မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဖူးကြီးမှာ ... နန်းသိမ်းရန် လက်တစ်ကမ်းအလို

၂၀၂၄ ဇန်နဝါရီလ ၁၅
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ...'ထိုဇင်းကျိုက်၏ သုံးနှစ်သောအကျင့် စခန်းသည် အကြွေးပေးဆပ်ရန် သွားရောက်ရခြင်းတည်း'လို့ ၂၀၀၁ အောက်တိုဘာထုတ် 'ရတနာစစ်တမ်း'မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဆရာတော်ဟာ တစ်ကိုယ်လုံး အနှံ့ အနာတွေ ပေါက်လာခဲ့ရာ အနာရှိန် အနာဆိပ်တက်ပြီး ဆွမ်းခံမကြွနိုင်တော့ဘဲ ဂူထဲမှာ လဲနေခဲ့ရာ လေးရက်တိုင် ကြာသွားခဲ့ပါတယ်။ တစ်ယောက်ယောက်က အစာလာပို့ရင် ကောင်းမှာပဲလို့ တောင့်တနေမိချိန်မှာပဲ ထင်းခုတ်၊ ဝါးဆွဲသူများ ရောက်လာပါတယ်။ ဂူထဲမှာ ဆရာတော်ရှိနေမှန်း သူတို့မသိပါ။ ဂူထဲဝင်လာကြရာ အစာရေစာပြတ်လပ်ပြီး ယဲ့ယဲ့လေးသာ ကျန်တော့တဲ့ ဆရာတော်ကို ဖူးတွေ့ကြရခြင်းဖြစ်ပါတယ်။ သူတို့ဟာ သင်ပေါင်းချောင်းရွာက မွန်လူမျိုး ဒကာဒကာမတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဆရာတော်ရဲ့ အနာသက်သာအောင် အရင်လုပ်ဆောင်ကြပါတယ်။ ကြက်ဆူရွက်တွေခူး၊ မီးကင်ပြီး အနာပေါ်အုပ်ပေးကြပါတယ်။ ပါလာတဲ့ ကောက်ညှင်းထုပ်နဲ့ မုန့်များကို ဆွမ်းအဖြစ် ဆက်ကပ်ကြပါတယ်။
    ဒီလိုနဲ့ အားကလည်း နည်းနည်းပြန်ပြည့်လာတာနဲ့ ဆွမ်းခံဆင်းပါတယ်။ ဆရာတော် ဆွမ်းခံမဆင်း တာ တစ်ပတ်ကျော်သွားပြီပဲ။ ကတွန်ရွာက ဒကာဒကာမများက အကြောင်းကြားလိုက်ရာ ပန်းကုံးဒကာဒကာမများ တောင်ပေါ်တက်လာပြီး အနာကုပေးကြ၊ ဆွမ်း ကျွေးကြ ဆွမ်းကပ်ကြပါတယ်။ နံနက်တိုင်းလာပြီး ပြုစုကြရာ 'ငါ့ဒုက္ခ တစ်ဝက်မျှခံ ပေးကြခြင်း'လို့ ဆရာတော်က မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၃၄၅ ခု နှစ်ကူးချိန် သင်္ကြန်ခါမှာတော့ မင်းတစ်ရာ့တစ်ပါးတောင်ဟာ အထူး စည်ကားလို့ နေပါတော့တယ်။ ရန်ကုန်၊ မော်လမြိုင်၊ သထုံ ဒေသစုံကလာကြပါတယ်။ တောင်စွန်း ရွှေဂူချောင် မှ ကြွလာတဲ့ ရဟန်းတစ်ပါးကတော့ 'သည်တောင်သည် ဘုရား ပြုပြင်ဖို့ အထက်ကလွှတ်လိုက်တာ'လို့ မိန့်ပါတယ်။ ကောင်းပါတယ်ပဲ လျှောက်ထားခဲ့ရာ နောက်တစ် ခေါက်မှာတော့ 'အတူတွဲရန်' မိန့်ပါတယ်။ 'မဖြစ်နိုင်ပါ'လို့ ဆရာတော်က ခပ်ပြတ်ပြတ် ပြန်လည်လျှောက်ထား ခဲ့ပါတယ်။ တစ်ဖန် ၂၇ ဝါရ ရဟန်းတစ်ပါးနှင့် ရန်ကုန်မှ ဒုလ္လဘရဟန်းနှစ်ပါးတို့ ကြွလာကာ တစ်ပတ်မျှနေပြီး ပြန်သွားကြပါတယ်။ မကြာမီ ထိုဆရာတော်သိက္ခာချကာ ကိုရင်ကြီးဘဝဖြင့် သည်တောင်မှာ နေလိုပါကြောင်း ခွင့် တောင်းပြန်ပါတယ်။ တစ်ရှုပ်ပြီးတစ်ရှုပ်တိုးလို့သာ လာပါတော့တယ်။
    ၁၃၄၅ ကဆုန်လမှာတော့ လူပုဂ္ဂိုလ်ကြီးတစ်ဦး ထူးဆန်းစွာ ရောက်လာပါတယ်။ ဇင်းကျိုက်ဘုရား ထီးတင်ပွဲတုန်းက ဆုံခဲ့ဖူးကြောင်း ဟောဒီ မင်းတစ်ရာ့ တစ်ပါးတောင်မှာ ပြန်ဆုံမယ်ဆိုတဲ့ ချိန်းထားချက်အရ ရောက်လာရကြောင်း လျှောက်ထားပါတယ်။
    'ဇင်းကျိုက်တောင် ထီးတော်တင်ပွဲ ကျုပ်မပါ ဘူးဗျ၊ မှားနေတာဖြစ်လိမ့်မယ်'
    'မမှားဘူး၊ အရှင်ဘုရားမှ အရှင်ဘုရားပဲ၊ တပည့်တော်ကို မယုံလို့လား'

    ထိုပုဂ္ဂိုလ်ကြီးက အကြိမ်ကြိမ် အော်ဟစ်ပြော ဆိုနေတော့တယ်။ ပြီးတော့ ...'အရှင်ဘုရား သုံးပုံပုံ တစ်ပုံပဲ ကျန်ပါတော့တယ်'လို့ ပြောတယ်။ ဆရာတော်က အရွဲ့တိုက်ပြီး 'တို့မှာ လေးပုံပုံ သုံးပုံကျန်နေသေးတယ်'လို့ ပြန်မိန့်လေရာ 'ဝိဇ္ဇာသား ...ဝိဇ္ဇာစကား နားလည် ပါဘုရား'လို့ အော်ဟစ်ပြောဆိုပြန်တယ်။ ဆရာတော်နေ တဲ့ ဂူကိုလည်း ]ဇေယျသိဒ္ဓိဂူ}လို့ အမည်ဖော်ပေးပြီး နေ့ ခင်းဘက်အချိန် ပြန်သွားပါတော့တယ်။
    'ထို ကဆုန်လတွင်း၌ပင် မုတ္တမကော့စိန်ကျွန်းမှ မောင်နှမခုနစ်ဖော်တို့ တက်လာကြပြန်၏။ တစ်ည၊ နှစ်ညမျှ အိပ်ပြီး ဝေယျာဝစ္စပြုလုပ်၍ ပြန်သွားကြပြန်၏။
    အိပ်မက်ရ၏။ ဤတောင်သို့ မြောက်မှလာလျှင် ဗမာဘက်၊ တောင်မှလာလျှင် ရှမ်းဘက်၊ ဝမ်းဗိုက် တွင်းက တက်လာလျှင်ကား မွန်ဘက်ဟူ၏။ တောင်စွန်းကား မြောက်၊ ကော့စိန်ကား တောင်၊ ပန်းကုံး ကတွန်တို့ ကား ထိုမင်းတစ်ရာ့တစ်ပါးတောင်၏ ဝမ်းဗိုက်တည်း။ ထိုနှင့်ဆက်သော အိပ်မက်မှာ ရှမ်း-ဗမာ အတူတွဲ၍ ဘုရားပြုပြင်ပြီးမှ ဘုရားမပြီးမီ တစ်ဖက်ဖက်က ဆင်း သွားလိမ့်မည်ဟူ၏။ အတွင်းစကားတည်း' (၂၀၁၂-စက် တင်ဘာထုတ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ' (စာ-၂၈၉)
    ဘုရားတည်မည့် ဆရာတော်လည်း တောင် ပေါ်တက်လာပြီ။ အဲဒီမှာ အဘဝိမလ အိပ်မက်ထဲ ကြွလာပြီး ...'ဘုရားတည်မှုကိစ္စ မင်းကိုမခိုင်းသေး၊ ကိုယ့်ခေါင်းမှ ဆံပင်ကိုသာ ပြောင်စင်စွာ ရိတ်ပါဟူ၏။ ကိလေသာသည် ဆံပင်၊ မုတ်ဆိတ်နှင့်တူ၏။ လက်သပ် မွေးထားလျှင် တဖြည်းဖြည်း ရှည်ထွက်လာတတ်သည်ဆိုသော ငါတို့ လက်သုံးစကားကို ရည်၍ မိန့်ခြင်းဖြစ်၏။ ဘုရားပြင်ဆင်မှု င့ါအမှုမဟုတ်တော့' (စာ-၂၉၀)
    နောက်ရက်မှာတော့ သထုံ ကေလာသက ကိုရင်ကြီးတစ်ပါး ကြွလာပြန်ပါတယ်။ ကိုရင်ကြီးမှာ မျက်လုံးတစ်ဖက်က ကျယ်ပြီး မျက်လုံးတစ်ဖက်က ကျဉ်း နေတယ်။ နောက်တစ်နေ့ ဆွမ်းခံ အတူဆင်းချိန်မှာ 'ရဟန်းဆိုတာ ဆွမ်းခံရပါသ ဘုရား၊ ဘုရင်ဆိုတာ ဆွမ်း မခံပါဘုရား'လို့ လျှောက်ထားတဲ့အခါ ဆရာတော်ချက် ချင်းသဘောပေါက်လိုက်တယ်။ 'အင်း ငါဘုရင်မဟုတ်လို့ ဆွမ်းခံစားနေရတာ'၊ 'တောင်နာမည်ကိုက မင်းတစ်ရာ့တစ်ပါးတောင်၊ ရဟန်းနှင့်အမှုထမ်းချင်း မတူညီ၊ (သို့ကြောင့် ဤတောင်မှ ငါထွက်ပေးသင့်မှာ အမှန်ဟူ၍ ဆုံးဖြတ်မိ၏။) (စာ-၂၉၀)

ညအိပ်မက်ထဲမှာ ကဗျာတစ်ပုဒ်လာပေးတယ်။
    အို၊ နာ၊ သေ ဤသုံးဝ၊ ပူမီးကြွဖြစ်အင်
    ခန္ဓာခွင်ဉာဏ်သက်ရောက်၊
    ထွက်ပေါက်ကိုတဲ့ပြင်ဆင်
    အစစ မာန်ဝင်၊ တဏှာလျှင် မြစ်ဖျား
    ဇွဲလုံ့လအမြန်ယှဉ်မှ၊ သံသာပြင်ဖင်မမြှုပ်၊ 
    ဆုံးချုပ်တရား။    ။

    'နိုးနိုးချင်း ထိုကဗျာထ၍ ရေးမှတ်ထားလိုက်၏။ ည ၂ နာရီတိတိ၌ ဖြစ်၏။ ဟိုသွားသည်သွား လမ်းသလားနေမည့်အစား မိမိခန္ဓာကြားမှ ခရီးသွားရန်၊ မာန်ဝင်နေသည်မှာ တရားကို လိုချင်လွန်းအားကြီးနေ၍ ထိုတဏှာပယ်လှန်ရန်၊ ထိုင်ရင်းက မမြုပ်ဖို့ ဇွဲလုံ့လထူထောင် ရန်တို့ ဖြစ်ကြ၏။ ထိုအိပ်မက်ရှင်ကို သာဓုအကြိမ်ကြိမ် ခေါ်မိ၏။ ကျေးဇူးလည်း အဆမဲ့ တင်မိ၏။' (စာ-၂၉၀)
    သင်ပေါင်းချောင်ရွာက မွန်ဒကာများဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဂိုင်တို့ကလည်း ဖရုံညှာခမ်းမှာ ဓနိတဲ ကျောင်းလေးဆောက်ပေးထားခဲ့ပါပြီ။ ဒီ တဲကျောင်းကလေးမှာ ဝါဆိုတော့မယ်ဆိုပါမှ ...
    'ပန်းကုံးဆရာတော်နှင့် တပည့်ရဟန်းတစ်ပါးက ရုံးစာတင်(တိုင်ကြား)သဖြင့် (၁) ငါးဝါမပြည့်မီ တောထွက်မှု၊ (၂) သံဃာမပန်ကြားဘဲ ကျောင်းဆောက်မှု၊ (၃) သံဃာအသိမပေးဘဲ နယ်မြေအတွင်းဝင်ရောက်နေထိုင်မှု။ အထက်ပါ စွဲချက်သုံးခုတို့ကို သွားရောက်အစစ်ခံခဲ့ရ သေး၏။ ရုံးက င့ါအား အနိုင်ပေး၏။ သို့သော် ကာယကံရှင် ကျေနပ်မှသာ အမှုပြီးပြေတော့မည်ဖြစ်၍ ဝါတွင်း ဝါခေါင်လပြည့်နေ့မှာပင် ကျောက်ခမောက်တောင်သို့ ပြောင်းရွှေ့ပေးခဲ့ရ၏' (ရတနာစစ်တမ်း၊ စာ-၈၉)
    ကျောက်ခမောက်တောင်မှာ တစ်ဝါဆိုပါမည် ဆိုတာကိုလည်း ရုံးတော်မှာ ခံဝန်လက်မှတ်ရေးထိုးပေး ခဲ့ရတယ်ဆိုပါတယ်။ ကျောက်ခမောက်တောင်ဂူကိုတော့ ကတွန်ရွာက ဒကာဒကာမများက စုပေါင်းပြုပြင်ပေးကြ ပါတယ်။ ပရိက္ခရာများလည်း စုံလင်စွာ ထားပေးထားပါ တယ်။ လမ်းလည်း ဖောက်ပေးကြပါတယ်။ ဒါပေမဲ့ ကျောက်ခမောက်ဂူမှာ ဒုတိယဝါကပ်ပြီး နောက်ထပ်ဝါမ ဆိုရန် (ဝါ) ဒီနေရာ၊ ဒီဒေသကထွက်ခွာရန် ဆုံးဖြတ် ထားပြီးဖြစ်နေပါပြီ။
    တပေါင်းလကုန်ပိုင်းလောက်မှာတော့ ရန်ကုန်၊ သာစည် နှစ်ဖွဲ့ပေါင်းပြီး ကျောက်ခမောက်ဂူကို ရောက်လာကြပါတယ်။ သာစည် ဒကာကလည်း ရွှေကျောင်းကုန်းတောင် ပြန်ကြွပြီး သာသနာပြုဖို့ပင်လျှောက် ပါတယ်။ ဒါပေမဲ့ဒီဂူကြီးက တရားအားထုတ်ဖို့ ပိုကောင်း ပါတယ်လို့ လျှောက်လေရာ 'တစ်လုံးလွဲသွားပြီ'လို့ မှတ်ချက်ရေးသားထားတာ တွေ့ရပါတယ်။ ရန်ကုန်ဒကာတို့ လျှောက်ထားပုံ လိမ္မာလှပါတယ်။ 'ဒေါက်တာ စိုးမြင့်က အလျှောက်ခိုင်းလိုက်ပါသည် ဘုရား။ ဖူးကြီးမှာ ရှိသော ၎င်းတို့ ဆောက်ထားသော ကျောင်း ကြွရောက်အလှူခံ တော်မူပါဘုရား'တဲ့။ ဟင်း ...နံပါတ်တည့်နေပြီလို့ မှတ်ချက်ရေးထားပါတယ်။ (ကိုယ်တိုင်ရေး၊ စာ-၂၉၃-ရှု)
    ဘယ်ကိုကြွမည်ဆိုတာ အဖြေမပေးလိုက်ပါ။ ကဆုန်လထဲမှာတော့ နောက်တစ်ဖွဲ့ရောက်လာပြန်ပါ တယ်။ ဒီအဖွဲ့မှာ ဆရာတော်ရဲ့ မယ်တော်ကြီးနဲ့ အစ်မ ဒေါ်ကြည်တို့လည်း လိုက်ပါလာပါတယ်။ ထိုစဉ်က မယ်တော်ကြီး အသက် (၇၂) နှစ်ရှိနေပြီ။ တောင်ပေါ်မတက် နိုင်လို့ တောင်ခြေကရွာမှာပဲ နေရစ်ခဲ့တယ်။ လိုက်လာ ရင်လည်း ဂူကျဉ်းကျဉ်းလေးထဲမှာ နေစရာမရှိ၊ အမေ၊ အစ်မပင် ဖြစ်ပါစေ မာတုဂါမတွေမို့ ဂူထဲမှာ ရဟန်းတစ် ပါးနှင့်အတူနေရန် မသင့်တော်၊ မိခင်ကြီးလိုက်လာမှန်း သိပါလျက် ဆင်းမတွေ့လျှင်လည်း မသင့်တော်၊ ဆင်း တွေ့ပြန်လျှင်လည်း တောရဓူတင် ပျက်ပေတော့မည်။ ဓူတင်ပျက်လျှင် သီတင်းသုံးရာ နေရာပါပြောင်းရပေလိမ့် မည်။ ဇင်းကျိုက်ကို စွန့်ခွာဖို့လည်း ဆုံးဖြတ်ထားပြီးဖြစ် ရာ ရန်ကုန်ပြောင်းတော့မယ်လို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။ ဆရာတော်ကို အားကိုးနေကြတဲ့ ပန်းကုံး၊ ကတွန်ရွာက ဒကာဒကာမများကား ဘယ်လိုမှ ဖြေဆည် ရာမရနိုင်တော့ပြီ။
    ဒီလိုနဲ့ ၁၃၄၆ ခုနှစ် ကဆုန်လဆန်း ၁၄ ရက် နေ့မှာ ဇင်းကျိုက်ကို အပြီးစွန့်ခွာလာခဲ့ရာ ညနေ ၆ နာ ရီမှာ ရန်ကုန်သာသနာ့ဗိမာန်သို့ ရောက်ခဲ့ပါတယ်။
    'မိခင်ကြီး ကျေးဇူးဆပ်ပွဲ၊ သာသနာ့ဗိမာန် ကျေးဇူးဆပ်ပွဲဟုဆိုကာ တစ်လတိတိ တရားဟော၊ တရားပြ ဆွမ်းခံကိစ္စ ပြုကျင့်၏။ တစ်လပြည့်သော နယုန် လပြည့်နေ့တွင်ကား ငါ့အား သာသနာ့ဘောင်၏ ရဟန်း အဖြစ် ချီးမြှင့်ပေးသနားခဲ့ကြပါသော ဆရာတော်ဦးသေဋ္ဌိ လ (ကမ္ဘာ့ဗုဒ္ဓသာသနာပြု)ကြီးမှူးသော ကာရက သံဃာ ကမ္မဝါစာဆရာ ၁၀ ပါးနှင့် ငါ့အား တရားအမွေချီးမြှင့် ပေးသနားတော်မူခဲ့ကြပါသော ရွှေတောင်ကုန်းဆရာ တော် ဦးပဏ္ဍိတာဘိဝံသ (ထိုစဉ်က အမေရိကန် ကြွရောက်နေသည်နှင့်) ဆရာတော်ဦးပညာသာမိ (ရွှေရေး ဆောင်မဟာစည်) ကမ္မဋ္ဌာနစရိယနှစ်ပါး၊ ပေါင်း ၁၂ ပါးတို့အား ပင့်ဖိတ်၍ ကျေးဇူးဆပ်ပွဲ ကျင်းပ၏။'
    'ဆွမ်း၊ သင်္ကန်း၊ ဆေး အားလုံးစုံလင်၏။ မစိုးရိမ်ဆရာတော် ဦးကောသလ’လည်း ကြွရောက်ချီးမြှင့်၏။ သိမ်ဝင်ကာရက (အမှုဆောင်) သံဃာ ၁၀ ပါးထဲမှ အဘဝိမလနှင့် ဆရာတော်ဦးတေဇနိယတို့ နှစ်ပါးသာ လစ်လပ်၏။ ကျန်အားလုံး စုံလင်၏။ နံနက် ဆွမ်းစား အပြီးတွင် ဆရာတော် ဦးသေဋ္ဌိလက သြဝါဒကထာချီး မြှင့်ပြီး နေ့ ၂ နာရီတွင်ကား ဆရာတော် ဦးပညာသာမိ (ရွှေရေးဆောင်)က တရားချီးမြှင့်၏'
    'ဆရာတပည့်နှစ်ဦးရှိရာ တပည့်က သစ်ပင် အတက်၊ ဆရာက သစ်တက်ညွှန်ပြုလုပ်၏။ ထိုစဉ် သစ် ပင်တက်တပည့်၏ ကြိုးစားမှုကား သစ်ပင်ခေါင်ဖျားထိပ် နီးနေသည်အထိ ဖြစ်၏။ ဒါကိုပင် ဆရာဖြစ်သူက အောက်မှနေ နည်းနည်းတိုးလိုက်ပါဦးဟု ဆိုသတတ်' (ဆရာတော်ဦးသေဋ္ဌိလရဲ့ သြဝါဒကထာဟာ မဟာဗောဓိ မြိုင်လောင်းလျာ ဆရာတော်လေးရဲ့ ဓမ္မဂုဏ်ရည်ကို ဖော်ညွှန်းနေတယ်လို့ နားလည်ရပါတယ်။) ဆရာတော် ဦးပညာသာမိကတော့ ဝိပဿနာတရားဖြင့် ချီးမြှောက် တော်မူပါတယ်။
    '...အဖြစ်နှင့်အပျက် အတိုက်ဘက်အခံ ဘက်ပမာ အလှန်အပြန် စုန်ဆန်ပြနေသည်ကိုလည်းကောင်း၊ အတိုက်အခံကြားမှ ခရီးသွားကား ထိုအတိုက် အခံများနှင့် လားလားမျှ မဆိုင်လေသည်ကိုလည်းကောင်း ဆက်တိုက်မြင်သိခွင့်ရလာ၏။ ထိုသို့ ကောင်းဆိုးနှစ်စုံ မည်သည့် အတိုက်အခံ အာရုံကိုမျှ မဆိုင်သည့်အလျောက် မပိုင်၊ မပိုင်သည့်အလျောက်လည်း မကိုင်လေသောအခါ အစွဲဟူ၍ ထိုယောဂီ၌ ဘာဆိုဘာမျှ မရှိတော့ပြီ။ ထိုယောဂီ၌ မစွဲလျှင် မငြိ၊ မငြိလျှင်လွတ်ပြီ ဟူ၍ မှတ်ရာ၏' (စာ-၂၉၄)
    ရှင်းလင်းလှတဲ့ အကျွတ်အလွတ် တရား၊ ဆရာသမားများကို ကျေးဇူးဆပ်ခွင့်ရခဲ့တဲ့အတွက် ဆရာ တော်မှာ ဝမ်းသာကြည်နူး၍ မဆုံးပြီ။ ဆရာတော်ကား ကျေးဇူးတရားကို အလွန်သိတတ်သည့် အလျောက် အခွင့်သာတိုင်း ကျေးဇူးဆပ်ဖို့ ကြိုးစားခဲ့သူဖြစ်ပါတယ်။ ဝါမဆိုမီ ကျိုက်လတ်ပြည်လုံးချမ်းသာဘုရား (ဆရာတော် ရသေ့ဘဝက တည်ခဲ့သောဘုရား) သို့ ၁၀ ရက်မျှသွား ရောက်၍ ကျေးဇူးဆပ်ခဲ့ပါသေးတယ်။ ၁၃၄၆ ခုနှစ်မှာ ရန်ကုန်တိုင်း ဖူးကြီးသံသုမာရတောင်မှာ ဝါဆိုခဲ့ပါတယ်။ ကျောင်းဒကာကြီးကား ဒေါက်တာဦးစိုးမြင့် (ဓာတ်ရောင် ခြည်ဌာန အထူးကုပါရဂူကြီး)ဖြစ်ပြီး ရည်ရည်မွန်မွန် ရှိ လှသူဖြစ်ပါတယ်။ ဆရာဝန်ကြီးရဲ့ တပည့်လင်မယား ဦး သောင်းညွန့်(ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တာဝန်ခံ)နှင့် ဒေါ်ခင်လှဝင်း(ဆေးရုံကြီး သူနာပြုဆရာမ)တို့ဟာ သဒ္ဓါ တရားကောင်းသူများဖြစ်ပြီး ဝေယျာဝစ္စလုပ်ဆောင်ရာမှာလည်း အလိုက်တသိနဲ့ တာဝန်ကျေသူများ ဖြစ်ကြပါတယ်။ ဖူးကြီးနယ်မှာ သီလဂုဏ်သတင်းကြီးမြင့်တော်မူ သော ရွှေမြရာကုန်းဆရာတော်ကြီးရဲ့ ကြီးကြပ်စောင့် ရှောက်မှုအောက်မှာ နေခဲ့ရပါတယ်။
    အားထုတ်လို့ကောင်းနေဆဲ ...ဖူးကြီးနားမှာ ရဟန္တာတစ်ပါး ပေါ်နေပြီတဲ့။ ရဟန္တာဈာန်ပျံတာ မြင်လိုက်ရတယ်တဲ့၊ သတင်းများ ပျံ့နှံ့ကျော်ကြားကာ လူဝိုင်းခံရပြန်ပါတော့တယ်။ ဆရာတော်ကတော့ 'ငါတို့ကား ရဟန္တာမဟုတ်၊ ရဟန်းနာမျှသာတည်း'လို့ တုံ့ပြန်ထားပါတယ်။ တစ်ဝါတွင်းလုံး သွေးဝမ်းရောဂါရနေပြီး အစာအိမ်ကလည်း လုံးဝအလုပ်မလုပ်တော့၊ ဆိုင်းကြိုး ပြတ်ဘူးသီးကြီးပမာ မလှုပ်မယှက် အောက်သို့တွဲကျ လျက်၊ သွေးဝမ်းတွေက တစ်စက်စက်ကျနေတယ်လို့ ဆို ပါတယ်။
    'ထိုသို့ ပရိသတ်ဒဏ်၊ ရောဂါဒဏ် ခံစားနေရ သော်လည်း အားထုတ်မှုကား အားရကျေနပ်ဖွယ်ရာသာ ရှိဘိ၏။ မိုး၊ နွေ၌ ခံစစ်၊ ဆောင်း၌ကား ထိုးစစ်ဆင်နွှဲနိုင်ခဲ့၏' (ကိုယ်တိုင်ရေး၊ စာ-၂၉၇)
    'ဆောင်းကာလသည် ငါ့ကို အခွင့်အရေး အပေးဆုံးဖြစ်နေရာ နေ့ညမပြတ် တရစပ်အားထုတ်၏။ အားထုတ်သာရန် ဆွမ်းကို ၁၁ လုတ်မှ ၁၀ လုတ်သို့ လျှော့ချထား၏။ သို့ကြောင့် ပေါ့ပါးလာ၏။ မအိပ်ဘဲနေ သည်အထိ သန့်ကြည်စွာ ရလာ၏။ ညကို စင်္ကြံ ကမ္မ ဋ္ဌာန်းက တာဝန်ယူကာ နယ်သိမ်းပေး၏။ နေ့ကို ထိုင် ကမ္မဋ္ဌာန်းက တာဝန်ယူကာ အုပ်ချုပ်ပေး၏။ အရပ်ဘက် နှင့် တပ်ဘက်တာဝန်ညီသော တိုင်းပြည်ပမာ သာယာ ရှင်းလင်းနေ၏။' (ရတနာစစ်တမ်း၊ စာ-၉၁)
    ဒါပေမဲ့ တန်ဆောင်မုန်းလပြည့် ရန်ကုန်က တပည့်ဒကာတို့ လာရောက်ဖူးမြော်ကြရာ ကျင့်ထားသမျှ စွမ်းအားတွေကို ထိပါးစေခဲ့တယ်လို့ ဆိုပါတယ်။ (ရန် ကုန် သာဝကများကို ဝါဆို၊ တန်ဆောင်မုန်း၊ တပေါင်း တစ်နှစ်သုံးကြိမ် ဖူးခွင့်ပြုခဲ့ပါတယ်။) အဲဒီနောက် လေး လလုံးလုံး နေသဇ္ဇိကဓူတင်အကူဖြင့် ညမအိပ် နေ့မနား အားထုတ်၏။ အားထုတ်တိုင်းလည်း ရ၏။ သို့သော် သတိစပ်ရုံသာရှိ၍ စိုက်အား သုံးမရခြင်း၊ မာန်ဝင်နေ ခြင်း၊ ဖြစ်ပျက်မမြင်သာခြင်းများကြောင့် ရေနှင့်လှေ ငြိ လျက်က နေချေပြီ။ တစ်ရက်တင်းတင်း အားထုတ်၏။ မရ၊ နှစ်ရက်၊ သုံးရက် ...။
    'ကဲ ...မရ အတူတူအိပ်သကွာ}
    အိပ်ပျော်သွားချိန်မှာ ...မိန်းကလေး ကျောင်းဆရာမ ၁၀ ယောက်ခန့် ဝင်လာကြ၏။ ထို အားလုံးတို့သည် ငါ့ထံရှိ သင်္ကန်းများတို့တွင် ဧကသီကို ဦးစွာဆွဲချွတ်ကြ၏။ ပြီးသော် သင်းပိုင်ကို ဆွဲချွတ်လိုက် ကြ၏။ ပြီးသော် ကျောင်းစိမ်းထဘီကို စွပ်ပေးဝတ်ပေး ကြ၏။ အောက်ပိုင်းကိစ္စပြီးသည်နှင့် အပေါ်ပိုင်းကိုလည်း အတွင်းခံ အင်္ကျီ၊ ပြီးနောက် အပေါ်ဖုံး အင်္ကျီများဝတ် ဆင်ပေးသွားကြပြီး ထွက်ခွာသွားကြတော့၏။ ငါကား မိန်းမအဝတ်အစားဖြင့် ပက်လက် ...။
    မိန်းမလောက်မှ ဇွဲသတ္တိမရှိသော သည်ဥလ္လုမ္ပတု(ရဟန်း)၊ မိန်းမလောက်မှ ဉာဏ်မပါသော သည် ဥလ္လုမ္ပတု၊ ရှုကြပါ အရပ်ကတို့ ...။ တောထွက်ကိုယ် တော်ကြီးကနေ မိန်းမဘ၀ ရုတ်ခြည်းကူးပြောင်းသွားပြီကိုး' (ရတနာစစ်တမ်း၊ စာ-၉၂)
    ခပ်ကြမ်းကြမ်း ခပ်ဆန်းဆန်း အာရုံနိမိတ်ပုံဖြင့် သတိပေးလေတော့ရာ တစ်နေ့ ၂၂ နာရီ တရစပ် အားထုတ်လေတော့ရာ 'မြို့တော်ဝင်စီးပြီး နန်းသိမ်းရန် လက်တစ်ကမ်းမျှသာလို၏' ဆိုတဲ့ အခြေအနေအထိ တိုးတက်လာပါတယ်။ ဒါပေမဲ့ တပေါင်းလပြည့်နေ့ ရန် ကုန် သာဝကများရောက်လာကြရာ တက်နေတဲ့ အရှိန် တန့်သွားပြန်ပါတော့တယ်။
    'စစ်ဆေးရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းစသည့် ရုံးဝန်ထမ်းများကလည်း ဝင်ရောက်လာကြ သေး၏။ အစ္စရေးသံအမတ် မိသားစုနှင့်တကွ အနောက်အုပ်စုမှ သံအမတ်ကတော်ကြီးများ၊ သံရုံးအမှုထမ်းများ လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လေသူ ဗြိတိသျှ သံ အမတ်ကတော်ကြီး ဦးဆောင်လျက်က တကူးတက ကား ကြီးကားငယ်တို့ဖြင့် လာရောက်လေ့လာကြ၏' (ရတနာ စစ်တမ်း၊ စာ-၉၃)
    'ကမ္ဘာကြီးပူလောင်နေပြီဖြစ်သဖြင့် အရှင်၏ သီလအားဖြင့် မေတ္တာပွားပေးပါ'လို့ လျှောက်ထားကြပါ တယ်။ သံအမတ် အုပ်စုပြန်သွားပြီးနောက်တစ်နေ့မှာ တော့ ...'လိုက်ပို့သူ၊ လက်ခံသူ အားလုံးတို့ကို သူ့ဆိုင် ရာမှ ခေါ်ယူအစစ်ဆေးခံကြရ၏။ ငါတို့တစ်ပါးသာလျှင် အစစ်ဆေးမှ သီသီလေး လွတ်ကင်းခဲ့ရချေ၏။ မေးသော မေးခွန်းများမှာ 'သံအမတ်ကြီးနှင့် သံအမတ်ကတော်များက ဆရာတော်ကို ဘာတွေ လျှောက်ထားသွားသလဲ'
'ဆရာတော်ကရော ဘာတွေ ပြန်လည်မိန့်ကြားလိုက် သလဲ' ဟူ၍ပင်တည်း' (ကိုယ်တိုင်ရေး၊ စာ-၂၉၇)
    'ထိုသို့ အနောက်၏ သံများတိုးဝင်လာသဖြင့် အခြေအနေဆိုးရသည့်အထဲ ငါတို့၏ ဝမ်းဗိုက်ကလည်း မကောင်းတော့၊ ဝမ်းကိုက်ရောဂါကဲ့သို့ သွေးဝမ်းများ တစ်စက်တစ်စက် ကျနေ၏။ ထိုသွေးဝမ်းသွားနေရာမှ ဖူးကြီး၏ နှစ်နှစ်လုံးလုံး အစာအိမ် အလုပ်မလုပ်တော့။ စားသလောက်၏ စားသည့်အတိုင်း ပြန်ထွက်နေချေပြီ ကော။' (၎င်းင်း၊ စာ-၂၉၇)
    ကျန်းမာရေးကဖောက်၊ ရန်ကုန်သာဝကများနှင့် သံအမတ်အုပ်စုများပါ ဝိုင်းအုံရောက်လာကြလေရာ ဖူးကြီးမှာ နေဖို့မသင့်တော့ပြီ။ ဒါ့ကြောင့် တစ်နေရာ ပြောင်းရပေဦးတော့မည်။ မပြောင်းမီ ဖူးကြီးမှာ ဓမ္မမျိုးစေ့ ချခဲ့မည်။ တရားစခန်းဖွင့်ပေးမည်လို့ ဦးသောင်းညွန့်+ ဒေါ်ခင်လှဝင်းတို့ကို အမိန့်ရှိလေရာ ဝမ်းသာလိုက်ကြတဲ့ ဖြစ်ခြင်း။
    ဖူးကြီး၊ ချော်ကုန်း၊ လက်ပံတန်းစု သုံးရွာမှ ယောဂီများ၊ ရန်ကုန်မှ ရင်းနှီးပြီးသား တပည့်ဒကာများ တရားစခန်းဝင်ကြပါတယ်။ တန်ခူးလဆန်း ၁၀ ရက်မှ ကဆုန်လဆန်း ၁၀ ရက်အထိ တစ်လတရားစခန်း၊ ဖူး ကြီးတရားစခန်းဝင်လာတဲ့ ယောဂီတွေထဲမှာ မယ်တော်ကြီး ပါဝင်လာတာ ထူးခြားနေသလို မယ်တော်ကြီးကို တရားဖြင့် ကျေးဇူးဆပ်ခွင့်ရခဲ့တာလည်း အလွန်သာဓု ခေါ်ဖွယ်ကောင်းတယ် မဟုတ်ပါလား။    ။

မောင်သွေးချွန်

( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ် (၅၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 704

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.