၂၀၂၃ ဒီဇင်ဘာ ၃
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ၁၃၄၁ ခုနှစ် ဝါဆိုလဆန်း ၁ရက်မှာ မဟာစည်ရိပ်သာကြီးသို့ ရောက်ခဲ့ပါတယ်။ မဟာစည် မရောက်မီ အိပ်မက်နှစ်ကြိမ် မြင်မက်ခဲ့ပါတယ်။
'တစ်ည အိပ်မက်မက်၏။ ရီကော်ဒါ ခေါ် အသံဖမ်း အသံလွှတ်စက် ဖိုးထရက် ခေါ် လေးလိုင်း သွားတစ်လုံးကို အင်ကြင်းပင်ခွကြား၌ တင်ထားလျက်က ငါတို့သည် တေးသီချင်းဖွင့်ကြည့်ရာ ထိုသီချင်းသံကား မပီသလေ။ ဝိုးတိုးဝါးတားသာ အသံထွက်၏။ တစ် ဖန် တူးထရက်ခေါ် တစ်ဖက်လျှင် တစ်လိုင်းဆွဲ တိပ်ခွေ ဖြင့်သာ ပြောင်းလဲဖွင့်ရာ အသံကား ပီပီသသ ကြည် ကြည်မြမြ ထွက်လာသည်ဆို၏' (၂၀၁၂ မတ်လထုတ်၊ ကိုယ်တိုင်ရေး အတ္ထုပတ္တိ၊ စာ-၂၃၅)
'ဤအိပ်မက်၏ အဓိပ္ပာယ်ဆိုလိုချက်မှာ အင်ကြင်းပင်ခေါ် ဝေဘူဆရာတော်ဘုရားကြီး၏ အနာပါန တစ်ကြောင်းတည်း မှတ်ယူနေသည့်အထဲ မဟာစည်၏ အနုပဿနာ လေးချက်မှတ်နည်းဖြင့် တွဲသော် သဲသဲကွဲ ကွဲ ရှိစေလိမ့်မည် မဟုတ်ဟူသော အချက်ပင်တည်း' (စာ-၂၃၆)
အိပ်မက်အကြောင်း အဘဝိမလကို လျှောက် ထားတဲ့အခါ 'မဟာစည်လည်း အင်ကြင်းတောပါပဲကွာ' ဟု မိန့်တော်မူရာ အဘက မဟာစည်သို့ သွားစေချင်ကြောင်း ထင်ရှားလှပါတယ်။ ဒါကြောင့်လည်း နယုန်လ ကုန်ခါနီးမှာ မဟာစည်စခန်းဝင်ရန် နောက်တစ်ကြိမ် ထပ်မံတိုက်တွန်းတော်မူပါတယ်။ အဘစကားနားထောင်သောအားဖြင့် ၄၅ ရက် စခန်းဝင်ပါမည်လို့ ကတိပေး လျှောက်ထားခဲ့ပေမယ့် မဟာဗောဓိမြိုင်လောင်းလျာရဲ့ စိတ်ရင်းက လူရှုပ်ရှုပ်မှာ မနေလို့ ဆိတ်ငြိမ်ရာ တောတောင်မှာသာ တရားရနိုင်တယ်ဆိုတဲ့ အသိကလည်း ဖိစီးထားဆဲ ရှိပါတယ်။ အဲဒီနောက် အိပ်မက်ဆန်းတစ်ခု မြင်မက်ပြန်ပါတယ်။
]မိုးကုတ်ဆရာတော် ဦးဝိမလသည် လင့်စင် သဖွယ် ထိုးထားသော လေးတိုင်စင်ကြီး၏ အထက်ခင်း ပြင်အပေါ်ဝယ် မြောက်ဘက်ကိုကား ခြေကန်၊ တောင် ဘက်သို့သာ ခေါင်း(ဦးခေါင်း)စန့်လျက်က မသာပွဲ ကျင်းပရန် (မီးသင်္ဂြိုဟ်ရန်)ပြင်ဆင်ထားရှိပြီး ဖြစ်နေ၏။ ခြေနှစ်ဖက်လုံးကိုကား အတွင်းသို့ သွင်းထားလျက်ကပင် ရှိချေ၏။ ဆန့်ထားသော ခြေများ သိမ်းပြီးသားဆိုလို၏။ ၎င်းင်းစင်၏ ခြေရင်း၌ကား မပု(အဘ၏နှမ)သည် သီလ ရှင်ဝတ်နှင့် တွေ့မြင်နေရ၏။ ထိုသီလရှင်လက်တွင်း၌ ကား ကြွေပန်းကန်ပြား(လက်ဖက်ရည်အချိုပန်းကန်၏ အောက်ခံပန်းကန်ပြား)ဖြင့် ဘီစကွက်မုန့်ချပ် အဝိုင်း ခုနစ်ခု ထည့်ထားကာ စကားထာဝှက်သည့်ပမာ မေးနေ၏။'
'ကိုယ်စွမ်းကိုယ်စဖြင့် သွားနိုင်ပါလျက်က သူ တစ်ပါးအားကိုးလေသူ'
'ကိုယ်စွမ်းကိုယ်စဖြင့် သွားနိုင်သည့်အတိုင်း သူတစ်ပါး အားမကိုးလေသူ။ ကဲ-ဖော်ပါ'ဟူ၏။
ငါတို့ကား ထိုပန်းကန်ပြားတွင်းက မုန့်ကို (တံဆိပ်အမှတ်အသားပါ မုန့်တစ်ခုခုကို)ကိုင်လိုက်ရမည် ဟူ၏။
တံဆိပ်တစ်မျိုးသော မုန့်တစ်ခုကို ကိုင်မိက ဘာ ...။ နောက်တံဆိပ်တစ်မျိုးသော မုန့်တစ်ခုကို ကိုင်မိက ညာ ...စသည်ဖြင့် အတိတ်ကောက်ရန်ဟူ သတည်း။' (စာ-၂၃၆)
မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလဆိုတာ အဘဝိမလကိုပဲ သင်္ကေတပြု ရည်ညွှန်းပါတယ်။ ဘွဲ့ တော် နာမည်တူကိုယူပြီး အိပ်မက်ပေးခြင်းလို့ ဆိုနိုင်ပါ တယ်။
'ထိုအဘသည် အထက်မြန်မာပြည်ခေါ်သော မြောက်ဘက်မှ ခြေယူရုပ်သိမ်း၍ တောင်ဘက်ဆိုသော အောက်မြန်မာပြည်၏ ရန်ကုန်မြို့တော်၌ပင်ခေါင်း (ဦးခေါင်း)ချတော့မည်ဟူ၍လည်း အဓိပ္ပါယ်ရ၏။ သို့ တည်းမဟုတ် ဘယ်၊ ညာ ခြေနှစ်ဖက် ရုပ်သိမ်းလျက်က ဆိုသည်မှာ ပါရမီစခန်းသွားရာ လမ်း၏ သမထဝိပဿ နာ ဝဲယာနှစ်ဖက် ထိန်းကို ရုပ်သိမ်းပြီးပြီဟူ၍လည်း သဘောသက်၏။ ထိုသို့ ပညာခြေနှစ်စုံ ရုပ်သိမ်းကာ လူ့ဘဝ၊ လူ့ခန္ဓာဝန်ကို ချတော့မည်ဟူ၏။ ထိုသို့ အဘ ၏ ခန္ဓာဝန်ချတော့ အံ့ဆဲဆဲ အချိန်ဝယ်...သင်သည် သင်ကိုယ်တိုင် ကြိုးစားလျှင် ရနိုင်ပါလျက်က အဘကို ပင် အားကိုး၍ နေမည်လော၊ သို့တည်းမဟုတ် သင့်ကို သင်လျှင် ကြိုးစား၍ ရယူမည်လော ဟူ၍ပင်တည်း။ ပန်းကန်ပြားတွင်းက မုန့်ခုနစ်ချပ်ကား ခုနစ်ရက်သား သမီးများ စားသုံးရန် အဘဘုရားရှင်ထားတော်မူခဲ့ပါ သော ဓမ္မရသ၊ ဝိမုတ္တရသ ဓမ္မဓာတ်တည်း' (စာ-၂၃၇)
ဒီ အိပ်မက်ကိုလည်း အဘဝိမလထံ လျှောက်ထားရာ ဘာမျှမဝေဖန်တော့ 'မျက်နှာမကောင်းဖြင့်သာ ကျန်ရစ်တောမူခဲ့၏'လို့ ဆိုပါတယ်။ အဘဝိမလဟာ မင်္ဂလာဒုံ ဣစ္ဆာသယ ဘုရားမှာလည်း ဆင်ဖြူတော်ရုပ်ကြီး နဲ့ ထွက်တောမူဖို့ စီစဉ်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အဘကိုယ်စားကိုယ်ပွားအဖြစ် မဟာ ဗောဓိမြိုင်လောင်းလျာကို 'အိမ်ရှေ့မင်းသား' သဖွယ် ရွေးခြယ်နန်းအပ်ခဲ့ပြီး မဟာစည် ပလ္လင်ထက်မှာ 'မင်း ဘိသိက်ခံ' ချေတော့လို့ တိုက်တွန်းနေခြင်းဖြစ်တယ်လို့ နားလည်းရပါတယ်။
'၁၃၄၁ ခုနှစ် ဝါဆိုလဆန်း ၂ ရက် ညနေ ၅ နာရီတွင် မဟာစည်းဆရာတော်ဘုရားကြီး၏ စံကျောင်း တော် အောက်ထပ်ဝယ် အလုပ်ပေးတရား (တရားအလုပ်လုပ်ရန် ပေးထားသော နည်းပေးတရားသက်သက်) နာကြားရ၏။ ...အလုပ်ပေးတရားကို ဆရာတော်ကြီး ၏ အသံသွင်းထိပ်ခွေမှတစ်ဆင့် နာကြားခွင့်ရခဲ့၏။
(က) ထိုင်လျက်က အနုပဿနာလေးချက်တို့ဖြင့် မှတ်နည်းက တစ်မျိုး။
(ခ) စင်္ကြန်သွားလျက်က ဣရိယာပထတို့ဖြင့် မှတ်နည်း ကတစ်မျိုး။
(ဂ) ထိုနှစ်မျိုးတို့အကြား အိပ်ချိန်ကို ချန်လှပ်ထားခဲ့၍ မှတ်နည်းကတစ်မျိုး။
ဤသို့လျှင် တစ်ရက်ကို အချိန်သုံးပိုင်း ပိုင်းခွဲ ဝေကာ မှတ်ရှုစေ၏။ နံနက် ၃ နာရီတွင် အိပ်တန်းထရ ပြီး ည ၁၁ နာရီကျမှသာ အိပ်တန်းဝင်ရမည်ဆို၏။ ထို အိပ်တန်းဝင်၏ အိပ်ချင်စိတ်ကိုပင် ရှုမှတ်ရဦးမည်။ အကယ်တိတိ ရှုမှတ်မှုအားသာသဖြင့် ထိုအိပ်ငွေ့များ ပျက်ပြယ်သွားသော် အိပ်ချိန်ဟူ၍ သဘောမထားဘဲ မှတ်မြဲမှတ်ရမည်ဟူ၏။
'ကပ်ကပ်သပ်သပ် လေးနာရီအိပ်ခွင့်လေး တောင် တိုလီမိုလီ ရှိလိုက်တာ'
အလုပ်ပေးတရားနာကြားလျက်က စိတ်တွင်းကနေ ရေရွတ်မိခဲ့သေး၏။ နည်းကား စိတ်လွန်းလှပါ၏။ ကိလေသာများကို ပိုက်စိပ်တိုက် သိမ်းနည်းပင် ဖြစ်ချေ ၏။ ထိုနည်းအတိုင်းပင် ထိုည ၆ နာရီထိုင်ချိန်မှ စတင် ကာ အလုပ်စခန်းဝင်ရောက်ရပါ၏' (စာ-၂၃၈)
နောင်အခါ ရွှေတောင်ကုန်းဆရာတော်ကြီး အဖြစ် သြဇာတိက္ကမ ကြီးမားစွာ ထင်ရှားတော်မူလာ မည့် ဆရာတော် ဦးပဏ္ဍိတာဘိဝံသထံတော်မှာ တရားအစစ်ခံရပါတယ်။ ဆရာတော် ဦးပဏ္ဍိတာဘိဝံသကား စည်းကမ်းကြီးသလို အပြောအဆို အဆုံးအမ ကြမ်းတမ်း တယ်လို့ ဆိုပါတယ်။ ရှေ့က ယောဂီတွေကို တရားစစ် နေတာကို နာကြားပြီး "ဟာ အရိယာတွေနေတဲ့ ရိပ်သာက တယ်အပြောကြမ်းလှချေပါကလား"၊ "ဟာ သူတော် ကောင်းတွေလည်းဆိုသေး၊ တရားပေးတာက ပူနွေးလှ ချေကလား"လို့ စိတ်ထဲက ဝေဖန်နေမိပါတယ်တဲ့။ "နောင် မှသာ ဖယောင်းဖြစ်သဖြင့် မီးပေးကာ ပုံဖော်လေသည် ကို သိခွင့်ရတော့၏"လို့ ဖော်ပြထားပါတယ်။
မဟာဗောဓိမြိုင်လောင်းလျာကား ရိုးသားလှပါတယ်။ အမှန်အတိုင်း လျှောက်ထားခဲ့ပါတယ်။
'မှတ်လို့ လမ်းမတည့်ဘူးဘုရား၊ ဖောင်းလာတဲ့ အလှည့် ပိန်တယ်လို့ မှတ်လိုမှတ်၊ ပိန်ကျသွားတဲ့အခါ ဖောင်းတယ်လို့ မှတ်လိုမှတ်နဲ့ပါပဲ'
'အေး ဒါအမှန်ပဲ။ သည်ယောဂီတရားတွေ့ဖို့ သေချာတယ်'
တရားပြဆရာတော်ရဲ့ မှတ်ချက်စကားက အားတက်စရာ ဖြစ်စေခဲ့ပါတယ်။
စိတ်ဓာတ် တက်ကြွလွန်းနေတော့လည်း ဖောင်းခြင်း၊ ပိန်ခြင်းက စည်းချက်မမှန် ဖြစ်လာပါတယ်။ ငါလုပ်ရင် ရတယ်ဆိုတဲ့ ငါဝင်ရှုပ်နေသမျှ ထင်တိုင်းကြဲ ၍မရကြောင်း သဘောပေါက်လာပါတယ်။ သုံးရက် လောက်ကြာမှ အာရုံမှန် ပုံမှန် ဖြစ်လာတယ်လို့ ဆိုပါ တယ်။ သတိကောင်းလာတဲ့အတွက် ခန္ဓာအလုပ်လုပ်ပုံ ကို ကြည့်တတ်၊ မြင်တက်လာပါတယ်။
]ဝါဆိုလဆန်း ၈ ရက် နံနက် ၈ နာရီ ထိုင်ချိန်တွင် အာရုံနိမိတ်ဆန်းတစ်ခု ရှုကွက်အတွင်းမှ ပေါ် လာ၏။ ငါတို့၏ ဝဲဘက်ဒူးရှေ့ဝယ် မိန်းမအလောင်းတစ် လောင်း မြေမှ တဖွားဖွားလှုပ်ကာ ထောင်လျက်က ခွဲ ထွက်လာပြီး ထိုင်နေသော ငါတို့၏ ဝဲဘက်ဒူးရှေ့ စင်း စင်းလှဲလျက် ကနေ၏။ တစ်ဖန် ဝေဘူဆရာတော်ဘုရား ကြီးကား သင်္ကန်းတော်များ ရုံလျက်ကပင် တရားအား ထုတ်ရာ ဓမ္မာရုံ(ဒေါ်ကြွေဓမ္မာရုံ)ကြီး၏ တနင်္ဂနွေထောင့် အရပ်မှသည် ငါတို့ထံ ကြွလာပြီး ငါတို့၏ လက်ယာဒူး ထိပ်ဝယ် ထိုမိန်းမအလောင်း၏ ခေါင်းရင်းကျကျ အရပ် မှ ထိုင်တော်မူကာ ...'ဒကာကြီး ...အခုအချိန်ကစ ပြီး သီလဝါစာ၊ သမာဓိဝါစာ၊ ပညာဝါစာ သုံးခွန်းသော စကားကိုသာ သုံးတော့ဗျာ့' ဤသို့လျှင် ပြောဆိုဆုံးမကာ လာရာလမ်းအတိုင်း ပြန်လည်ကြွမြန်းသွားပါ၏။ မိန်းမ အလောင်းသည်လည်း ပျောက်ကွယ်သွားပါချေတော့၏။' (စာ-၂၄၀)
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန်ပြုသွားတာ နှစ်နှစ်ရှိခဲ့ပေပြီ။ ဝေဘူဆရာတော် ဘုရားကြီး အဘယ်သို့ ကြွလာပါသနည်းလို့ မေးစရာရှိ လာနိုင်ပါတယ်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးဖြစ်ပေ မယ့် သီဟိုဠ်ခေတ်မှာ ဖုဿဒေဝမထေရ် ဘုရားရင်ပြင် တံမြက်စည်းလှည်းနေရင်းက ဗုဒ္ဓဘုရားကြွတော်မူလာ တာကို ဖူးလိုက်ရတာ သာဓကရှိပါတယ်။ ယခု ဝေဘူ ဆရာတော်ကြီး ကြွလာတယ်ဆိုတာလည်း ...'ဝေဘူကို မီသော၊ ဝေဘူနှင့်လည်း ကျေးဇူးမကင်းသော၊ ဝေဘူ နှင့် ငါတို့အကြား အဆက်အထားလည်းဖြစ်သော ကမ္မ ဇိဒ္ဓိရှင် သာသနာတော်စောင့်နတ် (ကံအလျောက်အလို လိုတန်ဖိုးရှိနေသောနတ်)တို့၏ အစီအမံမျှသာ ဖြစ် ကြောင်း ကောင်းကောင်းကြီးရိပ်မိ သင့်လောက်ချေသည်'လို့ ရှင်ပြထားပါတယ်။ (စာ-၂၄၁)
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ကြွရောက်တောမူလာပြီး သီလ၊ သမာဓိ၊ ပညာဆိုင်ရာ စကားတို့ကိုသာ ပြောကြားဖို့ မိန့်တော်မူခဲ့ခြင်းဟာ မဟာဗောဓိမြိုင်လောင်းလျာ ယောဂီဦးညိမ်းမောင်ရဲ့ တရားအဆင့်မြင့်တက်လာခြင်းကို အသိအမှတ်ပြုလိုက်ခြင်းလို့ နားလည်ရပါတယ်။ ယောဂီ ဦးညိမ်းမောင်ဟာ ထိုင်ရာ၊ ထရာ၊ သွားရာလာရာ၊ လဲလျောင်းရာ ...အရာရာကို အလွတ်မပေးဘဲ ရှုမှတ်နေခဲ့ရာ ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို ကောင်းကောင်း ကွဲကွဲ ပြားပြား သိလာပါတော့တယ်။
'...အောက်ထပ်ဆီသို့ လှေကားအတိုင်း ဆင်းသက်လာရာ အောက်ထပ်သို့ ရောက်လျှင်ရောက် ချင်း ဗြုန်းဆို ငါတို့ ဦးခေါင်းထိပ်ဝယ် မာကျူရီ မီးရောင်တမျှ ဝင်းလက်သော အရောင်တစ်ခုထိုး ကျလာ၏။ ငါတို့ထံရှိ 'သတိ'ကလည်း 'ဘာလဲ'ဟူသော အမှတ်ဖြင့် အထူးသတိ ဖြစ်လာတော့၏။
'လား...လား...စိတ်ကလည်း စိတ်တ ခြား၊ ရုပ်ကလည်း ရုပ်တခြားကြီးပါကလား။ စိတ်ကား သူလိုရာ အချက်ပြမီးလေးသဖွယ် စေညွှန်းလို့၊ ရုပ်ကား စက်ရုပ်ကြီးပမာ စိတ်စေစားရာ အသက်ဝင်လှုပ်ရှားပေးလို့။ ဦးစွာကျင်ငယ်စွန့်ချပေးလိုလှသဖြင့် စိတ်က ထို ကျင်ငယ်အိမ်ရှိရာ ဘယ်အချက်ပြ၏။ ရုပ်ကလည်း ထို ကျင်ငယ်အိမ်ရှိရာ ဘက်သို့သာ အလိုလို လှည့်ပေးလိုက်၏။ ထို့နောက်တွင်ကား စိတ်က ဘယ်ဖဝါးလှမ်းလိုသော် ထို ဘယ်ဖဝါး၏ ရှေ့မှဖျတ်ခနဲ အချက်ပြပေးလိုက်၏။ ထိုအခါ ဘယ်ဖဝါးသည် သက်ဝင်လှုပ်ရှားလာကာ ရွေ့ လျားပေးရ၏။ ညာဖဝါး၌လည်း ထိုနည်းလည်း ကောင်း ပင်ဖြစ်၏။ သို့ဖြင့် ကျင်ငယ် အိမ်ရှေ့ရောက်လေ သောအခါ စိတ်က ရပ်တန့်လိုစိတ်ဖြစ်လာ၏။ ရုပ်ကလည်း မလှုပ်ရှား၊ ကျောက်တိုင်ကျောက်သား ပမာတည်း'
'ထိုမှနောက် တံခါးဖွင့်လိုခြင်း ဖွင့်ခြင်း၊ ပြန် လည်ပိတ်ဆို့လိုခြင်း ပိတ်ဆို့ပေးခြင်း၊ နင်းခုံပေါ်တက် လိုခြင်း၊ တက်ခြင်းများမှသည် ကျင်ငယ်စွန့်ချပေးမှုတိုင် အောင် စိတ်အသိပေးရာ ရုပ်သက်ပါသော အားဖြင့် စိတ်ဓာတ်၊ ရုပ်ဓာတ်နှစ်ပါး တစ်ခုတည်းသော လမ်းဝယ် စပ်တူသွားနေချေသည်ကို အထင်းသား၊ အရှင်းသား တွေ့မြင်နေရ၏။ ထိုနှစ်ခုမှ တစ်ပါး အခြားဘာကိုမှလည်း မတွေ့မိ၊ မမြင်မိပြီ' (စာ-၂၄၂)
အိမ်သာသွားရာမှာတောင် ရှုမှတ်မှုမလွတ်ဘဲ အမှတ်ချင်းဆက်နေလေတော့ရာ ရုပ်နာမ်တို့ရဲ့ သဘာ၀ ကို ကောင်းကောင်း ကွဲကွဲပြားပြား သိမြင်လာခဲ့ခြင်း ဖြစ်ပါတော့တယ်။
ခုတင်ထက်သို့ ရောက်သဖြင့် လဲလျောင်း သော ဣရိယာပုတ်ကို ရယူကာ ပက်လက် အနေအထား ဖြင့် အထက်ခါးတစ်ပိုင်းကိုကား ခုတင်၏ ခေါင်းရင်း ပေါင်ပေါ်တင်ထား၍ အောက်တစ်ပိုင်းကိုကား စန့်စန့် အတိုင်းသာထား၍ ရှုကြည့်မြဲ ရှုကြည့်နေချေရာ ... စိတ်သည်ကား ရှေ့မှ ကြိုတင်သိပေးနေသလို နောက်မှ လည်း ပြန်လည်သိသိပေးနေ၏။ ယာဘက်ခြေ တစ်ချောင်းတည်းကား ဖောင်းလှည့်တွင် မြွေကြီးတစ်ကောင် ကဲ့သို့ တွန့်လိမ်တက်ကြွကာ အထက်သို့ ပါလာခဲ့ပြီး ပိန်လှည့်တွင်ကား အောက်သို့ လျှော့ကျသွားကာ စန့်မြဲ အတိုင်း စန့်သွားချေ၏။ ရုပ်ရှင်တစ်ကားကို ကြည့်နေရ ဘိသို့ ကြည့်ကောင်းကောင်းဖြင့် ကြည့်နေလေရာ နေ့ ၂ နာရီထိုးအထိ ဖြစ်၏။ ၂ နာရီထိုးသဖြင့် ဓမ္မာရုံသို့ သွားတော့မှသာ ထိုမြင်ကွင်းပျောက်သွားရ၏' (စာ-၂၄၂)
မဟာစည်ရိပ်သာကြီးမှာ တရားရွှေပြား တစ် မတ်သားလေးရခဲ့ပုံရဲ့ နိဒါန်းအစကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ပြန်လည်ဖော် ပြခဲ့တာဖြစ်ပါတယ်။ တရားရှုမှတ်ရာမှာ ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို ကိုယ်တွေ့ဉာဏ်အမြင်နဲ့ အသေး စိတ်ရေးပြခဲ့ပုံတွေဟာလည်း အားသစ်ဆဲ ယောဂီတို့ အတွက် မှတ်သားဖွယ် ဖြစ်ပါတော့တယ်။
၁၃၄၁ ခု ဝါဆိုလဆန်း ၉ ရက် နံနက် ၇ နာ ရီမှာ ဆရာတော်ဦးပဏ္ဍိတထံသွားရောက်၍ တရားအစစ်ခံရာ 'ယောဂီသိပ်တော်တာပဲ'လို့ ချီးကျူးခံရပါတယ်။ စည်းကမ်းကြီးကြီးဖြင့်၊ ဖိဖိစီးစီးဖြင့် ခပ်ကြမ်းကြမ်း ဆုံးမ လေ့ရှိသော ဆရာတော်ဦးပဏ္ဍိတက အခုလို ချီးကျူးလိုက်တာ အလွန်ထူးခြားလှပါတယ်။
'အပြင် (ရပ်ကွက်၊ ဈေးထဲ) မဟာစည် ပရိ သတ်ရှိရာ၌ကား ငါတို့ သတင်းကျော်ကြားနေ၏။ တရား အတွေ့မြန်သတဲ့။ မဟာစည်ရိပ်သာ ဖွင့်သော အနှစ် ၃၀ အတွင်း (၁၃၁၁-၁၃၄၁ အတွင်း)သည် ယောဂီက ပထမဆုံးပဲတဲ့။' (စာ-၂၄၃)
ဝိဇ္ဇာလောကမှာ စာချိုးကလေး တစ်ခုရှိပါ တယ်။
'ရာကုဋေ ရှာဖွေနှောက်ပေမယ့် တစ်ရာတစ်ယောက်ရခဲ၏'တဲ့သည် စာချိုးကလေးဟာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ရည်ညွှန်းခဲ့လေရော့သလားလို့ အတွေးပွားမိကြောင်းပါဗျာ။
မောင်သွေးချွန်
TREND News ဂျာနယ် အတွဲ(၂)၊ အမှတ်(၄၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။