၂၀၂၄ အောက်တိုဘာ ၂၁
၂၀၂၄ စက်တင်ဘာ ၉ ရက်နဲ့ ၁၁ ရက်ထုတ် TREND ဂျာနယ်မှာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ 'ဘဝရာဂ သံယောဇဉ်'ကို ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု ဆောင်းပါးမှာ ဘဝရာဂသံယောဇဉ်နဲ့ ယှဉ်ဖော်ယှဉ်ဖက် သံယောဇဉ်နှောင် ကြိုးများ ရစ်ပတ်ချည် နှောင်ခဲ့ရပုံကို ဆက်လက်တင်ပြ သွားပါ့မယ်။ ၂၀၀၄ သြဂုတ်လ 'ဒုတိယအကြိမ်ထုတ်' 'ပဋိဘာနဉာဏဒဿနကထာကျမ်း'ကြီးရဲ့ 'ဓမ္မာနုပဿနာ'အခန်းမှာ သံယောဇဉ်အမျှင်တန်းခဲ့ပုံတွေကို ဖွင့်ဆိုရှင်းပြထားတာ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ တရားသဘောမှာ ဒီသံယောဇဉ်တွေ တွယ်ငြိလာခြင်းရဲ့ အကြောင်းခံကတော့ 'မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်'ဆိုတဲ့ တံခါးခြောက် ပေါက်ဟာ အကြောင်းခံ အခံဓာတ်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေးကံကြောင့်(ကမ္မနိယာမ သဘောအရ)မျက်လုံး၊ မျက် ဖန်၊ မျက်ဆန်၊ လှခြင်း၊ မလှခြင်း၊ ကြည်ခြင်း၊ မွဲခြင်းတို့ ဖြစ်လာတာလည်း အကြောင်းခံပဲ ဖြစ်ပါတယ်။ နား၊ နှာ၊ လျှာ စသည်တို့လည်း ကမ္မနိယာမအရင်းပဲ ဖြစ်လာရပါတယ်။
တစ်ဖက်က သူတစ်ပါးရဲ့ အဆင်း၊ အသံနဲ့ အရသာ၊ အတွေ့၊ အငွေ့ဆိုတဲ့ အာရုံခြောက်ပါးဟာလည်း အကြောင်းခံသက်သက် 'အတိုက်ဓာတ်ဖို'တွေလို့ ဆိုပါတယ်။ တစ်ဖက်အာရုံရှင်ရဲ့ လှခြင်း မလှခြင်း၊ ပိန်ခြင်း၊ ဝခြင်း၊ ဖြူခြင်း၊ ညိုခြင်းဆိုတာတွေလည်း ကမ္မနိယာမအတိုင်း ဖြစ်လာတာတွေမို့ အကြောင်းခံတွေပဲလို့ ပြော နိုင်ပါတယ်။ အသံ၊ အနံ့၊ အရသာ စသည်တို့လည်း ဒီနည်းတူပါပဲ။ အဲဒီမှာ မျက်စိက အဆင်းကို ကြည့်ရုံကလွဲပြီး သူ့အကြောင်း တခြားမရှိ၊ အဆင်းကလည်း မျက်စိကို တိုက်ရုံကလွဲပြီး သူ့အကြောင်း အခြားမရှိ၊ နားနှင့် အသံ၊ အနံ့နှင့်နှာခေါင်းတို့လည်း အကြောင်းကိုယ်စီမျှသာ ဖြစ်ပြီး အကျိုးပေးလို့ မဆိုနိုင်သေးပါဘူး။ အဲဒီမှာ တစ်ချိန်မဟုတ်တစ်ချိန် အတိုက်နှင့်အခံ (အဆင်းနှင့် မျက်စိ)တို့ဟာ ကြားခံအဆွယ်များကြောင့် အကြောင်း ချင်းပေါင်းဆုံမိကြလေရာ အမှုလည်းပေါ် လျော်ကြေးလည်း ပေးဆပ်မကုန် ဖြစ်ခဲ့ရတယ် ဆိုပါတယ်။
'မျက်စိနှင့်အဆင်းတွင် အလင်းရောင်ကြားခံရှိသောအခါ နားနှင့်အသံတွင် ဟင်းလင်းပြင် ကြား ခံရှိသောအခါ နှားနှင့်အနံ့တွင် လေဟူသော ကြားခံရှိသောအခါ လျှာနှင့် အရသာတွင် သွားရည်ဟူသော ကြားခံရှိသောအခါ ကိုယ်နှင့်အတွေ့တွင် အမာခံဟူသော အကြားခံရှိသောအခါ အတွေးနှင့်အငွေ့တွင် ဘဝင်ဟူသောကြားခံ ရှိသောအခါ ထင်ရှားပီပြင်လာ၏။ ထိုအခါ ဆင်ခြင်စိတ်၊ သုံးသပ်စိတ်၊ ဆုံးဖြတ်စိတ် စသည့် စိတ်ခရီးစဉ် တသီတတန်းကြီး ဝင်ရောက်လာကြရာမှ ကြိုက်စိတ်ယှဉ်ကပ်လာခြင်း၊ မကြိုက်စိတ် ယှဉ်ကပ်လာခြင်း၊ ထွေစိတ်၊ ထန်စိတ် (မြတ်နိုးစိတ်) ယှဉ်ကပ်လာခြင်းစသော သံယောဇဉ်တရားများ ပေါက်ဖွားလာရခြေတော့၏။ လင်နှင့်မယား အကြောင်းပါရာတွင် သားသမီးများ ထွန်းကားလာသည့်ပမာ အကြောင်းခံအာရုံနှင့် အကြည်ဓာတ်တို့ ထိပါးကြရာမှ အကျိုးသိစိတ်ပေါ်လာရပြီး ထိုအကျိုး၌ပင် ထပ်ဆင့်သံယောဇဉ်များ ထပ်မံဖြစ်ပွားရ ချေ၏'(ပဋိဘာန၊ စာ-၅၈၀)
လင်ရယ်၊ မယားရယ် ဖြစ်လာရတာကလည်း အတိတ်ကံနှင့်မလွတ်၊ အတိတ်ကာလက ဘ၀တစ်ခုမှာ နှစ်ဦးသား ဒါနတစ်ခု အတူပြုခဲ့ရာတွင် စေတနာချင်းလည်းတူ၊ လှူဖွယ်ပစ္စည်းချင်းလည်းတူနေလို့ ဒီဘဝမှာလာပြီး ရေစက်ဆုံကြတာ ဖြစ်ပါတယ်။ လက်ရှိဘဝမှာတော့ စွဲစိတ်က နှစ်သက်မှသာ သဘောကျလက်ခံလာကြတာ ဖြစ်ပါတယ်။ ယောကျ်ားက...'ငါသည် ထိုမိန်းကလေးနှင့်သာ ပေါင်းဖက်ခွင့်ရချေလျှင် ငါ့အကြောင်း၊ ငါ့ဘ၀ သာယာလှပချေလိမ့်တကားဟူ၍ ငါကြိုက်ဖြင့် ငါ့ဖို့သာ ငဲ့တတ် ကြချေ၏။ သည့်အတူ မိန်းမသည်လည်း ငါသည်ကား ထိုယောကျ်ားကို လက်ခံလိုက် ရချေလျှင် ငါ့ဘဝ၊ ငါ့အကြောင်း သာယာလိမ့်ကောင်းဟူ၍ ငါကြိုက်ဖြင့်ပင် ငါ့ဖို့သာငံ့တတ်ချေ၏။ တစ်ဦးနှင့်တစ်ဦး သွား ရောက်အရေးဆိုကြ၊ နှီးနှောကြသောအခါတွင်ကား 'မင်းအတွက်ဆိုရင်လေ' ဖြစ်ကြလေသတက်၊ တစ်ဖက်ကလည်း သူ့ဘက်က အရေးသာမည်၊ ဖိုင်လောက်ပြီထင်မှသာ 'သည်ကလည်းပဲ...'ဟူ၍ ခွန်း တုံ့ပြန်လိုက်သတတ်။ ထိုအခါအညာသူနှင့် အညာသား ညားကြလေသတည်း။' (၎င်း၊ စာ-၅၈၁)
အဲဒီမှာ စိတ်မှာ ပူးကပ်ယှဉ်တွဲလာတဲ့ သံ ယောဇဉ်ရဲ့သဘောကို ဆက်ပြောထားပါတယ်။
'မြင်မှု၊ ကြားမှု စသည်တို့၌ စိတ်သည် သိရုံသက်သက်မျှသာ ရှိချေ၏။ ထိုစဉ် ဘာလဲဟူသော ဆင်ခြင်စိတ်စသည်များ ဝင်ရောက်လာသည်နှင့် ဘာပဲဟူ ၍လည်းကောင်း၊ ဘယ်လိုပဲဟူ၍လည်း ကောင်း၊ ဘယ်လောက်ထိအောင်ပဲဟူ၍လည်းကောင်း၊ သုံးသပ်မှုနောက်မှ ခံစားခြင်း၊ မှတ်သားပေး ခြင်း၊ တွန်းအားပေးခြင်း၊ ဆုံး ဖြတ်ချက်ချပေးခြင်းများ တရစပ်ဝင်ရောက်လာချေတော့ ရာ...
(၁)ပင်ကိုစိတ်သို့ ကောင်း၏၊ ကြိုက်၏အထင်သည် ပူးကပ်၍လာခြေ၏။ ထိုအခါ အကျိုးပေးသည် ကြိုက်စိတ်အဖြစ်သို့ ပြောင်းလဲသွားချေတော့သတည်း။ (စိတ်နဲ့အကြိုက် ပေါင်းမိတော့ ကြိုက်စိတ်ဖြစ်သွားတယ်) ဆရာတော်ကြီး ဥပမာပေးထားပုံက...နာမည်ရင်းကတော့ မြမြရီဆိုပါစို့။ မစ္စတာ သော်မဆင်ဆိုသူနဲ့ အကြောင်းပါသွားတဲ့အခါ မစ္စစ်သော်မဆင် ဖြစ်သွားသလိုပဲတဲ့။
(၂) ပင်ကိုစိတ်ကို မကောင်း၊ မကြိုက်ဆိုတာ တွေပူးကပ်လာပြင်တော့ 'မကြိုက်စိတ်'အဖြစ် အကျိုးပေးက ရုတ်ခြည်းပြောင်းလဲသွားပြန်တယ်။ မစ္စတာ သော်မဆင်နဲ့ ပေါင်းသင်းနေရာက သဘောချင်း မတိုက်ဆိုင်လို့ ကွာရှင်းခဲ့ပြီး နောက်ထပ် ဂျက်ဆင်နဲ့ ညားပြန်ရာ မစ္စစ်ဂျက်ဆက် ဖြစ်သွားလ သိုပဲတဲ့။
(၃) တစ်ဖန် ပင်ကိုစိတ်သို့ ကောင်းသည်လည်း မဟုတ်၊ မကောင်းသည်လည်း မဟုတ်ကြောင့် ကြိုက်သည်လည်းမဟုတ်၊ မကြိုက်သည်လည်းမဟုတ် တို့သည် ဆိုင်းငံ့အဖြစ်ဖြင့် ဘာသိဘာသာ ယှဉ်တွဲလာတတ်၏။ လင့်အပေါ်အထင်လွဲနေသဖြင့် လက်မခံခြင်းသည် တွေစိတ်၏သဘော၊ လင်ဘာ လုပ်လုပ် လက်ခံနေခြင်းသည် အမှန်မသိစိတ်သဘော၊ ထိုနှစ်ခုလုံးပဲ'အဝိဇ္ဇာ သံယောဇဉ်'ပင်တည်း။
(၄) တစ်ဖန် ပင်ကိုစိတ်သို့ အကောင်းချည်း ထင်သည်နှင့် မြတ်နိုးစိတ် ယှဉ်ကပ်လာတတ်ချေ၏။ ထိုမြတ်နိုးစရာကို အားကိုးကြီးလာသဖြင့် ထည်စိတ်၊ မောက်စိတ် ဝင်လာခြင်းသည်လည်း 'မာနသံ ယောဇဉ်' ပင်တည်း။
(၅) ပြီးတော့ ပင်ကိုစိတ်မှာ ငါဖိုင်အထင်ယှဉ် ကပ်လာပြီး...ငါ့လင်၊ ငါ့မယားဆိုတဲ့ ငါစွဲကြီးမား အထင်အမြင် လွဲမှားနေခြင်းကတော့ 'ဒိဋ္ဌိသံယောဇဉ်'ဖြစ်ပါတယ်တဲ့။
(၆) 'ငါ့အဆက်'ကို သူတစ်ပါးတို့နဲ့ မဆက်မိစေလို၊ သူတစ်ပါးတို့ မရစေလိုတဲ့သဘောဖြင့် ပင်ကိုစိတ်ကို ပူးယှဉ်နှိပ်စက်လာတာကတော့ 'ဣဿာသံယောဇဉ်'လို့ ဆိုပါတယ်။
(၇) တစ်ဖန် ပင်ကိုစိတ်သို့ ငါပိုင်ဟူသော တလွဲမြင်နှင့်တကွ သူတစ်ပါးတို့နှင့် ဆက်ဆံသည်ကို ခွင့်မလွှတ်နိုင်သော သဘောသည် ယှဉ်တွဲ၍ ဝင်လာ တတ်ပြန်၏။ ထိုသဘောသည် မိမိပိုင်ဆိုင်ထားပြီး မိမိစိတ်တိုင်းကျ သုံးဆောင်ခံစားနေရပြီဖြစ်သဖြင့် အတိက္ကဋ္ဌာရုံ (အလွန့်အလွန် ကောင်းသောအရာ) အဖြစ် မြတ်နိုးစုံမက်နေသောသ အခါမျိုး၌ (သူတစ်ပါးသို့ မပေးရက်လို၊ မကမ်းရက်လို၊ မဆက်ဆံစေလိုသော 'မစ္ဆရိယသံ ယောဇဉ်'သည် အထူးထင်ရှားလှချေတော့၏။
(၈) အရက်စွဲနေတဲ့ အရက်သမား၊ အရက် သောက်တဲ့အကျင့်ကို မဖျောက်နိုင်တာ 'အကျင့် လွန်အလေ့အထ'တစ်မျိုးပါ။ အရက်စွဲနေသူဟာ သောက်တဲ့အကျင့်ကို အကောင်းထင်ရုံမက အမွှမ်းတင်လိုက်ပါသေးတယ်။ အရက်သောက်လိုက်ရမှ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင် ရဲရှိလာတယ်။ အရက်ကလေး ဝင်သွားတော့မှ မှန်တဲ့စကားတွေ ပြောရဲလာတယ်။ အရက်ဆိုတာ သစ္စာရည် မကောင်းမှုကို ဖုံးကွယ်ရုံ မျှမက အမွှမ်းတင်နေပုံမျိုးဟာ 'သီလဗ္ဗတ ပရာမာသ' သံယောဇဉ်'လို့ ဆိုပါတယ်။ အရက်သမားလိုပဲ၊ ဖဲသမားကလည်း ဖဲရိုက်နေရတာကို အကောင်းထင်၊ ဆေးခြောက်စွဲနေသူကလည်း ဆေးခြောက်ကို ဘယ်တော့မှ အပြစ်မမြင်။ ကိုယ်လုပ်သမျှအကောင်း ထင်နေတတ်လှပါတယ်။
'သည့်အတူပင် ဘာသာတိုင်းသည်လည်း မိမိဘာသာလျှင် အကောင်းထင် အမွှမ်းတင်နေတတ်ကြ၏။ သဘာဝတရား၏ လမ်းဆုံးအထိ မမြင်နိုင်လေစွဲလေ ဖြစ်ချေ၏။ ဘာသာမှန်သမျှ အကြောက်လွန်ရာမှ အားကိုးရှာပြီး တစ်ဖန် ထိုအားကိုးရာကို အထင်ကြီးမြတ်နိုးရာမှ ပေါ်ထွက်လာသည်ချည်းပင် ခြစ်ချေ၏။ မှန်မမှန်ကား ကြိုက်မကြိုက်နှင့်မဆိုင် သဘာဝတရားကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ထို သဘာဝ၏ မူလဇာစ်မြစ်အဆုံး အထိ အမြင်ပေါက်မှသာ မှန်မမှန်ဟူသော ဝိဝါဒသည် ပြေလည်ရချေ၏။ လက်တွေ့ကျင့်သုံးကြည့်မှ သိရ၏။ အပြောနားထောင်ရုံဖြင့်မရ။ လတ်တလောကောင်း၊ လတ်တလော မှန်တို့သည်ကား သူခိုးဝါဒ၊ ဓားပြဝါဒတို့၏ ဝါဒ၌ပင် လက်တွေ့ရှိချေ၏။ သူခိုးသည်လည်း ခိုးရာပါ ပစ္စည်းလက်ဝယ်ရှိ၏။ သုံးရဖြုန်းရတုန်းမှာ ကောင်း၏၊ မှန်၏ထင်၏၊ ထင်တတ်၏။ လက်တွေ့ရှိလက် တွေ့လည်း ပြလို့ရ၏။ အကယ်တိ ခိုးမှုပေါ်၍ အချုပ်ခန်းနှင့် ထောင တို့သို့ လမ်းဆုံးအထိ ရောက်သော အခါတွင်မူကားတ ကယ့်သဘာဝ၏ မကောင်းမမှန်သို့သာ ပြောင်းလဲသွား တတ်ချေတော့၏။ ဓားပြ သည်လည်း ထိုနည်းလည်း ကောင်းပင်တည်း။ (၎င်း၊ စာ-၅၈၄)
(၉) ပင်ကိုစိတ်မှာ မရေရာ မသေချာမှုတွေလည်း ယှဉ်တွဲပူးကပ် ဝင်လာတတ်ပါသေးတယ်။ အကောင်းအဆိုး၊ အမှားအမှန် မခွဲခြားနိုင်ဘဲ 'တွေဝေစိတ်'ကို ဖြစ်ပေါ်စေတာ 'ဝိစိကိစ္ဆာသံယောဇဉ်' ဖြစ်ပါတယ်။
(၁၀) ဘယ်လိုပဲဖြစ်စေ လက်ရှိခံစားနေရတဲ့ ဘဝဖြစ်စဉ်ကို သာယာတပ်မက်မှု ယှဉ်တွဲလာတာကိုတော့ 'ဘဝရာဂ သံယောဇဉ်'လို့ ဆိုပါတယ်။ မိန်းမကလည်း မိန်းမဘဝနဲ့ ကာမဂုဏ် ခံစားနေရတာကိုပဲ ကျေနပ်စွဲမက်နေပြီး ယောကျ်ားကလည်း ယောကျ်ားဘဝနဲ့ ကာမဂုဏ်ခံစားနေရတာကို သာ ယာစွဲမက်နေတယ်။ ဒီ ထက်ပိုကောင်းတဲ့ နတ်ဘဝ၊ ဗြဟ္မာဘဝတွေကို လိုချင်ပုံမရဘူး။
'သတ္တဝါတိုင်း ဖြစ်လေရာဘဝ၌ ပျော်ပိုက်နေ ခြင်းများသည် ဘဝရာဂပင်တည်း'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက မှတ်ချက်ပေး ရေးသားဖော်ပြထားပါတယ်။ ပင့်ကူအိမ်မှာ တွယ်ငြိနေတဲ့ ယင်ကောင်လို တောင်ပံရှိလျက် အပျံခက်နေတာ သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ထားလို့ပါပဲ။ သံယောဇဉ်နှောင်ကြိုးကလေးတွေဆိုတာ ချည်တော့လွယ်တယ်၊ ဖြေဖို့ ခက်တယ်လို့လည်း သံဝေဂစကား ဆိုထားပါတယ်။ သံယောဇဉ် အကျဉ်းသားဘဝက လွတ်မြောက်ချင်ရင် ကိလေသာသံယောဇဉ်တွေကို ရန်သူလိုမြင်မှ၊ ရန်သူကို တွန်းလှန်တိုက်ထုတ်ရဲတဲ့ သတ္တိ၊ ဗျတ္တိရှိပါမှ ဖြစ်နိုင်မယ်လို့လည်း အားတင်းစကား ဆိုထားပါတယ်။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )