မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဘဝရာဂ သံယောဇဉ်

၂၀၂၄ စက်တင်ဘာ ၉

    ဖိုးသူတော်မျက်စိလည်လေ ဆွမ်းဆန်ပိုရလေ ဆိုတာလိုပါပဲ။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဓမ္မစာပေတွေကို အကြိမ်ကြိမ်အထပ်ထပ် ဖတ်လေတိုင်းမှာ မှတ်စရာတွေ၊ ကျင့်စရာတွေ၊ ဆောင်စရာရှောင်စရာတွေ အများကြီး တွေ့လာရပါတယ်။ ဝိပဿနာဉာဏ် ပဋိဘန်ရင့်သန်စေဖို့ ရည်ရွယ်ပြုစုခဲ့တဲ့ ၁၉၉၉ ဖေဖော်ဝါရီ ပထမအကြိမ်ထုတ် 'ပဋိဘာနဉာဏဒဿနကထာ' ကျမ်းကြီးမှာလည်း သရဏဂုံ ကျင့်ထုံးမှသည် ဝိပဿနာလမ်းဆုံးအထိ ပို့ဆောင်ညွှန်ပြထားတာ တွေ့ရပါတယ်။ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်ချပြီး အဆောက်အအုံကောင်း ကြီးတစ်ခု တည်ဆောက်သလို အခြေခံမှစပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် ဝိဇ္ဇာနှင့်စရဏ အသိပိုင်းနှင့် အကျင့်ပိုင်းကို ပေါင်းစပ်ဖော်ဆောင်ပေးထားခဲ့ပါတယ်။
    တရားအလုပ်ဆိုတာ စိတ်အလုပ်ဖြစ်တဲ့ အတွက် စိတ်ရဲ့သဘာဝကို နားလည်အောင် လူတွေရဲ့ နေ့စဉ်ဘဝထဲက ကံသုံးပါး အမူအရာတွေနဲ့ ထင်ဟပ်ပြခဲ့ပါတယ်။ လူတွေ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် စာရင်းချုပ်ကြည့်လိုက်တော့ ]ကြိုက်လို့လုပ်တာနဲ့ မကြိုက်လို့လုပ်တာ' ဒီနှစ်ခုပဲ တွေ့ရတယ်လို့ ဆိုပါတယ်။ ကျူးလွန်ဖို့ အင်မတန် ဝန်လေးလှပါတယ်ဆိုတဲ့ 'သူ့အသက်သတ်ခြင်း (ပါဏာတိပါတကံ) ကိုပဲ ကြည့်ပါ။
    ကြက်တွေ၊ ဝက်တွေ၊ သတ်စားနေကြတယ် ...ကြိုက်လို့။
    ခြင်၊ ယင်၊ ကြမ်းပိုးတွေ သတ်ပစ်နေကြတယ် ...မကြိုက်လို့။
    အဲဒီလို ရှင်းလင်းပြတ်သားတဲ့ တရားသဘော အဖြေတစ်ခု ထုတ်ပေးလိုက်ပါတယ်။
    ကာယကံမြောက် ကျူးလွန်တယ်ဆိုတာ စိတ်ပါလို့။ တစ်နည်းအားဖြင့်တော့ စိတ်သာမူလ၊ မနောကံသာလျှင် အကြောင်းခံ စစ်စစ်ဖြစ်ပါတော့တယ်။ ဒီစိတ် ကလေးရဲ့ မူလသဘောသတ္တိကတော့ အင်မတန်ဖြူစင်တယ်။ တောက်ပတယ်။ တန်ခိုးသတ္တိ ထက်မြက်လွန်းလှတယ်။ သို့သော် အဲဒီမူလသဘောဟာ သံသရာဘ၀အဆက်ဆက် ကျင်လည်ဖန်များလာတော့ ပျောက်ဆုံးသွားပြီ။ မူလစမ်းရေကြည်ကလေးပေါ်မှာ အမှိုက်သရိုက်၊ ဒိုက်၊ ရေညှိတွေ ဖုံးလွှမ်းသလိုပါပဲ။
    ကြိုက်လောဘ၊ မကြိုက်ဒေါသ၊ မသိမောဟ ဆိုတဲ့ ကိလေသာတွေ အချိန်နှင့်အမျှ တစ်ဘ၀ပြီးတစ်ဘ၀ ဖုံးလွှမ်းလာလိုက်တာ နဂိုဖြူစင်တဲ့စိတ်ကလေးဟာ ဆီသည်မလက်သုတ်ဖတ်၊ မီးဖိုချောင်က လက်နှီးစုတ်ပမာ ဖြစ်လာခဲ့ပြီ။ ဘယ်လောက်လျှော်လျှော်၊ ဘယ်လိုဖွပ်ဖွပ် တစ်ဖန်ပြန်လည် ဖြူစင်နိုင်မယ့် အခွင့်အလမ်းဟာ အင်မတန်နည်းပါးခဲ့ပါပြီ။ လျှော်ဖွပ်တာက တစ်ကြိမ်၊ နှစ်ကြိမ်၊ အညစ်အကြေးအပေအတေတွေနဲ့ ထိတွေ့နေရတာက အကြိမ်ကြိမ်ဖြစ်နေတယ် မဟုတ်ပါလား။
    စိတ်ရဲ့သဘာဝကတော့ စိတ်တစ်ခုသာ။
    ကြိုက်တာနဲ့ ပေါင်းမိတော့ ကြိုက်စိတ်၊ မကြိုက်တာနဲ့တွေ့တော့ မကြိုက်စိတ်၊ ဒီလိုနဲ့ ... လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အဝိဇ္ဇာ၊ ဝိစိကိစ္ဆာ စတဲ့ မလိုလားအပ်တဲ့ စိတ်ရဲ့သဘောတွေ ဆင့်ပွားလွှမ်း မိုးလာခဲ့ပါတယ်။ ပင်ကိုစိတ်မှာ အကောင်းထင်လာ တာနဲ့ မြတ်နိုးစိတ်ဝင်လာမယ်၊ အဲဒီမြတ်နိုးစရာကို အား ကိုးကြီးလာတော့ ထန်စိတ်၊ ကောက်စိတ်ဝင်လာမယ်၊ ဒါကို မာနလို့ခေါ်ပါ တယ်။ ဒိဋ္ဌိဆိုတာကတော့ ပင်ကို စိတ်မှာ ငါပိုင်တယ်လို့ထင်တာ၊ ငါမြင်တယ်၊ ငါ့မယား၊ ငါ့သား အဲဒီလို အထင်အမြင်လွဲမှားမှုကနေ ငါစွဲကြီးကြီး ငါတကောကောတာ ဒိဋ္ဌိပါပဲ။
    'ပင်ကို စိတ်၌ ငါ့အဆက်ဟူသော တလွဲမြင် နှင့်တကွ သူတစ်ပါးတို့နှင့် မဆက်ဆံစေလို၊ မရစေလိုသော သဘောသည် ယှဉ်တွဲ၍ ဝင်လာတတ်ပြန်၏။ မိမိ၏ နှစ်သက်ပစ္စည်း လက်ဝယ်မပိုင်မီ လက်တစ်ကမ်းအလို ၌ ဖြစ်လေ့ရှိသော ဣသာပင်တည်း'လို့ (ဆရာတော် ဘုရားကြီးက ညွှန်ပြပါတယ်။ ပင်ကိုစိတ်မှာ ငါပိုင်ဟူ သော တလွဲအမြင်နှင့် သူတစ်ပါးတို့နှင့် ဆက်ဆံသည်ကို ခွင့်မလွှတ်နိုင်သော သဘောသည် ယှဉ်တွဲ၍ဝင်လာပြန်၏။ ထိုသဘောသည်မိမိ ပိုင်ဆိုင်ထားပြီး မိမိစိတ်တိုင်းကျ သုံး ဆောင်ခံစားနေရပြီဖြစ်သဖြင့် အတိဣဋ္ဌာရုံ (အလွန် ကောင်းသောအရာ)အဖြစ် မြတ်နိုးစုံမက်နေသောအခါမျိုး၌ (သူတစ်ပါးသို့ မပေးရက်လို၊ မဆက်ဆံစေလိုသော မစ္ဆရိယ)သည် အထူးထင်ရှားလာ ခြေတော့၏။' (ပဋိဘာန ဉာဏဒဿနကထာ၊ စာ-၇၇၅)
    မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက စိတ်သဘာဝကို အဲဒီလို သရုပ်ခွဲပြခဲ့ပါတယ်။
    ပင်ကိုစိတ်မှာ 'အကျင့်လွန် အလေ့အထ' ယှဉ်တွဲလာတတ်တာကိုတော့ 'သီလဗ္ဗတ ပရာမာသ' လို့ခေါ်တယ်လို့ ဆိုပါတယ်။ အရက်သမားကအရက်သောက် တဲ့အကျင့်၊ ဖဲသမားက ဖဲကစားတဲ့ အကျင့် ...ကိုယ့် အကျင့်ကိုယ်အမွှမ်းတင်နေတတ်တာလည်း စိတ်သဘာ၀  တစ်ခုပဲ ဖြစ်ပါတယ်။ ဒီသဘောပေါ်လွင်အောင် ဆရာတော်ကြီးက လူ့ဘဝတုန်းက ကြုံဆုံခဲ့ရတဲ့ မိတ်ဆွေတွေ အကြောင်း ပြန်ပြောင်းပြောပြထားပါတယ်။
    ဟင်္သာတနယ်ဘက်မှာ ကြုံတွေ့ခဲ့ရတဲ့ ကိုတင်အောင်၊ ကိုသိန်းခန့် ညီအစ်ကိုဟာ တစ်ယောက်က အရက်သမား၊ တစ်ယောက်က ဆေးခြောက်စွဲနေသူ၊ ကိုတင်အောင်က သူ့ညီအရက်သမားအတွက် စိတ်ပူနေ တယ်။
    'ဒီကောင်တွေ အရက်ဖျက်လို့ ပျက်နေတာ၊ ကျုပ်ဆေးခြောက်က စိတ်ကိုအေးချမ်းစေပြီး လူတကာနဲ့ အဆင်ပြေအောင် ပေါင်းလို့ရတယ်။ ဆေးခြောက်နဲ့ သွေးမတည့်ရင်တော့ အမြင်မှားတာမျိုး ရှိတတ်တယ်။ ကျင်းငယ်လေးကို တွင်းကြီးထင်ပြီး လန့်ခုန်မိတာမျိုးပေါ့၊ ဒါပေမဲ့ အရက်လောက်တော့ မဆိုပါဘူး}လို့ သူ့ဆေးခြောက်သူ အကောင်းထင်ပြီး အမွှမ်းတင်နေတတ်တယ်။ အရက်သမား ကိုသိန်းခန့်ကလည်း ...'ကျုပ်အစ်ကိုကြီးတော့ ခက်ပါသေးဗျာ။ ဆေးခြောက်စွဲပြီး စိတ်တွေ ဂယောက်ဂ ယက်ဖြစ်နေတာ။ ကျုပ်တို့အရက်က ဆေးခြောက်လို မဟုတ်ဘူးဗျ။ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲတယ်။ ဆေးခြောက်သမားလို သွေးမကြောင်ဘူး'လို့ အရက်ကောင်းကြောင်း မောင်းထုလေ့ရှိတယ်။
    ဒီစကားတွေက ဘာကိုဖော်ပြနေသလဲဆိုရင် မိမိရဲ့ အကျင့်လွန်နေပြီဖြစ်သော အလေ့အထကို အကောင်းထင်နေခြင်းပဲ ဖြစ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက ...
    'သည့်အတူပင် ဘာသာတိုင်းသည်လည်း မိမိဘာသာလျှင် အကောင်းထင်၊ အမွှမ်းတင် တတ်ကြ၏။ သဘာဝတရား၏ လမ်းဆုံးအထိမမြင်နိုင်လေ စွဲလေပင် ဖြစ်ခြေ၏။ ဘာသာမှန်သမျှ အကြောက်လွန်ရာမှ အားကိုးရှာပြီး တစ်ဖန်ထိုအားကိုးရာကို အထင်ကြီးမြတ်နိုးရာမှ ပေါ်ထွက်လာ သည်ချည်းဖြစ်၏။ မှန်မမှန်ကား ကြိုက်မကြိုက်နှင့် မဆိုင်ပြီ။ သဘာဝတရားကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ထိုသဘာဝမူလဇာစ်မြစ်၏ အဆုံးအထိ အမြင်ပေါက်မှသာ မှန်မမှန်ဟူသော ဝိဝါဒသည် ပြေလည်ရချေသည်။ လက်တွေ့ကျင့်သုံးကြည့်မှ သိရ၏။ အပြောနားထောင်ရုံဖြင့်မရ၊ လတ်တလော ကောင်း၊ လတ်တလောမှန်တို့သည်ကား သူခိုးဝါဒ၊ ဓားပြဝါဒတို့ ၌ပင် လက်ရှိချေ၏။}
    'သူခိုးသည် ပစ္စည်းလက်ဝယ်ရှိ၍ သုံးရဖြုန်းရ တုန်းမှာကောင်း၏။ မှန်၏ ထင်တတ်၏။ လက်တွေ့ လည်းပြလို့ရ၏။ အကယ်တိခိုးမှုပေါ်၌ အချုပ်ခန်းနှင့် ထောင်တို့သို့ လမ်းဆုံးအထိရောက် သောအခါတွင်ကား တကယ့်သဘာဝ၏ မကောင်း၊ မမှန်ကိုသာ ပြောင်းလဲ သွားတတ်ချေတော့၏။ ဓားပြလည်း ထိုနည်းလည်း ကောင်းပင်တည်း။'
    အဲဒါကတော့ပင်ကိုစိတ်၌ အကျင့်လွန်အလေ့အထ(သီလဗ္ဗတပရာမာ)သဘောကို ညွှန်ပြခြင်း ဖြစ်ပါသည်။ ဆက်လက်ပြီး ဝိစိကိစ္ဆာရဲ့သဘော ဒီလိုပြောပြခဲ့ ပါတယ်။ ပင်ကိုစိတ်မှာ မရေရာဖြစ်လာပြီ ဆိုရင် အကောင်းအဆိုး၊ အမှားအမှန် မဝေခွဲနိုင်တဲ့ တွေစိတ်နဲ့အတူ ကြိုက်ရကောင်းနိုး၊ မကောင်းနိုး၊ မှန်လိမ့်နိုးနိုး မမှန်နိုးဖြစ်နေတာတွေဟာ ဝိစိကိစ္ဆာပါပဲ။ ဝိစိကိစ္ဆာရဲ့ သဘောက မိမိပိုင်လက်ရှိမှာဖြစ်စေ၊ မပိုင်ဆိုင်ရသေးတဲ့ အရာအပေါ်မှာဖြစ်စေ၊ တွေ့ရာမြင်ရာ အာရုံတို့ကိုခံစား ရာမှာဖြစ်စေ ပေါ်လွင်တတ်လှတယ်လို့ ဆိုပါတယ်။
    ပင်ကိုမှာ လက်ရှိခံစားနေရတဲ့ ဖြစ်စဉ် (ဘဝ)၌ တပ်မက်မှု ယှဉ်တွဲလာခြင်း၊ မိမိပိုင်ဆိုင်ထားတဲ့ ဘ၀စည်းစိမ်အပေါ် တပ်မက်နေခြင်းဟာ 'ဘဝရာဂ သံယောဇဉ်'ပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ မိန်းမသည် မိမိဘဝ၏ မိန်းမအဖြစ်ဖြင့်သာ ကာမဂုဏ်ခံစားနေရသည်ကို စွဲမက်နေတတ်၏။ ယောက်ျားဘဝသို့ရရန် ရောက်ရန်ကိုကား လုံးဝစိတ်မဝင်စားတတ်ချေပြီ။ ယောက်ျားသည်လည်း ယောက်ျားအဖြစ်ဖြင့်သာ ကာမဂုဏ်ခံစားနေရ သည်ကို စွဲမက်နေတတ်လှ၏။ ထိုထက်ကောင်းကိုကား မစဉ်းစား၊ ရှိသေးသည်ဟူ၍ပင် မထင်တတ်။ သည့်အတူ လယ်သမားသည်လည်း သူ့ဘဝသူပျော်၏။ ကူလီသည်လည်း ပျော်သည်သာဖြစ်၏။ သတ္တဝါတိုင်းဖြစ်လေရာဘ၀ ၌ ပျော်ပိုက်နေခြင်းများသည် ဘဝရာဂပင်တည်း။
    သို့ကြောင့် ကာမဘဝ၊ ကာမဘုံသားသည် ကာမဂုဏ်ခံစားမှုမှ လွတ်သော ဗြဟ္မာဘဝမလို လားပြီ။ တစ်ဖန်ရုပ်ရှိသော ရူပဗြဟ္မာသည်လည်း ရုပ်မရှိသော အရူပဗြဟ္မာအဖြစ်ကို မလိုလားပြီ။ ဘဝကို ခင်တွယ်သူ မှန်သမျှသည်လည်း ဘဝပျက်သုဉ်း၍ အအေးဓာတ်လုံး လုံးချည်းသာရှိသော နိဗ္ဗာန်ကို လိုလားမည်မဟုတ်ပြီ။ နိဗ္ဗာန်ဟူသည် တစ်ဘဝနှင့်တစ်ဘ၀ ဆက်စပ်ပေးတတ်သော 'တဏှာအစေး' မရှိတော့သည်ကို ဆို၏။ တဏှာ သည် လိုချင်တောင့်တမှုကိုဆိုရာ နိဗ္ဗာန်သည် ထိုလို ချင်တောင့်တမှု၏ ပြောင်းပြန်သာဖြစ်ခြေ၏။ သို့ကြောင့် နိဗ္ဗာန်သည် ဘာမှမလိုချင်တော့သော ကာလမှရောက် ရ၊ ရရသော 'အပ္ပဏီဟိတ' တရားပင်ဖြစ်ချေ၏။' (ပဋိ ဘာန၊ စာ-၇၇၉)
    ဒါ့ကြောင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရား ကြီးက လိုချင်စိတ်တို့အားကြီးနေသမျှ နိဗ္ဗာန်နှင့် ဝေးသထက်ဝေးနေပြီး အမည်ခံမျှ ဗုဒ္ဓဘာသာဆိုသူတိုင်းဟာ ဒီနေ့နိဗ္ဗာန်ကို လျင်မြန်တုတ်ချောက် ရောက်ရပါလို၏အစား ဘုရားတပည့်တော် တပည့်တော်မ 'ဘာမှမလိုချင် ရပါလို၏ဘုရား'လို့ ပြင်ဆင်ကာ တည့်တည့်ကြီး ဆုတောင်းခိုင်းသော် အားလုံးခေါင်းယမ်းကြမည်သာတည်းလို့ အရှိအ မှန်အတိုင်း ဆုံးမထားပါတယ်။
    သိစေလိုရင်းကတော့ ပင်ကိုဖြူစင်တဲ့ စိတ်ကလေးဟာ ကြိုက်စိတ်၊ မကြိုက်စိတ်တွေကနေ အဝိဇ္ဇာ၊ မာန၊ ဣသာ၊ မစ္ဆရိယ အကျင့်လွန် အလေ့အထ၊ ဝိစိ ကိစ္ဆာစသည်တို့ကနေ ဘဝရာဂ သံယောဇဉ်အထိ နယ်ကျယ်လာပြီး နိဗ္ဗာန်နဲ့ဝေးဝေးလာတယ်။ အဲဒီစိတ်ရဲ့အညစ်အကြေး ကိလေသာတွေကပဲ မသွားချင်ပါဘူး။ မလိုချင်ပါဘူး။ မရောက်ချင်ပါဘူး။ မရချင်ပါဘူးလို့ တွင်တွင် ကြီး ဘူးခါငြင်းဆိုခဲ့တဲ့ အပါယ်လေးဘုံဘဝတွေဆီ ခေါ် ငင်သွားပါတော့တယ်။
    ဒါ့ကြောင့် ကိလေသာတွေ ပွားရာက ပါးအောင်၊ ပါးရာက လုံးလုံးမရှိ၊ ပကတိစိတ်ရဲ့ ဖြူစင် တောက်ပမှုပြန်ရအောင် သတိတစ်လုံးဆောင်ပြီး ရှုမှတ် ပွားများနေမှသာ နိဗ္ဗာန်ခရီးနီးလာလိမ့်မယ်လို့ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အသိပေးလမ်းညွှန်တော်မူခဲ့ပါတယ်။
မောင်သွေးချွန်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43008

© 2022 - 2025 News. All Rights Reserved.