မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ စစ်ကိုင်းတောင်ရိုးမှာ နှစ်မိုးနှစ်ဝါ

၂၀၂၄ ဇန်နဝါရီ ၂၈

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး ဖူးကြီးမှ စစ်ကိုင်းတောင်သို့ ကြွတော်မူလာစဉ်အခါက သက်တော် (၄၅)နှစ်၊ ဝါတော် (၆) ဝါမျှသာ ရှိပါသေးတယ်။ ဝါငယ်သလောက် ဂုဏ်သတင်းကတော့ ကြီးလှတယ် ဆိုရပါမယ်။ စစ်ကိုင်းတောင် မြန်အောင် ချောင်သို့ရောက်ပြီး တစ်ပတ်အတွင်းမှာပင် ရန်ကုန် ဒကာမများ တစ်သုတ်ပြီးတစ်သုတ် လိုက်လာကြပါတယ်။ သူတို့ကတော့ ကြည်ညိုလို့ လိုက်လာကြတာ၊ ဆရာတော်မှာတော့ စိတ်မသက်မသာ၊ စစ်ကိုင်းတောင် ရောက်တာမှ မကြာသေး၊ ကောလာဟလ သတင်းများကလည်း ပလူပျံသလို ထွက် ပေါ်နေခဲ့ပါပြီ။
    'ဖူးကြီးကနေ စစ်ကိုင်းအထိ ခြေလျင်ကြွလာတဲ့'
'ဖူးကြီးမှာ သံတမန်တွေ၊ သံအမတ်တွေ၊ နိုင်ငံခြားသားတွေပါ ရောက်လာလို့ ရွှေ့လာရတာတဲ့'

    ဒီသတင်းတွေက တောင်ရိုးပျော် သီလရှင်တွေကြား အပြောများပြီး ပျံ့နှံ့နေတော့ရာ ဆရာတော်မှာ ရောက်စမှာပင် အနေကျဉ်းကျုတ်လျက်ရှိပါတော့တယ်။ ဒါကြောင့် မြန်အောင်ချောင်ဆရာတော်ရဲ့ အကူအညီနဲ့ အရှေ့ပရက္ကမချောင်သို့ ပုန်းရှောင် ပြောင်းရွှေ့ခဲ့ရပါတော့တယ်။  ၁၃၄၈ ခု ဝါဆိုလပြည့်ကျော် ၁ ရက် ညနေ ၃ နာရီ ရောက်မဆိုက်မှာပဲ"တောထွက်ဆိုတာ သိမ်ကထွက် ကတည်းက ခေါင်းရင်းတက် တင်ပျဉ်ခွေထိုင်တာမျိုး" လို့ နှုတ်ခွန်းဆက် မှတ်ချက်ပေးတာ ခံရပါတယ်။
    အဲဒီနောက် ဝါးချက်ရွာက ဆွမ်းခံပြီးအပြန် ဆရာတော်ကြီးတစ်ပါးဦးဆောင်တဲ့ သံဃာတော် ၁၀ ပါးခန့်နဲ့ ထိပ်တိုက်ကြုံရလေရာ ဆရာတော်ကြီးက... "ဟေ့...ဟိုရှေ့က ကိုယ်တော်က တောထွက်လား၊ ငယ်ဖြူလား"လို့ နောက်ပါ သံဃာကို မေးလိုက်ပါတယ်။
    "တောထွက်ကြီးပါ ဘုရား"
    "အံမာ တောထွက်ကများ ဣန္ဒြေဆည်လို့"

    အဲဒီလို မိန့်ကြားပြီး ဝါးနှစ်ပြန်လောက်ရောက်တဲ့အခါ တောထွက်ဆရာတော်ကို စိမ်းစိမ်းဝါးဝါး ရှုကြည့်လျက် လက်ထဲကတောင်ဝှေးကြီးဖြင့် မြေကြီးကို တအားဆောင့်ထိုး ထိုးကာ လမ်းဖယ်ပေးဖို့ အရေးဆိုပါ တော့တယ်။
    'ငါတို့သည်လည်း ထိုဆရာတော် ဘုရားကြီးနှင့် ထိုသံဃာတော်များ လွတ်ကင်းရာ လမ်းဘေးသို့ ဖယ်ရှောင်ပေးပြီး ထိုဆရာတော်ကြီးနှင့် သံဃာတော်များ မဝေးကွာမချင်း ရပ်လျက်ကသာ အရိုအသေပေးခဲ့၏။ စစ်ကိုင်းတောင်ကား တောထွက်များ ကြေးမရသော တောင်ပေတကား' (၂၀၁၂၊ စက်တင်ဘာထုတ်၊ ဘ၀ ကန္တာရ သင်္ကေတကထာ၊ စာ၊ ၃၁၁)
    အရှေ့ ပရက္ကမချောင်ရဲ့ ချောင်ပိုင်ဆရာတော်မှာ ဦးသီလဖြစ်ပါတယ်။ ဆရာတော်ထက် သက်တော်ဝါတော်ကြီးပါတယ်။ အရှေ့ပရက္တမချောင်ရဲ့ ကျောက်တောင်ကြီးကို ထွင်းဖောက်ထားတဲ့ လိုဏ်ဂူတော်ကြီးထဲမှာ ဆရာတော်ကို နေရာချထားပါတယ်။ ဦးသီလက လိုဏ်ဂူတစ်ခုမှာ သီးခြား သီတင်းသုံးပါတယ်။ ဆရာတော်ဟာ ဆွမ်းခံလို့ရသမျှ တစ်ပါးစာချန်ပြီး ဦးသီလ အပါအဝင် သံဃာတော်များသို့ လှူဒါန်းလေ့ရှိပါတယ်။ ဆွမ်းစားပြီးနောက် ဆရာတော်ဟာ တစ်နေ့လုံး၊ တစ်ညလုံး ဂူပြင်မထွက်၊ ဂူထဲမှာပဲ အားထုတ်တော်မူပါတယ်။ ဆရာတော်ရဲ့ အကျင့်သိက္ခာဂုဏ်သတင်းက သီလရှင်တို့ ရဲ့ ပါးစပ်ဖျားမှတစ်ဆင့် စစ်ကိုင်းတောင်တစ်ရိုး ပျံ့နှံ့ လွှမ်းမိုးလို့လာခဲ့ပေပြီ။ ဝါမကျွတ်မီ တစ်ရက်မှာတော့ ဆရာတော်ဦးသီလက ...သည်ချောင်ကို အပ်နှံလိုပါတယ်။ တာဝန်ယူမည့်သူရှိရင် မနက်ဖြန် သပိတ်တစ်လုံးနဲ့ ထွက်ချင်ပါတယ်'တဲ့။ ဆရာတော်ကို သွေးတိုးစမ်းတဲ့ စကားလေလား။
    မကြာခင်မှာပဲ ပတ္တမြားစေတီအနီးက ရွှေဂူချောင်မှာ သီတင်းသုံးဖို့ ဆရာတော်ကို လာရောက်လျှောက်ထားသူတွေ ပေါ်ပေါက်လာရာ 'ကျောင်းမလိုချင်လို့ တောထွက်လာပါသည်ဆိုသော စကား၊ လက်တွေ့မျက်မြင်နဲ့ တခြားစီ'လို့ ဝေဖန်တဲ့စကားကြားလာရ ပြန်ပါတယ်။
    'မေတ္တသုတ်လာ နစခုဒ္ဒမာစရေ ကိဒ္ဓိ၊ ယေန ဝိညူဝဒေ ဥပဝဒေယျုံ၊ ပညာရှင်တို့ ပညာဖြင့် နှိပ်စက်မည့် ကိစ္စမှန်သမျှ တစ်ဆံမြူမျှ ငါမကျင့်ဟူ၍ ဆိုသော မေတ္တာခံ စကားသည် ဆူးကြား လမ်းသလားရသည်ထက် ခက်နေချေသေး၏။ အတူနေပညာရှိကြောက်သဖြင့် အဝေးရောက်သွား၊ အဝေးပညာရှိများက ကော်ကြ၊ ခတ်ကြ၏။ တစ်ဖန်အဝေး ဆူမခံလိုသဖြင့် အနီးပညာရှင်ထံ ကပ်ပြန်သော် ပညာမာန်၏ အပူဒဏ်က ဆတ်ဆတ်လူး ခံရပြန်၏။' (၎င်း၊ စာ-၃၁၄)
    ဓမ္မစကြာစင်္ကြံ ကျောင်းကထိန်ခင်းချိန် ဆွမ်းခံကအပြန် ကျောင်းဒကာ၊ ကျောင်းအစ်မတွေကို ဆရာတော်ဦးသီလရဲ့ တွေ့ဆုံပေးမှုဖြင့် အာလာပသလ္လာပစကား ခေတ္တမျှ ပြောကြားမိပါတယ်။ ကျောင်းဒကာတွေလည်းပြန်ရော ဦးသီလက ခေါ်ယူဆုံးမပါတော့တယ်။ 'တပည့်တော်တို့က ကျောင်းဒကာ၊ ကျောင်းအစ်မဆိုပြီး စကား လက်ခံပြောလေ့မရှိဘူး၊ ပြောသော်မှ သူများလို စကားဆန်းမပြောတတ်ဘူး တဲ့။ ခက်တော့ခက်ပါပြီ။ ပြီးတော့ ကျွန်းလှမြို့မှ ဒကာကြီးတစ်ဦး ဘိုးသီလထံ ရဟန်းခံပြီး တစ်လမျှ တရားအားထုတ်မယ်ဆိုပြီး ရောက်လာပါတယ်။ ဘိုးသီလက ရဟန်းခံပေးခဲ့ပြီး တရားကျင့်ရန်အတွက် ဆရာတော်ဆီမှာ အပ်နှံပါတယ်။ အသက် (၆၀)ကျော်မှ ဒေသနာကြားခြင်း၊ ဥပုသ်ပြုခြင်း စသော ရဟန်းကိစ္စများအတွက် စာကျက်တာနဲ့ အချိန်ကုန်သွားမှာစိုးလို့ တရားဆိုတရား၊ တရားကိုသာ ပွားများနေမှ တိုးတက်မယ်လို့ သြဝါဒပေးမိပါမှ ပြဿနာ တက်ပါလေရော။ (ဘိုးသီလဒေသနာကြား ကျက်ခိုင်းထားတာကို ဆရာတော် မသိခဲ့တဲ့အတွက် စာကျက်မနေနဲ့၊ အား ထုတ်လို့ပြောမိခဲ့ခြင်း ဖြစ်ပါတယ်။)
    နောက်တစ်နေ့ ဘိုးသီ(ဦးသီလ)က ဆင့်ခေါ်  မိန့်ကြားပါတော့တယ်။
    'အရှင်ဘုရား ရှေ့ကဦးဆောင်ချင်လျှင် တပည့်တော် နောက်ကလိုက်မည်၊ ကြိုက်သလို ဦးဆောင်ပါ၊ အဲ ...တပည့်တော် ဦးဆောင်နေတာတော့ ဝင်မရှုပ်နဲ့ နောက်လိုက်က နောက်လိုက်အတိုင်း နေ'
    သင်ခန်းစာတစ်ခု တိုးခဲ့ရလေပြီ၊ ဒီလောက်နှင့် မပြီးသေး၊ တပည့်ဒကာတစ်ဦးဖြစ်သူ ဒေါက်တာ မြသွင် (စိုက်ပျိုးရေးသုတေသနဌာန)က အရှေ့ပရက္ကမတွင် ဒုလ္လဘဝတ်ချင်လို့ စစ်ကိုင်းက တပည့်နှစ်ဦးကိုလွှတ်ပြီး ဆရာတော်ကို ကြိုတင်အကြောင်းကြားစေပါတယ်။ အဲဒီ ဒကာနှစ်ဦးက ဆရာတော် ပြန်ကြွလာမည့် အချိန်မှန်းပြီး သရက်ပင်ကြီး အောက်က ခုတင်ကြီးပေါ်မှာ ထိုင်စောင့် နေကြပါတယ်။ ဒါပေမဲ့ ဆရာတော်နဲ့ လွဲသွားပါတယ်။ ဆရာတော်က ဂူထဲတောင် ဝင်သွားခဲ့ပါပြီ။ ချောင်မှာ ဝေယျာဝစ္စလုပ်တဲ့ မိပဲနှင့်ဒကာကြီးတစ်ဦးတို့က ဒုလ္ဘဘရဟန်းခံကိစ္စ ချောင်ပိုင်ဆရာတော် (ဦးသီလ) ကို လျှောက်ထားရမည်လို့ ပြောပြပါတယ်။ ဒါပေမဲ့ အဲဒီဒကာကြီး နှစ်ယောက်ဟာ ဆရာတော် ဦးသီလကြွလာသော်မှလည်း လာရင်းကိစ္စကို မလျှောက်ထားကြ၊ ခုတင်ကြီးပေါ်မှာ မိန့်မိန့်ကြီးထိုင်နေလျက်က ဆရာတော်ကြွလာတာကို ဂါရဝမပြုကြ၊ ခုတင်ပေါ်ကဆင်းပြီး ရှိမခိုးကြ၊ ဆရာတော်ဦး သီဟကမေးမှ လျှောက်ထားကြရာ ဆရာတော်ကတော့ ဒုလ္လဘရဟန်းခံဖို့ ခွင့်ပြုလိုက်ပါတယ်။ ခွင့်ပြု လိုက်ပေမယ့် ကသိကအောက်ဖြစ်နေမှာတော့ အမှန်ပါပဲ။


    အဲဒီနောက် ရန်ကုန်မှ ဦးခင်ဖေမြင့်ဆိုတဲ့ ဒကာရောက်လာပြန်ပါတယ်။ သူက အရှေ့ ပရက္ကမချောင်မှာ အဓိဋ္ဌာန်ဝင်လေ့ရှိသူ ဖြစ်ပါတယ်။ သူနှင့်အတူ ထိုစဉ်က(မဆလခေတ်) သမဝါယမဝန်ကြီး ဦးသန်းလှိုင် လှူဒါန်းခိုင်းလိုက်တဲ့ လှူဖွယ်ပစ္စည်းများလည်း ပါလာပါတယ်။ တစ်နံနက် ဆရာတော်ဦးသီလဟာ အရုဏ်ဆွမ်း စားနေရင်းက မိန့်ကြားလိုက်ပုံဟာလည်း ဆရာတော်ကို တည့်တည့်ထိပါတယ်။
    'ဧည့်သည်က ဧည့်သည်တာဝန်ကျေလျှင် ကောင်း၏။ အိမ်ရှင်က အိမ်ရှင်တာဝန် ကျေကျေပွန်ပွန် ဆောင်ရွက်ပေးနေပါလျက်က ဧည့်သည်က ကိုယ့်တာဝန် ကိုယ်ကျေအောင် မဆောင်လျှင် မကောင်းဆိုပြန်၏။ ဒကာမြသွင် ရဟန်းခံကိစ္စ ငါတို့က လက်ခံထားသည် အမှတ်ဖြင့် ပြောဆိုချင်းဟု ဆို၏။ ဦးခင်ဖေမြင့်သည် ငါတို့ ဂူတွင်းချက်ခြင်းလာပြီး ထိုကိစ္စလျှောက်၏။ မြုံလိုသော မြုံခြင်းငှာ မသင့်တော့ပြီ။'
    'တပည့်တော်ဂူတွင်းမှာ တစ်ပါးတည်းနေ လျက်ရှိပါသည်။ ဘယ်သူမှလည်း မလာပါ။ တပည့်တော် ဒကာ၊ ဒကာမမှန်သမျှ အရှင်ဘုရားနှင့်တွေ့ပြီးမှသာ တပည့်တော်ဆီ ရောက်တတ်ပါတယ်။ အရှင်ဘုရား သဘောမကျပါက ကြိုက်သလို နှင်လွှတ်နိုင်ပါသည်။ တပည့်တော်နှင့်ပတ်သက်သော ဒကာ ဒကာမအားလုံး အရှင်ဘုရားကို အစကပင် အပ်နှံပြီး ဖြစ်ပါသည်။
    သို့ပါလျက် ဘာ့ကြောင့် တပည့်တော်ကို ရန်လုပ်ချင်ရပါသလဲ'
    ထိုသို့ လျှောက်ထားသောကာလ ဘိုးသီလကား ပြုံးလျက်သာ ခံတော်မူရှာ၏။ ခွန်းတုံ့မပြန်။' (စာ-၃၁၆)

    ဆရာတော်ဦးသီလဟာ ဝါသနာအလျောက် ပြောဆိုခဲ့တာဖြစ်ပေမယ့် ခံရသူမှာတော့ မသက်သာ။ ဒါကြောင့် 'ဘိုးသီလ၏ ဝါသနာကြားဝယ် မချိမဆံ့သာ ရှိချေတော့၏'လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 'ဝါသနာသည် တူသူချင်း၌မျှသောအားဖြင့် မ,စတတ်လှချေ၏။ ဝါသနာသည် မတူသူနှင့် တွေ့ရာ၌ကား မမျှသောအားဖြင့် ချတတ်လှ၏။ ဝါသနာချင်း မတူသူနှစ်ဦးဆုံတွေ့ ကြပါလေသော် ရေနှင့်မီး ရင်ဆိုင်တိုးမိကြသည့်ပမာ များရာက အဆသာ၊ အဝါးသာအားဖြင့် လွှမ်းမိုးခြင်း၊ အလွှမ်းမိုးခံရခြင်းများ ဖြစ်ပွားလာတတ်၏'လို့ ဆိုပါတယ်။ (စာ-၃၁၆)
    'ဘိုးသီလကိုကား ငါကြည်ညို၏။ ငါတို့ကိုလည်း ဘိုးသီလေးစားသည်ကား အမှန်၊ ဝါသနာခံချင်း မတူညီသည်သာ ဆိုစရာရှိ၏။ ငါတို့ ဂူရှေ့ တံမြက်စည်း လှည်းပေး၏။ ငါတို့ဂူအထက်ရှိ ရေကန်သို့ ၎င်းကိုယ် တိုင်စက်ဖြင့် ရေတင်ပေးသေး၏။
    'မလုပ်ပါနှင့်ပါဘုရား၊ တပည့်တော်က ဝါငယ်သူဖြစ်ပါသဖြင့် လုပ်ပေးစရာရှိက တပည့်တော်ကသာ လုပ်ပေးရမှာပါ' လျှောက်ထားသော် 'အို ...မဟုတ်ဘူး၊ အရှင်ဘုရားက ခရီးတိုသွား၊ တပည့်တော်က ခရီးရှည်သမားရယ်' မိန့်ကာ လုပ်ပေးမြဲပင် လုပ်ပေးခဲ့ပါ၏။ သို့ကြောင့် ဝါသနာနှင့် စေတနာ ရေရေရာရာ ခွဲခြားသိနိုင်၏။ ရံတစ်ခါ ဥပုသ်ပြုပြီးသဖြင့် စကားစပ်မိသွားလေ သောအခါ ...
    'တပည့်တော်ပါးစပ်ကြီး မကောင်းမှန်းလည်း တပည့်တော်သိတာပဲ။ ဒါပေမဲ့ ပြင်မရတော့ဘူး ဘုရား၊ တစ်ခါတလေ အားငယ်မိသေးတယ်။ နင်သည်ပါးစပ် ကြီးကြောင့် သေအထိ ဘယ်သူမှလည်း နင့်အနားကပ်ချင်မှာ မဟုတ်တော့ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် တွေးမိသေးတယ်' ဟူ၍လည်း မိန့်သေး၏။ ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ စွပ်စွဲလိုခြင်းများကို သတိအားဖြင့် ထိန်းမထား နိုင်သည်က ဟာ ကွက်တည်း။' (စာ-၃၁၇)
    သီတင်းသုံးရာ ဂူကြီးအကြောင်းကိုလည်း ဒီလို ဖော်ပြထားပါတယ်။
    'နေ့အခါ အေး၏။ ညအခါ အလွန်ပူ၏။ ဆောင်းလအခါများ၌ ရေနွေးအိုးကြီးထဲ ဝင်ထိုင်နေရသည့်ပမာ လွန်စွာပူအိုက်လှတော့၏။ နွေလအခါများ၌ကား ရေခဲတိုက်ကြီးအတွင်း ဝင်ဆင်းနေရသည့်ပမာ ခိုက်ခိုက်တုန်စွာပင် နေရ၏။ မိုးလခါများ၌ကား မြေခိုး၊ ရေခိုးများ အမှုတ်ခံနေရသဖြင့် ပူသော၊ အိုက်သောဒဏ် အလူးအလှိမ့်ခံနေရ၏။ ထိုသုံးမျိုးတို့တွင် ဆောင်းလသည် အထိခိုက်ဆုံးတည်း။ အသားတို့ကို ပေါင်းအိုးတွင်း ထားလျက်က အတွင်းသားမျှ (အကောင်မပျက်) နူးစေ နပ်စေသည့် သဘောမျိုးကို ဆောင်နေချေ၏။ နံနက် ဂူမှထွက်၍ နေရောင်ဘက် သို့မဟုတ် နေရောင်ကျရာဘက် မျက်နှာလှည့်မိသော် မျက်ရိုးများကိုက်နေချေတော့၏။ မျက်ရည်များ တောက်တောက်ကျ၏။ နှာရည်များ လည်း စက်စက်ယို၏။ ဂူတွင်း၌လည်း နံနက်အိပ်ရာအထ ၃ နာရီလမ်းထလျှောက်က ခန္ဓာသည် ကြာလေ လေးလံလေသာ ရှိချေရကား စင်္ကြံကမ္မဋ္ဌာန်းပွားများခြင်းကိစ္စအား လုံးဝပင် ရပ်နားထားရချေပြီတကား။} (စာ-၃၁၇)
    'တစ်ဖန် အာဟာရကား တစ်ဆောင်း၊ တစ်နွေ လုံးလုံး ဝါးချက်အလှည့်တွင် ၁၅ ဦးမှ၊ အယောက် ၂၀ အတွင်းသာ ကျန်ရှိတော့ရကား သပိတ်တစ်ဝက်ပင် မရှိပြီ'
    ဆရာတော်ဟာ ရွာထောင်ရွာနှင့် ဝါးချက်ရွာတို့ကို တစ်လှည့်ဆီ ဆွမ်းခံလေ့ရှိရာ ဆောင်းနှင့်နွေမှာ ဝါးချက်ရွာတစ်ရွာလုံးနီးပါး အပြင်ထွက်ပြီး အလုပ်လုပ် လေ့ရှိတာကြောင့် ဆွမ်းလောင်းသူ နည်းသွားခဲ့ခြင်းဖြစ်ပါတယ်။ ရလာသမျှ ဆွမ်းဟာ သပိတ်တစ်ဝက်ပင် မရှိတော့ပါပြီတဲ့။ အဲဒီ ဆွမ်းတွေ အကုန်လုံးကိုလည်း ဆွမ်းလှယ်အုပ်ထဲ ပြောင်းထည့်ပြီး အခြားသံဃာများကို လှူဒါန်းလေ့ရှိပါတယ်။ ဆွမ်းလှယ်အုပ်ထဲထည့်၊ ပိုတဲ့ ဆွမ်းကိုသာ စားမည်ဆိုတဲ့ အဓိဋ္ဌာန်ကြောင့် ဆွမ်းပိုမကျန်တော့လို့ ခုနစ်ရက်လုံးလုံး ဆွမ်းမစားဘဲ နေခဲ့ရပါတယ်။
    တစ်ခါတစ်ရံတော့ဖြင့် ဘီစကွတ်လေး နှစ်ချပ်၊ သုံးချပ်၊ ဗယာကြော်လေး နှစ်ခု၊ သုံးခုလောက်တော့ စားရပါရဲ့။ ဆွမ်းလောင်းသူ ၁၅ ဦးမပြည့်တော့ဘူးဆိုရင် စားစရာ နတ္ထိဘာမှ မရှိတော့ပါဘူး။ ဆွမ်းခံကအပြန် သရက်ပင်ကြီးအောက်မှာ ဆွမ်းလှယ်အုပ်ထဲသပိတ်ထဲက ဆွမ်းတွေ လှူဒါန်းပြီးချိန် သရက်ပင်အောက်က စောင့်ပြီး ဆွမ်းလောင်းသူရှိတဲ့နေ့တွေမှာသာ ဆွမ်းစားခွင့်ရခဲ့ပါတယ်။ ဒါလည်း 'ရံတစ်ခါမျှသာ'လို့ ဆိုပါတယ်။ တကယ်တော့ ဆရာတော်ဟာ ကိုယ်ခံလာတဲ့ဆွမ်း ကိုယ်စားခွင့် ရှိနေပါလျက်နဲ့ အဓိဋ္ဌာန်မပျက်အောင် အခြားသံဃာများကို လှူဒါန်းခဲ့လို့သာ ဆွမ်းနဲ့ဝေးခဲ့ရတာ ဖြစ်ပါတယ်။ ဆွမ်းနဲ့ ဘယ်လောက်ဝေးဝေး၊ အဓိဋ္ဌာန်ပါရမီရဲ့ အနီးဆုံး၊ အားအကြီးဆုံး ဖြည့်ဆည်းမှုကြီးကို ကား လုပ်ဆောင်နိုင်ခဲ့ပေပြီ။
    'သို့ကြောင့် ငါ၏ ဝမ်းဗိုက်အတွင်းရှိ အစာအိမ်ဟောင်းသစ်များ အူကြီးအူငယ်များ မကောင်းကြတော့ပြီ၊ သောက်သုံးရေကား ထုံးဓာတ်ရေ၊ အာဟာရေကား နတ္ထိ၊ ငါ့ဝမ်း ဣစ္ဆိ နွမ်းရိရိတည်း' (စာ-၃၁၇)
    စစ်ကိုင်းတောင်မှာ နှစ်ဝါမျှ အားထုတ်ခဲ့ပြီး ဘယ်လိုမှ သပ္ပါယ မမျှတတော့ပြီမို့ နေရာပြောင်းဖို့ စီစဉ်ရပြန်ပါတော့တယ်။ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ကြီး မိန့်မှာတော်မူခဲ့တဲ့ ဝိဇ္ဇာနှင့်စရဏ တွဲလုပ်နိုင် မည့်နေရာကို ရွေးခြယ်လိုက်တဲ့အခါ မူလနေရာ 'သာစည် ရွှေကျောင်းကုန်းတောင်'သို့ဆိုတဲ့ ရည်ညွှန်းချက် ပေါ် ပေါက်လာပါတယ်။ တစ်ဖက်က ပြင်ပပြဿနာပြုဖြင့် စရဏကိစ္စ ဆောင်ရွက်အံ့၊ တစ်ဖက်က ငါ၏ မပြီးသေးသောခရီး ပြီးသလောက် ပေါက်သွားအံ့ ဆုံးဖြတ်၏။' (၂၀၀၁၊ အောက်တိုဘာ၊ ရတနာစစ်တမ်း၊ စာ-၉၆)
    သာစည်ရွှေကျောင်းကုန်းတောင်သို့ ပြန်လာခြင်းကို 'ဇာတိချက်ကြွေ မွေးရပ်မြေသို့ အခြေချ လိုက်ခြင်း'လို့ ဖော်ပြထားပါတယ်။ (စတင်တောထွက် အားထုတ်ရာ ပါရမီလမ်းစဉ်ကို ရည်ညွှန်းထားခြင်းလို့ နားလည်ရပါတယ်။) ထိုသို့ ရွှေကျောင်းကုန်းတောင်သို့ ပြန်လှည့်လာရာ၌ င့ါထဲ၌ ရည်ရွယ်ချက်များစွာ ပါလာ၏။
(က) သာသနာပြုခြင်းပြု ငါ၏ မူလနေရာကသာ ပြုသင့်သည်ဟူသော ရည်ရွယ်ချက်လည်း ပါ၏။
(ခ) ငါ့မယ်တော်နှင့် ငါ့ဥပဇ္ဈာယ်၏ နှမသီလရှင်တို့ကို အနီးကပ် ချီးမြှောက်ထောက်ပံ့ရန်လည်း ပါ၏။
(ဂ) ငါလည်း အလုပ်မပျက်စေရ၊ အများလည်း ဝေငှဖြင့် စရဏနှင့် ဝိဇ္ဇာ တွဲမိစေရမည်လည်း ပါ၏။(စာ-၉၇)

    ထိုရည်ရွယ်ချက်များကို ပေါင်းရုန်းလျက်က ရွှေကျောင်းကုန်းတောင်ထက် ဒုတိယမ္ပိ တက်ခဲ့ ရချေပြီလို့ ရတနာစစ်တမ်းမှာ ရေးသားခဲ့ပါတယ်။ 'ငါနှင့်ပတ်သက်သော ဝေနေယျ ငါတစ်ရက် နောက်ကျက တစ်ဘ၀ နစ်နာနိုင်သဖြင့် ကိစ္စပြီးထိ မနေတော့ရန်'ဆိုတဲ့ အလွန်လေးနက်တဲ့ ရည်ညွှန်းချက်ကို 'ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ' (စာ-၃၂၂)မှာ ရေးသားဖော်ပြခဲ့တာကို ကြည့်ရင် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဓမ္မမေတ္တာစေတနာကို ကောင်းစွာနားလည် ခံယူနိုင်ကြလိမ့် မယ်လို့ ယူဆပါတယ်။    ။ ( မောင်သွေးချွန် )

( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ် (၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 379

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42887

© 2022 - 2025 News. All Rights Reserved.