မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဘွဲ့ပေးဘွဲ့ယူ အမြင်မတူ

၂၀၂၄ ဇွန် ၂၉

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ခန္ဓာဝန်စွန့် ပျံလွန်တော်မူချိန်အထိ မိမိ၏ အသက်အရွယ်ကို ငဲ့ညှာမနေဘဲ သတ္တဝါဝေနေယျ များအားလုံးအတွက် ကျင့်ဆောင်အားထုတ်တော် မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ အကျင့်စရဏဖြင့် ဘယ်လောက်ထိ မွေ့လျော် တော်မူသလဲဆိုရင် ...
'မဟာဗောဓိမြိုင်ဘွဲ့ကား အကျင့်မှရသောဘွဲ့'လို့ ၂၀၂၁ ဒီဇင်ဘာထုတ် 'တစ်ပါးနေအကျင့်' ကျမ်းစာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ မဟာဗောဓိမြိုင်ဆိုတဲ့ ဘွဲ့တော်ဆီသို့ လျှောက်လှမ်းခဲ့ရသော ခရီးလမ်းကား အလွန်ပင် ကြမ်းတမ်းလှပါတယ်။ မြန်မာပြည်အရပ်ရပ် တောတောင်အသီးသီးမှာ လှည့်လည်အားထုတ်ကာ ခရီးပြင်းနှင်နေချိန်မှာလည်း အမည်အမျိုးမျိုး ရခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှသည် ဉေယျဓမ်တောရမှာ ခန္ဓာဝန်စွန့် ချိန်အထိ ဘွဲ့မည် ၁၀ မျိုးရခဲ့တယ်လို့ ၂၀၂၁ ဒီဇင်ဘာထုတ် 'လောကအလင်း' ကျမ်းစာအုပ်မှာ 'ဆယ်ဘွဲ့ရငါတစ်ပါး'ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ပါ တယ်။ ဆယ်ဘွဲ့ရငါတစ်ပါးမှာ လောကသဘော လူ့သဘောတို့ကို စောကြောသုံးသပ်ထားတာ တွေ့ ရပါတယ်။
    နာမည် ၁၀ ခု ပေါင်းစုနေမှတော့ နာမည်ကောင်းလည်း ရှိမည်၊ မကောင်းတာလည်း ရှိမည်၊ ကိုယ့်အမြင် ကိုယ့်ရှုထောင့်ကနေ ပေးထားတဲ့ နာမည်တွေအပေါ် ဆရာတော်ဘုရားကြီးက အထေ့အငေါ့လေးတွေနဲ့ တုံ့ပြန်ထားခြင်း ဖြစ်ပါတယ်။ ၁၃၀၃ ခု ဝါဆိုလပြည့် ကျော် ၁ ရက်၊ တနင်္လာညကို အကျော်၊ အင်္ဂါနေ့ဦးသို့အဝင် ညဉ့်တစ်ချက်တီးအချိန်တွင် ဖွားမြင်တော်မူခဲ့ရာ မဟာဘုတ်ဗေဒင်အရ 'သိုက်ဖွား'ဖြစ်ပြီး အဓိပတိအိမ်မှာ ကြာသပတေး ၅ ဂဏန်းရှိနေပါတယ်။ ဒါ့ကြောင့် ဗေဒင်တတ်တဲ့ အဘိုးကသိုက်နဲ့ အဓိပတိ ပေါင်းစပ်ပြီး 'ငြိမ်းမောင်'လို့ အမည်ပေးလိုက်ပါတယ်။
    'ဤကား မွေးချိန်က မှည့်ပေးလိုက်သော အမည်ကောင်း၊ အကြောင်းမှာ 'ငြိမ်းချမ်းသော ကမ္ဘာသား အမောင်ယောက်ျား'ဆိုသော နိမိတ်ဆောင်ဖြစ်နေ၍တည်း။' (လောကအလင်း၊ စာ-၁၀၄)
    အဲဒီနောက် သုံးနှစ်သားအရွယ် ပြောတတ်၊ ဆဲတတ်၊ ပြေးလွှားတတ်တဲ့ အရွယ်ရောက်လာချိန် လူကြီးများက ချစ်စနိုးစကြ ပြောင်ကြတဲ့အခါ မောင်ငြိမ်းမော်လေးက 'ငါလို'ဆိုပြီး ပြန်ဆဲတတ်ပါသတဲ့။ ငါ့လိုဆို တဲ့ ဆဲနည်းမျိုးက မောင်ငြိမ်းမောင် မမွေးဖွားမီ ဒီရွာမှာ 'ဖိုးဖက်'ဆိုတသူတစ်ဦးရဲ့ မူပိုင်ဆဲနည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆရာတော်လောင်းလျာ မောင်ငြိမ်းမောင်ကို 'ဖိုးဖက်' ဝင်စားတယ်ဆိုပြီး 'ဟေ့...ဖိုးဖက်'လို့ ခေါ်လေတိုင်း မောင်ငြိမ်းမောင်ကလည်း 'ငါလို'လို့သာ တုံ့ပြန်ဆဲရေး လေ့ရှိခဲ့တယ် ဆိုပါတယ်။ ဒါ့ကြောင့် ဖိုးဖက်ဝင်စားတယ် ပြောကြပေမယ့် ဆရာတော်ကြီးကိုယ် တိုင် အသိအမှတ်ပြု လက်ခံထားတာက ...
    'ငါသိတတ်သည်က ယခင်ဘဝက 'ဉာဏ်ကျော်'သေ၍ ယခု 'ငြိမ်းမောင်' ဖြစ်လာသူ၊ တစ်ရွာလုံး က ယခင်ဘဝက ဖိုးဖက်၊ ယခုဘ၀ ငြိမ်းမောင်ဆို၏။ 'တစ်ဖန် ၁၃၁၇ ခုနှစ်၏ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ၆ ရက်များတွင် ရှင်ပြုပွဲ ကျင်းပကာ သာမဏေဘဝရလာ၏။ ထိုစဉ် ရရှိလာသော ဘွဲ့ကား 'ဉေယျ' ဟူသတတ်။ ဤဘွဲ့ကို ဆရာက င့ါကိုပေးခိုင်းရာမှ ငါကိုယ်တိုင်ပေးသော ဘွဲ့ဖြစ်သည်။ ယခင် ဉာဏ်ကျော် ဘ၀တုန်းက ဆရာဘုန်းကြီး(တောကျောင်းကြီးဆရာတော် ဦးသုနန္ဒ)ပေးအပ်ထားသော ဘွဲ့ကို အစွဲမကုန်သေး၍ ရွေးသုံးလိုက်ခြင်းဖြစ်သည်။)'
    မှတ်ချက်။        ။ ဤ ဉေယျဘွဲ့ကိုပင် ပထမဆုံး တောထွက်သော သာစည်ရွှေကျောင်း ကုန်းတောင်အရောက်တွင် အမွှမ်းအပြောက်များ ထပ်မံတပ် ဆင်ထား၏။ ယင်းမှာ ...ဉေယျ ...သိရာ၏။ ဘာသိလဲ ...ဓမ္မ၊ သို့ကြောင့် ဉေယျဓမ္မ၊ တစ်ဖန် ဤသာစည်၏ ဤတော ဤတောင်သည် ငါပိုင်ဖြစ်စေရမည်ဆိုကာ 'သာမိ' တစ်ခုထပ်တိုးလိုက်ရာ 'ဉေယျဓမ္မသာမိ' အမည်ပေါက်စေခဲ့ပြီ။ ငြိမ်းမောင်၊ ဖိုးဖက်၊ ဉေယျသုံးမည်ရ ထိုသည့်ငါ ...၁၃၁၈ ခုနှစ် ကဆုန်လပြည့်ကျော် ၁၀ ရက်၊ ဥပဇ္ဈာယ်ဆရာ ဦးအာစရလိုက်ပါပို့ဆောင်ပေးမှုအရ ရွှေဘိုမြို့ ဝေဠုဝန် ပါဠိတက္ကသိုလ်သို့ သုံးနှစ် ပညာသင်ခွင့်ရခဲ့ပြီ။ ထိုအတွင်း ...
၁။ ကျောင်းထဲဝယ် တွေ့သူတိုင်းကို ပြုံး၍ နှုတ်ဆက်လေ့ ရှိသဖြင့် ဖိုးပြုံးချိုဘွဲ့၊
၂။ ပျဉ်ဈေးဆွမ်းခံသွားရာဝယ် ဣန္ဒြေကောင်းလွန်းလှ သဖြင့် မိုးထိ ကိုယ်တော်လေးဘွဲ့ (ထိုစဉ်က ငါတို့အရပ် အမောင်းက ပုတုကလေးကြောင့်)
၃။ ရဲစခန်းအနီး မြင်းတပ်ထဲဝင် ဆွမ်းခံရာ၌ သံကိစ္စသာ မဏေလေးဘွဲ့၊
    ရွှေဘို၌ သုံးနှစ်နေစဉ် သုံးဘွဲ့ ထပ်မံဆွတ်ခူး ခဲ့ပြီ။ သည့်နောက် ရဟန်းငါးဝါအထိ နေရာတကာ ပညာသင်အသွား ဘာဘွဲ့မှထပ်မရခဲ့။ လူ့ဘ၀ ရဟန်း လူထွက်အဖြစ် ၁၃ နှစ်ကြာသော်မှလည်း ဘာဘွဲ့မှ ထပ်မရခဲ့။ သည့်နောက် လူ့ဘဝကြောက်၍ နောက်ထပ်ရဟန်း ဘ၀ ပြန်လည်ရယူကာ တော ထဲတောင်ထဲများ၌ပင် အချိန်များ ကုန်ဆုံးစေခဲ့ရာ ပထမရွှေကျောင်းကုန်းတောင် အရောက်တွင် ဓူတင်များဖြင့် စတင်နေခွင့်ရ၏။ တော၌ ဓူတင်များကို ပီပီပြင်ပြင် ဆောင်ခွင့်ရ၏။ (စာ-၁၀၈)
    ရဟန်းတစ်ဝါဖြင့်ပင် 'ရွှေကျောင်းကုန်းတောင် ဆရာတော်'ဟူ၍ ဂုဏ်သတင်းကြီးလာလေရာ မြို့ပေါ်က ကျမ်းတတ်ဆရာတော်ကြီးများကပင် စုံစမ်းမေးမြန်းခြင်း ပြုလာရပါတယ်။ သည်ကိုယ်တော် ဘာတွေကျင့်သလဲ၊ မဟာစည်နည်းနဲ့ တရားကျင့်ပါတယ်။ သုသာန်ဓူတင်နဲ့ ယထာသန္တိတိဓူတင် (ညွှန်ပြသောကျောင်း၊ ညွှန်ပြသော အိပ်ရာ၌နေခြင်း)နှစ်ပါးကလွဲပြီး ကျန်တဲ့ ဓူတင် ၁၁ ပါးလုံး အကုန်ဆောင်ပြီး ကျင့်ပါတယ်လို့ သိရတော့...သြော် ဒါကြောင့် ဘုန်းကြီးတာကိုးလို့ ဆရာတော်ကြီးများက မှတ်ချက်ပေးတော်မူကြပါတယ်။ ဒီလိုနဲ့ 'ဓူတင်ဆောင် ရဟန်း'ဆိုတဲ့ဘွဲ့ကို တောထဲတောင်ထဲမှာရခဲ့ ပြန်ပါတယ်။
    နောက်တစ်ခါ သာစည်က ဒကာများက ဒီကိုယ်တော်ကြီး စိတ်ကောက်တတ်တယ်လို့ ယူဆသုံး သပ်ပြီး 'စိတ်ကောက်ကိုယ်တော်ကြီး'လို့ ကွယ်ရာမှာ ကင်ပွန်းတပ်ကြတယ်။ ဆရာတော်ကြီးက စိတ်ကြီး၊ စိတ်ထန်၊ စိတ်မြန်တတ်တဲ့အတွက် အာမဘန္တေခံထားတဲ့ အလုပ်တစ်ခုကို မလုပ်ဘဲနေရင် နောက်မခိုင်းတော့ဘူး။ ဆက်ဆံခေါ်ပြောတာမျိုးလည်း သိပ်မလုပ်တော့ဘူး။ ဆရာတော်ကြီးရဲ့ တိကျတဲ့ စည်းကမ်းကို မလိုက်နာနိုင်သူ၊ ခပ်ပေါ့ပေါ့နေချင်သူတွေက စိတ်ကောက်တယ်လို့ လွဲလွဲမှားမှား သုံးသပ်ကြတယ်။ ရဟန်းကား စိတ်ကောက်သည် မရှိ၊ စိတ်ကို ဖြူစင်ဖြောင့်မတ်အောင် ကျင့်ရတယ်ဆိုတာ သူတို့မသိ၊ ပြီးတော့ ဆရာတော်ကြီးက သာသနာ့ဝေယျာ ဝစ္စတာဝန်ပေးစဉ်အခါ ပြုံးပြုံးရွှင်ရွှင်နဲ့ လုပ်နိုင်ပါတယ်။ လုပ်ပါရစေ အာမဘန္တေခံပြီး တာဝန်မကျေတာ တွေ့ရတဲ့အခါ ဆရာတော်ကြီးက ခပ်တည်တည်ကြီး၊ အရွှင်မှ အတည်ဖြစ်သွားတာကို ဆရာတော်ကြီး စိတ်ကောက် တယ်လို့ မရှက်မကြောက် ပြောဆိုတတ်ကြတယ်။ 'သို့ဖြင့် ရွှေကျောင်းကုန်းတောင်ပေါ်က 'ဓူတင် ဆောင်ရဟန်း၊ 'စိတ်ကောက်ရဟန်း' နာမည်နှစ်မျိုး တိုးမိခဲ့ပြီ။ တစ်မျိုးက နာမည်ကောင်း၊ နောက်တစ်မျိုးကား နာမည်ဆိုး  ...။' (စာ-၁၁၁)
    ဒီလိုနဲ့ တောပေါင်းများစွာ၊ တောင်ပေါင်းများစွာမှာ နှစ်ပေါင်း ၂၀ ကျော် အားထုတ်ခဲ့ပြီးနောက် မဟာမြိုင်တောကြီးသို့ ရောက်လာစဉ် ...ပရိသတ်ဖူး မြော်ခွင့်ပေးလိုက်စဉ်မှာ ကားသမားနဲ့ ဗီဒီယို သမားတွေ က 'မဟာမြိုင်ရဟန္တာကြီး'၊ 'မဟာမြိုင်ဝိဇ္ဇာကြီး'လို့ ကြွေးကြော်ကြတယ်။ မုံရွာ၊ ရေဦး၊ တန့်ဆည်စတဲ့ မြို့တွေက ခရီးသည် ပို့ဆောင်ရေးကားသမားတွေက 'မဟာမြိုင် ရဟန္တာဖူးလိုက်ကြမလား' ဆိုပြီး ဆော်သြကြတာ ဖြစ်ပါ တယ်။
    'ထိုစဉ် မုံရွာမှ စာရေးဆရာ မုံရွာဗိုလ်လေးဆို သူလည်း လာရောက်လေ့လာ၏။ ဆွမ်းလောင်းရုံ ဘေးတွင် ငရုတ်တစ်ပင်၊ ခရမ်းတစ်ပင် တွေ့သွားသဖြင့် 'ကျောင်းမှာပင် ချက်ပြုတ်စားနေရသည်ကိုး' မှတ်ချက်ချသွား၏။ တစ်ဖန် ကွမ်းရွက်ပင် စင်ထောင်ထားသည်ကို တွေ့သွားပြန်၏။ ထိုအခါ 'ဆရာတော်က ကွမ်းကြိုက် တတ်သူပေကိုး' မှတ်ချက်ချသွားပြန်၏။ မုံရွာဗိုလ်လေး၏ နောက်ဘွဲ့ပေး မှတ်ချက်တစ်ခုမှာ ...'တောထွက်ပြီး တောရဆောက်တည်နေကြသည့် ရဟန်းအများအပြားရှိရာ သည်ကိုယ်တော်သာ ကျမ်းစာများရေးသား(ဖြန့်ချိ) နေသဖြင့် နာမည်ကြီး၏'ဟူ၍ မှတ်ချက်ပြုထား၏။ (ထိုအကြောင်းများ သူရဇ္ဇမဂ္ဂဇင်းမှ တစ်ဆင့်သိရ၏။)
    ဤ၌ 'မဟာဗောဓိမြိုင်'ဟူ၍ နာမည်ကြီးနေသည်မှာ ကျမ်းစာရေးခြင်းကြောင့်ဟူ၍ မှတ်ချက်ပြု ထားခြင်းပင်။ ငါတို့ မဟာမြိုင်အရောက် ဘွဲ့ကား 'တောစာရေး'ဟူ၏။ တောထွက်ပြီး စာများရေးနေသော 'တောနေ စာရေး'။ ဤကား မုံရွာဗိုလ်လေးပေးအပ်သည့် နဝမမြောက် ငါတို့ဘွဲ့မှန်တည်း။} (လောကအလင်း၊ စာ-၁၁၃)
    အဲဒီမှာ ဆရာတော်ကြီးက ဟိုကဒီကရခဲ့သမျှ ဘွဲ့တွေကို အောက်ပါအတိုင်း စာရင်းချုပ်ပြ ထားပါတယ်။
(က)    ရွာမှာက ..ငြိမ်းမောင်၊ ဖိုးဖက်၊ ဉေယျ ... (သုံးဘွဲ့)၊
(ခ)    ရွှေဘိုရောက် ...ဖိုးပြုံးချို၊ မိုးထိ၊ သံကိစ္စ (သုံးဘွဲ့)၊
(ဂ)    ရွှေကျောင်းကုန်းရောက် ... ဓူတင်ရဟန်း၊ စိတ်ကောက်ရဟန်း (နှစ်ဘွဲ့)၊
(ဃ)    မဟာမြိုင်ရောက်... တောစာရေး (တစ် ဘွဲ့) စုစုပေါင်းကိုးဘွဲ့။
    ဒီလိုနဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ မဟာမြိုင်တောကြီးမှာ ကျင့်ရင်းရေး၊ ရေးရင်းကျင့်ဖြင့် နေလာခဲ့ရာ မဟာမြိုင်မှာ ရှစ်နှစ် ရှစ်ဝါပင် ကြာ သွားခဲ့ပါပြီ။ မဟာမြိုင်တောကြီးမှာပဲ ခေါင်း ချတော့မယ်ဆိုလို့ စီစဉ်ထုံးဖြတ်ပြီးချိန်မှာ ကြီးမားတဲ့ အတိုက်အခိုက်နဲ့ ကြုံလာရပါတယ်။ တိုက်သူ ဘက်က စနစ်တကျနဲ့ ပြင်း ပြင်းထန်ထန် တိုက်တယ်။ ကောလာဟလတွေလည်း ထုတ်လွှင့်တယ်။ ဓာတ်ပိုင်းဆိုင်ရာတွေနဲ့လည်း တိုက်တယ်။ မဟာဗောဓိမြိုင်ဆရာတော်ပါ ဆိုပြီးတော့လည်းပုံမှား ရိုက်တယ်။ ရည်ရွယ်ချက်ကတော့ မဟာမြိုင်မှာ ဆရာတော်ကြီးမရှိစေချင်တာပါဘဲ။ မဟာမြိုင်တော ကြီးကနေ ဆရာတော်ကြီး ထွက်ခွာသွားစေချင်တာပါပဲ။ ဆရာတော်ကြီးကလည်း အားလုံးသိပါတယ်။ ဘုရားသား တော်ချင်း ...သာသနာပြုအမည်ခံထားပြီး လုပ်ရက် ပါပေ့လို့သာ မေတ္တာကရုဏာပွားလျက် က မဟာမြိုင်က ထွက်ခွာပေးခဲ့ပါတယ်။
    သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်သာရှိသော ဆရာတော်ကြီးမှာ ဘာကိုမှလည်း မတပ်မက်၊ ဘာကိုမှလည်း ဖက်တွယ်မထား၊ သီတာရေမြေဆုံးစေတော့ သွားစရာနေစရာတွေ အများကြီး၊ ဖောင်းပြင်ဘက်ကနေ ဟိမဝန္တာတောကြီးဆီ ကြွချီဖို့တောင် စိတ်ကူးခဲ့သေးတာ။ တကယ် ကြွချီဖြစ်တာက မိုးမိတ်-မဘိမ်းဘက်ဆီ။ မိုးမိတ်မှာ ထောင်သောင်းချီတဲ့ ပရိသတ်ဒဏ်ကို ခံနေရရုံမက သက်ဆိုင်ရာ အာဏာပိုင်များရဲ့ သံသယကလည်း ပြန်ကြွပါတော့လို့ နှင်နေသယောင်၊ ဒီလိုနဲ့ ဆရာတော်ဘုရားကြီးဟာ မိုးမိတ်ကနေ ဇာတိမြေဘက် တိတ်တိတ်ကလေး ပြန်လှည့်လာခဲ့ရပါတယ်။
    'ငါတို့ဇာတိမြေကား ကန့်ဘလူပိုင်ဖြစ်၏။ ယခုနေရာကား ထိုကန့်ဘလူပိုင်၏ စကျင်ရွာအနီးဝယ် တည်ရှိ၏။ ဤ၌ ...ဦးဉေယျကြီး တရားအားထုတ်ရန်လာသော တောဖြစ်သဖြင့် 'ဉေယျဓမ်တော' မည်၏။ ဦးေဥယျကြီး တရားကျမ်းစာရေးရန်လာသော တောဖြစ် သဖြင့်လည်း 'ဉေယျဓမ်တော'မည်၏။ ဤတောသို့ ၁၃၇၄ ခုနှစ် နယုန်လဆန်း ၁၄ ရက် တနင်္ဂနွေနေ့ဝင်ခဲ့၏။ ထိုမှပင် နယုန်လပြည့်ကျော် ၁၀ ရက် အရောက် မိုးမိတ်မှသည် တစ်ပြည်လုံးက လှူဒါန်းသည့် သင်္ကန်းစသည်များ အလှူခံ၍ ရွှေဘိုမြို့နေ စာသင်တိုက်များမှ သံဃာတစ်ထောင်ကျော် ၁၀၂၆ ပါးတို့အား လှူဒါန်းပွဲကြီးကျင်းပ၏။
    အဲဒီပွဲမှာ ရွှေဘိုကိုယ်စားပြု ထေရ်ကြီးဝါကြီး သက်တော်ကြီးဆရာတော်ကြီးတစ်ပါးက အနုမော ဒနာ တရားဟောကြားရာ ...'မဟာဗောဓိမြိုင်ဆရာတော် ကြီးက ပုန်းနေတော့ ဘုန်းကြီးတာပေါ့။ ငါတို့ ကတော့ မပုန်းဘူးဗျ။ ဗြောင်ပဲ ထိုင်နေတယ်'လို့ တရားတော်အတွင်း ထည့်သွင်းဟောကြားတော် မူခဲ့ တယ်လို့ ဆိုပါတယ်။
    'ထိုစကားတော်သည် ပရိယတ္တိစာပေပညာရှင် ဆရာတော်ဘုရားကြီး၏ သြဝါဒဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ ခံယူပါ၏။ တစ်ဖန် အတွေ့အကြုံရင့်ကျက်တော်မူသော ဆရာတော်ဘုရားကြီး၏ သြဝါဒတော်ဖြစ် နေသဖြင့်လည်း ဝမ်းမြောက်ဂုဏ်ယူစွာ ခံယူပါ၏။ တစ်ဖန်လည်း သက် တော်ရှည်ဆရာတော်ဘုရားကြီး၏ သြဝါ ဒတော်ဖြစ်နေသဖြင့်လည်း ဝမ်းမြောက်ဂုဏ်ယူစွာ ခံယူပါ၏။ ဤ၌ ငါတို့ ရရှိလိုက်သော ၁၀ ခုမြောက်ဘွဲ့မှာ 'မဟာဗောဓိမြိုင် အပုန်းကြီး'ဟူ၏။ ပုန်းနေရာ ခက်ခက် ခဲခဲ လိုက်ရှာရသဖြင့် ဘုန်းကြီးနေသော ကိုယ်တော်ကြီး ...။
    ထိုအပုန်းတော်ကြီး မဟာဗောဓိမြိုင်၊ ဤဘုန်းတော်ကြီး မဟာဗောဓိမြိုင် ...ထိုသည့်င့ါ ဉေယျဓမ် တောရရောက်သောအခါတွင်လည်း ပုန်းမြဲပုန်းလျက်ကသာ၊ ပုန်းလျက်က ပေါ်သွားသော ကြောင့် ထင်၏။ ၁၃၇၅ ခုနှစ် ဝါဆိုလဆန်း ၉ ရက်၊ ၁၀ ရက် (အင်္ဂါ၊ ဗုဒ္ဓဟူး)နေ့များတွင် ဉေယျဓမ်ကျောင်း လွှတ်ပွဲအဖြစ် ငါတို့ ခေတ္တသီတင်းသုံးရာ သာသနာ့ဝုဒ္ဓိကျောင်း၊ ကပ္ပိယ များနေထိုင်ရ ပုညဝုဒ္ဓိကျောင်း၊ သီရိဆောင် ဆွမ်းချက် ကျောင်း၊ ထိုသုံးကျောင်း ရေစက်ချပွဲ ကျင်းပပေးရာ ပရိသတ်များ အထူးစည်ကားလှ၏။ တစ်တောလုံး လူဖုံး သွား၏။ စီးလာသည့်ကား၊ ဆိုင်ကယ်၊ လှည်းပါမကျန် များမှများ ဖြစ်နေ၏။' (လောကအလင်း၊ စာ-၁၂၉)
    တကယ်တော့ ဆရာတော်ကြီးဟာ တောထွက် စကတည်းက ဧကစာရီ(တစ်ပါးနေအကျင့်)ဖြင့်သာ မွေ့လျော်ခဲ့သူ ဖြစ်ပါတယ်။ အခါအခွင့်သင့်လို့ ဖူးခွင့်ရချိန် မှာ ပရိသတ်ဝေနေယျများ အတိုးချပြီး တိုးမပေါက်အောင် လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ 'လူရှုပ်၊ လာဘ်ပေါ၊ ကျော်စော၊ ခြွေရံ ဤလေးတန်'ကို ဆရာတော်ကြီးက အဖန်ဖန် ငြင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။
    'ငါတို့၏ တစ်ပါးနေခြင်းက အများအတွက် အလုပ်လုပ်ပေးနေခြင်းသာ၊ ငါတို့၏ တစ်ပါးတည်း တရားကျင့်နေခြင်းက တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေခြင်းသာ၊ ပရိသတ်ဝေးလေ သွေးကြည်စိတ်စင်ဖြစ်လေ၊ ပရိသတ်ဝေးလေ အာရုံထမ်းလမ်းတည့်လေ' (လောကအလင်း၊ စာ-၁၃၀)
    ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်က တစ်ပါးနေအကျင့်ဖြင့် မိမိကိုယ်ကိုယ် ဆုံးမကာ တောရပ်မှီ အားထုတ်ခြင်းအလေ့၌ ပျော်မွေ့သင့်တယ်လို့ ဆုံးမတော်မူခဲ့ဖူးတယ် မဟုတ်ပါလား။
    'ဘုရားရှင်လက်ထက်တော် ကာလတုန်းဆီက နံနက်နည်းခံပြီး တစ်ပါးတည်း တစ်နေရာသွားအားထုတ်ရာ ညနေဆို ကိစ္စပြီးသတည်း။ တစ်ဖန်ဘုရားရှင်ထံမှ ညနေနည်းခံပြီး တစ်ပါးတည်း တစ်နေ ရာသွားအားထုတ်ရာ နံနက်ဆို ကိစ္စပြီးသတည်း။ ဤနိပါတ်တော်များသည် လွန်ခဲ့သော ဘဝကမ္ဘာ များစွာ တစ်ပါးတည်း ဆည်းပူး အားထုတ်ခဲ့ကြရာ၏ ရလဒ်များပင်။'
    'သို့ဖြစ်ရာ အပုန်းဖြင့် ဝန်ရုန်းနေသော (ဓူတင်္ဂဓရ)ရဟန်းအဖြစ် ဤသို့ ဝန်ထမ်းနေပါသည်ကို ဆရာတော်ကြီးက (မဟာဗောဓိမြိုင်ဆရာတော်ကြီးက ပုန်းနေတော့ ဘုန်းကြီးတာပေါ့) ထိုသို့ သြဝါ ဒကထာချီးမြှင့်တော်မူရာထိုသည့်ငါ နောင်များဆို ဘုန်းဘုန်းအစား ပုန်းပုန်းဖြင့် အစားထိုး၍ ဂုဏ်ယူစွာ ပြောတော့အံ့။'လို့ တုံ့ပြန် ရေးသားထားပါတယ်။ (၎င်း၊ စာ-၁၃၂)
    ဒီလောက်တောင် သူတော်ကောင်း အကျင့်ကျင့်၍ တစ်ပါးတည်းနေပါသော်လည်း အများကနာမည် အမျိုးမျိုးပေး၍ အဆိုးမြင်၊ အကောင်းမြင် ကွဲပြားနေတာကတော့ သံဝေဂယူစရာပါပဲ။
    'အကောင်းကြည့်ကြည့်၍ အကောင်းမြင်မြင်ကာ အကောင်းပြောလည်း ခံရရာ၏။ အဆိုး ကြည့်ကြည့်၍ အဆိုးမြင်မြင်ကာ အဆိုးပြောလည်း ခံရရာ၏။ မည်သို့ပင် ခံရစေ၊ အပြောကိုသိ၍ မိမိဘက်လှည့်ကြည့်ပြီး အမှားဖြစ်လျှင် ပြုပြင်၊ အမှန်ဖြစ်က ဆင်ခြင်၊ သမ္ပဇဉ် စိတ်သွင်း သည်းခံ ခွင့်လွှတ်ခြင်းဖြင့် ပွဲကျင်းပြရန်သာ'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက 'ဆယ်ဘွဲ့ရ ငါတစ်ပါး'ကို အဆုံးသတ်ထားပါတယ်။ ( မောင်သွေးချွန် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 356

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42977

© 2022 - 2025 News. All Rights Reserved.