၂၀၂၄ ဧပြီ ၁၀
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ပုလဲမြို့နယ် ကျော်တောရွာအနီး ပဋိပတ် တောစခန်းမှာ အလောင်းတော်ကဿပကို အာရုံပြုရင်း တစ်ဆောင်းခိုတော်မူခဲ့ပါတယ်။ အလောင်းတော်ကဿပသို့ စိတ်ညွတ်ဂါရဝပြု မေတ္တာပွားပို့တော်မူပါတယ်။
'သည်မှနောက် ညအိပ်စက်လေသောအခါ ဂူတွင်းအခြေအနေအားလုံးလည်း သိခွင့်ရခဲ့၏။ အရှင်မြတ်သာမက အလောင်းတော်အားလုံးကိုလည်း ဖူးခွင့် ပေးကြ၏။' (၂၀၁၂ စက်တင်ဘာထုတ်၊ ဘဝကန္တာရ သင်္ကေတကထာ၊ စာ-၃၈၉)
အလောင်းတော်ကဿပနဲ့ ဆက်စပ်ရာ အကြောင်းအရာများကို ၂၀၁၂၊ အောက်တိုဘာလထုတ် အိပ်မက်ဖြင့် ဖွင့်ပြောသောစကားများ' ကျမ်းစာအုပ်တွင် အသေးစိတ် ဖော်ပြထားပြီး ၂၀၂၃ ဇန်နဝါရီ ၂၆ ဖေ ဖော်ဝါရီ ၁ ရက်ထုတ် TREND ဂျာနယ် အတွဲ-၂၊ အ မှတ်-၂မှာ 'အလောင်းတော်ကဿပ သို့မဟုတ် သာသနာတော်၏ ခံတပ်မြို့တော်' ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ အလောင်းတော် ကဿပရဲ့ အတွင်းရေး အကြောင်းအရာများဟာ အလွန်ပင်ဆန်းကြယ် နက်နဲလှသလောက် ဆရာတော်ဘုရားကြီးရဲ့ ကိုယ်တွေ့ကြုံဖွင့်ဆို ရှင်းလင်းချက်များဟာလည်း အလွန်ပင် ထူးခြား ဆန်းသစ်လှပါတယ်။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ ပဋိပတ်တောစခန်းမှာ သီတင်းသုံးရင်း ညနေခင်း အချိန်များမှာ ပုံတောင်ချောင်းစီးဆင်းရာ ဘက်ဆီလမ်းလျှောက်ထွက်ရင်း လွင်ပြင်ငယ်တစ်ခုကို တွေ့ခဲ့ရပါတယ်။ လွင်ပြင်ငယ်က အတော်အတန်ကျယ်ပြီး ကျောင်းကန်၊ ဓမ္မာရုံများဖြင့် တင့်တယ် သောသာသနာပြုစခန်းတစ်ခု တည်ဆောက်နိုင်လောက်အောင် အသင့်အနေအထား ရှိနေတာတွေ့ ရပါတယ်။ လွင်ပြင်ငယ်လေးဟာ တောင်ပတ်လည်ဝိုင်းထားတဲ့ ချိုင့်ဝှမ်းကလေးမှာ သာသာယာယာ အေးအေးငြိမ်းငြိမ်း တည်ရှိနေပါတယ်။
ဆရာတော်ဘုရားကြီးဟာ ၁၃၆၃ ခုနှစ်မှာ ပဋိပတ်တောကျောင်းကလေးမှာပဲ ဝါဆိုတော်မူခဲ့ပါတယ်။ ရွာနေပရိသတ်တို့အတွက် နှစ်သစ်ကူးတစ်ပွဲ၊ ဝါဆိုတစ်ပွဲ၊ သီတင်းကျွတ်တစ်ပွဲ ပွဲသုံးပွဲဖြင့် တရားနာကြား ခွင့်ပေးထားပါတယ်။ အဲဒီပွဲသုံးပွဲမှာ တစ်ရွာလုံး လာခွင့်ပြုထားပါတယ်။ ကျန် တစ်နှစ်ပတ်လုံး အချိန်တွင်ကား ဆွမ်းလောင်း ဓမ္မာရုံသို့ တစ်နေ့လျှင် ခုနစ်အိမ် ခုနစ်ယောက်မျှသာ အလှည့်ကျ လာရောက်ဆွမ်းလောင်းခွင့် ပြုထားပါတယ်။ ၁၃၆၃ ခု သီတင်းကျွတ်ပွဲကြီးအပြီးမှာတော့ ဦးသောင်းဝေ၊ ဦးကျော်ငြိမ်းစတဲ့ လူကြီးများ ပဋိပတ်တောကျောင်းကလေးအထိ လိုက်ပါလာကြပါတယ်။ ဆရာတော်ဘုရား စင်္ကြံလျှောက်ရာ လွင်ပြင်ငယ်လေးအကြောင်း စကားစပ်မိပြီး အဲဒီနေရာ လေးသွားကြည့်ကြပါတယ်။ ဒီလွင်ပြင်ကလေးကို စောကျောက်ကွေ့ဆိုတဲ့ ကရင်အမျိုးသားတစ်ဦး ပိုင်ဆိုင်ပါတယ်။ စောကျောက်ကွေ့ဆိုတာလည်း တခြားလူ ဟုတ်ပါရိုးလား၊ ရွာလူကြီး ဦးသောင်းဝေရဲ့ ယောက်ဖဖြစ်နေလေရဲ့။
ဒီကွင်းပြင်ကလေးမှာ ညနေဘက် ဆရာတော်ဘုရား စင်္ကြံလျှောက်တယ်ကြားကတည်းက စောကျောက်ကွေ့က ဝမ်းသာပီတိ ဖြစ်နေတာပါ။ သာသနာအတွက် လိုရာသုံးဖို့ ဒီလွင်ပြင်ကို လှူပြီးသားပါလို့ ဆိုပါတယ်။ ဒီလိုဆိုတော့လည်း ဒီလွင်ပြင်မှာ ကျောင်းဆောက်ကြမယ်လို့ အားလုံး သဘောတူလိုက်ပါတယ်။ ပြာသိုလထဲမှာ ဆရာတော်ဘုရား ဆွမ်းခံကအပြန် ဆောင်းမိုးကြီးသည်း ထန်စွာရွာလေရာ ဆရာတော်ဘုရားမှာ မိုးရေတွေ စိုရွှဲလျက် ကျောင်းသို့ ပြန်ကြွခဲ့ပါတယ်။ မိုးရေထဲ လှော်ဖြတ် လှမ်းကြွလာခဲ့ရာ ခြေဖမိုးကြီးတစ်ခုလုံး ယောင်ဖောလို့ လာပါတော့တယ်။ မူလကပင် သွေးအဆိပ်သင့်ခဲ့တဲ့ ညာဘက်ခြေမှာ အခြေမလှတော့ပါ။ အဆိပ်သင့်ခြေမနှင့် ကပ်လျက်ခြေညှိုး ကလည်း မည်းပုပ်လာကာ အခြေအ နေဆိုးလာခဲ့ပေပြီ။ တောခေါင်ခေါင် ချောင်ထဲကရွာမှာ ဆရာ တော်ရဲ့ သွေးအဆိပ်သင့်ရောဂါကို ကုနိုင်သော ဆရာမရှိပါ။
ဒီလိုနဲ့ ဒီရောဂါကို ကုသပေးဖူးတဲ့ ဆရာတော်ဘုရားရဲ့ တပည့်ရင်း၊ ဒကာရင်း ဒေါက်တာနှစ်ယောက်ကို ဆက်သွယ်ခေါ်ယူခဲ့ကြပါတယ်။ ရွှေဘိုက ဒေါက်တာ အိုကေနဲ့ ဇီးကုန်းက ဒေါက်တာလှထွန်းဝင်းတို့အပြင် နတ်တလူဥက္ကဋ္ဌတို့ပါ အချိန်မီ ရောက်လာကြပါတယ်။ ခြေဖမိုးတစ်ခု လုံး သွေးကြောပိတ်နေပြီတဲ့။ ဆေးထိုးကုသပေးကြပါတယ်။
'ဒေါက်တာများရှိစဉ် အတောအတွင်းကျောင်း ကိစ္စစီမံရ၏။ ကျောင်းနှင့်ပတ်သက်သော ငွေကုန်ကျစရာများ ဒေါက်တာအဖွဲ့က တာဝန်ယူ၊ လူအားဖြင့် လုပ်ရမည့်ကိစ္စ ရပ်ရွာက တာဝန်ယူ' သို့ဖြင့် ပြာသိုလပြည့်နေ့တွင် သန္တိနိကံ ဓမ္မာရုံကြီး ပန္နက်တင်မင်္ဂလာကျင်းပ၏။ သည့်နောက် ဒေါက်တာ အဖွဲ့ အပြန်တွင် လက်သမားသုံး သံစသည်များ လက်ခံရယူရန် ရွာအဖွဲ့မှ ဦးသန်းရင် လိုက်ပါသွားပြီး ဒေါက်တာများ ဝယ်ပေးသမျှ လက်ခံရယူ ခဲ့၏။ ယင်းကား လက်သမားသုံး သံ၊ ကျင်တွယ်၊ ခေါက် ပေတံ စသည်များ၊ လက်သမားရိက္ခာ ငါးပိ၊ ငါးခြောက်၊ လက်ဖက်ခြောက် စသည်များ စုစုပေါင်း ကုန်ကျငွေ ခြောက်သောင်းကျော်သည်ဆို၏။' (ဘဝကန္တာရ၊ စာ-၃၉၀)
အကယ်၍ ရိက္ခာပြတ်သွားရင် သုံးဖို့ဆိုပြီး ငွေတစ်သောင်းလည်း ပေးခဲ့ပါသေးတယ်။ ဆရာတော် ဘုရားရဲ့ ပုံတော်တစ်ရာနဲ့အတူ အတွင်းရေးမှူးဆိုသူကို ပေးအပ်ခဲ့ပါတယ်။ ကျောင်းကို အလောင်းတော်ကဿပသို့ ဦးတိုက်စေသောအားဖြင့် မြောက်ဘက်သို့ ဦးလှည့်ထားစေပါတယ်။ အလောင်းတော်ကဿပရဲ့ အေးရိပ်မှာပဲ ခေါင်းချတော့ မည်(ဝါ)ဒီနေရာမှာ တစ်သက်လုံး သီတင်းသုံးတော့မည်လို့ ရည်ရွယ်ပြီး ကျောင်းအမည်ကို 'စံရိပ်ငြိမ်'လို့ တွင်စေခဲ့ပါတယ်။ (အလောင်းတော်စံရာ ရိပ်ငြိမ်သို့ မနောအိမ် ချိန်လွှတ်ထားခြင်းပင်)လို့ မှတ်တမ်းတင်ဖော်ပြထားပါတယ်။
'သန္တိနိကံ-ငြိမ်းချမ်းခြင်းရှိရာ ဓမ္မာရုံနှင့် စံရိပ်ငြိမ်တို့ကို တာဝန်ခံဆောက်လုပ်သူများမှာ လက်သမားဟောင်းကြီး အဘိုးကံဦးနှင့် ကျော်တောမှ ဒကာရင်းဦး သောင်းဝေသား ကိုမှတ်စိန်တို့ သားအဖသုံး ယောက် ပေါင်းဖြစ်ကြပြီး ကျန်များကား အိမ်အလုပ်အားက ဝင်ကူကြ၏။ အိမ်အလုပ်ရှိနေစဉ် မဝင်နိုင်ကြ။ ငါတို့ကား တစ်ပတ်တစ်ကြိမ် ဥပုသ်နေ့များတွင်ဆင်း၍ အားပေး၏။ ကျန်အချိန်များကား မဆင်းတတ်။ ထိုစဉ် တပို့တွဲလပြည့် နေ့ဆင်းကြည့်၏။ ရွာဥက္ကဋ္ဌရော လူစုံတက်စုံ တွေ့ကြရ၏။ ထိုစဉ် ငါတို့က ရိက္ခာများ ရှိ၊ မရှိမေးရာ ရိက္ခာဆို၍ မျှင်ငါးပိသာ ကျန်တော့ကြောင်း တစ်ယောက်ကလျှောက် ရာ 'အဘိုးပန် လက်ထဲအပ်ထားတဲ့ ငွေတစ်သောင်းရှိသေးလား' ငါတို့က မေး၏။'
'အဘိုးပန် (အမည်ရင်း ဦးဂျပန်၊ ငါတို့က အ ဘိုးပန်ခေါ်၏)ကလည်း ရှိကြောင်းဖြေ၏။' (၎င်း၊ စာ-၃၉၀)
'လျှင်ခုနစ်ထောင်ဖိုး ရိက္ခာဝယ်ဗျာ၊ သုံးထောင်တော့ တပေါင်းလပြည့်ကျော် ၈ ရက်နေ့အထိ လက်ထဲ ကပ်ထားဦး၊ အဲသည်နေ့အထိ သုံးစရာမရှိလျှင်တော့ လကုန်ငွေကုန်ဖြစ်အောင် သုံး၊ ချန်မထားနဲ့'
ဆရာတော်ဘုရားက အဲဒီလို မိန့်တော်မူရာ အဘိုးပန် တုံ့ပြန်လျှောက်ထားပုံက အဓိပ္ပာယ်တစ်မျိုးဖြစ် နေပါတယ်။ တပည့်တော်က ကျွေးပါတယ်။ သူတို့က မစားတာပါတဲ့။ နောက်တစ်ကြိမ်မှာတော့ ဒီငွေတစ်သောင်းနဲ့ စဉ့်အိုးကြီးတွေဝယ်မယ်လို့ လျှောက်ထားပါတယ်။ လှူတဲ့သူက ရိက္ခာအတွက်လှူတာ၊ တခြားမသုံး ကောင်းဘူးလို့ ဆရာတော်က ညွှန်ပြပါတယ်။ အဘိုးပန် မဟုတ်တော့ပြီ။ သူလုပ်ချင်ရာလုပ်ဖို့ စိုင်းပြင်းနေပြီ။ အဲဒီနောက် အသားဟင်း သုံးထောင်ဖိုးဝယ်ပြီး လွှသမားများပါခေါ်ပြီး ကျွေးတယ်လို့ ဆိုပါတယ်။ (ဒီနည်းနဲ့ အလှူငွေ တစ်သောင်းစာရင်း ဖျောက်လိုက်တာပါ။)
ဒီမှာ (စံရိပ်ငြိမ်မှာ) ဦးခေါင်းချတဲ့အထိ နေမယ်လို့ ရည်ရွယ်ထားပါမှ မရိုးမသားတွေနဲ့ချည်း တွေ့ကြုံနေရတယ်။ စကားရွာ (မောနေယျတော)မှာတုန်းကလည်း ရွာခေါင်းဆောင်ရဲ့ လုပ်ကွက်တစ်ခု က သတိရနေချင်စရာ။
'၁၃၆၁ ခု တပေါင်းလပြည့်နေ့၊ သန့်ရှင်းရေး လုပ်လိုကြပါသည်ဆိုသဖြင့် တစ်ရွာလုံးလာခွင့်ပေး လိုက်ရာ အားလုံးလာကြ၏။ လှူစရာများစွာ ပါလာကြ၏။ ငါ တို့ဟော၍ပြော၍ ပြီးစီးသွားသောအခါ ဖယောင်းတိုင်၊ အမွှေးတိုင် ထိုနှစ်မျိုးမှ လွဲ၍ အားလုံး အသယ်ခိုင်းပြီး သူ့အိမ်ပို့စေသည်ဆို၏။ အဖိုးတန် ကော်ဇောများ၊ အိပ်ရာခင်းများ၊ သည့်နောက်ဆန်များ၊ မုန့်ထုပ်များ၊ အချိုရည်ဘူးများ၊ အိမ်ခြေနှစ်ရာ ကျော်မှ ပစ္စည်းများပင်။ ထိုမှ နောက်သုံးပတ်လောက် ကြာသွားသောအခါ ဆွမ်းလောင်းဓမ္မာရုံက စောင့်၍ တစ်နေ့အချိုရည်တစ်ဘူးကျဖြင့် သုံးရက်ဆက်လာပြီးနောက် အားလုံးပျောက်သွားတော့ သည်။ ထိုသုံးဘူးကား လူရှေ့သူရှေ့တွင် အထွက်စာရင်းပြလိုက်ခြင်းပင်။ ယခုလည်း သုံးထောင်ဖိုး အထွက်ပြပြီး ငြိမ်သွားတော့သည်။ တို့လည်း မမေးတော့။' (စာ-၃၉၁)
စခန်းမှာတော့ဖြင့် လက်ဖက်ခြောက်ပင်မရှိတော့။ ဒီတော့ ဆရာတော်မှာ မနေသာတော့ဘဲ ရိက္ခာကိစ္စထပ်မံနှိုးဆော်ရပြန်ပါတယ်။ အဘိုးပန်(ဦးဂျပန်)ဟာ သူ့လိပ်ပြာသူမလုံတော့ဘဲ ဆရာတော်ကိုပင် စောင်းမြောင်းပုတ်ခတ်လာပါတော့တယ်။
တစ်နေ့မှာ ဆရာတော် ယာယီသီတင်းသုံးဖို့ တဲကျောင်းကလေး ဆောက်လုပ်နေရာသို့ ဆရာတော် ဘုရားရောက်ရှိလာစဉ် အတွင်းရေးမှူးအဘိုးပန်က ဆရာတော်ဘုရားကို စောင်းမြောင်း တိုက်ခိုက်ပါတော့တယ်။
'တောထွက်ဆိုတာ လူ့ဘဝက အရှက်ကွဲလို့ ရဟန်းဆောင်တက်လာတာလည်း ရှိတယ်ကွ။ အခု 'ကသောင်းရွာ'မှာ ကျောင်းထိုင်နေတဲ့ ငါတို့ ဝက်ကျသား ဘုန်းကြီးကြည့်၊ ခရုက မိန်းကလေးနဲ့ အိမ်ထောင်ကျပြီး ခရုမှာသွားနေရတယ်။ အဲ့မိုးကျလို့ လယ်ထွန်မယ်ဆိုတော့ လယ်ကွင်းထဲမှာထားတဲ့ ထွန်ကို သွားပြီး ပြင်ရ ဆင်ရတာပေါ့ကွာ။ ထွန်သွားတွေ ဘာတွေ၊ ညာတွေပေါ့။ သူလည်း ပြင်ဆင်ပြီးလို့ အိမ်ပြန်သွားရော လူနောက်တွေက ထွန်သွားတွေကို ပြောင်းပြန် တပ်ပစ်ခဲ့ကြရော။ နောက်တစ်နေ့ မနက် လယ်ထွန်မလို့ ယောက္ခမက ရှေ့ကနေ နွားတစ်ရှဉ်းဆွဲအသွား၊ သူက နောက်က ထွန်တုံးကြီး ထမ်းပြီးလိုက်၊ လယ်တဲရောက်တော့ ထွန်သွားပြောင်း ပြန်တွေကိုလည်း ယောက္မမက မြင်ရော ...' မင်းကွာ သူများသားသမီးတော့ ယူထားပြီး ထွန်သွားလောက်မှ အပေါက်မှန်အောင် မတပ်တတ်ဘူး လားကွာ'လို့ ဆူတဲ့။ သည်မှာတင် ရှက်သွားပြီး ထွန်ပြီးလို့ အိမ်လည်း ရောက်ရော ထမင်းစားပြီးတာနဲ့ တိတ်တိတ်ရွာပြန်လာပြီး ရဟန်းဝတ်တော့တာ အခု ကသောင်းဘုန်းကြီး ဖြစ်သွားသည်အထိပဲ။'(၎င်း၊ စာ-၃၉၂)
အဘိုးပန်က ဆရာတော်ဘုရားကို စောင်းချိတ်ပြီး နှိပ်နယ်စကားကို ဘယ်လိုပင် အားပါးတရ ပြောနေပေမယ့် တဲကျောင်းဆောက်ရာမှာ ပါဝင်လုပ်အားပေးနေတဲ့ ရွာသားတွေက အင်း...အဲ မလှုပ်ကြ၊ သူ့ကို ဘယ်သူမှ မထောက်ခံကြ။ နောက်ထပ် ဇာတ်ထုပ်သစ်ခင်းပြီး ပြောပေမယ့်လည်း ဘယ်သူမှ သူ့ဘက်က မရှိ။ နောက်ဆုံးတော့ သူ့ဆန္ဒကို တည့်တည့်ကြီး ဖော်ထုတ်လိုက်လေရဲ့။
'ဘာပဲပြောပြောကွာ၊ ကိုယ့်ချောင်ပေါက် သံဃာကိုပဲ ယုံတယ်။ ကိုးကွယ်စရာရှိ ကိုယ့်ချောင်ပေါက် သံဃာပဲကိုးကွယ်တော့မယ်'
လူ့သဘော နောကြေနေတဲ့ ဆရာတော်ဘုရားက အပြုံးမပျက်။ နောက်တစ်ခါ။
'အရှင်ဘုရား ...သင်္ကြန်ကျလျှင် တရား စခန်းဖွင့်မှာလား'
လက်သမားခေါင်းဆောင် ဘိုးကံဦးက လျှောက်ထားရာ ဆရာတော်ဘုရားက ...'မဖွင့်ပါဘူး အဘိုးကံဦး၊ တို့တစ်ပါးတည်း အားထုတ်ချင်လို့ အဘိုးကံ ဦးတို့ဆီ လာတာပါ'လို့ အဖြေပေးရင်း ...'တရားစခန်း ဖွင့်ပြန်တော့လည်း ယောဂီချင်း ရန်ဖြစ်တာ ဖြေပေးနေရတာနဲ့ တရားဘက် အားနည်းနေတာများတယ်။ နတ်တလူမှာတုန်းက ယောဂီအမျိုးသမီးနှစ်ဦး တွဲသတ်ကြမယ် အထိရန်ဖြစ်ကြလို့ အဆောင်မှူးက ကြားဝင်ပေးလိုက်ရ တယ်ဗျာ့' သည်သို့ပြောမိ၍ သည်စကားဆုံးဆုံးချင်းတွင် 'အဲဒါ ဘုန်းကြီးလုတာရော မဖြစ်နိုင်ဘူးလား' အဘိုးပန်ကား ချက်ကောင်းကိုင် အနိုင်ထိုးချလိုက် တော့သည်။' (၎င်း၊ စာ-၃၉၂)
အဘိုးပန်ဆိုသူဟာ ဆရာတော်ဘုရားကို ရန်လုပ်စော်ကားခဲ့ပေပြီ။ ဒီတစ်ခါတော့ ဆရာတော် ဘုရားက ခပ်မာမာ တုံ့ပြန်လိုက်ပါတယ်။
'တို့က စိတ်ကြီးတယ်၊ စိတ်ထန်တယ်၊ စိတ်မြန်တယ်၊ သတိသာထားပေရော့'
တန်ခူးလဆန်းမှာတော့ ကျောင်းနှင့်ဓမ္မာရုံရေ စက်ချပွဲ၊ ထုံးစံအတိုင်း စည်ကားများပြားလှတဲ့ ပရိသတ် ကို ပေါင်းလန်အောင် ကျွေးမွေးဧည့်ခံ၊ ရွာမှာကျန်နေတဲ့ ကိုရင်လေးတွေ၊ အိမ်စောင့်တွေ၊ လူမမာတွေဆီလည်း စားစရာတွေပို့ပေးခဲ့ပါတယ်။ ပြီးတော့သီလပေး၊ တရားဟော၊ နေ့ခင်း ကျောင်းအနုမောဒနာတရား၊ ရေစက်ချ တရားဟော၊ ပွဲပြီးသွားတာနဲ့ ကျော်တောရွာကျောင်းဆရာတော်က ဆရာတော်ကြီးကို လာရောက်နှုတ်ဆက်ပါတယ်။
'ဘုရားတပည့်တော် အရှင်ဘုရားနဲ့ ရပ်ရွာက ကျေးဇူးများကို သည်တစ်ဝါတွင်းနဲ့ အကျေ ဆပ်ခဲ့ပါသည် ဘုရား'
ရွာကျောင်းဆရာတော် ချက်ချင်းသဘော ပေါက်သွားပါတယ်။ ဆရာတော်ကြီး ဒီရွာ၊ ဒီနေရာက စွန့်ခွာပေဦးတော့မယ်။ မိုးကျစပြုချိန်မှာတော့ ကိုရွှေရန် ကုန်တို့ လိုက်လာကြပြန်ပေပြီ။ သူတို့သဘောနဲ့ ဖွဲ့စည်းထားတဲ့ (ရန်ကုန်သာဟိကာအသင်း)က ဥက္ကဋ္ဌနဲ့အဖွဲ့တို့ လိုက်လာကြခြင်း ဖြစ်ပါတယ်။ အဲဒီအသင်းကို မလိုအပ်လို့ ဆရာတော်ကြီးကိုယ်တိုင် ဖျက်သိမ်းထားပြီးဖြစ်ပေမယ့် သူတို့က ဒီအသင်း နာမည်ခံပြီး ဆက်လက်လှုပ်ရှား နေကြတာဖြစ်ပါတယ်။
'သူတို့သာ ဆရာတော်၏ ဒကာရင်းဖြစ် ကြောင်း ပြောကြဆို၏။ သတင်းစာထဲမှာ တွေ့နေကျ 'ကျွန်မသာ မယားကြီးပါ'ကို သွားသတိရမိ၏။ တစ်ဖန်တစ်ရွာလုံး ဥက္ကဋ္ဌအိမ်သို့ ဖိတ်ကြား၍ ထမင်းကျွေးကြ ဆို၏။ ရွာတာဝန်ခံလူကြီးများကိုကား ညနေတိုင်းကျွေး မွေးကြသည်ဆို၏။ ပြီးသော် ငါတို့ထံ လိုက်လံပို့ဆောင် ပေးရန် အကူအညီတောင်းတော့သည်။ မည်သူကမျှ အကူအညီမပေးကြ။' (၎င်း၊ စာ-၃၉၃)
ကလေးတွေကို မုန့်ကျွေးပြီး လိုက်ပို့ခိုင်းပြန် တယ်မရ။ နောက်ဆုံး ဘုန်းကြီးဆွမ်းကပ်ပြီး အပူကပ် ပြန်တယ်။ ဘုန်းကြီးများကလည်း ရွာထဲကလူတွေတောင် သွားခွင့်မရကြောင်း အမိန့်ရှိပါတယ်။
'ထိုရန်ကုန်သာဟိကာများ နောက်ဆုံးကြံရာ မရသောအခါ သူတို့ကိုယ်တိုင် တောနင်းရှာဖွေရန် ကြိုးစားကြမည်အပြု တစ်ရွာလုံးက တုတ်ကြိမ်း၊ ဓားကြိမ်း ကြိမ်းကြတော့သည်ဆို၏။ သို့နှင့်ပင် ဥက္ကဋ္ဌနှင့်အဖွဲ့လက် လျှော့ပြန်သွားကြရလေပြီ။' (စာ-၃၉၄)
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးကား ၁၃၆၄ ခု (၂၀၀၃ ခုနှစ်) တစ်ဝါတွင်းလုံး တစ်ည လုံး မအိပ်မနေ အားထုတ်တော်မူပါတယ်။ နေသဇ္ဇိဓူတင်(လုံး၀ မအိပ်၊ ကျောခင်းခြင်း၊ လဲလျောင်းခြင်း ပင်မပြုဘဲ ကျင့်သောအကျင့်)အတွက် သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယ သုံးပါးကို အစောင့်အကြပ် ပြုထားခဲ့တယ်လို့ ဆိုပါတယ်။ နံနက် ဘုရားဆွမ်းကပ်စဉ် တစ်ကြိမ်၊ ညနေ ငါးနာရီသောက် တော်ရေကပ်ပြီး တစ်ကြိမ်၊ ည ၇ နာရီ ဘုရားဝတ်ပြုပြီး တစ်ကြိမ် ...တစ်နေ့ သုံးကြိမ် တပည့်ဒကာ ဝေနေယျ များအားလုံးသို့ မေတ္တာပို့တော်မူပါတယ်။ ဝါကျွတ်လို့ ဆွမ်းခံထွက်သည့်တိုင်အောင်လည်း နေသဇ္ဇိဓူတင်ကို မဖျက်၊ ပြာသိုလ ထဲရောက်လာချိန်မှာတော့ မဟာမြိုင်တောကြီးသို့ ပြောင်းရွှေ့သီတင်းသုံးရန် စီမံပါတော့တယ်။ အဘိုးသောင်းဝေနှင့် ရွာက ကျောင်းအုပ်ကြီး ဦးကြည်စိုးတို့ကို ရွှေဘို၊ ဇီးကုန်း ဒေါက်တာများနှင့် ဆက်သွယ်စေပါတယ်။ ရည်ရွယ်ချက်က နောင်အခါမှာ ပုံတောင်ပုံညာနဲ့ နတ်တလူအကြား အဆက်အသွယ်ရသွားစေဖို့ပါပဲ။
ပြာသိုလပြည့်နေ့မှာ ဒေါက်တာအိုကေ၊ ဒေါက်တာလှထွန်းဝင်းတို့နှင့် နတ်တလူဥက္ကဋ္ဌ ဦးခင်မောင်သန်းတို့ ရောက်လာကြပြီး မဟာမြိုင်ခရီးစဉ်အတွက် ကြိုတင်စီစဉ်ခဲ့ကြပါတယ်။ ခရီးစဉ်မှာ ယင်းမာပင်အနီးက ကြေးနီစီမံကိန်း(ကြေးသိုက်)က ကြိုတင်ပင့်လျှောက်ထားတဲ့အတွက် ကြေးသိုက်မှာ ခေတ္တနား၊ အဖူးခံ၊ တရားဟောဆိုတဲ့ အစီအစဉ်လည်း ပါပါတယ်။
တစ်ဖန် ငါတို့နောက် တစ်ကောက်ကောက် နောက်ယောင်ခံလိုက်နေသော ထောက်လှမ်းရေး ကျောင်းအုပ်ကြီးအား ကြည့်ချင်သလို ကြည့်ခွင့်ပြုရန်များပင်။ ထိုထောက်လှမ်းရေး ကျောင်းအုပ်ကြီးနှင့်အတူ ရန်ကုန်မှ ဦးကြည်ရှိန်၊ ဗိုလ်မှူးမြသန်းစံ၊ မောင်သွေးချွန်တို့ပါ မုံရွာမှ စောင့်နေနှင့်ကြပြီး တန်ခူး လဆန်း ၇ ရက်နေ့ ညတစ်ညလုံး စကားပြောကြရန် မှာထား၏။' (စာ-၃၉၅)
'၁၃၆၅ ခု တန်ခူးလဆန်း ၅ ရက်နေ့ည ဒေါက်တာများ ရောက်လာကြပြီး ၆ ရက်နေ့ နံနက် ဆွမ်းလောင်းချိန်တွင်မှ နက်ဖြန် ငါတို့ပြောင်းတော့မည့် အကြောင်းပြောရာ ဆွမ်းအလှူရှင်များ တစ်လမ်းလုံး ငိုပြန်သွားကြသော ဟူ၏။ မကြာမီ တစ်ရွာလုံး ပြေးလာကြ၏။ အားလုံးကို ဖြေသိမ့် လွှတ်နေရ၏။ ညနေတွင်ရွာ ဆရာတော်နှင့် လူကြီးများ လာကြပြန်၏။ ဖြေသိမ့်ခွင့် ပန်လွှတ်ရ၏။ တန်ခူးလဆန်း ၇ ရက်နေ့ နံနက် ၇ နာရီတွင် စံရိပ်ငြိမ်မှဆင်းခဲ့ပြီ။ ကျော်တောရွာနောက်အရောက် အဘိုးပေါက်တူးတဲမှ အားလုံး စောင့်ကြိုနေနှင့်ကြပြန်ရာ ငါးပါးသီလပေး၊ နာရီဝက်မျှ သြဝါဒစကား ပြော၍ ထွက်ခဲ့၏။ 'ဝက်ကျ'အရောက်တွင်ကား ဝက်ကျဆရာတော် ကြီးကပါ စောင့်ကြိုနေချေရာ ဆရာတော်ကြီးအား ဂါရဝပြု၍ အားလုံးအား နာရီဝက်မျှ သြဝါဒပေးခဲ့ရ၏။ သို့ ကြောင့် ကြေးသိုက် ၁၁ နာရီခွဲအရောက် အချိန်းအချက်များ လွဲသွားခဲ့ရချေပြီ။ ထိုမှာသို့ ၁၂ နာရီကျော်ကျော်မှ ရောက်၏။ ထိုနေ့က ဆွမ်းငတ်ခဲ့ရ၏။' (ဘဝကန္တာရ၊ စာ-၃၉၆)
၂၀၀၄ ခု မတ်လထုတ် 'သံဝေဂလမ်း' ကျမ်းစာအုပ်မှာ တစ်တောဝင်တစ်တောင်ထွက် ခရီး ဆက်နေရ ခြင်းအကြောင်းများကို သုံးသပ်ဖော်ပြကာ မှတ်ချက်ရေးထားပုံကလည်း အလွန်မှတ်သား စရာကောင်းလှပါတယ်။ (စာ-၁၇၇-ရှု)
'မသေခင်ရောက်သလောက် အပေါက်သွား အံ့၊ မသေခင်ပေါက်သလောက် အရောက်သွားအံ့။ ဤသို့ မြဲမြံစွာ စိုက်ချထားလျက်ကနေ နေရာ၏ မြဲမြံခြင်း၊ စိတ်၏ မြဲမြံခြင်း၊ အကျင့်၏ မြဲမြံခြင်း၊ အသိ၏ မြဲမြံခြင်းတို့ကိုပါ အရယူ၏။ မူလလမ်းထားနှင့် လှမ်းဆဲဖဝါး ကိုက်ညှိပေးရချေတော့မည်။ ထိုလမ်းထားနှင့် ထိုလမ်း သွား အသားကျကျ တူမျှနေဆဲ။'
'ငါသည် အမှားကို မကြောက်၊ မှားမှန်းမသိ မည်ကိုသာ ကြောက်၏။ ရန်သူမျှသမျှကိုလည်း ငါမ ကြောက်၊ ငါကြောက်သည်မှာ ရန်သူမှန်းမသိခြင်းကိုပင် ကြောက်၏။ တစ်ဖန် ထိုမသိခြင်းနှစ်ပါးတို့ ကိုပင် ငါမကြောက်၊ ငါကြောက်သည်မှာ ငါသည် ရဟန်းဖြစ်လျက်နှင့် ငါ့လက်နှင့် သတိမရှိမှာ ပင်တည်း။' ( မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )