၂၀၂၄ ဇွန် ၂၁
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ရုပ်ကလာပ်တော် ခန္ဓာတော်ကို ဇာတိမြေ နတ်တလူတောရမှာ ထားရှိအပူဇော်ခံမှာလား၊ ယခု ခန္ဓာဝန်စွန့်ရာ ဉေယျဓမ်တောရမှာပဲ ဆက်လက် အပူဇော်ခံမှာလားဆိုတာ ကွဲကွဲပြားပြား မသိရသေးပါဘူး။ ဆရာတော်ဘုရားကြီးရဲ့ ဆန္ဒတော် ဘယ်လိုရှိခဲ့သလဲဆိုတဲ့ မေးခွန်းတွေနဲ့ အဖြေရှာကြည့်မယ် ဆိုရင်တောင်မှ ကွဲပြားမှုတွေ ရှိနေဦးမှာပါ။ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ရေး ကျမ်းစာအုပ်များတွင် မဟာမြိုင်တောကြီးမှာ ဘဝဇာတ်မြှုပ်၍ ခန္ဓာဝန်ချလိုကြောင်း ယခင်ဆောင်းပါးများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ ဆရာတော် ဘုရားကြီး အာသီသအရှိဆုံးနေရာမှာ 'အလောင်းတော် ကဿပ'ဖြစ်နေကြောင်းလည်း တွေ့ခဲ့ရပါတယ်။
'သည်နေရာဒေသ(ပုံတောင်ပုံညာ၊ ပုလဲနယ် ကျော်တောကျေးရွာ)သည် အလောင်းတော် ကဿပ၏ တံခါးဝ၊ ထိုအလောင်းတော်ကိုမှီ၍ ငါတို့ ဦးခေါင်းချရ လျှင်ကောင်းမှာပဲ တွေးမိ၏။ သည့်နောက်လိုက်ဖက်ရာ အမည်မှည့်ကြည့်လိုက်သေး၏။ ]စံရိပ်ငြိမ်}၊ အရှင်မြတ် စံရာအရိပ်ကို ခို၍ ငါသည် ဤ၌ပင် ငြိမ်သက်စွာစံတော့မည်။ သို့မဟုတ် အရှင်မြတ်စံရာ ရိပ်ငြိမ်တွင် ဦးခေါင်း စင်းတော့မည်ဟူ ၍ ...။'
'နောက်အတွေးတစ်မျိုး တိုးဝင်လာသည်က ငါမသေမီတွင်လည်း သည်စံရိပ်ငြိမ်မှနေ၍ အရှင်မြတ်၌ရှိနေသည့် နေက္ခမ္မဓာတ်၊ ဓမ္မဓာတ်၊ မေတ္တာဓာတ်တို့ကို ခံယူကာ အများအား တစ်ဆင့်ဖြန့် ပို့ပေးရလျှင် ...၊ တစ်ဖန် အရှင့်ဓူတဓာတ်ဖြင့် ငါ့ရှိ ကိလေသာတို့ကို ခါထုတ်လိုက်ရလျှင် ...၊ အရှင့် ဓူတဓာတ်ဖြင့် ဘုရားကိုယ်စား သာသနာတော် စောင့်ထိန်းပေးထားရလျှင် ...သည်သို့သာ အရှင်မြတ်၏ နောက်ခံပံ့ပိုးမှုကို ရယူကာ ...ငါသည် တစ်လောကလုံးသို့ မေတ္တာဓာတ် ပို့လွှတ်က ငါ့မေတ္တာရောက်နိုင် ကောင်း၏။ သည့်အတူ တစ်ကမ္ဘာလုံးသို့လည်းကောင်း၊ တစ်တိုက်လုံးသို့ လည်းကောင်း၊ တစ်ပြည်လုံး သို့လည်းကောင်း ဖြန့်ဝေပို့လွှတ်ရလျှင်လည်း လွှမ်းမိုးနိုင်ကောင်း၏။' (၂၀၁၂၊ အောက်တို ဘာလထုတ် အိပ်မက်ဖြင့် ဖွင့်ပြောသောစကားများ၊ စာ-၁၀၇)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ တစ်လောကလုံး၊ တစ်ကမ္ဘာလုံး၊ တစ်တိုင်းပြည်လုံးအတွက် အလုပ်လုပ်နေကြောင်း ထင်ရှားပါ။ ဒီလိုလုပ်နိုင်ဖို့အတွက် အသင့်တော်ဆုံး မှီရာတည်ရာသည် 'အလောင်းတော်ကဿပ'ဖြစ်ကြောင်းကိုလည်း အကြောင်းပြချက် ခိုင်လုံစွာဖြင့် ရေးသားဖွင့်ဆိုတော်မူခဲ့ပါတယ်။ ဒီနေရာမှာ အများသိထားတဲ့ အလောင်းတော် ကဿပ လိုဏ်ဂူတော်ကြီးအကြောင်း ကိုယ်တွေ့မျက်မြင် ထဲထဲဝင်ဝင် ရေးသားထားတာက အလွန်ထူးခြားနေပါတယ်။ အလောင်းတော်ကဿပဆိုတာ ဘုရားလက်ထက် တော်က ဓူတင်ဧတဒဂ်ရ အရှင်မဟာကဿပရဲ့ အလောင်းတော်တည်ရှိရာ သို့မဟုတ် ပုဂံခေတ်က ပေါင်လောင်ရှင်ကဿပ အရှင်မြတ်ရဲ့ အလောင်း တော်တည်ရှိရာအဖြစ် အငြင်းပွားနေတာလည်း ရှိပါတယ်။ ဆရာ တော်ဘုရားကြီးကတော့ 'ဤ အလောင်းတော် ကဿပဂူ၏ မူလပိုင်ရှင်သည် ဓူတင်ဧတဒဂ်ရ အရှင်မဟာကဿပ၏ ဂူဆိုသည်မှာ ထင်ရှားပြီ'လို့ ရေးထားပါတယ်။ သို့သော် ပေါင်လောင်ရှင်ကဿပရဲ့ ဂူမဟုတ်ဘူးလို့လည်း ငြင်းဆို မထားပါ။
'ဂူတွင်း အပြင်အဆင် မြင်ကွင်းများကို အသေးစိတ် ဖော်ပြပါဦးမည်။ ယင်းကိုလည်း တနင်္ဂနွေ အဝင်လက်ဝဲဘက်မှပင်စတင် ဖော်ပြပါမည်။ ဂူထဲဝင်ဝင်ချင်း ဝဲဘက်လှည့်ကြည့်မိလိုက်ချိန် ဦးဆုံးတွေ့ခွင့်ရ မြင်ကွင်းကား အများနှင့်သီးခြား အများထက် ထူးခြားစွာ သီတင်းသုံးနေသည့် အရှင် မြတ်တစ်ပါး၏ ပုံ၊ ထိုပုံတော်သည် ...ကန့်လန့်ပလ’င်ထက် ခြေတော်နှစ်ဖက်ချထား ၏။ တင်ပါးတော်က ကျောက်သားထိုင်ခုံပေါ်၌ တည်နေ၏။ လက်တော်နှစ်ဖက်တို့က ထိုခုံ၏ လက်တန်းများပေါ် ဝယ် တင်ထား၏။ ယနေ့ အမြင်ဖြင့် ပြောရပါလျှင် ... ခံ့ညားသော ကြိမ်ကုလားထိုင်ကြီးပေါ် ထိုင်နေသည့် ပမာ ...၊ အရှင်မြတ်နှင့် ထိုကျောက်သားထိုင်ခုံတို့၏ နောက်ခံကား ဂူ၏ ကျောက်သားနံရံကြီးသာ၊ ဤအရှင် မြတ်သည် အများတကာထက် ထူးခြားစွာ -
(က) အရပ်တော်မြင့်မား၏။ (အထိုင်အတိုင်းပင် သုံးတောင်ခန့်တင်ရ၏။)
(ခ) ပိန်သည်၊ ဝ၏ ပြောစရာမရှိ၊ အလုံးနှင့် အရပ် မျှတစွာရှိ၏။
(ဂ) မျက်နှာတော်က ပြား၏။ ကိုယ်လုံးတော်လည်း ပြား၏။
(ဃ) အသားတော်များက ဝါဝင်းရွှန်းစို၏။
သို့သော် အသက်ဝင်ခြင်း၏ သင်္ကေတဖြစ် သည့် လှုပ်ရှားမှု တစ်စုံတစ်ခု မတွေ့ခဲ့ရပါတယ်။ တစ်ဖန် ထိုအရှင်မြတ်ခြေတော်တင်ထားသည့် ကျောက်ပလ’င် ထက်တွင်ကား အရှင်မြတ်တွေ တသီတသန်းကြီး ဖူးတွေ့ခွင့်ရခဲ့၏။ ဤအရှင်များ ၁၀ ပါးအောက်မလျော့ပါ။' (စာ-၁၁၈)
အရှင်မြတ်အားလုံးဟာ နိရောဓသမာပတ် ဝင်စားနေသည့်ပမာ လှုပ်ရှားခြင်း အလျဉ်းမရှိပါ။ ဖလသမာပတ်ဝင်စားနေသည့်ပမာ သွေးပြောင်းခြင်းအလျဉ်း မရှိပါ။ ဈာန်သမာပတ်ဝင်စားနေသည့် ပမာမျက်နှာမှုန် မွဲခြင်း အလျဉ်းမရှိပါလို့ ဖော်ပြထားပါတယ်။ အသေး စိတ်ဖော်ပြထားတာတွေရှိပေမယ့် ဂူထဲမှာ အလောင်းတော်ကဿပအရှင်မြတ်ကြီး တစ်ပါးတည်းမဟုတ်ဘဲ '၁၀ ပါးအောက်မလျော့'ဆို တာကိုပဲ အလေးထားပြီး ကောက်နုတ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီ ၁၀ ပါးအောက်မလျော့တဲ့ အရှင်မြတ်ကြီးတွေထဲမှာ 'ပေါင်လောင်ရှင်ကဿပ'လည်း ပါဝင်နေနိုင်ပါတယ်။ ပေါင် လောင်ရှင်ကဿပ အရှင်မြတ်အကြောင်းကို ဆရာတော် ဘုရားကြီးက သီးခြားရေးသားထားပါတယ်။ (ဓုတင်ဧတ ဒဂ်ရ အရှင်မဟာကဿပနှင့် လိုဏ်ဂူတော်ကြီးအကြောင်း ကို ၂၀၂၃ ဇန်နဝါရီ ၂၆-ဖေဖော်ဝါရီ ၁ ထုတ် TREND ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၂ မှာ 'အလောင်းတော် ကဿပ သို့မဟုတ် သာသနာတော်၏ ခံတပ်မြို့တော်' ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ပေါင်လောင်လူမျိုးများကို သာသနာပြုခဲ့တဲ့အတွက် ပေါက်လောင်ရှင်ကဿပလို့ခေါ်တဲ့ အရှင်မြတ်ဟာ မွေးကင်းစအရွယ်မှာပင် သေဘေးကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပုဂံခေတ် နရပတိစည်သူ လက်ထက် ပခုက္ကူနယ် အနောက်တောင်ရိုးအနီး ဂူနီနေဝင်ရွာကို ရှမ်းပလောင် ဓားပြများ လာ ရောက်တိုက်ခိုက်စဉ် ကိုယ်ဝန်အရင့်အမာနဲ့ မိန်းမတစ်ယောက်ကိုပါ ဓားပြများက ဖမ်းဆီးခေါ် ဆောင်သွားပါတယ်။ တောထဲမှာ ကလေးမွေးပြီးတာနဲ့ ဓားပြတွေက မိခင်ကို သတ်ပစ်လိုက်ရာ မွေးစကလေးငယ်ကို ကျားကြီးတစ်ကောင်က စောင့်ရှောက်ပေးနေတာ နောက်က လိုက်လာတဲ့ ရွာသားတွေ တွေ့ခဲ့ရ တယ်ဆိုပါတယ်။ ကလေးငယ်ရဲ့ ဘုန်းကံဘယ်လောက် ကြီးတယ်ဆိုတာ ပေါ်လွင်လှပါတယ်။
အရွယ်ရောက်လို့ ရှင်ရဟန်းဖြစ်ချိန် သီဟိုဠ် (သီရိလင်္ကာ)သို့ သင်္ဘောဖြင့် ကြွတော်မူရာ ပင်လယ်ပြင်မှာ သင်္ဘောမသွားဘဲ ရပ်တန့်နေခဲ့ပါတယ်။
'သို့ဖြင့် ကုန်သည်နှင့် ခရီးသည်များ မဲချလေရာ သုံးကြိမ်စလုံး အရှင်မြတ်ချည်း မဲကျ၏။ ထုံးစံအတိုင်း ရေထဲပစ်ချကြ၏။ သို့သော် သေကံမရောက်သည့်အပြင် မိကျောင်းတစ်ကောင်က သူ၏ ကျောပေါ်တင်ကာ သီဟိုဠ်အထိ လိုက်ပို့ပေးသော ဟူ၏။ သီဟိုဠ်ရောက်စဉ် မျက်မမြင်ဘီလူးများအား မေတ္တာရေချမ်း ဆွတ်ဖျန်းပေး ၍ မျက်စိအလင်းများ ရကြဆို၏။ သို့ကြောင့် ဘီလူးများက အရှင်မြတ် ကျေးဇူးဆပ်သောအားဖြင့် ရေမန်းနှင့် ငတင်ကျည်းအမည်ရ ဘီလူးငယ်ညီနောင်ကို လှူလိုက် ကြ၏။ ဤဖြစ်စဉ်များက အရှင်မြတ်၏ ဂုဏ်ကို လှစ်ပြနေပါ၏။' (စာ-၆၉)
တစ်နေ့မှာ နရပတိစည်သူမင်းကြီး တောကစားရင်း နားနေစဉ် မုဆိုးတစ်ယောက်က ဆင်ဖြူတော် တစ်စီးတွေ့ခဲ့ကြောင်း လာရောက်လျှောက်ထားပါတယ်။ မင်းကြီးက အနန္တသူရိယအမတ်ကြီးကို ဆင်ဖြူတော်ရှိရာ စေလွှတ်ခဲ့ပါတယ်။ ဆင်ဖြူတော်ကိုကား မတွေ့၊ ရဟန်း တစ်ပါးကိုသာ တွေ့ရပါ တယ်။ ဣန္ဒြေနဲ့ ပြည့်စုံလှတဲ့ ရှင်ရဟန်းကို ဖူးမြော်ပြီး စုံစမ်းမေးမြန်း လျှောက်ထားတဲ့အခါ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းဖြစ်ကြောင်း အမတ်ကြီး သိလိုက်ရပါတယ်။ ဒါနဲ့ ပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့ပါတယ်။ အနန္တသူရိယ ဇနီးမောင်နှံက ကျောင်းဆောက်လှူဒါန်းပြီး ဘုရင်နှင့်တကွ တစ်ပြည်လုံးက ကြည်ညိုစွာ ကိုးကွယ်ဆည်းကပ်ကြပါတယ်။ ခမ်းနားဆန်းပြား စည်ကားလှတဲ့ ပုဂံနေပြည်တော်ကြီးရဲ့ ပုံရိပ်ဟာ ပေါင်လောင်ရှင်ကဿပရဲ့ ကျောင်းတော်မှာ အတိုင်းသား ထင်ဟပ်နေပါတော့တယ်။
အရှင်မြတ်ကလည်း မင်းမှူးမတ် ပြည်သူတို့ကို တရားဓမ္မဖြင့် ချီးမြှောက် သာသနာပြုတော်မူပါ တယ်။ ပရိသတ်တွေများလွန်းလို့ အရှင်မြတ်မှာ နားရသည်ပင်မရှိပါ။ ဒီလိုနဲ့ အရှင်မြတ်ဟာ တစ်နေ့မှာတော့ ဘယ်သူ မှ မသိအောင် ပုဂံနေပြည်တော်မှ တိတ်တဆိတ် ထွက် ကြွတော်မူခဲ့ပါတယ်။ ပခုက္ကူ-မြိုင်ဘက်မှသည် ပုံတောင် ပုံညာဆီ ထွက်ခွာခဲ့လေပြီ။ ပုဂံမင်း နရပတိစည်သူနှင့် အမတ်ကြီး အနန္တသူ ရိယတို့ဟာ စစ်သည်အထောက် တော်များစေလွှတ်ပြီး ပေါင်လောင်ရှင်ပဿပရှာပုံတော် ဖွင့်ကြပါ တယ်။ အရှင်မြတ်လည်း တစ်နေရာမှတစ်နေရာ ပြောင်းရွှေ့လွှဲဖယ်နေရင်းက ဝက်ကျရွာအနီး 'တောကန်"မှာ သီတင်းသုံးနေပါတယ်။ တောကန်မှာ ပုဂံဘက်ဦး လှည့်ထားတဲ့ ခြေတော်ရာနှစ်ဖက်ချတော်မူခဲ့ပြီး မြောက်ဘက်ရှိ တောင်ကြီးမှာ ခိုနားတော်မူပါတယ်။ အရှင်မြတ် နားနေရာတောင်ဖြစ်လို့ 'ခိုတောင်'လို့ ယနေ့တိုင် အမည်တွင်နေဆဲ။ (ယင်းတောင်သည် ငါတို့ ဆွမ်းခံခဲ့ရာ ကျော်တောရွာ၏ မြောက်ဘက်တွင်တည်ပြီး အနီး၌ရွာ များဝန်းရံနေ၏)လို့ ဆရာတော်ကြီးက မှတ်တမ်းပြုထားပါ တယ်။
'မင်းနှင့်နောက်ပါများ သတင်းရရချင်း တောကန်သို့ လိုက်လာခဲ့ကြရာ အရှင့်ကိုယ်စား ခြေတော်ရာများသာ ဖူးခွင့်ရပါတော့သည်။ ထိုခြေတော်ရာများကလည်း ပုဂံဘက်သို့ ဦးလှည့်ပြထားရာသည်မှနေ နောက်ကြောင်းသို့ ပြန်ကြတော့ နှင်နေ၏ပမာ ဖြစ်ပါသည်။ သို့ဖြင့် မင်းနှင့်နောက်ပါတို့သည် ခြေတော်ရာနှစ်ဆူကို ဝအောင်ဖူးကြပြီး အထိမ်းအမှတ်အဖြစ် ခြေတော်ရာ နှစ်ဆူကိုငုံ၍ စေတီတည်ခဲ့ ကြပါသည်။ ထိုစေတီ ယနေ့ တိုင်သွားရောက်ဖူးမြော်နိုင်ကြပါသည်။' (စာ-၆၇)
မင်းနှင့် နောက်ပါတို့ နောက်ကြောင်းပြန်လှည့် သွားသော်လည်း ဌာနေကျေးရွာများကား အရှင်မြတ်ကြီးအား ဝိုင်းဝိုင်းလည် ဖူးမြော်လျက် ရှိကြပါတယ်။ ဒါ့ကြောင့် အရှင်မြတ်ဟာ သည်နေရာကို စွန့်ခွာခဲ့ပြန်ကာ ဘယ်သူမှ လိုက်မလာနိုင်သော၊ ဘယ်သူမှ မတွေ့နိုင်သော အလောင်းတော်ကဿပ လိုဏ်ဂူတော်ကြီးဆီ ထွက်ခွာကြွလှမ်း ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။
'နောက်တစ်ခုမှာ ကျောက်စာများတွင် သက္ကရာဇ် ၅၃၄ မှ ၆၃၉ အထိ အရှင်မြတ်၏ အမည်တော်များ တွေ့ရသဖြင့် အသက်မှာ ရာကျော်၏။ ဘုရင်၊ မှူးမတ်နှင့် အများတို့က ရဟန္တာအဖြစ် ယုံကြည်ကာ ကိုး ကွယ်ကြ၏။ ယင်းတို့ကိုထောက်ကလည်း အရှင်၏ သာမန်နှင့်မတူသော ဖြစ်ရပ်ဂုဏ်များကို လေ့လာနိုင်ကြပါ သည်။ သို့ကြောင့် ဤပုဂံတွင်းဖြစ်စဉ်များနှင့် ပုဂံမှ အလောင်းတော်ကဿပဂူရှိရာသို့ ထွက်လာခဲ့သော ခရီးကြမ်းမြေပုံညွှန်း အထောက်အထားများ၊ ထိုနှစ်ခုတို့ကို ယှဉ်တွဲ၍ မျက်ချက်ပြုရသော် ပေါင်လောင်ရှင်ကဿပသည် အလောင်းတော်ကဿပအစစ် မဟုတ်နိုင်ဟူ၍ ငါတို့ မဆုံး ဖြတ်ဝံ့ပါ။' (စာ-၇၁)
နောက်ထပ် အခြားသော ကဿပများလည်း ရှိနေသေးရာ ...မြောင်နယ်ကျောက်စရစ်ရွာဇာတိ အရှင်ကဿပ၊ ပရိမ္မရွာသားရင့်မာ တစ်ကျိပ်ဝင် အရှင်ကဿပ၊ ပုဂံခေတ်အမတ်ကြီး သင်္ကြံမသူ၏မြေး အရှင်ကဿပ၊ ချောင်းဦးမြို့နယ်တောကျောင်းကြီး အရှင် ကဿပတို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ အရှင်မြတ် တို့ကိုလည်း အလောင်းတော်ကဿပရဲ့ တစ်ထပ်တည်း တစ်သားတည်းလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
'ဤသာသနာ့ခံတပ်ကြီး၌ အရှင်မြတ်ဘုရား (ဘုရားခေတ်ဓူတင်ဧတဒဂ်ရ)သည် အကြီးအကဲအ ရာ၌တည်ပြီး အရှင်နှင့်ဓမ္မ-ဓူတအကျင့်အားဖြင့် တူညီသူများလည်း ပါရ၏။ အရှင်၏ အနုမှ အရင့်တိုင် ပါရမီဖြည့်ရာ၏ အတူနေများလည်း ပါရ၏။ အရှင့်ကို မှီ၍ ပါရမီ အဆင့်ဆင့် ဖြည့်ခွင့်ရများလည်း ပါရ၏။} (စာ-၇၃)
အလောင်းတော်ကဿပဆိုတဲ့ အကြောင်းအရာ စူးစမ်းချက်ဟာ ပို၍ပို၍ပင် လေးနက်လာခဲ့ပါပြီ။ ဒီနေရာမှာ ပေါင်လောင်ရှင်ကဿပကိုလည်း အလောင်းတော်ကဿပရဲ့ အရှင်မြတ်တစ်ပါးအဖြစ် မဟာဗောဓိ မြိုင်ဆရာတော်ကြီးက အရိုအသေပြုထားပါတယ်။ 'အရှင်မြတ်သည် ပရိယတ်၊ ပဋိပတ်နှစ်ရပ်လုံး နှံ့စပ်ရာ ပရိယတ်၌ 'ဗောဓိဝင်ဋီကာကို ပါဠိဘာသာဖြင့် ရေးသားခဲ့၏။ တစ်ဖန် ခုဒ္ဓသိက္ခာ အဋ္ဌကထာနိဿယကိုလည်း ရေးသားခဲ့၏။}လို့ မှတ်တမ်းပြုထားပါတယ်။
'သက္ကရာဇ် ၅၆၅ ခုနှစ် ပုဂံပြည် နရပတိစည် သူမင်းလက်ထက် ဗောဓိဝင်ဋီကာကို စီရင်ရေးဖွဲ့ ခဲ့သူ ပေါင်လောင်သင် မဟာကဿပသည် သူ၏ မျက်မြင် ကိုယ်တွေ့ပုဂံပြည်ကို ၎င်းင်းကျမ်း၏ နိဂုံး၌ အောက်ပါအတိုင်း ရေးသားထားခဲ့လေသည်'လို့ ဆရာကြီးမြကေ တုရဲ့ ၂၀၁၀ စက်တင်ဘာမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'နန်းဓလေ့မှတ်တမ်းများ}မှာ ဂုဏ်ယူစွာ ဖော်ပြ ထားပါတယ်။ မူရင်းပါဠိဘာသာဖြင့် ၁၄ ပိုဒ်ရှိပြီး ဆရာကြီးက လှပသေသပ်စွာ မြန်မာဘာသာပြန်ဆိုပေးထား ပါတယ်။
၁။ ဝတ္ထုကာမ လိုအပ်သော အာရုံကုံလုံ ပြည့်ဝသောကြောင့် ပုဏ္ဏကာမပြည်၊ ပုကာမ်(ပုဂံ) ဟူသော အမည်ဖြင့် ကျော်စောထင်ရှားသော၊ မွေ့လျော်ဖွယ် လည်းကောင်းသော၊ ပြည်ကြီးတမွတ် အထွတ်အဖျား လည်းဖြစ်သော ပုကာမ်ပြည်(ပုဂံပြည်)။
၂။ ရဲရင့်သော၊ လုံ့လ၊ ဝီရိယရှိသော၊ ရန်သူကို ချေမှုန်းလေ့ရှိသော ပုဂ္ဂိုလ်ထူးတို့နေရာ ဖြစ်သော ကြောင့် အရိမဒ္ဒနမည်သော ပုကာမ်ပြည်။
၃။ ယင်း ပုကာမ်ပြည်ကား ပုကာမ်(ပုဂံ)ဟူသော အမည်ကို ကြားကာမျှဖြင့် ရန်သူတကာတို့ ထိတ်လန့် ကြောက်ရွံ့ခြင်းကို ဖြစ်နိုင်၏။ အတွင်းအပဘေးရန် ခပ်သိမ်းလည်း ကင်းငြိမ်းစင်ကွာ၏။ ထာဝရငြိမ်းချမ်းရေးနှင့်လည်း ပြည့်စုံ၏။ ထည်မျိုး၊ အုပ်မျိုး အဖိုးတန်အဆင် တန်ဆာတို့နှင့်လည်း တောက်ပရွှန်းရွှန်း ထွန်းလင်းသစ် ဆန်း၏။
၄။ အလုံးစုံသော အာရုံတို့ဖြင့် ပြည့်ဝသော ထိုမြို့ကို အခွန်အတုပ်နှစ်တို့ ထွက်ပေါ်ရာ နတ်ပြည်မှ ကျလာသော မြို့ကြီးဟူ၍ပင် သိအပ်ပါပေသည်။
၅။ ယင်း ပုကာမ်ပြည်ကြီးကား ဗုဒ္ဓဘာသာဝင် ရှင်ရဟန်းတို့၏ သင်္ကန်းတော်ရောင်တို့ဖြင့် တပြောင် ပြောင်ထွန်းပ၏။ ကုသိုလ်ကောင်းမှု ပြုလိုသူ ရှင်ရဟန်းတို့ နေပျော်ရာလည်းဖြစ်၏။ သူတော် ကောင်းတရား နာ ကြားသင်ယူရာ ချက်ချာဌာနလည်း ဖြစ်၏။ လူမျိုးတ ကာလည်း စုံလင်စွာ၏။
၆။ ရွှေအထွတ်တို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ဂူပုထိုးများ၊ ချွန်ထက်သော အဖျားရှိသည့် ရဟန်းကျောင်းများ၊ သောမနတ်ဂူများလည်း တင့်တယ်လှစွာ၏။
၇။ ပန်းချီဆေးရေးအလှတို့ဖြင့် တန်ဆာဆင်အပ်သော၊ ဆန်းကြယ်သော တံခါးများလည်းရှိ၏။ ခိုင်ခံ့သော မြို့ရိုးတံတိုင်းများလည်းရှိ၏။ ဇမ္ဗူဒီပါ ကျွန်းအလုံးတွင် တုနှုန်းဖက်ပြိုင်စရာ မရှိသော ပြာသာဒ်အဆောက်အအုံ တို့နှင့်လည်း မွမ်းမံခြယ်လှယ်ထား၏။
၈။ ခိုင်ခန့်သော မြို့ရိုးအလား၊ မြင့်မားသော တောင်တို့ဖြင့်လည်း ဝန်းရံထားအပ်၏။ ပကတိမြို့ရိုး၊ တောင်တည်း ဟူသော သဘာဝမြို့ရိုး၊ မြို့ရိုးနှစ်ခုမျှဖြင့်သာ ဝန်းရံထား အပ်သော်လည်း သူတော် ကောင်းတရား တည်းဟူသော မြို့ရိုးကြီးကြောင့် ဘေးရန်မခ ခိုင်လုံလှ၏။
၉။ ပုကာမ်ပြည်အနီး စီးဆင်းသော မြစ်ချောင်းတို့မှာလည်း မတိမ်မကော ပြန့်ပြောကျယ်ဝန်း သည့်အပြင် ရေလည်း ချိုမြိန်လှစွာ၏။ ဆိပ်ကမ်းလည်း သာယာလှစွာ၏။ ဆိပ်ကမ်းတို့သည် ရေချိုးရေ ခပ်ကုန်သော မိန်းမ၊ ယောက်ျားတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။
၁၀။ နိုင်ငံတော်တစ်ဝန်းလုံးရှိ ရွာ၊ နိဂုံး၊ ဇနပုဒ်တို့သည် မြေရေသြဇာ ကောင်းလှကုန်၏။
၁၁။ လယ်များမှလည်းကောင်း၊ ယာများမှလည်းကောင်း၊ မြစ်ဖျားကန်များမှလည်းကောင်း၊ ဥယျာဉ်ပန်းခြံများမှ လည်းကောင်း ထွက်ပေါ်ရရှိသော နိုင်ငံတော်ထွက် ကုန်ပစ္စည်းများဖြင့် လိုလေသေးမရှိ ပြည့်ဝစွာ၏။
၁၂။ ပုကာမ်ပြည်သည် ဆူးမဲ့သော ချုံပုတ်၊ ပေါင်းကင်းသော အာရမ်ဥယျာဉ်အမျိုးမျိုးတို့ဖြင့် တင့်တယ်စွာ၏။ အသရေ၏ စုဝေးရာလည်းဖြစ်၏။ ကုံလုံပြည့်ဝရာလည်း ဖြစ်၏။ အတိုင်းတိုင်း အပြည်ပြည်မှ ရောက်လာကုန်သော ကုန်ပစ္စည်းအထုပ်အပိုးများကို ဖြေရာဌာနလည်း ဖြစ်၏။
၁၃။ တန်ခိုးရှိန်စော် အာနုဘော်ကြီးကုန်သော ဓမ္မရာဇ်မင်းအဆက်ဆက်၊ ပညာရှိအဆက်ဆက်၊ လူစွမ်းကောင်း အဆက်ဆက်၊ သိမ်မွေ့သော အသိဉာဏ်ရှိသူ သုခမိန် အဆက်ဆက် ထွက်ပေါ် ဖြစ်ထွန်းရာလည်း ဖြစ်၏။
၁၄။ သီရိတြိဘုဝနတျဓမ္မရာဇာမည်သော (နရပတိစည်သူ)မင်းတရား၏ ဘုန်းတော်ကြောင့် ပေါ်လာ ကုန်သော ဆင်ဖြူပြောင်ကြီး အစီးစီးတို့ဖြင့် တင့်တယ်လှစွာသော မြို့ကား ...ပြည်တွင် ပြည်မြတ်ဖြစ်သော ပုကာမ်(ပုဂံ) နေပြည်တော်တော်ပင်တည်း။ ။
မင်း၊ မှူးမတ်၊ ပြည်သူတို့က ရဟန္တာအရှင် မြတ်ကြီးအဖြစ် အလွန်အမင်း ကြည်ညိုခြင်းဖြင့် ပူဇော်အပ်သော ပေါင်လောင်ရှင် ကဿပရဲ့ ပုဂံရွှေပြည်ရုပ်ပုံ လွှာဟာ အလှ၊ ဓမ္မ၊ သူရသတ္တိတို့ဖြင့် ထွန်းညှိလင်းထိန် နေပါတော့တယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးကလည်း အလောင်းတော်ကဿပမှ အရှင်မြတ်တို့၏ ဂုဏ်ကျေးဇူးကို ပူဇော်အထူးပြုကာ ခန္ဓာဝန် စွန့်သွားခဲ့လေပြီ။ ခေတ်ပြိုင် မြန်မာအား ပုဂံသားတို့၏ စိတ်ဓာတ်ဖြင့် ...ပုဂံရွှေပြည်၏ ဂုဏ်ဒြပ်တို့ဖြင့် တစ်ဖန် ခမ်းနားထည်ဝါခွင့်ကို ချီးမြှင့်တော်မူကြပါ အရှင်မြတ်ကြီးတို့ ဘုရား ...။ ။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )