မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံတော်သို့ အမေခေါ်သောလမ်း

၂၀၂၄ ဇူလိုင် ၂၀

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ခြေတော်ရင်းဆီသို့ ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ်။ သာစည်ရွှေကျောင်းကုန်းတောင်မှာ သံလွင်အရှေ့ခြမ်း ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်ထဲက သုဝဏ္ဏသျှမ်တောင်မှာ ကန့်ဘလူမြို့နယ် နတ်တလူတောရမှာ၊ ပြီးတော့ မဟာမြိုင်တောကြီးထဲမှာ ဆရာတော်ဘုရားကြီးကို အနီးကပ်ဖူးမြော် လှူဒါန်းပူဇော်တရား နာကြားခွင့်များရအောင် မိတ်ဆွေသူငယ်ချင်းများကို ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးကို အနီးကပ်ဖူးမြော်ခွင့်ရဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ တကယ့် ဒုလ္လဘအခွင့်အရေးကြီး ဖြစ်ပါတယ်။ အနီးကပ်ဖူးမြော် ခွင့်ရဖို့ မဆိုထားနှင့် ဆရာတော်ဘု ရားကြီး ဆွမ်းခံကြွချိန် အဝေးက ဖူးမြော်ခွင့်ရဖို့တောင် နှစ်နဲ့ချီပြီး စောင့်ခဲ့ရလေ့ရှိပါတယ်။ မဟာမြိုင် တောကြီးမှာဆိုရင် လေးနှစ်ကျော်ကြာ စောင့်ခဲ့ရပြီးမှ ဆရာတော်ဘုရားကြီး ရှေ့တော်မှောက်သို့ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ တောထွက်လာခါစက တစ်နှစ်တစ်ကြိမ်၊ အဲဒီနောက် အကျင့်ပိုင်း နက်ရှိုင်းလာတဲ့အခါ သုံးနှစ်တစ် ကြိမ်ဆိုသလိုသာ အဖူးခံခဲ့ တာဖြစ်ပါတယ်။ ကျွန်တော်ကား ကံကောင်းထောက်မစွာ ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်း ဖြစ်ခွင့်ရခဲ့သဖြင့် အခက်အခဲ အတိုက်အခိုက် တွေကြားကပင် ဆရာတော်ဘုရားကြီး ကြွချီလေရာ တောရများသို့ လိုက်ပါလျက် အနီးကပ်ကြည်ညိုခွင့်၊ တရားနာကြားခွင့်များ ရခဲ့ပါတယ်။ ကျွန်တော်နဲ့ လိုက်ပါလာတဲ့ လက်ရွေးစင် မိတ်ဆွေသူငယ်ချင်းများပါ အနီးကပ် ဖူးမြော် ကုသိုလ်ယူခွင့် ရခဲ့ကြပါတယ်။ ကျွန်တော်က မိတ်ဆွေသူငယ်ချင်းများကို ခေါ်ဆောင်သွားသလို ကျွန်တော့်ကို ဆရာတော်ဘုရားကြီး ရှေ့တော်မှောက် ရောက်အောင် ဘယ်သူက ခေါ်ဆောင်သွားခဲ့ပါသလဲ။ ဘယ်သူကမှ ခေါ်ဆောင်မ သွားတဲ့အပြင် ပိတ်ပင်ဟန့် တားတာတွေပင် ကြုံခဲ့ရပါသေးတယ်။
    ကျွန်တော့်ကို ဆရာတော်ဘုရားကြီးထံတော်မှောက် အရောက်ပို့ဆောင်လမ်းပြပေးခဲ့သူမှာ ကျွန်တော့်ရဲ့ မွေးသမိခင်ကျေးဇူးရှင် အမေကိုယ်တိုင် ဖြစ်ပါတော့တယ်။ ဒီလိုဆိုလိုက်တော့ အမေဟာ ဆရာတော်ဘုရားကြီးရဲ့ ပစ္စည်းလေးပါး ဒါယကာမကြီးလား၊ တရားစခန်းဝင်ယောဂီလား။ လုံး၀ မဟုတ်ပါလေ။ အမေဟာ ဘုရားကျောင်းကန်များသို့ပင် သွားလေ့မရှိပါ။ တစ်ရက်မှာတော့ အမေဟာ ရွှေကျောင်းကုန်းတောင်ပေါ်သို့ အဖော်ကောင်းလို့ လိုက်ပါသွားပြီး ဆွမ်းချက်၊ အိုးခွက်ပန်းကန်ဆေး စတဲ့ ဝေယျာဝစ္စကုသိုလ်လုပ်ရင်း ဆရာတော်ကြီး ဟောကြားတဲ့ တရားကို စူးစူးစိုက်စိုက် ရိုရိုသေသေ နာကြားခဲ့ပါတယ်။ အဲဒီတရားကို အမေက လူမိုက်ကြီး ကျွန်တော့်ကို ပြန်ဟောပြခဲ့ပါတယ်။ ဘ၀ တစ်သက်တာမှာ တရားဓမ္မနဲ့ ဆက်စပ်တဲ့စကား အမေ့ဆီက ပထမဆုံးအကြိမ် ကြားဖူး၊ နာဖူးခဲ့ခြင်း လည်း ဖြစ်ပါတယ်။ ဘ၀ လောကဓံကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ စာမတတ်ပေမတတ် မိခင်ကြီးဆီက နာကြားခဲ့ရတဲ့ တရားတော်ကပဲ ကျွန်တော့်ကို ဆရာတော်ကြီးဆီရောက်အောင် ခေါ်သွား ခဲ့တယ်လို့ ဆိုရမှာပါ။
    ဒီအကြောင်းတွေကို ၂၀၁၀ စက်တင်ဘာလ မှာ နိဒါန်းသစ်စာပေက ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'အမေ အတွေးအမြင် စာစုများ'မှာ 'အမေခေါ်သောလမ်း'ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်ရေးခဲ့ပြီး ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့တရားတော်တွေ ဆက်လက်ရေးသား ပူဇော်စရာတွေ ရှိနေသေးပေမယ့် ကျွန်တော့်ဘဝရဲ့ လောကအမြင်သစ်ကို ပေးစွမ်းခဲ့တဲ့ အင်မတန်ရိုး စင်းရိုးရှင်း တရားတော်ကို ထပ်မံနှလုံးသွင်းပူဇော်လိုတာကြောင့် 'အမေခေါ်သောလမ်း'ကို မူရင်းအ တိုင်း ပြန်လည်တင်ပြလိုက်ရပါတယ်။

'အမေခေါ်သောလမ်း'
    မှောင်ရိပ်သန်းနေတဲ့ အချုပ်ခန်းဆီနေရောင် အလင်းတန်းနှင့်အတူ ကျွန်တော်ရောက်သွားခဲ့ပါတယ်။ ကျွန်တော့်ကို မြင်လိုက်တာနဲ့ အမေ့မျက်နှာဟာ လငပုပ်ဖမ်းရာက လွတ်မြောက်လာတဲ့ ရွှေလမင်းကြီးလို ဝင်းပသွားတယ်။ အမေဟာ ရှိသမျှခွန်အားတွေကို ညှစ်ထုတ်ပြီး အချုပ်ခန်းထဲက ခုန်ထွက်လာနိုင်လောက်အောင် အားအင်တွေ ချက်ချင်းပဲ ပြည့်ဖြိုးသွားသလိုပါပဲ။ ဒါပေမဲ့ သားအမိနှစ်ယောက်ကြား အချုပ်ခန်းသံတိုင်တွေက ခြားထားပြီလေ။ ဒါပေမဲ့လို့ ထပ်ပြောရဦးမှာပါ။ ဒါပေမဲ့ ... ဒါပေမဲ့လေ ...ဒီအမေနဲ့ ဒီသားကြားမှာ နှလုံးသားချင်း ဆက်စပ်နေတာ၊ ခွန်အားတွေ တစ်ဦးထံမှတစ်ဦးဆီ စီးဆင်းနေခဲ့တာ ဘယ်သူသိနိုင်ပါ့မလဲ။

'အမေ'
    ကျွန်တော့်အသံတွေက ကြည်ကြည်လင်လင် ပီပီသသ၊ အမေဆိုတဲ့ အမည်သညာကို ခေါ် လိုက်တိုင်း 'အမေ'လို့ ခေါ်လိုက်တိုင်း ကျွန်တော့်အသံတွေ ဘယ်တုန်းကမှ တုန်ရီမနေခဲ့ပါဘူး။
    'မင်း ကျောင်းမသွားဘူးလား၊ ဒီနေ့ ကျောင်းပိတ်တဲ့နေ့မှ မဟုတ်ဘဲ'
    အမေက စာမတတ်ပေမယ့် 'ကျောင်း'ဆိုတဲ့ စကားလုံးလေးကို သိပ်မြတ်နိုးတယ်။ ကျောင်း ဆိုတာ အမေ့အာရုံထဲမှာ နတ်ပန်းဥယျာဉ်ကြီးလို ပန်းရောင်စုံ ဖူးပွင့်ဝေစည်နေတဲ့ နေရာ၊ လှပခမ်းနားတဲ့ ဘဝအိပ်မက်တွေ မက်ခွင့်ရတဲ့နေရာ၊ ဒီလောက်ကောင်းတဲ့ ကျောင်းဆိုတဲ့နေရာကို အမေက ဘယ်တော့မှ မခွဲခွာစေချင်ဘူး။
    'ငါ ဘယ်လောက် ဆင်းရဲဆင်းရဲ ငါ့သားတွေကို ဘယ်တော့မှ ကျောင်းမနုတ်ဘူး'
    အဲဒါ အမေ့ရဲ့ ဥဒါန်း၊ အမေ့ရဲ့ စိန်ခေါ်သံ။
    တကယ်တော့ အဖေတို့၊ အမေတို့ရဲ့ အိမ်ထောင်ဦး ကာလများဟာ ရွှေရောင်ဝင်းပနေခဲ့တာပါ။ အဖေက သစ်စက်ပိုင်၊ BSC ဆိုင်ကယ်ကြီးတဘုန်းဘုန်းနဲ့ ညတိုင်းဆို တပည့်တပန်းတွေ လေး၊ ငါးဆယ်လောက်နဲ့ သောက်ကြစားကြ ပျော်ပါးကြနဲ့ အမေကလည်း တစ်စက်ကလေးမှ မညည်းမညူ ချက်ပြုတ် ကျွေးမွေး၊ အမြည်းလုပ်ကျွေးနဲ့ အမေတို့ရဲ့ ပျော်ရွှင်ဖွယ်နှစ် ကာလများဟာ နေဝင်စောခဲ့ပါတယ်။ ၁၉၆၄ ခု ကျွန်တော်မူလတန်းကျောင်းသားဘဝမှာ အဖေ့ရဲ့သစ်စက် ပြည်သူပိုင် အသိမ်းခံလိုက်ရပါတယ်။ အဖေဟာ တောင်ထိပ်ကိုရောက်လုနီးမှ ကန်ချခံလိုက်ရသလို နာကျင်ကြေကွဲမှုတွေ ပြင်းပြင်းထန်ထန် ခံစားသွားရရှာပါတယ်။ အဖေဟာ သူ့ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ညမှာအရက်နဲ့ ကုစားပြီး နံနက်စောစောမှာ ဘုရားရှိခိုးကာ သက်သာရာရှာခဲ့ပါတယ်။ ညဘက် အရက်မူးပြီဆိုရင် ...
    'အို ...လောကဓံ ...အသင် လောကဓံရယ်၊ ဆန်းကြယ်လွန်းလှတယ်။ တွန်းလှန်နိုင်တော့ဘူး ကွယ် ...'ဆိုတဲ့ ရွှေမန်းတင်မောင်ရဲ့ ဓာတ်ပြားသီချင်းကို ဗလုံးဗထွေးထပ်ကျော့သီဆို အိပ်ပျော်သွား တတ်ပါတယ်။ အဖေက 'တွန်းလှန်နိုင်တော့ဘူးကွယ်'ဆိုတဲ့ လောကဓံကို အမေကတော့ ရဲရဲကြီး ရင်ဆိုင်ပစ်လိုက်ပါတယ်။ သစ်စက်ပိုင်ကတော်ဟာ လမ်းဘေး မုန့်ဟင်းခါးသည်ဘဝသို့ ချက်ချင်း ချိုးကွေ့သွားပါတော့တယ်။ အမေဈေးရောင်းသွားတာနဲ့ ကျွန်တော်သားအကြီးဆုံးက အမေ့ရဲ့ ဝန်စည်စလယ်တွေ ကူသယ်ပေး၊ ဈေးဦးပေါက်တာနဲ့ အမေက မုန့်ဟင်းခါး တစ်ပန်းကန်ကျွေး၊ ကျွန်တော်က ပန်းကန်ဆေး၊ ရေတွေခပ်ပေးနဲ့ ...။
    'မင်း ...ကျောင်းနောက်ကျနေမယ်'
    'ကိုယ့်စာကိုယ် ကျက်ပါ။ ငါ့ဟာငါ ဖြစ်ပါတယ်'
    ဒါပေမဲ့ ကျွန်တော်က မနေတတ်ဘူး။ အမေ့ ကိုကူပြီးမှ ကျောင်းသွားတယ်။ ကျောင်းနောက်ကျ လို့ စာမရဆိုတာကလည်း ကျွန်တော့်ဘဝမှာ တစ်သက်လုံး မရှိခဲ့ပါဘူး။ တန်းစဉ် ပထမ၊ ဒုတိယ အဆင့်တွေနဲ့ အောင်ခဲ့တာတွေ ကိုယ်ကိုယ်တိုင် မအံ့သြပေမယ့်အများက အံ့သြငေးမောသွားကြရ တာပါ။
    ကျွန်တော် ခြောက်တန်းရောက်တော့ အမေဟာ လမ်းဘေးမုန့်ဟင်းခါးသည်ဘဝကနေ ဘူတာပေါ် ထမင်းတက်ရောင်းပါတော့တယ်။ ဆိုင်နဲ့ ကနားနဲ့မဟုတ် ပါဘူး။ ဆိုင်းထမ်းနဲ့ ရောင်းခဲ့တာပါ။ အမေနဲ့အတူ ကျွန်တော်လည်း ဘူတာရုံ ပလက်ဖောင်းတွေပေါ် ရောက်ခဲ့ပါတယ်။ ကျောင်းသွား ကျောင်းပြန် အမေ့ဆီဝင်တယ်။ ဘူတာရုံ ပလက်ဖောင်းတွေဟာ ကျွန်တော့်ဘဝရဲ့ ကျောင်းတော်ကြီး ဖြစ်ခဲ့ပါတယ်။ ဒီလမ်းဆုံဘူတာကြီးပေါ်မှာ ဝင်ထွက်သွားလာနေတဲ့ ခရီးသည်တွေ၊ ဘ၀ ဝမ်းစာရှာမှီးနေတဲ့ ဈေးသည်တွေ၊ ရုံပိုင်၊ လက်မှတ်စစ်၊ ဂျမဒါ၊ စက်ဗိုလ်(စက်ခေါင်းမောင်း)၊ ဂါတ်ဗိုလ်(ရထားထိန်း)စတဲ့ မီးရထားဝန်ထမ်းတွေ ပျားပန်းခပ်နေတဲ့ လူ့ ဘဝမြင်ကွင်းကျယ်ကြီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးခါးသီးသီး မိတ်ဆက်ခဲ့ရပါတယ်။ ခါးသီးခဲ့ပုံများကတော့ တမာ ပင်ထိပ်ဖျားက ကြက်ဟင်းခါးသီး ဆိုတာ လိုပါပဲ။ ကျွန်တော် အလယ်တန်းကျောင်းသားလေး အချုပ်ခန်းရှေ့ ရောက်နေခဲ့ပြီလေ ...။
    'မင်း ...ကျောင်းမသွားဘူးလား'
    အမေက သူ့ဘဝထက် ကျွန်တော့်ဘဝကို ပိုပြီး တန်ဖိုးထားပါတယ်။
    'ဒီနေ့ ခွင့်ယူလိုက်တယ်။ အဖေလည်း အမေ လွတ်ဖို့ ကြိုးစားနေပါတယ်'
    'လွတ်မှာပါ။ ငါမဟုတ်တာ မလုပ်ဘူးဆိုတာ ကိုယ်စောင့်နတ်သိပါတယ်။'
    အမေ့ဆိုင်မှာ ထမင်းလာစားသူက အထုပ်တစ်ထုပ် အပ်သွား၊ အမေက အလွယ်တကူ 'ထားခဲ့ပါ၊ ကြည့်ထားလိုက်ပါ့မယ်'လို့ စိတ်ရင်းကောင်းကြီးနဲ့ ကူညီလိုက်တာ။ မကြာပါဘူး။ ရဲရောက်လာတယ်။ အထုပ်ထဲမှာ ဘိန်းစိမ်းတွေတဲ့။ ဒီလိုနဲ့ အမေ အချုပ်ခန်းထဲရောက် ခဲ့တာ။ ကျွန်တော် ထမင်းသွားပို့တော့ အမေတစ်ယောက်တည်း မစားပါဘူး။ ဘဝတူ မိန်းမတွေကို ဝေကျွေးတယ်။ ပြီးတော့ 'ဒါ ...ကျွန်မသား'လို့ ဝံ့ဝံ့စားစား မိတ်ဆက်ပေးလိုက်ပါသေးရဲ့။
    'တော့်သားက ...အားကိုးရသားပဲ'
    အားကိုးရဆို အမေနဲ့သား ခွန်အားချင်း၊ နှလုံးသားချင်း ဆက်နေတာကိုး။ မကြာပါဘူး အမှုမှန် ပေါ်ပေါက်ပြီး အမေလည်း အချုပ်က လွတ်လာတယ်။ အိမ် ပြန်ရောက်ပြီး ခဏလေးတောင် မနားတော့ ဘဲ 'ဘူတာ ပေါ်ကဟာတွေက ငါ့ကို ဖမ်းသွားတော့ စိတ်မကောင်း ချင်ဟန်ဆောင်ပြီး ကျိတ်ဝမ်းသာ နေတာ။ အခုကြည့် ဒီ ညနေရထားတွေ မီသေးတယ်။ ငါ ထမင်းပြန်ရောင်းမယ်'တဲ့။
    အမေ့ရဲ့ ခွန်အားတွေက ကျွန်တော်တို့မတား နိုင်လောက်အောင် ကြီးမားပြင်းထန်ခဲ့ပါတယ်။ အမေ့ရဲ့ ဘဝတိုက်ပွဲတွေဟာ ကြောက်ရွံ့နောက်တွန့်ခြင်းအလျဉ်း မရှိခဲ့ပါဘူး။ မင်းကြီးမဟာ ဗန္ဓုလ စစ်ချီသလိုမျိုး ဒဏ်ရာက သွေးတွေ ဒလဟောစီးကျနေသည့်တိုင် မျက်နှာတစ် ချက်မပျက်တဲ့ပုံမျိုး။ ဒီမျိုးစေ့က ပေါက်ဖွားရှင်သန်ခဲ့တဲ့ အမေ့သား၊ လောကဓံတိုက်ပွဲတွေကြား ဣန္ဒြေကြီးတစ်ခွဲသားနဲ့ နေနိုင်ခဲ့တာ ဘာဆန်းသလဲ။
    ကျွန်တော် အထက်တန်းကျောင်းသားဘ၀ ရောက်တဲ့အချိန်မှာတော့ အမေဟာ ဘူတာပလက်ဖောင်း ပေါ်ကနေ ရထားတွေပေါ် ခုန်တက်လိုက်ပါသွားတော့တယ်။ အမေ့ရဲ့ မှော်ခိုကုန်သည်ဘဝ၊ မော်လမြိုင်-ကျုံ ဒိုးဘက်ကနေ အချိုမှုန့်တွေ ရန်ကုန်ကိုသယ်၊ ရန်ကုန် တောင်ဥက္ကလာ (၁၀)ရပ်ကွက် ဈေးက အဝတ်အထည်တွေ အညာကိုသယ်၊ ကျွန်တော်တို့ ညီအစ်ကိုတွေက အမေပါလာမယ့် ရထား ကိုစောင့်။ အမေရထားပေါ်က ပစ်ချပေးတဲ့ အထုပ်တွေကို ကျွန်တော်တို့ မနိုင့်တနိုင် ထမ်းပိုးပြီး ရှာဖွေရေးတွေ၊ ရဲတွေကြားက ခြေကုန်သုတ် ပြေး။ စွန့်စားခန်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ ဒီဘဝတွေဟာ မေ့ရက်စရာမရှိပါ။
    'ဒီမြို့မှာတော့ ကျုပ်သားနေစရာ ကျောင်းမရှိတော့ဘူး။ အတန်းကုန်အောင် သင်ပြီးသွားပြီ၊ ကျုပ်သားကို ရန်ကုန်တက္ကသိုလ်ပို့မယ်'
    အမေ့ရဲ့ ဥဒါန်းစကား၊ တိုက်ပွဲခေါ်သံပမာ အလား ...။
    အမေ့စကားတွေက ကျွန်တော့်နှလုံးသားပေါ်မှာ ခုန်ပေါက်မြူးတူးအောင်ပွဲခံနေတယ်။ အမေ့ကို ကြည့်လိုက်တော့ အမေနှင့်တူသော အမေများစွာရာထောင် သိန်းသန်းမက ပွားများလာပါတယ်။ ကျွန်တော်ဟာလည်း အမေတစ်ဦးတည်းရဲ့သား မဟုတ်တော့၊ အမေမိခင်မှန် သမျှရဲ့သား၊ အမေအား လုံးကို ကျေးဇူးဆပ်ချင်တဲ့သား ပြည်သူလူထုကြီးရဲ့သား ...။
    လောကဓံတိုက်ပွဲ အခက်အခဲ အကျဉ်းအကျပ် ငတ်ပြတ်ဆင်းရဲမွဲတေ ...အဲဒီ အခြေအနေ ဆိုးကြီးထဲက ၁၀ တန်းစာမေးပွဲကို တစ်ပြည်လုံးမှာ စိတ်ကြိုက် မြန်မာစာဂုဏ်ထူး ပထမအဆင့်နဲ့ အောင်လိုက်တာကလည်း ဘဝရဲ့မှတ်တိုင်တစ်ခုပါပဲ။
    'ဒီမြို့မှာ င့ါသားနေစရာ ကျောင်းမရှိတော့ဘူး၊ တန်းကုန်သွားပြီ'
    အမေ့ရဲ့ ဥဒါန်းစကား၊ မနာလိုသူတွေကို မခံချင်အောင် ပြောတတ်လိုက်ပါတဲ့ ဒီစကားတစ်ခွန်းကို ယူဆောင်ပြီး ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်ခဲ့ပါတယ်။ အမေ့သားလေ ကိုယ့်ဟာကိုယ် ရွေးချယ်တဲ့ ဘာသာရပ်တွေကြောင့် ရန်ကုန်တက္ကသိုလ်ကြီးကနေ အရှေ့ ရိုးမတောင်တန်းတွေဆီ ရောက်ခဲ့ရပြန်ပေါ့။ ကိုးတန်း၊ ၁၀ တန်း ကျောင်းသားဘဝက အမေ့ကို ပြန်ပြောနှုတ် လှန်ထိုးမိတဲ့ အခါများမှာ 'မင်းက စာတတ်ကျူးလို့ ရူးနေတာ'လို့ အမေအော်ငေါက်ခဲ့တာလေး သတိရမိပါသေးတော့။ သြော် ငါတော့ ရူးပြီ။ အမေတွေကို လုပ်ကျွေး ကျေးဇူး ဆပ်ချင်လွန်းလို့ ရူးပြီ။ လောကမိခင်ကို အလှဆင်လွန်းလို့ ရူးပြီ။
    ရိုးမငှက်ဖျားကြောင့် ရူးမတတ်၊ သေမတတ် လူးလှိမ့်ခံစားနေရချိန်မှာ 'အမေ အမေ'နဲ့ ယောင်ညည်းနေတာတဲ့။ ကျွန်တော့်ကို ပြုစုတဲ့ ရဲဘော်တွေ၊ သူငယ် ချင်းတွေက ပြောတယ်။ ဟုတ်ပေ သား။ အဲဒီတုန်းက ဘုရားမရှိသေးတဲ့ဘဝဆိုတော့ ဘုရား မတမိ၊ ဘုရားမရှိ၊ တရားမရှိတဲ့ဘဝမှာ အမေ အမေလို့ တမ်းတရင်း အမေကို ရရှိခဲ့။ ကမ္ဘာလောကနဲ့ချီပြီး ပြင်းပြင်းထန်ထန်ပေါက် ကွဲနေတဲ့ စကားတွေကြား 'အမေ'ဆိုတဲ့ အရိုးသားဆုံး၊ အရင်းနှီးဆုံး၊ အယဉ်ကျေးဆုံး၊ အဆုံးမရှိသော စကားတစ်လုံးဟာ အချိန်မီရောက်လာခဲ့ပါတယ်။ တကယ်တော့ အမေနှင့် ကျွန်တော်တို့ကြားမှာ နှစ်ကာ လများ၊ နေရာဒေသများ အလွန့်အလွန်ပင် ဝေးကွာခြားခဲ့ပြီ။
    ကျွန်တော်ဟာ အရှေ့ရိုးမမှသည် အင်းစိန်ထောင်၊ ထိုမှတစ်ဖန် တောင်ပေါ်မြို့ကလေးဆီ ပြန်လာပြီး ကျောင်းဆရာ(ကျူရှင်ဆရာ)တစ်ယောက်အနေနဲ့ ဇာတ်မြှုပ်နေချိန်၊ အရက်ပုလင်းထဲမှာ ကျိန်စာမိပြီး သရဲတစ်ကောင်ကို ချုပ်နှောင်ထားသလို ခံစားနေရချိန် အဲဒီ လို အချိန်မျိုးမှာ အမေဟာ အချိန်မီ ရောက်လာခဲ့ပါတယ်။
    'လေဘာတီ မမြရင်တောင်မှ သေမလိုဖြစ်ခဲ့ရာက 'တုံးကျော်မ' သီချင်းနဲ့ ပြန်ကျော်ခဲ့သေးတာ ပဲကွယ်။ ဘာတဲ့ မသေလို့တွေ့ရ မေ့နိုင်ပါဦးမလား၊ တုံးကျော်မ လေဘာတီတဲ့၊ မမြရင်က တုံးကျော်မ၊ မင်းက ယောက်ျားပဲ၊ တောင်ကျော်နိုင်ရမှာတော့၊ ဒီလို သောက်နေလို့ကတော့ ချောက်ထဲကျဖို့ပဲ ရှိတော့တယ်'
    အမေက အလွန်အေးဆေးတည်ငြိမ်စွာ ပြောနေတယ်။
    'မင်းအဖေ မူးမူးနဲ့ဆိုခဲ့တဲ့ ရွှေမန်းတင်မောင် သီချင်းကို ထပ်ဆိုချင်သေးလို့လား'
    ကျွန်တော် ငြိမ်သက်နေရာက အဖေ့အသံကို ကြားယောင်လာမိသလိုလိုပါပဲ။
    'အို- လောကဓံ အသင်လောကဓံရယ်...ဆန်းကျယ်လွန်းလှတယ်။ တွန်းလှန်နိုင်တော့ဘူးကွယ်' ကျွန်တော် အမေ့မျက်နှာကို ဖျတ်ခနဲငေးကြည့်လိုက်စဉ်မှာ ...
    'ရွှေမန်းတင်မောင်က ဒီသီချင်းတစ်ပုဒ်တည်း ဆိုခဲ့တာမှ မဟုတ်ဘဲ။ အောင်ပါစေ သီချင်းလည်း ဆိုခဲ့တယ်လေ'
    စာမတတ်တဲ့ အမေဟာ သူ့ဘဝအတွေ့အကြုံတွေထဲက ဒဿနထုတ်ပြီး ကျွန်တော့်ကို အရက်အိုးထဲက ဆွဲထုတ်နေပါပြီ။ 'အောင်ပါစေ သပြေနုခက်ေ၀ ရေချမ်းလောင်းလို့ တောင်းဆုပန်ခြွေ၊ မြန်မာပြည်သူ ပြည်သူအားလုံး ကျန်းမာချမ်းသာစေ'ဆိုတဲ့ ရွှေမန်းရဲ့ သီချင်းသံ ရှင်သန်နိုးထလာပါ တယ်။ အမေ့ကိုလည်း တအံ့တသြ ငေးကြည့်နေမိတယ်။ ဘဝဒဏ်ရာဒဏ်ချက်တွေက သက်သာလာခါစ အမေဟာ ပကတိ နုပျိုအား သစ်နေဆဲ၊ ဒီအချိန်မှာ အမေဟာ ပင်ပင်ပန်းပန်း ဝမ်းစာရှာစားရတဲ့ ဘဝမျိုးမဟုတ်တော့ပါဘူး။ အမေ့သား သမီးတွေအားလုံး ပညာတတ်တွေ ဖြစ်သွားကြ၊ အလုပ်အကိုင်တွေ အဆင်ပြေကြ၊ မိဘတွေကိုလည်း တစ်လှည့် တစ်ဖန် ပြန်လည်စောင့်ရှောက်ကြနဲ့မို့ အမေ့ဘ၀ ပြန်လည် အားပြည့်နေတဲ့အချိန်၊ ဒီအချိန်မှာ သားအကြီးဆုံး ကျွန်တော်တစ်ယောက်သာ ပိန်လိန်နေ တာကို အမေ ကြည့်ရက်ပုံမရဘူး။
    'ရည်ရွယ်ချက်ကြီးသလောက် ခရီးမရောက် ဘူးဆိုရင်တော့ လမ်းမှားနေလို့ပဲ'
    ကျွန်တော့်ကို လာပြောနေသူဟာ အမေမှ ဟုတ်ပါလေစဆိုတဲ့ သံသယမျက်လုံးတွေနဲ အမေ့ကို ကြည့်ငေးနေမိတယ်။
    'ငါတို့ ကုန်ကူးတုန်းကလို ပေါ့ကွယ်။ မော်လမြိုင်က ဟင်းချိုမှုန့်တွေ ခက်ခက်ခဲ သက်စွန့်ဆံဖျား သယ်လာခဲ့ရတာ၊ မန္တလေး ဝယ်လက်ရောက်လို့ စစ်ကြည့်လိုက်ပါမှ ဆားတွေဖြစ်နေတာ တွေ့ရတယ်။ အရင်းပြုတ်ပြီး ပြန်လာတော့ ဒီလောက် အçရပါ့မလားဆိုပြီး မင်းအဖေက င့ါကို ရိုက်တယ်၊ မင်းဖြစ်နေတာ ဟင်းချိုမှုန့်နဲ့ဆား နဲ့မှားတာမျိုး မဟုတ်ဘူး။ အယူဝါဒမှားလို့ လောကဓံက ရိုက်တာ'
    ကျွန်တော် အံ့သြရုံမက တုန်လှုပ်လို့ပင် လာပါတော့တယ်။
    'ဆိုရိုးစကားရှိသားပဲကွဲ့၊ ကုန်ရှုံးရင်တစ်ခေါက် လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်ဆိုတာ တို့မိန်းမတွေကို ပြောတဲ့စကားပါ၊ မင်းတို့ ယောက်ျားတွေအတွက်တော့ ဘာသာအယူဝါဒမှားရင် တစ်သံသရာလုံးမှောက် လို့ပြောရမလားပဲ'
    အမေက တည်တည်ငြိမ်ငြိမ် ပြောနေသလောက် ကျွန်တော့်မှာ ဆောက်တည်ရာမဲ့သူလို လှုပ်ရှားသွားကာ ...'အမေဒီစကားတွေ ဘယ်က တတ်လာတာလဲ'လို့ မေးလိုက်ပါတယ်။
    'ပြောမယ်လေ ...ပြောမယ် ...စလေ ငခွေးအကြောင်း ကျန်သေးတယ်'
    'ဗျာ ...စလေငခွေး'
    'ပုံပြင်လား၊ ရာဇဝင်လားတော့ ငါမသိဘူး။ မင်းမသိနိုင်သေးတဲ့ ဆရာတော်ကြီးတစ်ပါးက တရားထဲမှာ ထည့်ဟောသွားတာ၊ ငါလည်း ရွှေကျောင်းကုန်း တောင်ပေါ်မှာ ဆွမ်းချက်ကူရင်း ... ပန်းကန်ဆေးရင်းဆိုသလို နာလိုက်ရတာပါ။ တရားပွဲမှာ ရှေ့ဆုံးက မိန့်မိန့်ကြီးထိုင်ပြီး နာခဲ့ရတာတော့ မဟုတ်ဘူး။ ဒီလိုကွဲ့၊ စလေငခွေးဟာ ပုဂံမြို့ကြီးဆီ လှေထိုးလိုက်လာရင်း လမ်းခရီးမှာ အိပ်မက်မက်တာကိုး၊ သူ့အူတွေ ဗိုက်က ထွက်ပြီး ပုဂံမြို့ကြီးကို ရစ်ပတ်သွားတယ်တဲ့၊ အိပ်မက်အရ ပုဏ္ဏားက စလေငခွေးကို ဧကံမင်းဖြစ်မယ်လို့ ဟောလိုက်တယ်၊ စလေငခွေးက ကိုယ့်အိပ်မက်ကိုယ် ယုံတယ်ကွဲ့'
    'ပြောပါဦး'
    အမေပြောမှပဲ ကျွန်တော်ကြားဖူး၊ ဖတ်ဖူးခဲ့သော စလေငခွေးရာဇဝင်ဟာ အသစ်ဖြစ်လာ ပါတော့တယ်။
    'စလေငခွေးဟာ လှေထိုးရင်း သူ့ထိုးဝါးလှော်တက်မှာ ကြေးလင်ပန်း ခုနစ်ချပ်ငြိပြီး ပါလာသတဲ့။ မင်းဖြစ်မယ်လို့ ဟောထားတာ ကြေးလင်ပန်းနဲ့ ကျိန်းကြေသွားမယ်ဆိုပြီး ကြေးလင်ပန်းတွေ မြစ်ထဲပြန်စွန့်ပစ်တယ်။ နောက်တစ်ခါ ငွေလင်ပန်း၊ ရွှေလင်ပန်းတွေလည်း ဒီလိုပဲကွဲ့၊ ထိုးဝါးမှာ ငြိလာပေမယ့် မယူဘူး။ စလေငခွေးက သူ့အိပ်မက်သူ ယုံတယ်။ မင်းဖြစ်ရမယ်ဆိုတဲ့ အိပ်မက်လေ၊ တကယ်လည်း ပုဂံရာဇဝင်မှာ ထင်ရှားတဲ့ မင်းတစ် ပါးဖြစ်လာသတဲ့'
    'အဲဒီတော့'
    'အဲဒီတော့ကွယ် လူတွေဟာ ရွှေငွေကြေးလင်ပန်းတွေလောက်နဲ့ လမ်းဆုံးသွားကြမယ်၊ မင်းစည်းစိမ်နဲ့တူတဲ့ နိဗ္ဗာန်နန်းကို ရောက်အောင်ဆက်မလျှောက်ကြပါ ဘူးတဲ့၊ လင်ပန်းတွေဆိုတာ နိဗ္ဗာန်ချမ်းသာနဲ့စာလိုက်ရင် အဝေးကြီးကွယ်၊ ဆရာတော်ကြီးဟောတာကို ငါသဘော ကျလွန်းလို့ ကွယ်၊ ပန်းကန်ပဲဆေးဆေး၊ ထမင်းပဲချက်ချက် ငါစေတနာနဲ့လုပ်တယ်'
    အမေပြောချင်တာကို ကျွန်တော်မြင်လိုက်ပါပြီ။ ကိုယ့်အိပ်မက်ကိုယ် ယုံကြည်ခဲ့တဲ့ စလေငခွေးမှသည် 'ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်'ဆိုတဲ့ မာတင်လူသာကင်းအထိ ကျွန်တော်မြင်လိုက်ပါပြီ။ ကျွန်တော့်အိပ်မက်တွေသာ အရက်ခွက်ထဲ အရည်ပျော်သွားပြီးတော့ အသက်ပင်သေသေဆိုပြီး ကျွန်တော်တို့ဘဝတွေကို စတေးပေးဆပ်ခဲ့သမျှတွေကလည်း ကြေးလင်ပန်းခုနစ် ချပ်လောက်မှ တန်ဖိုးရှိပါလေစ ...။
    'ကျွန်တော်ဆရာတော်ကြီးကို ဖူးချင်လိုက်တာ အမေရယ် ...တရားလည်း နာချင်တယ်'
    'ဆရာတော်ကြီးက ရွှေကျောင်းကုန်းတောင်ပေါ်မှာ ဂူအောင်းပြီး တရားကျင့်နေတာ။ တစ်နှစ်တစ်ခါ လောက်ပဲ ဂူထဲကထွက်တာတဲ့ မင်းနဲ့ထိုက်ရင်၊ စေတနာမှန်ရင် ဖူးရမှာပေါ့'
    အမေက ဒီလောက်ပဲပြောပြီး အဝေးကြီးကို ပြန်သွားခဲ့ပေပြီ။ အမေရေ ...ကျွန်တော် အရက်ခွက်ကို လွှတ်ချလိုက်ပါပြီ။ အဝိဇ္ဇာဥခွံ ကွဲသွားခြင်းနဲ့အတူ ဝိဇ္ဇာအလင်းရှိရာဆီ ဦးတည်နေမိခဲ့ပါပြီ။ ဟိုယခင်က ရည်ရွယ်ချက်ကြီးသလောက် ခရီးမရောက်ခဲ့တာ လမ်းမှားသွားခဲ့လို့ပါ။ အခုတော့ စေတနာမှန်၊ လမ်းကြောင်းမှန် ဘာကိုဘယ်လိုငဲ့ကွက်နေစရာ လိုပါတော့သလဲ။ ရဲရဲလျှောက်၊ ရှေ့ဆက်လျှောက် လိုက်ချင်သူတွေကို စောင့် ခေါ်၊ တွဲခေါ်ပြီးတော့လျှောက် ခရီးပန်းတိုင်ရောက်အောင် လျှောက် ...။
    ဒီလိုနဲ့ ကျွန်တော်ဟာ အမေညွှန်ပြခဲ့တဲ့ ရွှေကျောင်းကုန်းဆရာတော်ကြီး ရှေ့မှောက်ရောက်ခဲ့ပါတယ်။ ရွှေကျောင်းကုန်းဆရာတော်ဆိုတာ နောင်အခါ မှာတော့ 'မဟာဗောဓိမြိုင်ဆရာတော်ဘုရား ကြီး'ရယ်လို့ အထူးပင် ကျော်ကြားတော်မူလာခဲ့ပါတယ်။ ဆရာတော် ကြီးရဲ့ တရားတော်များကို ကျွန်တော် အများကြီးရေး သားပူဇော်ပြီးခဲ့ပါပြီ။ အမေ့ရဲ့ ကျေးဇူးတကာ ကျေးဇူးတွေထဲမှာ ဆရာတော်ကြီးထံမှောက် အရောက်ပို့ခဲ့သော ကျေးဇူးက ထူးခြားလွန်မြတ်သော ကျေးဇူးပါဟူ၍ ... အမေ့ ကျေးဇူး နဖူးဦးတိုက် ကန်တော့လိုက်ပါတယ် အမေ။ (မောင်သွေးချွန် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

facebook Page Channel

X(Twitter) Channel

Viber Channel

Telegram Channel

Youtube Channel

Tiktok Channel

 

Total Views ~ 437

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42995

© 2022 - 2025 News. All Rights Reserved.