မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ သုဝဏ္ဏသျှမ် တောင်တန်းပေါ်က ဓမ္မအလင်းရောင်

၂၀၂၄ ဖေဖော်ဝါရီ ၂၀

    ပျဉ်းမနား လက်လုပ်တောင်မှာ ထောက်လှမ်းရေးတွေ ဘယ်လောက်ပဲ ခြေရှုပ်နေပါစေ အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်ကြတဲ့ ပရိသတ်ဝေနေယျတွေကို ငဲ့ညှာသနားသောအားဖြင့် နောက်ထပ် သုံးနှစ် သီတင်းသုံး ချီးမြှောက်ဖို့ ရည်ရွယ်တော်မူခဲ့ပါတယ်။ သို့သော် လာရောက်ဖူးမြော်တဲ့ ပရိသတ်ကို စည်းကမ်းတကျ ထိန်းသိမ်းပေးဖို့ကတော့ ဒေသခံတွေရဲ့ တာဝန်ပါပဲ။ အထူးသဖြင့် ဝါတွင်းကာလ ဓုတင် ဆောင်ကျင့်ဝတ်မပျက်အောင် ပရိသတ်ကို ထိန်းသိမ်းပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် လက်လုပ်တောင် ဂေါပကအဖွဲ့ကို ဖွဲ့စည်းပေး ခဲ့ပြီး ဒီဂေါပက အဖွဲ့က စည်းကမ်းထိန်းသိမ်းရေးကို အထူးကြပ်မတ်ပေးရမှာ ဖြစ်ပါတယ်။ ပျဉ်းမနားမြို့ပေါ် က ငါးဦး၊ ဂေါစရဂါမ်ရွာများမှ တစ်ရွာလျှင် တစ်ဦးကျ ပါဝင်ဖွဲ့စည်းစေခဲ့ပါတယ်။ ဥက္ကဋ္ဌအတွင်းရေးမှူး နေရာတွေကို မြို့ပေါ်ကချည်း မရကောင်းလားဆိုပြီး ပြဿနာ တက်ပါတော့တယ်။ ဂေါစရဂါမ်ရွာတွေကလည်း မြို့ပေါ်ကလူတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ငါတို့က အနေသာကြီးဆိုပြီး လျစ်လျူရှုထားလိုက်ကြ တယ်။ မြန်မာ့ထုံးတမ်း စဉ်လာမပျက် ဗေထိဆိုတာနဲ့ ကွဲကြပြဲကြလေပြီ။
    ဆရာတော်ဘုရားထံမှာ သြဝါဒခံစဉ်ကတော့ တသွေမတိမ်း လိုက်နာပါမယ်လို့ ဝန်ခံခဲ့ကြတာပါ။
    'သို့တစေလည်း ထို(၁၃၅၅ ခုနှစ်)ဝါတွင်းကား အထိန်းအသိမ်းမဲ့ခဲ့ကြပြီး ငွေလှူခြင်းကိုလည်း လက်ခံနေကြပြီ။ ဓူတင်မှဆန့်ကျင်သော ဆွမ်းလောင်းခြင်းများကလည်း အတင်းရော အဓမ္မပါ ဖြစ်ပွားလာချေပြီ။ ဌာနေ ဖြစ်သောရွာမှ လောင်းခွင့်မပြုသဖြင့် စိတ်ဆိုးပြန်သွား လေသူများ၊ ထိုရွာထဲ၌ပင် သတ်မည်၊ ပုတ်မည်အထိ ရန်ပွဲများဖြစ်ပွားလာချေပြီတကား} (၂၀၁၂ စက်တင်ဘာ ထုတ်၊ ဘဝကန္တာရသင်္ကေတကထာ၊ စာ-၃၄၄)
    'သို့ကြောင့် ထိုဝါတွင်း ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှာပင် ဆောင်ထားရာ ဆွမ်းဓူတင်များ ပယ်ဖျက်ပေးလိုက်တော့၏။ စိတ်ချမ်းသာမည်ထင်၊ ထင်သလိုသာလုပ်ကြ။ ပျဉ်းမနား လက်လုပ်တောင်မှ ဝါကျွတ်လျှင် ထွက်တော့မည်။ ဤသို့ ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်တော့၏။' (၎င်း၊ စာ-၃၄၄)
    လက်လုပ်တောင်ကား နောက်ထပ်သုံးနှစ်တိုး၍ သီတင်းသုံးပေးမည်ဆိုသော မဟာအခွင့်အရေးကြီး လက်လွှတ်ဆုံးရှုံးခဲ့ရလေပြီ။ ထီပေါက်ပြီး ထီလက်မှတ် ပျောက်သလို ရှိပါတော့တယ်။
    'ထိုအတောအတွင်း တော်သလင်းလဆန်း ၁၁ ရက်နေ့ ရန်ကုန်တိပိဋက ဓမ္မရက္ခိတအသင်းမှ နာယကဆရာတော် ဦးကောဏ္ဏည၊ ဥက္ကဋ္ဌမဏိဇောတဓရဘွဲ့ခံ ဦးညိုခေါင်းဆောင်သောအဖွဲ့က ထွက်မည့်ဆဲဆဲ လာရောက်ပင့်ကြပြန်၏။ တောင်းပန်ရပါ၏။ တစ်ဖန် ဂေါစရဂါမ်မှ သပြေတန်းဆရာတော်ကလည်းကောင်း၊ လပြည့်နေ့ညနေတွင် မရရသောနည်းဖြင့် ပင့်ပြမည်ဟု ကြုံးဝါးတော်မူကာ ပျဉ်းမနားမှ ဗဟိုဝန်ဆောင်ဆရာတော်၊ မြို့နယ်အတွင်းရေးမှူး ဆရာတော်များ အပါခေါ်လျက်က ယနေ့ည သိမ်သမုတ်ပွဲကြွရန် အမိန့်ဖြင့် ဆင့်တော်မူကြပြန်ပါ၏။ ဆရာတော်ကြီးများကို အကျိုးအကြောင်းပြ တောင်းပန်စကား လျှောက်ထားလိုက်ရာ ထိုဆရာတော်ကြီးများ သနားညှာတာတော်မူသဖြင့် ကျေအေးသွားပြန်ပါ၏။' (၎င်း၊ စာ-၃၄၄)
    သီတင်းကျွတ်တာနဲ့ ရန်ကုန်ဒကာဒကာမတွေ ကားကြီးကြီးဖြင့် ရောက်လာကြပြီး တရားကိစ္စ ဘာမှမလျှောက်ထားဘဲ ရာထူးတက်ရေး၊ ရောဂါပျောက်ကင်းရေး စသည်ဖြင့် နားပူအောင် လျှောက်ထားကြပါတော့တယ်။ ဆရာတော်ဘုရားရဲ့ တုံ့ပြန်ပုံကို အားမရတဲ့အခါ အပူးအကပ်တွေနဲ့ အကျပ်ကိုင် တောင်းဆိုကြပြန်ပါတယ်။ ဘိုးတော်အောင်မင်းခေါင်ကိုယ်တိုင် ပြောနေတာနော်၊ ဆရာတော် ဒီကိစ္စလုပ်ပေးရမယ် ...စသည်ဖြင့် စစ်သားကို သေနတ်နဲ့ ခြောက်လို့ကြောက်မယ်တဲ့လား။ ရယ်စရာပင် ကောင်းပါသေးတော့။ ဆရာတော်ဘုရားက ပြတ်ပြတ်သားသား မိန့်ကြားခဲ့လေပြီ။
    'သည်အခါ နောက်ဆုံးဖြစ်ပါစေ၊ နောက်မလာ နှင့်တော့'
    ဆရာတော်ပေးနေတာက တန်ဖိုးမဖြတ်နိုင်တဲ့ သီလနှင့် မေတ္တာ၊ သဒ္ဓါနဲ့ စေတနာဆိုတဲ့ လက်နှစ်ဖက်နဲ့ယူရမှာ၊ အခုတော့ 'ရာထူးတိုးရေး'ဆိုတာလောက်နဲ့ တန်ဖိုးဖြတ်ပြီး သူတို့ ပြန်သွား ကြလေပြီ။ မကြာမီမှာပင် မန္တလေးက ဒကာကြီးဦးသောင်းစိန် (နေမင်းဆေးလိပ်ခုံ)ရောက်လာတာဟာ ဆရာတော်ဘုရားကို လာပင့်သလို ဖြစ်သွားပါတော့တယ်။ ဦးသောင်းစိန်ရောက်လာတဲ့ အကြောင်းကတော့ လက်လုပ်တောင်ရှိ ဝိဇ္ဇောဒယဓမ္မာရုံ ကြီးထဲမှာ ကိန်းဝပ်တော်မူမည့် ဘုရားရုပ်ပွားတော်နှင့် ပလ္လင်တံကဲ လှူဒါန်းရေးကိစ္စအတွက်ပါပဲ။ ဒါပေမဲ့ ဆရာတော်ဘုရားကို လာပင့်သလို ဖြစ်သွားပါတယ်။ အကြောင်းကတော့ ဆရာတော်ဘုရားဟာ လက်လုပ်တောင်က ထွက်ခွာတော်မူရာတွင် ပျဉ်းမနားက ကားကိုမသုံးလိုပါ။ လိုက်ပို့ပြီး ဘယ်ကို ကြွသွားတယ်ဆိုတာ အာချောင်မှာစိုးလို့ပါ။ ပြောင်းရွှေ့ သီတင်းသုံးမည့် နေရာကိုဘယ်သူမှမသိအောင် လျှို့ဝှက်ထားချင်လို့ပဲ ဖြစ်ပါတယ်။
    ပြောင်းရွှေ့ရမည့် နေရာဒေသကိုကား အိပ်မက်ရထားပြီးဖြစ်ပါတယ်။
    'အရှင်ဘုရား ...တပည့်တော်တို့ ဆီကို လည်း တစ်လှည့်သာသနာပြုပါဦး ဘုရား၊ တပည့်တော် တို့နေရာက ရှမ်းပြည်နယ်ရဲ့ တံခွန်တိုင်ပါ ဘုရား'
    အိပ်မက်ထဲမှာ သူတို့လာပင့်နေကြချေပြီ။ ဒီနေရာမှာ ဆရာတော်ဘုရား တစ်ခါက မိန့်ကြားဖူးခဲ့တာကိုလည်း သတိရလိုက်မိပါရဲ့။ 'တို့ဘဝက ခေါင်းရွက်ဈေးသည်ကြီးလိုပဲဟဲ့၊ လာပါဦးဆို သွားရတာ' တဲ့။ ယခုလည်း အိပ်မက်ထဲမှာ လာရောက်ပင့်လျှောက်ကြသူတွေက လမ်းခရီးစဉ် မြေပုံညွှန်းကိုပါ အတိအကျ ပြသလျှောက် ထားကြလေပြီ။
    'တံခွန်တိုင်တောင်၊ တောင်ကြီး-ကျိုင်းတုံ အကြားရှိ တောင်ဖြစ်ရမည်၊ ဟုတ်ကဲ့လား။ တံခွန်တိုင် ဘုရား ...အလောင်းတော်ပါရမီအပြည့် ဖြည့်ခဲ့ရာ တောင်ဖြစ်ရမည်၊ ဟုတ်ကဲ့လား။'
    'မှန်ပါသည် ဘုရား'
    ဆရာတော်ဘုရားဇင်းကျိုက်၊ မင်းတစ်ရာ့တစ်ပါးတောင်မှာ သီတင်းသုံး အားထုတ်နေစဉ်ကပင် ဖိုးသူတော်တစ်ပါး လာရောက်လျှောက် ထားဖူးပါတယ်။ ဆိတ် ဆိတ်အားထုတ်လို့ပါလျှင် တောင်ကြီးမှ ကျိုင်းတုံသွား ကားလမ်းဘေးမှာ သုဝဏ္ဏသျှမ်တောင် (တံခွန်တိုင်တောင်)ရှိပါသည် ဘုရား၊ အစောင့်အရှောက် ကြီးလှပါ တယ်ဘုရား။ ကျားကြီးတစ်ကောင်ဟာ တောင်ကိုပတ်ပြီး စောင့်ရှောက်နေပါတယ်။ မွန်းလွဲ သုံးနာရီကနေ နံနက် ၃ နာရီအထိ ကျားကြီးက ပတ်ပြီးစောင့်နေတာ၊ တောင်ပေါ်တက်ရင် ညနေ ၃ နာရီ မထိုးခင်ရောက်အောင်သွား ဘုရား၊ နံနက် ၃ နာရီမထိုးမှီမှာလည်း တောင်ပေါ်ကနေ တောင်အောက်မဆင်းမိပါစေနဲ့ ဘုရား၊ ကျားကြီးနဲ့ တည့်တည့်တိုးမှာ ဘုရား'လို့ ဖိုးသူတော်က လျှောက် ထားသွားခဲ့ခြင်း ဖြစ်ပါတယ်။ (စာ-၃၄၇-ရှု)
    ၁၃၅၅ ခု သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် နံနက် ၃ နာရီမှာ ပျဉ်းမနားလက်လုပ်တောင်က စတင်ထွက်ခွာလာခဲ့ပါတယ်။ ဘယ်ကိုသွားမယ်ဆိုတာ ကားဖြင့် လိုက်ပို့သူ ဦးသောင်းစိန်ကိုယ်တိုင် မသိပါဘူး။ ပျော်ဘွယ်ရောက်တော့ အနီရောင် အားကစားဝတ်စုံဝတ်ထားသူတစ်ဦးက တုတ်ကောက်ကြီး လက်နက်နှစ်ဖက် မြှောက်ကိုင်ထားလျက် လမ်းခွဲထိပ်မှာ ရပ်နေတာ တွေ့ရပါတယ်။ သူ့ကြည့်ရတာ ဇော်ဂျီတစ်ယောက်နဲ့တောင် တူပါသေးတော့။ ကားအရှိန် တန့်သွားတာနဲ့ သည်လမ်းခွဲကနေ အောင်ပန်းကို ဆက်သွားလျှင် မလွဲပါကြောင်း ခရီးလမ်း ညွှန်ပြပါတယ်။ ဆရာတော်ဘုရား မူလရည်ရွယ်တာက အောင်ပန်းမှာ ဆင်းနေရစ်ပြီး ခြေရာဖျောက်ဖို့ပါ။ အောင်ပန်းမြို့ဆိုတာက တောင်ကြီး၊ ပင်လောင်း၊ ပင်းဒယ သုံးလမ်းဆုံရာ မြို့မဟုတ်ပါလား။ သည်တော့ လိုက်ပို့တဲ့ဒကာကြီး ဘယ်လို ခြေရာကောက်မလဲ၊ တောင်ကြီးလား၊ ပင်လောင်းလား၊ ပင်းဒယလား၊ ဆရာတော်ဘုရား ဘယ်ကို ဆက်ကြွမလဲဆိုတာ ဝေခွဲမရအောင် စဉ်းစားခန်းဝင်ပေရော့။
    ဒါပေမဲ့ ဆရာတော်ဘုရားက တောင်ကြီးသို့ ဆက်မောင်းစေခဲ့ပါတယ်။ နံနက် ၁၁ နာရီလောက် မဟာမြတ်မုနိဘုရားကြီးရှေ့ ရောက်တော့ ဆရာတော် ဆင်းနေခဲ့ပါတယ်။ လိုက်ပို့တဲ့ကားလည်း ဒီနေရာက လှည့်ပြန်သွားပါတယ်။ ခေတ္တနားနေစဉ် အိန္ဒိယနွယ်ဖွားဆန်ဆန် ဒကာနှစ်ဦး ထီးကိုယ်စီ ကိုင်ပြီး ဘုရားဖူးရောက် လာပါတယ်။ ဘုရားဖူးပြီးတာနဲ့ ဆရာတော်ကို ဂါရဝပြု ပြီး အကြောင်းအကျိုး မေးလျှောက်ပါတယ်။ ဆရာတော် ဘုရားကြွလိုတဲ့ သုဝဏ္ဏသျှမ်တောင်ခရီးစဉ်ကိုလည်း အသေးစိတ် လျှောက်ထားပြီး ပြန်သွားကြပါတယ်။ မမြင်နိုင်သော ပင့်လျှောက်သူများက အဆင်သင့် စီစဉ်ထားကြ ပုံရပါတယ်။ တကယ့်ကို ရေကန်အသင့် ကြာအတင့်ပါပဲ။
    ဆရာတော်ဘုရား ပိုက်ဆံမကိုင်မှန်းသိလို့ အဝေးပြေးကားလက်မှတ် လှူတဲ့သူနဲ့၊ အရုဏ်ဆွမ်း ကပ်တဲ့သူနဲ့၊ အားလုံး အဆင်ပြေပြေဖြင့် ကွန်ဟိန်းမြို့သို့ ည ၇ နာရီမှာ ဆိုက်ရောက်ခဲ့ပါတယ်။ ကားလည်း ခရီးမဆက်တော့ဘဲ ကွန်ဟိန်းမှာ နားလေရာ ဆရာတော်ဘုရားအတွက် တည်းခိုခန်းတစ်ခုရဲ့ အပေါ်ထပ်မှာ သီးခြားနားနေနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ အဲဒီအချိန် လူတစ်ယောက်ရောက်လာပြီး ...'ဆရာတော်ဒီမှာ မတည်းနဲ့၊ တပည့်တော်တို့ အိမ်ကိုကြွဆိုပြီး ဆရာတော့် သပိတ်ကို အတင်းယူကာ ရှေ့ကထွက်သွားလေရာ ဆရာတော်လည်း နောက်ကလိုက်ခဲ့ရပါတော့တယ်။ ပြီးတော့မှ အကျိုးအကြောင်း သိရသည်မှာ ...ဆရာတော်  ဘုရားကြွလာမယ်ဆိုတာ သူတို့ အိပ်မက်ရပြီးသားတဲ့၊ အိပ်မက်ထဲမှာ ဆရာတော်နဲ့ ယခု ဆရာတော်ဟာ လုံး၀ ချွတ်စွပ်ပါပဲတဲ့၊ သံလွင်လိုင်းကားကြီးနဲ့ ဆက်မလိုက်ဘဲ သူတို့အိမ်မှာ သုံး၊ လေးည သီတင်းသုံးပါဦး ဘုရား၊ သု၀ဏ္ဏသျှမ်တောင်ကို သူတို့ကိုယ်ပိုင်ကားနဲ့ လိုက်ပို့ပါမယ်လို့ လျှောက်ထားကြတယ်။ သူတို့ဟာ တည်းခို ခန်းပိုင်ရှင်များလည်း ဖြစ်ကြပါတယ်။
    ဒကာကြီး ဦးပေါလှိုင်က ပျဉ်းမနား၊ လယ်ဝေး ဇာတိဖြစ်ပြီး ဒကာမကြီး ဒေါ်ဋ္ဌေးဋ္ဌေးရီက သာစည်ဇာတိဆိုတော့ ဆရာတော်ဘုရားရဲ့ မှတ်ချက်က ...'သာစည်ပျဉ်းမနားကြောက်လို့ ပြေးရပါတယ်ဆို ...သူတို့နဲ့မှ တွေ့တတ်ပလေခြင်း'တဲ့။ ၁၃၅၅ ခု တန်ဆောင်မုန်း လဆန်း ၁ ရက်မှာတော့ သုဝဏ္ဏသျှမ်တောင်တော်သို့ ညနေ ၅ နာရီမှာ ချောချောမောမော အောင်မြင်စွာ ရောက်ရှိခဲ့ပြီဖြစ်ပါ တယ်။
    'တောင်တော်ကား အများထက် မြင့်၏။ အများထက်လည်း ထူးကဲ၏။ ကျောက်သားအတိ ပြီး၏။ ခုနစ်မိုင်ရွာအတက်ဘက်မှ လှမ်းမျှော်ကြည့်က ဘုရား ပလ’င်ခုံပမာရှိ၏။ သံလွင်မြစ်ဘက်မှ နေကြည့်ပါ လျှင်ကား စေတီတော်များ အစီအရီထားရှိသည်နှင့် တူ၏။ အဝေးမှ လှမ်းကြည့်လျှင်ပင် အများတကာထက် ထူးကဲမြင့်၊ ထူးကဲသာ အချက်များကို အလွယ်တကူ တွေ့ရ၏။ ဒါမှ တံခွန်တိုင် မဟုတ်၊ ဘယ်အရာကို တံခွန်တိုင် ခေါ် မည်နည်း။'
    'ရောက်နေ့ညကား ဤတောင်သည် ငါ၏ (လက်ဦး)ပညာရှာမှီးခဲ့ရာ လက်ဦးတောင်ဟူ၍ လည်းကောင်း၊ ငါ၏ဆရာသည်မှာဟူ၍လည်းကောင်း အိပ်မက်ပေး၏။ ဂိုဏ်းကိစ္စ ဂိုဏ်းစကား မပြောကြားဘဲ ရှောင်ရှားရန်ဟူ၍ အတိအကျ အိပ်မက်ပေးခဲ့၏။ နတ်တော်လပြည့်ကျော်၌ကား ငါတို့ကို ဦးစွာ ပညာသင်ပေး ပါသော ဆရာနှစ်ပါးနှင့် တွေ့ရ၏။' (စာ-၃၅၁)
    ဒါပေမဲ့ ရာသီဥတုက အရိုးကွဲမတတ် အေး လှပါတယ်။ ဆရာတော်ဘုရားကတော့ အားထုတ်မပျက် ရှေ့သို့ဆက်ဆဲမှာ အာဟာရဒဏ်ကိုလည်း စတင်ခံစား ခဲ့ရပါတယ်။ လီရှောရွာနှစ်ရွာမှာ ဆွမ်းခံကြွရာ ဟင်းရွက် ပြုတ်တွေချည်း လောင်းလိုက်ကြပါတယ်။ ဒါ့ကြောင့် ခုနစ်မိုင်ရွာအထိ ဆွမ်းခံကြွတော်မူခဲ့ပါတယ်။ ခုနစ်မိုင်ဆိုတာ သံလွင်မြစ်ကြီးရဲ့ အရှေ့ဘက် တာကော်တံတား ကြီးကနေ ခုနစ်မိုင်ဝေးတဲ့ ရွာ၊ ဟွေဟင်လို့ခေါ်တဲ့ ရှမ်း ရွာ၊ ဗမာ၊ ပလောင်တွေရှိတဲ့ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ ကျိုင်းတုံသွား ကားလမ်းမကြီးပေါ်မှာ တည်ရှိပါ တယ်။
    ခုနစ်မိုင်ရွာဟာ လူပေါင်းစုံတဲ့ နေရာ၊ ဆွမ်းခံ ကြွပြီး တရားဟောတော့ တိုင်းရင်းသားတချို့ ဗမာစကား နားမလည်ကြ၊ နားလည်သူက ဘာသာပြန်ပေးတော့လည်း တရားစကားကို စိတ်ဝင်တစား နာယူကြတယ်။ သဒ္ဓါတရားလည်း ကောင်းကြရှာတယ်။ ရိုးသားသလောက် လှေနံဓားထစ်ရှိကြတယ်။ တရားနာပြီး တရားအားထုတ်ချင်သူတွေ တောင်ပေါ်လိုက်လာကြတယ်။ ဒါပေမဲ့ ဘာသာစကားက အတားအဆီးဖြစ်နေတယ်။ တရားစကားနဲ့လည်း နားဝေးနေကြဆဲ ရှိကြရာ နတ်တော်လပြည့်ကျော် ၂ ရက်ကနေ လကုန်အထိ အားထုတ်ပြီး ပြန်သွားကြတယ်။ တစ်ချိန်တည်းမှာ ဆရာ တော် ဖုံးထားသမျှ ပေါ်သွားခဲ့ပြီဆိုနိုင်ပါတယ်။ ခုနစ်မိုင်ရွာ ဆွမ်းခံကြွစဉ် ပျဉ်းမနားနှင့် မိတ္ထီလာက ဒကာများနဲ့ ပက်ပင်း တိုးမိပါလေရော။ ဒေသခံတွေကလည်း ဆရာတော် သုဝဏ္ဏသျှမ် ရောက်လာပုံကို ပြောပြတော့ မည်ဖြစ်ရာ မကြာမီ ပရိသတ်ကြီး လိုက်လာပေရော့မည် ...။
    ဟုတ်ပါတယ်။ တပေါင်းလဆန်းမှာ သာစည်က ဒကာနှစ်ဦး ဗွေဆော်ဦး ရောက်လာပါတယ်။ တပေါင်းလပြည့်ကျော် ၁၃ ရက်မှာတော့ သာစည်၊ ရန်ကုန်၊ ဟိုပုံး သုံးဌာနပေါင်းလျက် ခုနစ်ဦးအဖွဲ့ ရောက်လာပါတယ်။ ဒီတစ်ခါတော့ ကောင်းသော ရောက်လာခြင်းလို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် ဘုရားဟာ ပေခြောက်ထောင်ကျော်မြင့်တဲ့ သုဝဏ္ဏသျှမ် တောင်ထိပ်ပေါ်တွင် မည်ကာမတ္တ ကျောင်းငယ်လေးမှာ သီတင်းသုံးအားထုတ်နေရလေရာ သပ္ပါယမျှဟန်မတူပါ။ အဲဒီ ကျောင်းကလေးကို ဒေသခံတို့က ဆောက်လုပ်လှူ ဒါန်းခဲ့ကာ 'ဝမ်ဖရာ့ ဓမ္မကုံ'လို့ ရှမ်းအသံထွက်နဲ့ ကမ္ပည်း ရေးထိုးထားပါ တယ်။ ဒီကျောင်းကလေးကနေ အလွန်ဝေးလံတဲ့ တောင်ခြေအထိ ဆွမ်းခံကြွရတာလည်း ချော ချောမွေ့မွေ့မဟုတ်။ ဒါကြောင့် ခုနစ်မိုင်က ဒကာများက လူအရောက်အပေါက်နည်းတဲ့ တောတစ် တော၊ သုဝဏ္ဏသျှမ်တောင်ကြီးကိုလည်း လှမ်းမြင်နိုင်တဲ့နေရာမှာ တဲငယ်လေး(တဲကျောင်းလေး) ဆောက်ပေးကြပါတယ်။ ရှမ်းရွာ နှစ်ရွာ၊ လားဟူရွာ နှစ်ရွာ ပေါင်းပြီး ကျောင်း ငယ်လေးနဲ့ ဓမ္မာရုံတစ်ခု သုံးရက်နဲ့ ဆောက်လုပ်လှူဒါန်းခဲ့ရာ တပို့တွဲလပြည့်ကျော် ၇ ရက်နေ့ကပင် ရေစက်ချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနေရာကို 'ဘုန်းတော်ပြည့်'လို့ ကမ္ဗည်းတင်ခဲ့ပါတယ်။
    ယခု ရန်ကုန်၊ သာစည်၊ ဟိုပုံးအဖွဲ့က ကျောင်းသစ်တစ်ကျောင်းကို အားသွန်ခွန်စိုက် ဆောက်လုပ်လှူဒါန်းကြရာ သူတို့ရဲ မွန်မြတ်သော စေတနာကို အရင်းခံ၍ 'မြတ်မွန်ရတနာကျောင်း'ရယ်လို့ ဖြစ်ပေါ် လာပါတယ်။ ဆရာတော်ဘုရား ဘုန်းတော်ပြည့်ရောက်တာနဲ့ လားဟူ တိုင်းရင်းသားတွေ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ တစ်ရွာလုံး၊ ရွာလုံးကျွတ်၊ တောင်ကြောပေါ်ရှိ ရွာ စဉ်အားလုံး တရုန်းရုန်းနဲ့ လာရောက်ဖူးမျှော်ကြပါတယ်။ သူတို့အဖို့ ဆရာတော်ဘုရားဟာ သံဃာတစ်ပါးထက် ပိုနေပါတယ်။ သူတို့ ပြောကြတာက ဆရာတော်ကြီးဟာ 'လားဟူဘုရား'တဲ့။ ဆရာတော်ဘုရား ကြွမလာမီကပင် သူတို့ဆီမှာ တဘောင်ပေါ်နေပြီ။ အတိတ်နိမိတ်တွေ ပြ နေပြီလို့ ဆိုပါတယ်။
    '၎င်းတို့ ဒေသ၌ ဝါတွင်းကတည်းကပင် (ပျားဖယောင်းစုထား၊ ကြားလား) (ဝိညာဉ်ခေါ်ကြိုး အဆင်သင့်ထား၊ ကြားလား)ဟူသော အတိတ်ပေးစကားများဖြင့် ကလေးငယ်များ ကစားလေ့ရှိနေ ကြပြီ ဖြစ်သည်ဆို၏။' (၂၀၀၁၊ အောက်တိုဘာထုတ်၊ ရတနာစစ်တမ်း၊ စာ-၁၁၇)
    အဲဒီလို အတိတ်တဘောင်တွေ ပေါ်နေပြီဆိုကတည်းက သူတို့ ရိုးရာနတ်တွေဆီမှာ လားဟူ ဘုရား မြန်မြန်ကြွလာဖို့ ဆုတောင်းခဲ့ကြပါတယ်။ လားဟူဘိုးဘေးတို့ အစဉ်အဆက် ပြောဆိုခဲ့တဲ့ ပုံပြင်ဆန်ဆန်ဇာတ် ကြောင်းတစ်ပုဒ်က သူတို့ကို ပုတ်နှိုးလိုက်ပေပြီ။
    'မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်ကပင် လားဟူဒေသသို့ ကြွတော်မူလာခဲ့ဖူးသည်။ ဘုရားရှင်ကို တောနက်ကြီးထဲမှာ ဖူးတွေ့ရရာ ဆွမ်း၊ ခဲဘွယ် ဘောဇဉ် လောင်းလှူဖို့ အဆင်သင့် မဖြစ်ခဲ့။ ရွာပြန်ပြီး အိမ်က ဆွမ်းစသည် ယူဆောင်ပြီး ပြန်လာသောအခါ တွင်ကား ဗုဒ္ဓဘုရားရှင်ကို မတွေ့ရတော့။ ကြွသွားတော် မူလေပြီ။ သို့သော် အနီးရှိ ခြုံပေါ်မှာ ဘုရားရှင်၏ သင်္ကန်းတော်ကို ကိုယ်စားတော်အဖြစ် ထားတော်မူခဲ့ သည်ဟု နားလည်ကြသည်။ ထို့ကြောင့် တစ်နေ့မှာ ဘုရားရှင် ပြန်ကြွလာလိမ့်မည်ဟု ပြင်းပြင်းပြပြ ယုံကြည်ကြသည်' (၂၀၁၇၊ ဇွန်လထုတ်၊ မဟာဗောဓိမြိုင်ဆရာတော်၊ တရားပေါင်းချုပ်-၁၊ စာ-၂၅၄)
    ဒါကြောင့် လားဟူတွေဟာ ဘုရားကိုယ်စား သင်္ကန်းကို ကိုးကွယ်ရာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ရွာအဝင် နတ်စင်မှာ သင်္ကန်းချည်နောင် ချိတ်ဆွဲထားတာ တွေ့မြင်နိုင်ပါတယ်။ သင်္ကန်းကို ဝါလုံးထိပ်မှာ ချည်ပြီး အလံတံခွန်သဖွယ် လွှင့်ထူလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ အခုတော့ သူတို့ အထွတ်အမြတ်ထားတဲ့ သင်္ကန်း ကို ဆင်မြန်းကာ တက်သစ်စ နေပညာ ကျက်သရေ မင်္ဂလာအဖြာဖြာ ပြည့်ဝလှစွာဖြင့် သူတို့ဆီ ကြွတော်မူ လာသော ဆရာတော်ဘုရားကို အားပါးတရ ဖူးမြော်ကြ ပါတယ်။ ပိန်းဥ၊ တောင်ယာဆန်နှင့် ပျားဖယောင်းများ လှူဒါန်းပြီး ဆုတောင်းကြတယ်။
    'ရာသီဥတုဒဏ်ခံနိုင်ရန် တပို့တွဲလတောင်ခြေရှိ ဘုန်းတော်ပြည့်တောင်သို့ ဆင်း၍နေသော ကာလတွင်ကား တောင်တန်းတစ်တန်းလုံးရှိ လားဟူရွာများ၊ ရွာတိုင်းရွာတိုင်းပင် သူတို့ဓလေ့အရ ဆုတောင်းပွဲများ တစ်ရွာပြီးတစ်ရွာ လာရောက်ကျင်းပကြ၏။ ဆုတောင်းကား တိုလှ၏။ ယခုနှစ် ယာခင်းကောင်းကောင်း စိုက်ပျိုးရန်နှင့်လူနှင့် ကျွဲနွားများ ဘေးရန်ကင်းရန် နှစ်ခုမျှ သာ၊ ဆုတောင်း ကား ညီညွတ်လွန်းလှ၏။' (ရတနာစစ် တမ်း၊ စာ-၁၁၇)
    'သူတို့သည် ဗုဒ္ဓဘာသာ မဖြစ်သေးသော်လည်း ဗုဒ္ဓဘာသာနှင့် နီးစပ်၏။ မူရင်းကပင် ဗုဒ္ဓဘာသာမှ ဆင်းသက်လာသူများ ဖြစ်ကြ၏'လို့ ဘဝကန္တာရ သင်္ကေတကထာကျမ်းစာအုပ်မှာ ကျေးဇူးတော် ရှင်မဟာ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အလေးအနက် ရေးသားဖော်ပြခဲ့ပါတယ်။        ။
(မောင်သွေးချွန်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 458

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42921

© 2022 - 2025 News. All Rights Reserved.