မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ သုဝဏ္ဏသျှမ်တောင်တန်းပေါ်က ဓမ္မအလင်းရောင်(၂)

၂၀၂၄ ဖေဖော်ဝါရီ ၂၇

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ လားဟူတိုင်းရင်းသားများအပေါ် ဘ၀ပေါင်းများစွာ ကွဲကွာနေတဲ့ ဆွေမျိုးသားချင်းများ ပြန် လည်ဆုံတွေ့ရသည့်ပမာ မေတ္တာ၊ ကရုဏာ ကြီးမားလှစွာဖြင့် တရားရေအေး တိုက်ကျွေးတော်မူခဲ့ပါတယ်။ လားဟူ ဆွေမျိုးများအတွက် တစ်နွေလုံး ကျောင်းတံခါးဖွင့် ပေးထားခဲ့ပါတယ်။ လားဟူ ဆွေမျိုးများကလည်း ဆရာတော်ဘုရားကို သူတို့ ဘုရား (လားဟူဘုရား)အဖြစ် အလွန်အမင်း ကြည်ညိုခြင်းဖြင့် လာရောက်ဖူးမြော်နေကြပါတယ်။ လားဟူတွေနောက် လီရှောတိုင်းရင်းသားများပါ လိုက်ပါလာပြီး လားဟူတွေလိုပဲ ဆရာတော်ဘုရားကို ကြည်ညိုမဆုံး ဖြစ်နေကြပါတယ်။ ဆရာတော်ဘုရား ဟောကြားသင်ပြတဲ့ တရားအဆုံးအမတို့ကို လုံးစေ့ပတ်စေ့ နားမလည်ကြသေးပေမယ့် ဆရာတော်ဘုရား ပို့သသော မေတ္တာဓာတ်ကိုတော့ တင်း ပြည့်ကျပ်ပြည့်ရရှိတယ်လို့ သူတို့ခံစားနားလည် နေကြပါတယ်။ ဆရာတော် ဘုရားကလည်း သူတို့ရွာ ကလေးတွေဆီ ဆွမ်းခံကြွပြီး သူတို့ရဲ့ သဒ္ဓါတရားကို လေ့ကျင့်ပျိုးထောင် ချီးမြှောက် ပေးတော်မူပါတယ်။ တစ်နေ့လုံး သူတို့လေးတွေအတွက် အချိန်ပေးထားရလေရာ ညအချိန်ရောက်မှသာ တစ်ညလုံး အားထုတ်တော်မူခဲ့ပါတယ်။
    'တာကူး(တန်ခူး) လပြည့်သော် သုဝဏ္ဏသျှမ် တောင်ပေါ်သို့ တက်လာခဲ့ပြီး ထိုသုဝဏ္ဏသျှမ်တောင်ရှိ လွိုင်ပန့်သံတောင်၏ဘေး ချောင်ကျရာလေးဝယ် အလျား ၁၂ ပေ၊ အနံ ခုနစ်ပေမျှသာ ကျယ်သော တဲလေးဖြင့် ဝါဆို၏။ အမည်ကို 'ဗောဓိမြိုင်'ပေးရာမှ 'မဟာဗောဓိမြိုင်'ဖြစ်လာ၏။ ထိုနေရာသည် လီရှောသင်္ချိုင်းနေရာ လီရှောရွာဟောင်းအနီးဖြစ်နေ၍ သင်္ချိုင်းအား နာမ်နှိမ်သောအားဖြင့် 'ဗောဓိမြိုင်' အမည်ပေးထားခြင်း ဖြစ်၏။' (၂၀၁၂ စက်တင်ဘာထုတ်၊ ဘဝကန္တာရသင်္ကေ တကထာ၊ စာ-၃၆၂)
    (ဒီနေ့တစ်နိုင်ငံလုံးက 'မဟာဗောဓိမြိုင်ဆရာတော်ကြီး'ရယ်လို့ သိမှတ်ပူဇော်နေကြတဲ့ 'မဟာဗောဓိမြိုင်' ဆိုတဲ့ဘွဲ့တော်ဟာ သုဝဏ္ဏသျှမ်တောင်ကနေ သန္ဓေတည် မွေးဖွားပေးလိုက်တာလို့ ဆိုနိုင်ပါ တယ်။) ဆရာတော်ဘုရားကြီးရဲ့ ဗောဓိမြိုင်တဲကျောင်းကလေး တည်ထားရာ လီရှောသင်္ချိုင်း အကြောင်းကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။
    'ငါတို့နေရာသည် တစ်ချိန်က တောင်ပေါ်လီ ရှောရွာများတွင် အိမ်ခြေ ၅၀ ရှိ အကြီးဆုံးသော ရွာဆို၏။ ရွာအမည်ကား 'ဖတ်ကလင်း'ဆို၏။ လီရှောများသည် များသောအားဖြင့် မိသားစုတစ်စု၊ နှစ်စုမျှသာ ပေါင်းကာ နေထိုင်လေ့ရှိကြ၏။ ဤ၌ကား မိသားစုများစွာ ပါဝင်နေကြ၏။ ထိုမိသား စုများစွာထဲတွင် လီရှောမလေးရယ်၊ လီရှောဖိုနှစ်ယောက်ရယ်၊ ခွေးတစ်ကောင်ရယ်၊ ဝက်တစ်ကောင်ရယ် ...ထိုငါးဦးတို့သည်လည်း မိသားစုတစ်စုအဖြစ် ပါဝင်ကြပြီး သုဝဏ္ဏသျှမ်တောင်ကြီး၏ တောင်ခြေဝယ် တဲအိမ်ကလေးဖြင့် နေထိုင်ကြ၏။'
    'တစ်နေ့ ထို လီရှောမလေးနှင့် လီရှောဖို နှစ်ယောက်တို့ မည်သို့ ဖောက်လွှဲဖောက်ဝင် ပွဲဆင်ယင်မိ ကြသည်မသိ။ ညသန်းခေါင်ကျော်သွားပြီ။ လူသူအားလုံးတို့ အိပ်မောကျသွားပြီ။ ထိုစဉ် မည်သို့မျှ ဖြစ်နိုင်ခြေမရှိ သော၊ မည်သို့မျှတွေး၍မရသော သုဝဏ္ဏသျှမ်တောင် ကြီးပေါ်မှ မြေများ လှိုင်းလုံးများပမာ တအိအိလှိမ့်ဆင်းလာပြီး လီရှောမလေးတို့ တဲအိမ်လေးအား ဖိဖို့ပစ်လိုက်တော့ရာ အိပ်ပျော်နေကြသော ထိုသူများ အော်ခွင့်ပင် မရကြတော့ပါ။'
    'နံနက်လင်းပြီ။ အခြားတဲအိမ်များက လီရှောတို့ နိုးထလာကြပြီ။ ဖက်ကလင်း ထိုလီရှောများသည် တောင်ခြေတစ်နေရာ ကုန်းကမူကလေးပေါ်ရှိ ထိုတဲအိမ် ကလေးဆီသို့ လှမ်းမျှော်ကြည့်မိရာ တဲအိမ်ကလေးအစား မြေပုံကြီးသာ တွေ့ကြရတော့သည်။ ထိုအခါ တစ်ရွာလုံး လာရောက်ကြကာ မြေပုံကြီးအတွင်းမှ တဲအိမ်လေးနှင့် လူ၊ ခွေး၊ ဝက်တို့ကို ယက်ဖော် ဖော်ထုတ်ကြရာ တဲအိမ်လေးကလည်း ခွေလျက်သားလဲကျနေပြီ။ လီရှောမလေး နှင့် အပေါင်းပါများလည်း မြေတို့က တဲဖြင့် ဖိသတ်ထားရာ လူရော၊ ခွေး၊ ဝက်တို့ပါပိကျသေဆုံးနေကြပြီ။ သို့ဖြင့် ထို ငါးလောင်းစလုံး (လူရော၊ ခွေး၊ ဝက်တို့ပါ)တို့ကို တဲထဲမှ ဆွဲထုတ်၍ သုသာန်ဝယ်တစ်ခုတည်း ကျင်းသွင်း၊ တစ်ကျင်းထဲမြှုပ် တစ်ဇာတ်ထုပ်အဖြစ် ထားပေးလိုက်ကြပြီးသည်သို့ ငါးလောင်းစုသွင်း ကျင်းတစ်ခုတည်းထား မြှုပ်ပြီးနောက် ထိုဖတ်ကလင်းတစ်ရွာလုံး အခြားသို့ ပြောင်းရွှေ့ကြတော့သည်။ ဖတ်ကလင်းကား လူသူကင်းမဲ့ တဲအိမ်ကလေးများသာ ကျန်တော့သည်။ ယခု ငါတို့ရောက် စဉ်တွင်ကား တဲအိမ်များပျက်သုဉ်း တောဖုံးနေလေပြီ။'
    'ထိုတောတွင်း၏ အစွန်ဆုံး ချောင်အကျဆုံး အချွန်လေးတွင် ငါတို့သည် ၁၂ ပေ _ ခုနစ် ပေကျယ် တစ်ဖက်ရပ်တဲကျောင်းလေး ဆောက်လုပ်ရာ ထိုတဲကျောင်းလေး၏ ခေါင်အရာဝင် (၃ ရူတိုင်အရာဝင်) ထောင့်တိုင်ကား လီရှောမလေး၏ ခေါင်းပေါ်၌ တည်နေ၏။ ထိုကျင်းတူးသူက ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသားဖြစ်ရာ (ဘာသာထုံးစံက တစ္ဆေ၊ သရဲအယူမရှိသဖြင့်) မကြောက်တတ်။ မကြောက်သည့်အလျောက် တူရွင်းသွားအောက် မိန်းမဦးခေါင်းခွံလေး ပေါ်လာသောအခါ ကောက်ကြည့်၏။ ပြီးသော် ငါတို့အားပြ၏။ ပြပြီးသည်နှင့် ...
    'တပည့်တော် အခြားပစ်လိုက်ရမလား၊ ပြန်ထည့်ရမလား'မေး၏။
    ငါတို့ကလည်း 'သူ့နေရာပြန်ထည့်ပေးတာ အကောင်းဆုံးပဲ ဒကာကြီး'ဖြေလိုက်၏။ သို့ဖြင့် ထိုလီ ရှောမ၏ ဦးခေါင်းခွံလေး သူ့နေရာသူ ပြန်ထည့်ထား လိုက်သည်။ တစ်နေ့ ကဆုန်လပြည့်နေ့၏ နေဝင်ချိန်တွင်ကား ငါတို့မှာလည်း တဖျဉ်းဖျဉ်းထ ခြေမအနာက ဒဏ်ချက်တိုးလာနေ၏။ လီရှောမလေး ခဗျာလည်း ငါတို့ကိုကြည့်၍ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၏။ ရံတစ်ခါ မျက်နှာငယ်လေးနှင့် တံခါးပေါက်ဝမှ လာရပ်ကြည့်နေ၏။ ရံတစ်ခါပျာပျာသလဲ အမူအရာဖြင့် ကျောင်းလမ်းအတိုင်း အပြင်ထွက်သွားပြန်၏။ သည်သို့ သုံး၊ လေးကြိမ်မက သွားလာလှုပ်ရှားနေသည်ကို တွေ့နေရ၏။ မိုးချုပ်၍ အမှောင်ဖုံးသွားချိန်တွင်ကား သူ့ငါမမြင်ရ၊ ငါ့သူ မမြင်ရဖြစ်ခဲ့ပြီ။' (၂၀၂၁ ဒီဇင်ဘာထုတ်၊ တစ်ပါးနေ အကျင့်၊ စာ-၂၄၊ စာ-၂၅)
    သုဝဏ္ဏသျှမ်တောင်နတ်ကြီးပုံ၊ စည်းကမ်းကြီးပုံကို လီရှော တစ္ဆေမလေးအကြောင်းဖြင့် သိသာစေခဲ့ပါတယ်။ လီရှောမလေးအကြောင်းကို 'ဘဝကန္တာရ သင်္ကေတကထာ' ကျမ်းစာအုပ်တွင်လည်းကောင်း၊ 'ရတနာစစ်တမ်း' ကျမ်းစာအုပ်တွင်လည်းကောင်း ရေးသားဖော်ပြခဲ့ခြင်းမရှိပါ။ 'တစ်ပါးနေ အကျင့်' ကျမ်းစာအုပ်တွင် အကြောင်းတိုက်ဆိုင်လာသဖြင့် သတိပေးရေးသားထား ခြင်းဖြစ်ပါတယ်။
    ကျေးဇူးတော်ရှင် ဆရာတော်ဘုရားဟာ လီရှောသင်္ချိုင်းပေါ်မှာ တည်ထားတဲ့ ဗောဓိမြိုင်တဲ ကျောင်းကလေးကနေ 'ဝါမဆိုမီ တောတွင်းတောင်ခြေ ရှမ်းနှင့် လားဟူ၊ လီရှောရွာများဆင်း ဆွမ်းခံပြီး ဝါဆိုပြီးသည်နှင့် ကားလမ်းပေါ်ရှိ ဟွေဟင်(ခုနစ်မိုင်) ရှမ်းရွာအထိ ဆွမ်း ခံရရာ ...မြေများက အအေးဓာတ်လွန်ကဲခြင်း၊ ရွာသောမိုးရေများကလည်း အအေးဓာတ်လွန်ကဲ၊ သည်အထဲ ဆွမ်းခံရရာ တွင် ငါတို့က ထီး၊ ဖိနပ် မဆောင်သဖြင့် ဝါမဆိုမီကပင် စတင်ကာ ခြေလက်များ ယောင်ဖောလာတော့သည်။ နောက်သွေး ကြောပိတ်ရောဂါပါ ဖြစ်ပွားလာတော့သည်။ သို့ကြောင့် ဆွမ်းခံမဆင်း နိုင်တော့ရာ ဟွေဟင်ရွာက တက်လှူကြ၏။ ဆေးကုသပေးကြ၏။ နောက်သော် ကာလိ၊ ကွန်ဟိန်း တို့က လာရောက်ကုသ ပေးကြ၏။' (ဘဝကန္တရာ၊ စာ-၃၆၂)
    ဆရာတော်ဘုရားရဲ့ ညာဘက်ခြေမကနေ ထွက်ကျလာတဲ့ သွေးတွေဟာ သွေးနီရောင်မဟုတ်တော့ဘဲ ညိုပုပ်ပုပ် မည်းညစ်ညစ် ဖြစ်နေတယ်ဆိုပါတယ်။ ပျစ်ခဲခဲ သွေးပုပ်တွေဟာ 'သွေးအဆိပ်ရောဂါ'လို့ နောင်မှ သိရပါတယ်။ ဒီရောဂါ၊ ဒီအနာက ဆရာတော်ရဲ့ ညာဘက်ခြေမကို တအိအိ တတိတတိ တိုက်စားလိုက်စားဖဲ့ ခြွေနေပါတော့တယ်။ ငှက်ဖျားရောဂါကလည်း သည်းထန်လာပါတယ်။ ဆရာတော်ဘုရားဟာ အနာရောဂါ ဝေဒနာတို့ကို အမှုမထားဘဲ ဓမ္မသွေးသား လားဟူ၊ လီရှော တိုင်းရင်းသားများထံသို့ မေတ္တာပို့လွှတ် စိတ်ညွတ် ထားလျက်ရှိပါတယ်။
    'ဝါကျွတ်သောအခါ ရန်ကုန်မှလည်းလာ ရောက်ပြုစုကုသကြ၏။ သာစည်နှင့် မိတ္ထီလာစစ်ဆေး ရုံကြီးမှလည်း လာရောက်ပြုစုကုသကြ၏။ သို့သော် သက်သာရုံမျှသာရှိ၏။ ဒဏ်ပြင်းလှ၍ ရှင်းရှင်း မပျောက်၊ သည်အထဲ သီတင်းကျွတ်လောက်တွင် လားဟူ ၂၆ ရွာမှ ရွာလုံးကျွတ်လူအများ တောတွင်းနေရာတွင် စုဝေးကာ 'လားဟူ ဗုဒ္ဓဘာသာအမည်ခံပွဲကြီး' သုံးရက်တိုင်တိုင် ကျင်းပကြကြောင်း သတင်းကောင်းကြားရ၏။' (ဘ၀ ကန္တာရ၊ စာ-၃၆၂)
    လားဟူတွေဟာ မူလကတည်းက ဗုဒ္ဓဘာသာနဲ့ နီးစပ်ပြီးသား၊ ဓလေ့အားဖြင့် ရိုးရာနတ် ကိုးကွယ်တယ် ဆိုပေမယ့် လပြည့်၊ လကွယ်နေ့များမှာ သက်သတ်လွတ်စားပြီး ဥပုသ်စောင့်လေ့ရှိတယ်။ ရွာလူကြီးက ခေါင်းဆောင်ပီပီ နှစ်ဆပိုပြီး ကျင့်ဆောင်သောအားဖြင့် ဥပုသ်နှစ်ရက် (လပြည့် + လပြည့်ကျော်တစ်ရက်) စောင့်လေ့ ရှိတယ်လို့ ကြားသိရပါတယ်။ ဒီအချိန်မှာ 'လားဟူ ဘုရား'(ဆရာတော်)လည်း ကြွလာပြီမို့ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင်အဖြစ် တရားဝင်ကြေညာဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်မဟုတ်ပါလား။ သူတို့သဘောနဲ့သူတို့ ရွာပေါင်း ၂၆ ရွာ စုစည်းပြီး ဗုဒ္ဓဘာသာဝင် ကြေညာလိုက်တာဟာ အလွန်ထူးကဲတဲ့ မင်္ဂလာသတင်း ကောင်းကြီး ဖြစ်ပါတယ်။ ဆရာတော်ဘုရားကိုယ်တော်တိုင်လည်း ရောဂါဝေဒနာတွေ ရုတ်ခြည်းသက်သာသွားသလို ဝမ်းသာ ပီတိဖြစ်မှာ ဧကန်မုချပါပဲ။
    လားဟူတို့ရဲ့ ဗုဒ္ဓဘာသာခံယူခြင်း သတင်းကောင်းက တောတောင်အထပ်ထပ်ကိုကျော်ပြီး ရန်ကုန် မြို့တော်ကြီးအထိ ပျံ့နှံ့သွားပါတယ်။ ရန်ကုန်ဒကာများ အပြေးအလွှားရောက်လာပြီး လားဟူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပွဲလုပ်ပေးသင့်ပါကြောင်း တင်ပြလျှောက်ထားခဲ့ကြပါတယ်။ လားဟူလီရှော ဗုဒ္ဓဘာသာ ခံယူပွဲကြီးကို 'တပေါင်းလပြည့်နေ့'မှာ ကျင်းပမယ်လို့ နေ့ရက်သတ်မှတ်ပေး ခဲ့ပါတယ်။ ကြိုတင် ပြင်ဆင်ရေး အတွက် ရန်ကုန်မှ ငါးဦး၊ သာစည် ၁၀ ဦး၊ ပျဉ်းမနားမှ ၁၀ ဦး စုစုပေါင်း ၂၅ ဦး ရောက်လာပါတယ်။ ဆရာ တော်လည်း တောင်ပေါ်က ဆင်းလာခဲ့ပြီး ပွဲတော်အတွက် မဏ္ဍပ်စသည်များ ကြီးကြပ်လုပ်ကိုင်ရန် ၂၅ ဦးအဖွဲ့ကို တာဝန်ပေးပါတယ်။ ဒါပေမဲ့ သူတို့ တာဝန်မကျေပါ။ ဒါ့ကြောင့် ဆရာတော်ဘုရားကိုယ်တိုင် တောင်ဝှေးထောက်ပြီး မိုးလင်းမှမိုးချုပ် လုပ်စရာရှိတာတွေ ဒိုင်ခံပြီး လုပ်ရရှာပါတယ်။ ပွဲတော်ကျင်းပမယ့် ကွင်းလယ်မှာ အလွန်ထူးခြား အံ့သြဖွယ်ဖြစ်သော 'ပဋ္ဌာန်းထီးတော် လားဟူစေတီတိုင်ကြီး'ကို ဆရာတော်ဘုရားကြီးကိုယ်တိုင် ကြီးကြပ်လုပ်ဆောင်ပေး ခဲ့ပါတယ်။
    'လူတစ်ဖက်ကျော် လုံးပတ်ရှိသော အင်ကြင်းပင်ကြီးကို အဖုအထစ်မရှိ ချောမွေ့အောင်လုပ် ဆောင်၍ ပေ ၃၀ အရှည်အမြင့်ရယူကာ မြေဝင်ခြောက်ပင် မြှုပ်နှံထူမတ်ထားပါတယ်။ အဓိပ္ပာယ်မှာ အာရုံခြောက်ပါးကို မြှုပ်နှံထားလိုက်ခြင်း ဖြစ်ပါတယ်။ မြေပေါ်မှာ ၂၄ ပေ ကျန်နေခြင်းက ပဋ္ဌာန်း ၂၄ ပစ္စည်းကို ရည်ညွှန်းပါတယ်။ ၁၈ ပေအမြင့်ရှိတဲ့ နေရာမှာ ထီးအမိုးကြီး တပ်ဆင်ထားပါတယ်။ ၁၈ ပေအမြင့် သတ်မှတ်ရခြင်း ကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ အရပ်တော်ကို ရည်ညွှန်းပူ ဇော်ခြင်းပါပဲ။
    'ထီးအမိုးကြီး ပြုလုပ်ပုံမှာ လေးလက်မ _ နှစ် လက်မ အင်ကြင်းသား ၁၂ ပေအရှည် ၂၄ ချောင်းကို ထီးကိုင်းများအဖြစ် တပ်ဆင်ထားပြီး ထီးကိုင်းများ၏ ထိပ်ကို ခြောက်ငါးမူးပျဉ်ဖြင့် ပတ်ခွေလိုက်သောအခါ ဧရာမထီးကြီးသဏ္ဌာန် ပေါ်လွင်လာပါသည်။ ထီးရွက်အဖြစ် တာလပတ်မိုးကာဖြင့် ပြုလုပ်ထားပြီး အင်ကြင်းတိုင်(ထီးရိုးထီးတိုင်)ကြီးနှင့် ထီးကိုင်းဒိုင်းပတ်များကို ရွှေ မင်သုတ်လိုက်သောအခါ အံ့ဖွယ်ရွှေထီးကြီးအဖြစ် သပ္ပာယ်စွာ ပေါ်လွင်လာပါတော့သည်။ ထီးကိုင်း (ဒိုင်း)နှင့် ထီးရွက်ကြီး၏ အထက်တွင် ခြောက်ပေလွတ်နေပါ သေးတယ်။ ထိုသို့ ခြောက်ပေချန်ထားခြင်းမှာ မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်ကို ရည်ညွှန်းပူ ဇော်ထားခြင်း ဖြစ်ပါတယ်။ ထီးရွက်အထက်က ခြောက်ပေကို လားဟူဘုရားတိုင်ပုံအတိုင်း ထုလုပ်ပုံဖော်လိုက်ခြင်းအားဖြင့် ဤထီးတော်ကြီးသည် လားဟူ၊ လီရှောတို့ အထွတ်အမြတ်ထားရာ ဘုရားစေတီသဖွယ် ဖြစ်လာပါတော့သည်။ ထီးကိုင်း ၂၄ ချောင်းဖြင့် ဝန်းပတ်ဖွဲ့စပ် ထားခြင်းကား ၂၄ ပစ္စည်း ပဋ္ဌာန်းဆက် သရုပ် ဖော်ပင် ဖြစ်ပေသည်။} (၂၀၁၇၊ ဇွန်လထုတ်၊ မဟာဗောဓိမြိုင် ဆရာတော်-တရားပေါင်းချုပ်(၁)၊ စာ-၂၈၆)
    'ပဋ္ဌာန်းထီးတော် လားဟူစေတီတိုင်}ကြီးကို တပို့တွဲလပြည့်နေ့တွင် အောင်မြင်စွာ စိုက်ထူတည်ထား ပူဇော်နိုင်ခဲ့ကြောင်း သိရပါတယ်။ လားဟူလီရှောတွေဟာ ဒီပဋ္ဌာန်းထီးတော်ကြီးကို ပန်းနံ့သာ၊ အမွှေးတိုင်၊ အလင်းတိုင်တွေနဲ့ အထူးပြုပူဇော်ကြပါတယ်။ ဒီစေတီတိုင်ကြီးကို ဝိုင်းပတ်ကခုန် တီးမှုတ်ပူဇော်လိုက်ကြတာ သုဝဏ္ဏသျှမ်တောင်တန်းကြီးပေါ်မှာ လားဟူဗုံသံတွေ ဟိန်းဟိန်းညံ ပျံ့ လွင့်နေခဲ့ပါတယ်။ သူတို့ဟာ ဆရာတော် ဘုရားကိုလည်း ဗုံတီးကခုန်ပြီး ပူဇော်လေ့ရှိကြပါတယ်။
    တပေါင်းလပြည့်နေ့ လားဟူ ဗုဒ္ဓဘာသာခံယူ ပွဲကြီးအတွက် ဆရာတော်ကြီး ကိုယ်တော် တိုင် ...'၁၁ × ၁၁ ပင် (ပေ ၁၀၀ ပတ်လည် မဏ္ဍပ်ကြီး ဦးစီးဆောက် ပေးရ၏။ သည့်နောက် ထမင်းကျွေးရုံ၊ အချိုပွဲကျွေးရုံ၊ ပြန်ကြားရေးမဏ္ဍပ်၊ ဆေးခန်းနှင့် စာအုပ်ဆိုင်၊ သောက် ရေအိုးစင်မှနေ အိမ်သာများအထိ ပါဝင်ကြီးကြပ်ပေးရ၏'လို့ ဘဝကန္တာရ သင်္ကေတကထာကျမ်းစာအုပ်မှာ ဖော် ပြထားပါတယ်။ (စာ-၃၆၃-ရှု)
    '၁၃၅၇ တပေါင်းလပြည့်နေ့တွင် ကျင်းပသည့် လားဟူလီရှော ဗုဒ္ဓဘာသာခံယူပွဲကြီးကား ကြီးကျယ်ခမ်းနားလှပါ၏။ ထိုနှင့်အတူ အခက်အခဲ အတားအဆီး များစွာနှင့်လည်း ရင်ဆိုင်ရ၏။ အစက (ဗုဒ္ဓဘာသာအ ဖြစ်ခံယူရန်) လူသုံးထောင်ကျော် ဆန္ဒပြုထားသော်လည်း တကယ်ကျ နှစ်ထောင် ကျော်မျှသာ လာရဲကြတော့၏။ အစက လားဟူရွာပေါင်း ၂၆ ရွာအထိ ယခုလာသောအခါ လားဟူ ၂၂ ရွာသာ၊ လီရှော လေးရွာနှင့်ပေါင်းမှ ၂၆ ရွာ။ အချို့ရွာ ပြည်သူ့စစ်များက ရုံးထိုင်၊ အချို့ရွာ ပြည်သူ့ စစ်များက လူဆင့်ခေါ်ထား၍၊ တစ်ဖန် ပြည်သူ့စစ် အဖွဲ့ထဲမှ ဗုဒ္ဓဘာသာခံယူသူများလည်း အထုတ်ခံကြရ၏။' (၎င်း၊ စာ-၃၆၃)
    ဘာကြောင့် ဒီလိုဖြစ်ခဲ့ရပါသလဲ။ လားဟူ လက်နက်ကိုင်တပ်ဖွဲ့ဟာ ခရစ်ယာန်အများစုဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် ဖြစ်တော့မယ့် လားဟူတွေကို စစ်ဆေး၊ မေးမြန်း၊ အရေးယူ ထုတ်ပယ်တာတွေ လုပ်လာပါတယ်။ ဒီအကြောင်းတွေကို ၂၀၁၅ ဇူလိုင်ထုတ် 'အနာဂတ်တွင်ဖြစ်ပေါ်လာမည့် အလား အလာများ' ကျမ်းစာအုပ်မှာ ဖော်ထုတ်ရေးသားခဲ့ပါတယ်။
    'ထို၌ အုပ်ချုပ်သော အုပ်စု ဥက္ကဋ္ဌပြည်သူ့စစ် ခေါင်းဆောင်ကား ကျိုင်းတုံ ခရစ်ယာန်ကျောင်း ဆင်းလည်းဖြစ်၊ ခရစ်ယာန်အမျိုးသမီးနှင့်လည်း အပေးစားခံ ထားရပြီးလည်းဖြစ်သော ခရစ်ယာန် တစ်ဦးဖြစ် နေချေတော့ရာ ...ဗုဒ္ဓဘာသာဝင်သွားသော လူငယ်များထံ မှ လက်နက်များ သိမ်းယူသည်။ အရေးကြီးသော ရွာကြီးများ၌ တပ်ချထားလိုက်သည်။ ရွာသားများအား (ဗုဒ္ဓ ဘာသာခံယူပွဲသို့ မသွားဖြစ်အောင်) အခြားအလုပ်များ ခိုင်းထားလိုက်ပြန်သေးသည်။ တစ်ဖန်တစ်ဖက်ကလည်း ကျိုင်းတုံဂိုဏ်းချုပ်ကြီးက မိုင်းပျဉ်းနယ်၊ ကွန်ဟိန်းနယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်များ မည်သူမျှ မသွားရ အမိန့်ထုတ်သည်။ အီတလီ ဗာတီကန်ရှိ ဌာနချုပ်သို့လည်း သတင်းပေးပို့၍ အစီရင်ခံသည်။}
    'သို့ကြောင့် ဗာတီကန်ရှိ ပုပ်ရဟန်းမင်းကြီးသည် မဟာဗောဓိမြိုင်ဘုန်းကြီးက ရှမ်းတောင်ပေါ်နေ အခြားအမျိုးနှင့် ဘာသာများကို ပစ္စည်းပေးဖြားယောင်းကာ သိမ်းသွင်းနေသည်ကို ကန့်ကွက်ကြောင်း နိုင်ငံတော်အကြီးအကဲထံ ကန့်ကွက်လွှာပေးပို့ခံခဲ့ရသည်။ ထိုစဉ်က သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်မျှသာရှိသော ငါတို့ကား ကိုယ်ပင်အနိုင်နိုင်ပင်။ ဤသို့ ရေးပြသည်မှာ သူတို့ကျတော့ ကိုယ်တိုင် ကိုယ့်တိုင်းပြည်ပမာ ဆန်ရှား ဝင်ဆွဲ၊ ဆီရှားဝင်ဆွဲ ခွင်အမျိုးမျိုးရေးဆွဲကာ အတင့်ရဲနေကြပြီး ငါတို့ တိုင်းရင်းသားချင်းကျ မဆီမဆိုင် အီတလီမှနေ ဝင်ကိုင်ခြင်းဟူသော မျက်လုံးပြူးနားကားကြီး တို့၏ လုပ်ရပ်ပင်။' (အနာဂတ်၊ စာ-၁၉၅)
    လားဟူ လီရှောတို့ခမျာ အတင်းအကျပ် တားမြစ်ခံရတဲ့အတွက် လူစုံအောင် မလာရောက်နိုင်သော်လည်း ရန်ကုန်၊ တောင်ကြီး၊ သာစည်၊ ပျဉ်းမနား၊ ရွှေဘို၊ ဇီးကုန်း စသော မြို့ကြီး မြို့ငယ်များမှ သတင်းကြားဖြင့် တက်ရောက်လာသော ပရိသတ်ကြီးကား နှစ်သောင်းကျော်မျှရှိရာ ကွင်းလုံးပြည့်လျှံ သွားအောင် ထောက်ခံအားပေးခဲ့ကြပါတယ်။ နိုင်ငံတော် သာသနာရေးဝန်ကြီး ဌာနအတွက် ဓမ္မာစရိယ ဦးဌေးလှိုင် တက်ရောက်လာသလို မြဝတီရုပ်သံမှ ဗိုလ်မှူးမြသန်းစံနှင့်အဖွဲ့တို့ကလည်း သတင်းယူ ထုတ်လွှင့်ခဲ့ကြပါတယ်။ မြဝတီရုပ်သံလိုင်းမှာ ဘာသာခံယူပွဲ အခမ်းအနား ကျင်းပနေပုံ ပြသနေချိန် ရုတ်တရက် ပြတ်တောက်သွားရာ ခရစ်ယာန် ဆရာကြီးများက စောင့်ကြည့်နေရင်း ကန့်ကွက်လို့ ချက် ချင်းရပ်တန့်ပေးလိုက်ရတယ်လို့ သိရပါတယ်။
    တကယ်တော့ 'လားဟူလီရှော ဗုဒ္ဓဘာသာ ခံယူပွဲကြီး'ကို နိုင်ငံတော်ကလည်း အထူးပင် အားပေးချီးမြောက်ခဲ့တဲ့ ပွဲကြီးလို့ ဆိုနိုင်ပါတယ်။ တောင်ကြီး (ရပခ)မှ ဒုတိုင်းမှူးနှင့်အဖွဲ့၊ ကျိုင်းတုံမှ တပ်မတော်အရာရှိကြီးများ တက်ရောက်အားပေးခဲ့ကြပါတယ်။ ပရိသတ်နှစ်သောင်းကျော်ကို အလှူရှင်များရဲ့ စုပေါင်းကုသိုလ်ဖြင့် ထမင်းနှင့် ဟင်းငါးမျိုး၊ မုန့်မျိုးစုံတို့ဖြင့် ဧည့်ခံကျွေး မွေးနိုင်ခဲ့ပါတယ်။
    'နှစ်ထောင်ကျော်ကျော် ဗုဒ္ဓဘာသာဝင်လား ဟူလီရှော မိသားစုများအတွက် ကျိုင်းတုံတာဝန်ခံ များမှ အဝတ်အထည် မျိုးစုံဝေငှ၏။ တောင်ကြီးတာဝန်ခံများက ဆန်များ အလုံအလောက်ဝေငှ၏။ ရန်ကုန်မှ ငါးခြောက်၊ ပုစွန်ခြောက်များ လားဟူ အထိမ်းအမှတ် ရင်ထိုးအစေ့အငှ၊ လီရှော အထိမ်းအမှတ် ရင်ထိုးအစေ့အငှ၊ ငါတို့ပုံတော်များ၊ ငါတို့ရေးသားပေးသော 'လားဟူ၊ လီရှော ဗုဒ္ဓဘာသာ သင်ခန်းစာ' နှစ်အုပ်ကို အားလုံးတို့ကို အစေ့အငှ ဝေငှကြ၏။'
    'ဘာသာခံယူပွဲကြီးကား အောင်မြင်စွာ ပြီးဆုံးသွားပြီး။ ယင်းသည် ရှေးခေတ်တောင်ငူမှ ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာကူးပြောင်းကြသူ ၇၀၀၀(ခုနစ်ထောင်)အပြီး ယခု ဤခေတ်မှာ ဤပွဲကြီးကား အကြီးအကျယ်ဆုံးဆို၏။ သည်ခေတ်တွင် သည်လောက် ကြီးကျယ်ခမ်းနားသော ဘာသာခံယူပွဲ မရှိသေးဆို၏။ ပီတိဖြစ်မိ၏။' (ဘဝကန္တာရ၊ စာ-၃၆၃)
    'ပွဲပြီးသည်နှင့် အားလုံးပြန်သွားကြလေပြီ။ ငါတို့မှာကား အနားယူစရာ အားကိုးမရှိ၊ ဆွမ်း ခွက်ကပ် မည့်သူမရှိ၊ သို့ကြောင့် ဆွမ်းခံထွက်ရ၏။ ထွက်တိုင်း ညာဘက်ခြေမက ပေါက်လာ၏။ ကြာသော် ခြေမအလယ်တည့်တည့် အခေါင်းဖြစ်လာ၏။ ဆေးသိပ်၊ ပြန်ထွက်၊ ပေါက်မြဲ။'
    ဒီလိုနဲ့ တောင်ပေါ်ပြန်တက်ခဲ့ရာ သွေးအဆိပ် ဖြစ်ပြီး ရောဂါတက်လာပါတယ်။ ခြေမတစ်ခုလုံး မည်းနက်ကာ ပုပ်သွားခဲ့လေပြီ။ ကာလိတိုက်နယ်ဆေးရုံမှ ဒေါက်တာတင်ငွေနှင့် တပည့်တစ်ဦး အချိန်မီ ရောက်လာ ပြီး ၂၄ နာရီလုံး တစ်နာရီတစ်ကြိမ်နှုန်း ခြေနှစ်ဖက်၊ လက်နှစ်ဖက်တို့ကို ဆေးထိုးပေးပါတယ်။ 'အရှင်ဘုရားအနာက တစ်ပတ်အတွင်း သေမည့်အနာဘုရား'လို့ ဒေါက်တာက တုတ်ထိုး အိုးပေါက် လျှောက်ထားပါတယ်။ သို့သော် သေနိုင်ပါရိုးလား။ မကြာမီ မိတ္ထီလာ စစ်ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး လွင်ကို ရောက်လာပြီး ကြပ်မတ်ကုသပါတယ်။ ရန်ကုန်ဆေးရုံကြီးမှ ဦးသောင်းညွန့်လည်း ပါရဂူကြီးဒေါက်တာစိုးမြင့် လှူဒါန်းလိုက်သော ဆေးများနဲ့အတူ ရောက်လာပါတယ်။ အခြေအနေမကောင်းရင် တောင်ကြီးအထိ ပင့်ဆောင်ကုသကြရန် ကားတွေလည်း အဆင်သင့် ဖြစ်နေကြရာ လားဟူတွေက သူတို့ရဲ့ လားဟူဘုရားကို လာပင့်နေပြီဆိုတဲ့ အထင်နဲ့ 'ကလေးရော၊ လူကြီးရော အဘိုးအဘွားပါမကျန် အကုန်ဆင်းလာပြီး ငါတို့ရောက်ရှိနေသော ဘုန်းတော် ပြည့်တစ်ဝိုက် ဝိုင်းထားပြီးသား ဖြစ်သွားပြီ'လို့ ဆိုပါတယ်။ (၎င်း၊ စာ-၃၆၄)
    ဆရာတော်ဘုရား ကိုယ်တော်တိုင်ကလည်း တောင်ကြီးရောက်ရင် လူပိုရှုပ်လာမှာစိုးလို့ မကြွဘူးလို့ ငြင်းပယ်လိုက်ပါတယ်။ လားဟူတွေကတော့ ဆရာတော် (လားဟူဘုရား)ကို ပင့်ရဲပင့်ကြည့်၊ ကားတွေရော၊ လူတွေရော အမှုန့်ကြိတ်ပစ်မယ်လို့ ရာဇသံပေးလာပါတယ်။ ဒေါက်တာတင်ငွေက ထွက်ပြီး တောင်းပန်ရပါတယ်။
    'ဆရာတော်မကြွပါဘူး။ စိတ်ချချ ပြန်ကြပါ'
    ဒါပေမဲ့ မပြန်ကြပါ။ တချို့ ပြန်သလိုလိုနဲ့ ချုံထဲက ချောင်းကြည့်၊ စောင့်ကြည့်နေကြပါတယ်။ ဒီဧည့်သည်တွေဟာ ဆရာတော်ဘုရားရဲ့ အနာရောဂါကို လာရောက် ကုသပေးနေကြောင်း သိရတဲ့အခါမှာတော့ ဖြေသိမ့်ရာ ရသွားဟန်တူပါတယ်။ ဒီလိုနဲ့ အချိန်ပြည့် ကုသပေးခဲ့ကြရာ ရောဂါသက်သာလာတာနဲ့ တောင်ပေါ်ပြန်တက်ခဲ့ပါတယ်။ ပျဉ်းမနားက အလယ်တန်းလက်ထောက် ကျောင်းအုပ်ကြီး ဦးသန်းဝေက အနီးကပ်ပြုစု ပေးလျက်ရှိစဉ် ဆရာတော် အဓိဋ္ဌာန်လိုက်တာက 'သည် ဝါတွင်း ရောဂါကင်းကင်းနှင့် တရားအားထုတ်ရက ဤ ဒေသ၌ ဆက်နေမည်။ ရောဂါတစ်ခုခု အပြင်းအထန်ပေါ်က နောက်ဝါသည်မှာ ဆက်မနေ'တဲ့။ မကြာပါ၊ ဝါလယ်လောက်မှာ အရောင်အဖောရောဂါ ဖြစ်ပွားလာရာ နောက်နှစ် ဝါမဆိုမီ သုဝဏ္ဏသျှမ်တောင်မှ ထွက်ခွာ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပါတယ်။
    သုဝဏ္ဏသျှမ်တောင်တစ်ကြောမှ လားဟူလီရှောလေးများကား ဆရာတော်မရှိတော့ပေမယ့် ဆရာတော် ထွန်းညှိပေးခဲ့သော ဗုဒ္ဓဘာသာအလင်းရောင် အောက်တွင် ဆက်လက်လျှောက်လှမ်း နေကြဆဲ၊ ဆရာတော်ဘုရားကြွချီလေရာ တောရအသီးသီးသို့ လိုက်ပါ ပူဇော်မြဲ။ နတ်တလူ၊ မဟာမြိုင်၊ ပုံတောင်ပုံညာမှသည် ရွှေနှစ်တောရနှင့် ယခု သီတင်းသုံးနေရာ ဉေယျဓမ်တောရအထိ ဘယ်လောက် ခရီးဝေးဝေး အရောက်လာ ပူဇော်မြဲ၊ ရောက်လေရာရာ လားဟူဗုံသံ ခြိမ့်ခြိမ့်ညံနေဆဲဖြင့် ...၊ ၁၃၅၇ တပေါင်းလပြည့် ဗုဒ္ဓဘာသာခံယူ ပွဲကြီးတွင် တစ်ခဲနက် ကြွေးကြော်ခဲ့တဲ့ အောင်ဆုတောင်းများက ယခုတိုင် ပဲ့တင်ထပ်နေဆဲပါ။
  
 'လားဟူလူမျိုး ကမ္ဘာတည်သရွေ့ တည်ပါစေသတည်း၊ လားဟူ ဗုဒ္ဓဘာသာ ကမ္ဘာတည်သရွေ့ တည်ပါစေသတည်း။'
 ( မောင်သွေးချွန် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 383

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42940

© 2022 - 2025 News. All Rights Reserved.