၂၀၂၄ ဇူလိုင် ၂၇
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး မဟာမြိုင်တောကြီးမှာ သီတင်းသုံးတော်မူစဉ်အခါ ပရိသတ်ဝေနေယျတို့အား အဖူးခံခွင့်ပြုလိုက်ချိန်မှာ မြန်မာပြည်အနှံ့အပြားမှ ထောင်သောင်းချီသော ပရိသတ်များသာမက ပြည်ပနိုင်ငံများမှ ဝေနေယျများပါ လာရောက်ဖူးမြော် တရားနာကြတာ တွေ့ရပါတယ်။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၊ စင်ကာပူ၊ ယိုးဒယား၊ သြစတြေးလျ၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာများသာမက နိုင်ငံခြားသားများပါ လာရောက်ဖူးမြော်ပြီး သိချင်တာတွေ မေးမြန်းလျှောက်ထားတာလည်း ရှိခဲ့ပါတယ်။ ၂၈-၄-၂၀၁၁ မှာ လာရောက်ဖူးမြော်တဲ့ ပရိသတ်တွေထဲ ထိုင်းလူမျိုးနှစ်ဦးပါလာပြီး ဆရာတော် ကြီးထံတော်မှာ တရားဓမ္မဆိုင်ရာ မေးမြန်း လျှောက်ထား ခွင့်ရခဲ့ကြပါတယ်။ သူတို့မေးသမျှ ဆရာတော်ကြီးက လက်တန်းဖြေဆိုသွားပုံတွေဟာ အလွန်မှတ်သားစရာ ကောင်းလှပါတယ်။
ထိုင်းလူမျိုးနှစ်ဦးကလည်း ထိုင်း-မြန်မာနှစ် ဘာသာကျွမ်းကျင်တဲ့ စကားပြန်ကိုခေါ်လာပြီး ဆရာတော်ကြီး ရှင်းလင်းမိန့်ကြားသမျှ လေးလေးစားစား နာယူကြပါတယ်။ အမေးအဖြေ ပြုလုပ်နေပုံကို ဗီဒီယိုဖြင့်လည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဗီဒီယိုခွေက အကန့်အသတ်ဖြင့် အနည်းအကျဉ်းသာ ပွားထားနိုင်တာမို့ တပည့်ဒကာများအားလုံး နာကြားခွင့် မရနိုင်ပါဘူး။ ဒါ့ကြောင့် ဗီဒီယိုမှတ်တမ်းပါ အဓိက အကြောင်းအရာများကို ရွှေဘိုမြို့နေ ဆရာဒေါက်တာအိုကေက ပြန်လည်ရေး ကူးကာ ဓမ္မဒါနပြု ခဲ့ပါတယ်။ ဆရာကေ(ဒေါက်တာအိုကေ)ဆိုတာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ အနီးနေ သာဝကတစ်ဦးဖြစ်ပြီး ကျွန်တော်တို့နဲ့ နှစ်ပေါင်း ၂၀ ကျော် လက်တွဲပြီး ယုံကြည်ရင်းနှီးစွာ သာသနာ့ တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဆရာကေက သူရေးကူးထားတဲ့ စာမူကို ဓမ္မဒါနပြု ချင်တယ်ဆိုတော့ ကျွန်တော်တို့ဆီက အိုက်မွန်းနှင့် ငြိမ်းချမ်းသာတို့က စာအုပ်ငယ်လေးဖြစ်အောင် စီစဉ်ဆောင်ရွက်ကာ ပါရမီဖြည့်ပေးခဲ့ကြပါတယ်။ အဲဒီစာအုပ်ကလေးကို ၁၃၈၅ ခု တပေါင်းလပြည့် မင်းဘိသိက်ခံ ဘုရားပွဲတော်ကြီးမှာ ဒေါက်တာအိုကေက ဘုရားပွဲလာ ပရိသတ်များကို ဓမ္မဒါနပြုခဲ့ရာ အလွန်ကြည်နူးစွာဖြင့် သာဓုခေါ်ခဲ့ကြပါတယ်။
ဒေါက်တာအိုကေက မူရင်းအတိုင်း အမေးအဖြေပုံစံနဲ့ စာပေမှတ်တမ်းတင်ထားတာကို ကျွန်တော်က ဆောင်းပါးဟန်ဖြင့် ပြန်လည်တင်ပြလိုက်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ အဖိုးတန်တ ရားတော်များကို ထပ်ဆင့်ပူဇော်ခွင့်ရတဲ့အတွက် ဆရာဒေါက်တာအိုကေကို အထူးပဲကျေးဇူးတင်ပါတယ်။ ထိုင်းလူမျိုးနှစ်ဦးဟာ ဇင်းမယ်မြို့က အင်ဂျင်နီယာနှစ်ဦးဖြစ်ကြပြီး ဝိပဿနာ ဝိပဿနာတရား အားထုတ်ချင်သော် လည်း နည်းလမ်း မသိကြောင်း ဆရာတော်ဘုရားကြီးကို လျှောက်ထားကြပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ...
'နည်းလမ်းတွေ ဘာလို့မသိရမှာလဲ။ ထိုင်းမှာလည်း ရှိတာပါပဲ။ နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျ၊ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို သတိနဲ့တွဲလုပ်၊ အဲဒါ ဝိပဿနာဖြစ်သွားတာပဲ။ သတိနဲ့လုပ်တော့ ကိုယ့်စိတ် ကိုယ့်ဆီမှာ ရှိတယ်။ ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါ ဝိပဿနာပဲဗျ'လို့ အရိုးဆုံး၊ အရှင်းဆုံး အလင်းပြတော်မူပါတယ်။
ဘာလုပ်လုပ် သတိရှိနေရင်၊ သတိမလွတ်ရင်၊ ကြံစည်ပြောဆို၊ လုပ်ကိုင်ရာတွေမှာ သတိပါနေရင် ဝိပဿနာပဲဆိုတာ အလွန်မှတ်သားထိုက်ပါတယ်။ ထိုင်းဒကာက ဆက်လက်လျှောက်ထား ပါတယ်။
'တပည့်တော် တရားထိုင်တဲ့အခါ စိတ်ကမငြိမ်ပါဘုရား။ စိတ်ကလေးကို တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေးနေဖို့အတွက် အကောင်းဆုံးနည်းလေး ပေးပါဘုရား'
ထိုင်းဒကာက တကယ်လိုချင်စိတ်အပြည့်နဲ့ လျှောက်ထားနေပုံရပါတယ်။ ဆရာတော်ဘုရားကြီးကလည်း ရစေချင်တဲ့ စိတ်အပြည့်နဲ့ လမ်းညွှန်တော်မူခဲ့ပါတယ်။
'ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်၊ တို့ဘုရား တိုင်း ...ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ၊ နှာခေါင်းမှာ ဝင်လေလေးဝင်တာ၊ ထွက်လေလေးထွက်တာကို စာလို ]ထွက်သက်ဝင်သက်}လို့ ခေါ်တယ်ဗျ။ အဲဒါ အသက်ပဲဗျာ့။ လူတစ်ယောက်လုံးရဲ့ အသက်ဟာ နှာခေါင်းမှာရှိတယ်။ ဝင်လေထွက်လေကို ပြောတာ။ ဒီနှာခေါင်း ထိပ်ကနေ ထိုင်ပြီးမှတ်ရင် တစ်ကိုယ်လုံး အကုန်သိတယ်ဗျာ။ စာလို 'ပင်တိုင်က မ္မဋ္ဌာန်း'လို့ ခေါ်တယ်။ ကျန်တဲ့အလုပ်တွေ လုပ်ရင်းလည်း နှာခေါင်းကိုမှတ်ဗျာ့။ ဝေဘူဆရာ တော်ဘုရားကြီး ဒီအတိုင်းလုပ်သွားတာဗျာ့။ မှတ် နိုင်ပါ့မလား'
'မလွယ်ပါ ဘုရား၊ သိပ်မရပါ ဘုရား'
အဲဒီမှာ ဆရာတော်ဘုရားကြီးက ရှုမှတ်ပုံ နောက်တစ်နည်းကို ညွှန်ပြတော်မူပါတယ်။
'မျက်စိကမြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိထိပ်မှာ သတိချထားဗျာ၊ နာကြားတဲ့အခါ နားထိပ်မှာ သတိချထား၊ သတိနဲ့သွားဗျ၊ တစ်သက်လုံး လုပ်သွားဗျ၊ ဘယ်တော့မှ မလွှတ်နဲ့ဗျ၊ သိရုံသိသွား ဗျာ'
'မလွယ်ဘူး ထင်ပါတယ်ဘုရား၊ စိတ်ကို ထိန်း မရပါဘုရား။ စိတ်မငြိမ်ပါဘုရား၊ အတွေးလည်း များမိ တယ်ဘုရား'
ထိုင်းဒကာက ရိုးသားစွာ လျှောက်ထားတင်ပြ လျက်ရှိပါတယ်။ ဆရာတော်ကြီး ပြုပြင်တည့်မတ်ပေးပုံက မှတ်သားစရာကောင်းလှပါတယ်။
'တွေးတဲ့ စိတ်ကလေးတော့တွေးမှာပဲ၊ ဝိပဿနာဉာဏ်တွေ ဘယ်လောက်တက်တက် တွေးမှာပဲ။ စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး ရန်မလုပ်ရဘူး။ လျှော့လည်း မလျှော့ရဘူး။ မှတ်စရာရှိတာသာမှတ်၊ အမှတ်များရင် အတွေးက သူ့ဟာသူ လျှောသွားလိမ့်မယ်။ လူတိုင်း လူတိုင်း မွေးလာက တည်းက အတွေးနဲ့ မွေးလာတာ။ တစ်သက်လုံးလည်း အတွေးနဲ့နေတာ။ လုပ်စရာ ရှိလည်း အတွေးနဲ့ လုပ်တာ၊ အဲဒါ ထိုင်မှတ်တာခဏလေးရှိသေး၊ ချက်ချင်းတော့ မရနိုင်ဘူး။ မှတ်အားကောင်းရင် သူ့ဟာသူ တက်သွားမှာပဲ။ ဘုရားဟောထားတဲ့ အထဲမှာ သတိပဋ္ဌာန်ဆိုတာ ရှိတယ်။ နှာခေါင်းမှတ်မှုကို ပင်တိုင်ထားပြီး တွေးတာနဲ့ နှာခေါင်းနဲ့ ဘယ်လို စိတ်ရောက်များသလဲ၊ တွေးတဲ့ဘက် အရောက်များရင် နှာခေါင်းမှတ်ထားတာကို ခဏလွှတ်လိုက်၊ တွေးတာပြီးမှ ခေါင်းပြန်မှတ် ...'
'တစ်ခါ နှာခေါင်းမှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက် စိတ်အရောက်များရင် နှာခေါင်းမှတ်တာကို လွှတ်ပစ်ပြီး နာတာကိုမှတ်၊ ပြီးမှ နှာ ခေါင်းပြန်မှတ်၊ အသံကြားလို့ ကြားတဲ့ဘက် စိတ်အရောက်များရင် နှာခေါင်းအမှတ်ကို လွှတ်ပြီးကြားတဲ့ ဘက်ကိုမှတ်၊ ပြီးမှ နှာခေါင်းပြန်မှတ်၊ နားလည်ရဲ့လား၊ ရှင်းရဲ့လား'
ထိုင်းဒကာ ရှင်းရှင်းလင်းလင်း သဘောပေါက် သွားပေပြီ။
'ထပ်ပြီး အဆစ်ပေးလိုက်ဦးမယ်၊ သမာဓိသုံး မျိုးရှိတယ်။ တစ်ခါမှတ် တစ်ခါတည်ရင် အဲဒါ 'ပထမ သမာဓိ'ပဲ။ ၅ မိနစ်၊ ၁၀ မိနစ် စိတ်ကလေးတည်နေရင် အဲဒါ 'ဒုတိယသမာဓိ'ပဲ။ ဝိပဿနာဉာဏ် အထက်ပိုင်းရောက်ရင် စိတ်ဘယ်မှမထွက်တော့ဘူး။ အဲဒါ 'တတိယ သမာဓိ'ပဲ လုပ်နိုင်ပါ့မလား'
'ကြိုးစားပါ့မယ်ဘုရား'
'ဟိုမှာ ဘယ်လိုအားထုတ်သလဲ၊ အဓိဋ္ဌာန်နဲ့လား'
'ရိပ်သာလည်းသွားပါတယ်၊ တစ်ရက်လည်း သွားဖူးတယ်။ သုံးရက်လည်း သွားဖူးတယ်။ ၁၀ ရက်လည်း သွားဖူးပါတယ် ဘုရား။ အိမ်မှာလည်း လုပ်ပါ တယ်ဘုရား'
ဒီနေရာမှာ ဆရာတော်ဘုရားကြီးက ထိုင်းယောဂီရဲ့ အားနည်းချက်ကို ဆက်လက်ပြုပြင်ညွှန်ပြ တော်မူပါတယ်။
'မရဘူး၊ အနည်းဆုံး နှစ်လဆက်တိုက်အား ထုတ်ရမယ်။ အင်္ဂုလိမာလ လက်ညှိုးဖြတ်သလို ဖြစ်နေမယ်။ တစ်ချောင်းဖြတ်လိုက် ဟိုနားထားလိုက်၊ တစ်ချောင်းဖြတ်လိုက် ဒီနားထားလိုက်ဆိုတော့ လက်ညှိုးတစ် ထောင်ရပါ့မလား'
'မရပါဘုရား'
'တစ်ထောင်ပြည့်ချင်ရင် ကြိုးနဲ့သီမှရမယ် မဟုတ်လား'
'ဥပမာ တအားကောင်းပါတယ် ဘုရား'
ထိုင်းယောဂီ သဘောပေါက်သွားပေပြီ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက မိမိအားထုတ်ခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်မိန့်ကြားရင်း ဓမ္မအလင်းကို ဆက်လက်ထွန်းညှိတော်မူပါတယ်။
'တို့တုန်းက မဟာစည်ရိပ်သာမှာ နှစ်လလောက် အပင်ပန်းခံပြီး အားထုတ်ခဲ့ရတယ်။ ၁၀ ရက် လောက်ကတော့ အသေအလဲ အားထုတ်ခဲ့ရတာ။ တစ်သက်လုံးက အတွေးနဲ့အမှတ် အားပြိုင်တာပဲ။ သည်းခံ မှ၊ စိတ်ရှည်မှရတယ်။ ဇွဲရှိမှ ရတယ်။ စိတ်ရှည်ပါများလာရင် ဒီဘက်က အမှတ်များသလောက် ဟိုဘက်ကအတွေး နည်းသွားတယ်။ အတွေးနည်းသွားရင် ကိုယ်မှတ်တဲ့နေရာ စိတ်ဒက်ခနဲ တစ်ချက် လောက်ကျသွားတာနဲ့ သူ့ဟာသူ သဘောပေါက်သွားတယ်။ လမ်းဆုံးအောင် နှစ်လ လောက်လုပ်မှဗျ။ တစ်သက်လုံး သားတွေ၊ မယားတွေအတွက် သထာပြီး ကိုယ့်အတွက် နှစ်လလောက်မှ မသထာဘူး လား၊ ထိုင်းမှာ ဘာလုပ်သလဲ'
'အင်ဂျင်နီယာပါဘုရား'
'အင်ဂျင်နီယာ နှစ်လလုပ်ရင် ဘယ်လောက် စားရသလဲ'
'ဘယ်လောက်မှ မများပါဘုရား'
'ဒါက (တရားအလုပ်က) နှစ်လလုပ်ရင် ဒီတစ်သက်တင်မကဘူး ဟိုဘက်တစ်သက်ပါ တာဝန်ယူ တယ်'
ဓမ္မရဲ့ လေးနက်စွာ ကျေးဇူးပြုပုံကို ဆရာ တော်ဘုရားကြီးက ညွှန်ပြတော်မူပါတယ်။ ထိုင်းယောဂီက ဒီလပိုင်း မအားသေးလို့ နောက်တော့ လုပ်ပါမည် ဘုရားလို့ ပြန်လျှောက်ထားပါတယ်။
'သေမင်းက ဘယ်တော့ ခေါ်မှန်းမှမသိတာ၊ ဒီတော့ ဒီလိုလုပ်၊ အိမ်မှာ အဓိဋ္ဌာန်နဲ့ ဘယ်နှရက် ဘယ်အချိန်၊ ဘယ်နှနာရီဆိုပြီး အားထုတ်ပါ'
'အဲဒီလိုတော့ လုပ်လို့ရပါတယ် ဘုရား'
'တို့တုန်းက မဟာစည်ရိပ်သာမှာ ညယောဂီ ဆိုတာရှိတယ်။ ညနေ ၆ နာရီကနေ နံနက် ၆ နာရီအ တွင်း ညနှစ်ကြိမ် မနက်နှစ်ကြိမ်ရတယ်။ အဲဒါ ညယော ဂီပဲ'
'နည်းနည်းတော့ ခက်မယ်ထင်ပါတယ်ဘုရား။ စင်္ကြံနဲ့ ထိုင်တာတွဲမှတ်ရင် ရနိုင်ပါသလား'
'မဟာစည်မှာ ထိုင်တစ်နာရီ၊ စင်္ကြံတစ်နာရီ ရှုမှတ်ရတာပဲ၊ ရတယ်'
'ဘုန်းကြီးဝတ်ပြီးမှ ရိပ်သာဝင်ရင် ကောင်းပါသလားဘုရား'
'သင်္ကန်းဝတ်ကြီး ထမ်းရတာလေးတယ်'
သင်္ကန်းဝတ်ပြီး ရဟန်းတရားအားမထုတ်နိုင်လျှင် သို့မဟုတ် ဝိနည်းမလိုက်နာလျှင် အပြစ်ကြီးလေးမည်ကို ဆရာတော်ကြီး စိုးရိမ်တော်မူပုံရပါတယ်။ ထိုင်းယောဂီက 'ဆရာလိုတာ ပေါ့နော်'လို့ စူးစမ်းတဲ့အခါ ဆရာတော်ဘုရားကြီးက အလွန်ပွင့်လင်းစွာဖြင့် အားတင်းပေးတော်မူပါတယ်။
'သတိရှိရင် ဆရာမလို၊ သတိဟာ ဆရာပဲ၊ ထိုင်လို့ သတိမြဲနေပြီဆိုပါစို့၊ သတိမြဲကြောင်းကို နှာခေါင်းရှုရင် နှာခေါင်းမှာ လေနိမိတ်ပေါ်ရတယ်။ တို့ တုန်းက 'ဖောင်း၊ ပိန်' မှတ်တော့ ဖောင်းနိမိတ် ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြည်ကြောင်းပြတဲ့ နိမိတ်လို့ ခေါ်တယ်။ စက်များဆိုရင် ဘယ်နှမိုင်ရောက်ရင် ဘယ်နှမိုင်ရောက်ကြောင်း အချက်ပြရှိသလို တို့ဒီမှာလည်း နှာခေါင်းမှတ်ရင် နှာခေါင်းအချက်ပြရှိတယ်။ ဖောင်းပိန်ရှုရင် ဖောင်းပိန် အချက်ပြရှိတယ်။ အဲဒီလိုဖြစ်နေချိန်တို့ သံသရာအဆက်ဆက်က ပါလာတဲ့ ဉာဉ်နဲ့ ဒီကသတိနဲ့ သွားတဲ့ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေ ပေါ်လာတတ်တယ်။ တခြားကလာပြတာ မဟုတ်ဘူး။ စရိုက်လိုက်ပြီး ပေါ်တတ် တယ်။ ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက် ပြမှာ၊ ရာဂကြီးသူ ရာဂကြီးတဲ့အလိုက်ပြမှာ။ အဲဒါ ကိုယ်က သတိနဲ့ မကြောက်မရွံ့ သွားနိုင်ရင် ဆရာမလိုဘူး။ လာချင်တာလာ မှတ်မှာပဲ။ အဲဒါကြောင့် ဆရာမလိုဘူး ပြောတာ'
တရားအရှိန်က တစ်ဆင့်ချင်း မြင့်တက်လာခဲ့ ပေပြီ။
'အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ဝိပဿနာဉာဏ်တက်တော့ စာလိုတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ မြင်ရတာကို၊ တို့က အတ္တစွဲတာ ကို၊ ဟိုက အနတ္တပြမှာ၊ တို့က နိစ္စစွဲတာ-ဟိုက အနိစ္စပြမှာ၊ တို့က သုခလို့ ထင်နေတာ၊ ဟိုက ဒုက္ခပြမှာကိုး၊ အဲဒီအချိန်မှာပေါ်တာပဲ။ သဒ္ဓါထက်သူကျတော့ ဘုရားရဟန္တာတို့ ပေါ်တယ်။ နတ်တွေပေါ်တယ်။ ပေါ်ရုံတင် မက လာပြောတာ တောင်ရှိတယ်။ အဲဒါကို ဘယ်ကိုမှ မလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့ ကိုယ့်ရှုကွက်ကို လက်လွှတ်ပြီး အဲဒီနောက်လိုက်သွားရင် လမ်းမှားပြီ'
အဖိုးတန်လမ်းညွှန်ချက်များကို ထိုင်းယောဂီ နားလည်စပြုခဲ့လေပြီ။ 'တပည့်တော်အား ထုတ်လာတာ တစ်ခါမှ နိမိတ်မပေါ်ဘူးသေးပါဘုရား'လို့လည်း ဝန်ခံလျှောက်ထားခဲ့ပါတယ်။
'တစ်ရက်၊ နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။ သတိအားကောင်းမှ၊ အတွေးမဝင်မှ ပေါ် တာ။ တို့ခန္ဓာကိုယ်မှာ သွေးကလည်ပတ်နေတာ၊ အတွေးနဲ့လည်တာ၊ သောကနဲ့လည်တာ၊ မာနနဲ့လည်တာ၊ အဲဒီအချိန်မှာ တို့သွေးက မည်းနေတာ၊ သွေးကမကြည်ဘူး။ နောက်နေတာ။ အဲဒီတော့ မှတ်ဟဲ့၊ မှတ်ပါများတော့ အဲဒီစိတ်တွေ (သောက၊ မာန စသည်) မပါဘူး။ အတွေးမပါတော့ သွေး ကြည်တာပေါ့၊ သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့။ အဲဒီတော့မှ နိမိတ်ပေါ်တာ။ ဒီ နိမိတ်ပေါ်အောင် အမျှော်နဲ့လုပ်ရင် ဘယ်တော့မှ မပေါ်ဘူး။ မှန်နဲ့ မျက်ခွက်တည့်မှ အရိပ်ပေါ်သလို ရှုကွက်နဲ့မှတ်စိတ်တည့်လို့ စိတ်အကြည်ဓာတ်ပေါ်လာရင် ဒီနိမိတ်ပေါ်တာပဲ၊ သူပြတဲ့နေရာကို ကြည့် နေရင် တရားက သူ့ဟာသူ ပြလာမှာ ...'
တရားရှုမှတ်ရာမှာ အရေးကြီးတဲ့ အချက်များကို ဆရာတော်ကြီးက ဆက်လက်ညွှန်ပြတော်မူပါတယ်။
'လိုချင်တဲ့စိတ်နဲ့ ကြည့်ရင် တွေ့ခဲတယ်။ စိတ်မပါလက်မပါနဲ့ ကြည့်ရင် သွေးက မွဲနေတဲ့အတွက် မမြင်ဘူး။ မရçရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးကမည်းတယ်။ အဲဒီတော့ မမြင်ဘူးပေါ့။ အဲဒီ တော့ တရားရှာတဲ့ အခါ ဒီစိတ်သုံးစိတ် မပါရဘူး။ သတိနဲ့ မှတ်တော့ ကိုယ် မမြင်ဖူးတဲ့ ရှုကွက်ထဲက အရာတွေ မြင်လိမ့်မယ်၊ နှာသီး ဝဆို နှာသီးဝပေါ့၊ လေရဲ့ နိမိတ်တွေ၊ လေတန်းတွေမြင် ချင်မြင်မှာပေါ့။ မြင်တော့ ယုံလာတယ်။ ယုံသလောက် သွေးက ကြည်လာတယ်။ ခန္ဓာဖြစ်ပျက်မြင်လေလေ ယုံလေလေ ဘုရားအပေါ်မှာ၊ ဆရာသမားအပေါ်မှာ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံလာရင် ဒီသွေးက ကြည်လာတာ၊ ကြည်လာမှ ဒီဖြစ်ပျက် မြင်လာတာ'
'ထိုင်မယ့်အချိန်ကို သီလယူပါ။ သီလယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာ ပဲ။ ဘာစည်းမှ ချဖို့မလိုဘူး။ ဘေးက အနှောင့်အယှက်မလုပ် နိုင်အောင် သာသနာတော်စောင့် နတ်တွေက စောင့်ရှောက်ပေးရတယ်။ သာသနာတော်စောင့်နတ်က တာဝန်ယူရတာ။ ဒါကြောင့် သီလယူရတာ၊ ကိုယ်လုပ်ချင်တာလုပ်၊ သတိလေးနဲ့လုပ်၊ သတိမပါရင် Óဉ်ခိုင်းတာ လုပ်ရလိမ့်မယ်။ သတိပါတော့ တို့ခိုင်းတာကို ဉာဉ်က လုပ်ပေးရမှာ၊ သတိက ပယ်စရာရှိတာ ပယ်သွားပြီး သိစရာရှိ တာလည်း သူ့ဟာသူ သိသွားလိမ့်မယ်'
တရားအလုပ်ကို ထိုင်းယောဂီ စိတ်ဝင်စားသွားခဲ့ပါပြီ။ ဒါ့ကြောင့် အားထုတ်ဖို့ စဉ်းစားနေပါတယ်။ ဒါပေမဲ့ အာမခံပြီးတော့ မလုပ်ဖြစ်မှာ စိုးပါတယ်ဘုရားလို့ လျှောက်ထားပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ မေးခွန်းနဲ့ မှတ်ချက်က အသက်တမျှ အရေးကြီး လှပါတယ်။
'ဘုရားသားဖြစ်ချင်သလား မဖြစ်ချင်ဘူးလား'
'ဖြစ်ချင်ပါတယ် ဘုရား'
'သတိရှိရင် ဘုရားသားပဲ၊ သတိမရှိရင် အလကားပဲ၊ ဘုရားသားဖြစ်ချင်ရင် သတိရှိမှ ဖြစ်မှာ'
သတိရှိမှ ဖြစ်မှာဆိုတာ သမထ၊ ဝိပဿနာ ဘာဝနာပွားအားထုတ်နေရတယ်လို့ ထိုင်းဒကာ ထိုင်းယောဂီနှစ်ယောက်ကတစ်ဆင့် ဗုဒ္ဓဘာသာဝင်အားလုံးကို အမြင်ဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ( မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )