန် အိပ်မက်ပေး၏။ ငါတို့က တရားအားထုတ်ရန် လာ ခြင်းသာဖြစ်သဖြင့် ငြင်းပယ်၏။ မရ။ မရသော် င့ါကိုယ်စား ငါ့သြဝါဒခံ တပည့်ဒကာများရှိက ပြုပြင်ပေးမည် ကတိပြုလိုက်၏။ သူ့တည်းခိုခန်းဝင်မိသဖြင့် တည်းခိုခ တောင်းခံကြခြင်းတည်း။' (စာ-၂၈၇)
ရသေ့မဂူကထွက်လာပြီး မကြာခင် နောက်စေ့မှာ ဆေးရုံအခေါ် အနာပန်းဆုပ်၊ အရပ်ဓလေ့ အခေါ် ဆင်ငိုလည်ပြတ်နာ ပေါက်လာလို့ သထုံဆေးရုံတက်ပြီး ကုခဲ့ရပါတယ်။ ရွှေစာရံဘုရားအနီး ဟိတကာရီကျောင်းက ဆရာတော်ဦးမာလာရဲ့ အကူအညီအထောက်အပံ့ဖြင့် နေခဲ့ရပြီး တပို့တွဲလကွယ်နေ့မှာ ပန်းကုံးရွာ ပြန်ရောက်ခဲ့ပါတယ်။ အနာတွေက ဆက်ပေါက်နေဆဲ။ 'အနာ အားလုံး ၂၇ လုံးတိတိရှိ၏။ တစ်ကိုယ်လုံး ဦခေါင်း ကျော၊ ခြေသလုံးအထိရောက်ပြီး အောင်မြင်သော အနာ ကား ၁၅ လုံး၊ အကင်းထွက်လာခါစ ဆရာသတ်ပေး သဖြင့် သေသွားသောအနာကင်းကား ၁၂ လုံး၊ ပေါင်း ၂၇ လုံးတိတိရှိ၏။} (စာ-၂၈၇)
အရပ်ဆရာက ကုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနာတွေက ဆက်ပေါက်နေဆဲ၊ နောက်စေ့မှာ ပေါက်နေတဲ့ အနာတွေက ပန်းပွင့်ပန်းဆုပ်လောက်ရှိပြီး အတွင်းမှာ စာကလေးဥလောက်ရှိတဲ့ အနာတွေ ကျော၊ ရင်ဘတ်၊ ခြေသလုံးတို့မှာ ပေါက်တဲ့အနာတွေက အုန်းသီးဆံပမာရှိတယ်။ 'မှိုသည် မြေကိုခွဲ၍ ထွက်သည့်ပမာ အတင်းတိုးထွက်လာရချေကား ခံရလေသူမှာ မချိမဆံ့သာ။ 'ဝါကျွတ်သော်မှ အနာက မကျွတ်၊ ပြီးခဲ့သောနှစ် တပို့တွဲလမှ ယခုနှစ် တပို့တွဲလအထိဖြစ်၏။ အနာပေါက်ရက်ကား ကြာသပတေးနေ့ဖြစ်နေတတ်ခဲ့ပြီး ပျောက်ရက် ကား စနေဖြစ်နေတတ်၏။ လုံးတိုင်းတည်း။ နောက်ဆုံး အလုံးဖြစ်သော ညာဘက်ခြေသလုံး၏ နောက်ရှိ အသားပေါ်ဝယ် အနာပေါက်ခဲ့ရာ ဆွမ်းခံပင် မဆင်းနိုင်တော့၍ ဂူတွင်း၌ပင် လဲလျောင်းနေရတော့၏။ အစာကား မစားရ၊ ဝေဒနာကား ပြင်းထန်လှ၏။'
'မင်းသေရန် ရက်ပိုင်းမျှသာ ကျန်ရှိတော့သည်။ တရားနှင့်သေရန် ကြိုးစားပေတော့။ ကိုယ့်ကိုယ် ကိုယ် သတိပေးရ၏။ ကြောက်လှဘိခြင်း၊ ကြောက်သဖြင့် တရားလက်မလွှတ်ဝံ့၊ တရားလက်မ လွှတ်သဖြင့် သတိ အင်အားကောင်းလာ၏။ အနာကား ရုပ်အဆင့်ဆင့်၊ နာမ်အဆင့်ဆင့်ကြားကို သတိရှိ၏။ သုံးရက်ကျော်လာခဲ့ချေပြီ။ အစာလည်းမစားရ၊ အနာလည်းတအားကျ၊ အခင်းကြီးငယ်များ ကိုမျှ ဖင်တွန်းသွားနေရသော ကာလမျိုးတွင် အကူကိုလည်း မျှော်မိ၏။ လူကိုလည်းမျှော်မိ၏။ အခုလို အခါမှာ လူတစ်ယောက်ယောက် အစာလာ ပို့ကောင်းမှာပဲ။' (စာ-၂၈၈)
ဇင်းကျိုက်တောင်ကား အကြွေးဆပ်ဖို့ သက်သက် ရောက်လာခဲ့သလိုပါပဲ။ ကျေးဇူးတော်ရှင် မဟာ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ တင်သမျှ အကြွေးတရားဖြင့် ပေးဆပ်ခဲ့တာလည်း အံ့မခန်းပါပဲ။ ။
မောင်သွေးချွန်
( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၅၀) တွင်ပါရှိသော ဆောင်းပါးအားတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )