၂၀၂၄ အောက်တိုဘာ ၁၅
ခေတ်ကာလ လှိုှုင်းတံပိုးတွေက တရားဓမ္မကို သတိမရနိုင်လောက်အောင် ပြင်းထန်နေတယ်။ အကြိုက် လောဘနောက်လိုက်ရလွန်းလို့လည်း ပင်ပန်းနွမ်းရိနေ ကြပြီ။ မကြိုက်ဒေါသနဲ့ တိုက်ခိုက်ရလွန်းလို့လည်း အင်အားကုန်ခန်း နွမ်းလျနေကြပြီ။ ကြိုက်လောဘနဲ့မကြိုက် ဒေါသတွေကိုပယ်ပြီး စိတ်ကလေး အေးချမ်းတည်ငြိမ်အောင် တရားလမ်းပေါ် လျှောက်မယ်ဆိုရင် စိတ်ဓာတ်ခွန်အားတွေ ပြန်လည်စုစည်းဖို့ လိုပါလိမ့်မယ်။ စိတ်မှာ ကပ်ငြိနေတဲ့ ကိလေသာတွေကိုဖြိုခွင်းပစ်ဖို့ဆိုတာ တော်ရုံအင်အားနဲ့ မရနိုင်ဘူး။ ရုပ်ခန္ဓာမှာ ခွန်အားဗလရှိသလို စိတ်မှာလည်း စိတ်စွမ်းအားရှိပါတယ်။ ခွန်အား၊ စွမ်းအားကို 'ဗလ'လို့ ခေါ်ပါတယ်။ ဗလကနေ ဗိုလ်ဖြစ်လာတယ်။ ဒါကြောင့် ဗိုလ်ဆိုတာ ခွန်အားသတ္တိ စွမ်းအား ပြည့်ရှိနေမှ ဗိုလ်ဖြစ်တယ်။
လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ စတဲ့ ကိလေသာတွေကို ရန်သူလို သဘောထားပြီး ပယ်သတ်ရဲမှလည်း ဗိုလ်အရာဝင်တယ်။ စိတ်ကို ညစ်နွမ်းပန်းရိ ကျရှုံးစေတဲ့ ကိလေသာတွေကို ပယ်သတ်တော့မယ်ဆိုရင် ဗိုလ်ငါးပါးလိုတယ်။ ဗိုလ်ဆိုတာက နှလုံးရည်၊ လက်ရုံးရည်နဲ့ ပြည့်စုံမှ ဗိုလ်ဖြစ်တယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ...၂၀၀၄ သြဂုတ်လမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'ပဋိဘာနဉာဏဒဿနကထာ' ကျမ်းကြီးမှာ ဖွင့်ဆိုထားပါတယ်။ နှလုံးရည်သတ္တိနဲ့ လက်ရုံးရည် ဗျတ္တိတို့ဖြင့် တိုက်စစ်ဖွင့် နိုင်ဖို့လိုပါတယ်။
'နှလုံးရည်သတ္တိသည် အရာရာတွင် အကောင်းအဆိုးနှင့် တိုးမိလေတိုင်း ထိုအကောင်းအဆိုးတို့ကို မတုန်လှုပ်စိတ်ဖြင့် ခုခံထားပြီး ထိုအကောင်းအဆိုးကျော်၍ အကြောင်းအကျိုးပေါ်အောင် စူးစမ်းဆင်ခြင်နိုင်စွမ်းရှိသော အင်အားပင်တည်း။ ၎င်းကိုပင် ဗိုလ်အမည်တပ်ရ၏။ လက်ရုံးရည် ဗျတ္တိကား ထိုအကောင်းအဆိုးတို့ကို ရဲတင်းစွာ ပယ်လှစ်ပစ်ခြင်းတည်း။ နှလုံးရည်သည် ရန်သူ၏ အထာကို ချုပ်ကိုင်ပေးပြီး လက်ရုံးရည်ကား လက်မရွံ့သမားအဖြစ် ဝင်ရောက်ပေးခြင်းပင်ဖြစ်၏။ သို့ကြောင့် ဗိုလ်ဖြစ်မည်ကြံလျှင် သတ္တိဗျတ္တိ ရှိရချေသည်။ ဗိုလ်ဖြစ်ချင်လျှင် သတ္တိအား (စူးစမ်းဆင်ခြင်နိုင်စွမ်းရှိသော အင်အား) ဗျတ္တိအား (အကောင်းအဆိုးတို့ကို ရဲတင်းစွာ ပယ်လှန်နိုင်သောအင်အား)၊ နှစ်ပါးစုံ ပြည့်ဝရချေသည်။ ရန်သူကို အနိုင်ရလိုလျှင် ဗိုလ်ဖြစ်အောင် ကြိုးစားရမည်။} (စာ-၅၈၆)
'အမြော်အမြင်ရှိသည်။ သတ်ရဲသည်၊ ဖြတ်ရဲသည်ဟူသော ဗိုလ်တို့သည် စစ်ထွက်ပြီဟေ့ဆိုလျှင် ဇနီးသက်ထားမီးဖွားနေသည်ကိုပင် သံယောဇဉ်မထား၊ ချစ်မျှင်ကို ဖြတ်ထားခဲ့လျက်က စစ်ထွက်ကြသကဲ့သို့ ဗိုလ်တို့သည်လည်း သံယောဇဉ်အရှင်မထား အမျှင်ကို ဖြတ်ထားနိုင်သောကြောင့် အစွမ်းပြည့်ဝကြရချေ၏။' (စာ-၅၈၇)
ဗိုလ်ငါးပါးရှိသည်။
၁။ မိမိအလုပ်၌ စိတ်ချလက်ချ ယုံကြည်သော သဒ္ဓါအင်အား ...သဒ္ဓါဗိုလ်။
၂။ မိမိအလုပ်၌ ဓားမဦးချ ရဲတင်းစွာ လုပ် ကိုင်ပေးတတ်သော ဝီရိယအင်အား ...ဝီရိယဗိုလ်။
၃။ မိမိအလုပ်၌ တက်မတက် စသည်ကို အ ကဲခတ်လေ့လာပေးတတ်သော သတိအင်အား ... သတိဗိုလ်။
၄။ မိမိအလုပ်၌ ဦးမြည့်ဆံချ အတိုင်ကျစေ တတ်သော သမာဓိအင်အား ...သမာဓိဗိုလ်။
၅။ မိမိအလုပ်၌ အချက်အလက်အားလုံးကို အကဲဖြတ် ပေးတတ်သော ပညာအင်အား ...ပညာ ဗိုလ်တို့ ဖြစ်ကြပါတယ်။
သဒ္ဓါဗိုလ်က တရားအလုပ်အပေါ်မှာ အပြည့်အ၀ ယုံကြည်နေတဲ့အလျောက် ကိလေသာဘက်က နောက်ဆုတ်သွားတဲ့အထိ ဖိအားပေး ကျင့်နိုင်စွမ်းရမယ်။ ဝီရိယဗိုလ်ကလည်း သာမန်အားထုတ်ရုံနဲ့ ဗိုလ်အရာမဝင်၊ ကိုယ်အင်အားက မိမိအဓိဋ္ဌာန်ထားတဲ့အတိုင်း အရိုးကြေကြေ အရေစုတ်စုတ် အားထုတ်နိုင်ရမယ်။ စိတ်အင်အားက မိမိရဲ့ ရှုမှတ်မှုပေါ်က သတိချော်ကျ မသွားအောင် တင်းတင်းရင်းရင်း စောင့်ကြပ်ပေးနိုင်ရမယ်။ သတိဗိုလ်ကတော့ စွဲလမ်းမှုမှန်သမျှ ကွာကျသွားအောင် လမ်းရှင်းပေးနိုင်တဲ့အထိ စွမ်းအားပြည့်ဖို့လိုပါတယ်။ သမာဓိဗိုလ်က ရုပ်နာမ်ဖြစ်ပျက်တွေ မြင်လာအောင် စိတ်တည်ကြည်မှုကို တည်ဆောက်ပေးနေတဲ့ စွမ်းအားပြည့်ရှိနေရမယ်။ စိတ်ကစဉ့်ကလျားဖြစ်နေရင် ဓမ္မဉာဏ်အမြင် ဘယ်လိုမှ ရမှာမဟုတ်။ ဒါ့ကြောင့် စိတ်ရဲ့ကြည်လင်အေးချမ်းမှု၊ ငြိမ်သက်ကြံ့ခိုင်မှုတို့ကို ဗိုလ်အရာမြောက်အောင် သမာဓိတည်ဆောက်ထားရမယ် ဆိုပါတယ်။ ပညာဗိုလ်ကတော့ ရုပ်နာမ်ဖြစ်ပျက်မှသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ပိုင်းခြားသိမြင်နိုင်စွမ်းတဲ့ ခွန်အားသတိ အပြည့်ရှိဖို့လိုကြောင်း ညွှန်ပြထားပါတယ်။
ဘာလုပ်လုပ် ယုံစိတ်သဒ္ဓါနှင့် ရဲစိတ်ဝီရိယတို့ တွဲဖက်ညီမှ အောင်မြင်နိုင်ပုံကို ဆရာတော်ကြီးက ကာလသားတို့သဘာဝနဲ့ သိသာအောင် သာဓကဆောင်ပြထားပါတယ်။ မိမိရဲ့ဘ၀ လက်တွဲဖော် အိမ်ထောင်ဖက် အဖြစ် နှစ်သက်သဘောကျမိသူလေး တစ်ယောက်ကို ရွေးချယ်မိပြီဆိုပါစို့။
'သူနှင့်သာ လက်ဆက်ခွင့်ရလျှင် င့ါဘ၀ င့ါအလှ နတ်သမျှချမ်းသာ၍ နတ်စည်းစိမ်ထက် ပျော်မွေ့နိုင်ရာ၏ ဟူ၍လည်း ယုံကြည်စိတ်သည် ပြင်းထန်စွာ ဦးဆုံးဝင်ရောက်လာတတ်ချေ၏။ ထိုသို့ ယုံကြည်ချက်ပြင်းသည့် စိတ်အားများ တက်<ကလာသောအခါတွင်ကား ကြောက်ခြင်း၊ ရှက်ခြင်း အလျဉ်းမရှိသော ရဲတင်းစိတ်သည် ဝင်ရောက်လာပြီး ငါပိုင်သိမ်းပိုက် ရယူနိုင်ရန် အားထုတ်ခန်း ဝင်ရောက်လာချေတော့သည် မဟုတ်လော။ ယုံစိတ်သည် တစ်ကျပ်သားတင်းတင်းပြည့်လျှင် ရဲစိတ်သည်လည်း တစ်ကျပ်သား တင်းပြည့် ကျပ်ပြည့်ပင်တည်း။ ထိုအယုံနှင့် အရဲတို့ တွဲမိမှသာ စစ်ဦးထိုးဖောက် နိုင်၏။ စစ်ပွဲလည်းအောင်ဆုနှင့် သိမ်းပိုက်နိုင်ချေ၏။ ယုံသော်မရဲလျှင် မရတတ်၊ ရဲသော်မယုံလျှင် မရတတ်။ ထိုအယုံနှင့် အရဲတွဲမိသောအခါတွင် သူ၏အနီးသို့ ထီးတည်းကပ်သာချေ၏။ သူ့သဘောကို ပေါလောပေါ်အောင် လေ့လာမှတ်သားနိုင်၏။
'ဆတ်ဆတ်ကြဲမလေးဟူ၍လည်းကောင်း၊ မာနခဲမလေးဟူ၍လည်းကောင်း၊ အပျော့ဆွဲမလေးဟူ၍ လည်းကောင်း၊ အပိုင်သိခွင့်ရချေပြီ။ ထိုအခါ ယုံစိတ်သည် တိုးလာ၏။ ရဲစိတ်ကား ထမ်းပိုး တစ်ပြန်တည်း။ နှစ်ဖက်မိဘတို့က သဘောမတူသော်မှ နောက်မတွန့်၊ အရာရာစွန့်လွှတ်တော့မည်သား သူ့မိသူ့ဖ၊ သူ့မောင် သူ့ဘွားများက ဓားကြိမ်းကြိမ်းသော်မှ စိတ်မရွံ့၊ အသေခံရဲတော့သည်သာ။ ထိုအခါ မိဘစသူတို့ လွတ်ကွက်ကို အမြဲစောင့်မျှော် ချောင်းမြောင်းသော 'သတိ'သည် အထူးအားကောင်းလာ၏။ လွတ်ကွက်ရှိသော နေရာကို အမြဲလေ့လာ၏။ လွတ်ကွက်တွေ့သည်နှင့် သူ့အနီး အတင်းကပ်သာ ချေပြီ။'
'ဆတ်ဆတ်ကြဲသော် ချော့မြူနည်းကိုသုံး၊ မနာခဲဖြစ်သော် မြှောက်ပင့်မှုကိုသုံး၊ အပျော့ဆွဲဖြစ်သော် အနိုင်ကျင့်နည်းကိုသုံး၊ ဤသို့လျှင် သူ့သဘာဝလိုက်၍ ရယူပိုင်ဆိုင်ရန် ကြိုးစားချေတော့။ ထိုမှ တစ်ဆင့် နှစ်ကိုယ်ချင်း သဘောတူကြည်ဖြူစွာ ချိန်းဆိုခံရသော ကာလတွင်ကား သင်သည် တုတ်မိုး ဓားမိုး ကြားပင်ဖြစ်ပါစေ၊ သူ့ထံအသွား မပျက်တော့ပြီ။ ရန်သူလစ်သောအချိန်တွင် ရန်သူလစ်သော နေရာမှဝင်၍ ရန်သူ့ဓားကြားမှပင် နှစ်ကိုယ်တူ ပျော်မဆုံးတည်း။ ဤသို့လျှင် ဗိုလ်ငါးပါး အင်အားငါးမျိုးတို့ဖြင့် 'သူ့သမီးမှ ကိုယ့်ဇနီးဖြစ်ရန်'တိုး၍ ကြိုးစားခဲ့ရာ ယနေ့မယားဟူသော သင့်အပိုင်သို့ရောက် ခဲ့ရချေသည် မဟုတ်လော။' (စာ-၅၈၉)
မယားရှာစဉ်က သုံးခဲ့တဲ့ အင်အားမျိုး တရားရှာရာမှာ အသုံးချခဲ့သော် တရားရဖို့ နီးစပ်နေပြီလို့ဆို ပါတယ်။ 'အဘယ့်ကြောင့်ဆိုသော်...မယားရရန်က သူ့ရှိပစ္စည်း ကိုယ့်လက်ထဲရောက်အောင် ရှာကြံရမည်။ တရားရရန်က ကိုယ့်ရှိပစ္စည်း ကိုယ်ထုတ်သုံးရုံမျှသာဖြစ် သောကြောင့်တည်း။ မယားက သူ့စိတ်အကဲခတ်၊ တရားက ကိုယ့်စိတ်ကိုယ် အကဲခတ်ကြည့်ရုံမျှသာ။ ထိုအင်အား သတ္တိ(ဗိုလ်)ငါးမျိုး တို့တွင် ...
(က) သဒ္ဓါသည် စစ်သားစုဆောင်းရေးတပ်ဖွဲ့၏ တပ်မှူးပမာ အလုပ်ခွင်မဝင်မီ၌ အဓိကနေရာ မှနေ ဦးဆောင်၏။
(ခ) အလုပ်ခွင်ဝင်ရန် အားယူရာ၌ကား သဒ္ဓါနှင့် ဝီရိယ ထိုအင်အားနှစ်ချက်သည်သာ အရေး ပါ၏။
(ဂ) အားထုတ်မှုပြင်ဆင်ချိန်၌ကား သတိတစ်လုံးဖြင့် အားလုံးပြီးစီး၏။
(ဃ) အားထုတ်ရာ ကာလတစ်လျှောက်လုံး၌ကား (တကယ်အဟုတ်အဟတ် အားထုတ်ရာ၌ ကား) သတိတစ်လုံးသာ ဦးဆောင်၏။
သို့ကြောင့် မှတ်အားကောင်းရန်အတွက် မှတ်ကွက်စိပ်ခြင်းသည် တရားရှာရာ၌ အထူးလို အပ်လှချေ၏။ အားထုတ်စဉ်ကာလ၏ အလုပ်လုပ်ရန်အတွက်၌ကား သတိနှင့် ဝီရိယစိတ်အင်အား နှစ်ချက်သည် အရေးပါ၏။ ထိုမှတ်အားနောက် ကြောင့်ကြစိုက်မှု စိတ်ဝီရိယ ကူထောက်ပါမှသာ ရှုကွက်နှင့် မှတ်စိတ်သည် ချိန်ကိုက်ဖြစ် လာတတ်၏။ ရှုကွက်နှင့် မှတ်စိတ်သည် မျက်နှာချင်းဆိုင် နေသကဲ့သို့ ထင်လာရတတ်၏။ ထိုအခါ ထိုအလုပ်အကြောင်းကို သိခွင့်ရစေသော မှတ်ဉာဏ်သည် ပွင့်ထွန်းလာပြီသာ ဖြစ်ချေတော့၏။
(၁) အလုပ်ခွင်ပြင်ဆင်ရာ၌ သဒ္ဓါဦးဆောင် ဝီရိယနောက်လိုက်။
(၂) အားထုတ်ရာ၌ သတိဦးဆောင် စိတ်ဝီရိ ယနောက်လိုက်။
(၃) ပညာ၏ မလှုပ်မယှက် သမာဓိခေါ် စိတ်ကိုပိုင်ပြီဖြစ်သောကာလ အသိဦးဆောင် သတိနောက်လိုက်။ မဂ်သို့ဝင်ရသော ကာလတွင်ကား အားငါးမျိုး (ဗိုလ်ငါးပါး)လုံး ပြိုင်တူတက်။ ကျင့်ဆဲကာလမှာတော့ သဘောချင်းမတူတဲ့ ဗိုလ်ငါးပါးကို ညှိပေးရတယ်ဆို ပါတယ်။ သဒ္ဓါဗိုလ်က အရာရာ၌ အယုံလွန်တယ်။ ပညာဗိုလ်ကအကြွင်း မဲ့မယုံတတ်၊ စပ်စုပြီးမှယုံတယ်။ အယုံလွန်တော့ ရာဂအညှီဖောက်ပြီး လမ်းကြောင်းကောက် တတ်တယ်။ စပ်စုအားလွန်တော့ မနာဂုဏ်ထောက်ပြီး မောက်မာနေတတ်တယ်။ သဒ္ဓါသမားဟာ တစ်ဖက်အထင်ကြီးပြီး မိမိကိုယ်ကိုယ် အထင်သေးနေတတ်တယ်။ ပညာ သမားကတစ်ဖက် အထင်သေးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတတ်တယ်။
'သို့ကြောင့် သဒ္ဓါကြီးလည်းမကောင်း၊ ပညာကြီးလည်းမကောင်းသည့်အတူ အထင်ကြီးလည်း မကောင်း၊ သေးလည်းမကောင်းပင်။ ထိုနှစ်ချက်ဘက်စုံကျမှ အဖြေမှန်ထွက်တတ်သည်။ ... သဒ္ဓါနှင့် ပညာတွဲမိဖို့ တရား၌ဖြစ်စေ၊ အခြား၌ဖြစ်စေ အထူးအရေးကြီး လှချေ၏။ သဒ္ဓါပေါက်သလောက် ပညာထောက်စေပြီး ပညာမောက်သလောက်လည်း သဒ္ဓါပေါက်ပါမှ လိုရာကိစ္စ ပြီးစီးနိုင်ရာသည်။ စိတ်ကိုအယုံသွင်း၍ အတွင်းကျကျ ခွဲခြမ်းစိတ်ဖြာပြသရခြင်းသည်ကား ထိုဗိုလ်နှစ်ပါး (သဒ္ဓါ၊ ပညာ) တို့၏ တာဝန်တည်း။' (စာ-၃၉၃)
သဒ္ဓါနှင့်ပညာတွဲမိသွားလျှင် တော်တန်ရုံကိလေသာ မဝင်သာတော့၊ သံယောဇဉ် အမျှင်မတန်းတော့။ ပညာခွင်ထဲမှာ စိတ်စူးစိုက်၍ တည်နေပေပြီ။ ရှေ့တစ်ဆင့်တက်ဖို့ သမာဓိအားနှင့် ဝီရိယအား ဗိုလ်နှစ်ဗိုလ်လို လာပြီ။
'ထိုစဉ် သမာဓိအားကြီး၍ ဝီရိယနည်းပါးသူသည် ဈာန်ကိစ္စ၊ ဉာဏ်ကိစ္စတို့၌ တွေနေတတ်၏။ ကြာသော် ဘာမှလည်း မထူးအသွင်ဖြင့် အေးစက်စက်မှတစ်ဆင့် ပျင်းရိခြင်းဝင်ရောက်လာပြီး အစ၌ပင် လမ်းဆုံးရ တတ်ချေ၏။ ဝီရိယအားကြီး၌ သမာဓိနည်းပါးသူသည်ကား ပျံ့စိတ်၊ လွင့်စိတ်တို့ချည်းသာ များနေတတ်၏။ ကြာသော် ဘာမှလည်းမထူးအသွင်ဖြင့် စိတ်ပူဝင်ရောက်လာပြီး လမ်းစ၌ပင် လမ်း စပျောက်ရတတ်ချေ၏။ သမာဓိနှင့် ဝီရိယမမျှတကလည်း ရောက်လက်စမှ လျှောကျစေနိုင်၏။ သို့ကြောင့် သမာဓိလွန်တိုင်းလည်းမကောင်း၊ ဝီရိယကြီးတိုင်းလည်း မကောင်းထိုနှစ်ချက် ဘက်စုံကျမှ အဖြေမှန်ထွက်တတ်၏။ သမာဓိဖြင့် စိတ်ကိုတည်စေပြီးမှ ဖြစ်ကြောင်းကုန်စင်ကို ဝီရိယဖြင့် မွှေနှောက်လှန်လှောပြ ခြင်းသည် ထိုဗိုလ်ငါးပါးတို့၏ တာဝန်တည်း။' (စာ-၅၉၅)
အားထုတ်စ တရားသမားမှာ အကန်းယုံသဒ္ဓါနှင့် မိုက်ရူးရဲဝီရိယတို့ လွန်ကဲနေတတ်လို့ သတိဗိုလ်က ထိန်းညှိပေးဖို့ လိုပါတယ်။ အားထုတ်လို့ကောင်းပြီးအရှိန် ရလာတဲ့အခါ လောကဓံကို မတုန်လှုပ်တော့တဲ့အချိန်မှာ သမာဓိက အေးစက်လာပြီး ပညာက လျော့ရဲလာတတ် ပြန်တယ်လို့ သတိ ပေးထားပါတယ်။ သဒ္ဓါ၊ ပညာအတွဲက လက်နှင့်တူပြီး သမာဓိ-ဝီရိယအတွဲက ခြေနှင့်တူတယ်လို့ ဆိုပါတယ်။
'ဗိုလ်တို့အင်အားပြည့်နှက် အရည်တက်ဖြင့် ရှုကွက်သို့ ဆက်လက်အားထုတ်သော် ဗိုလ် ကောင်း၍ တရားအရသာများ ပေါ်လွင်လာကာ အမြင်ကောင်းလာ ချေသော်ကား တရားသံယော ဇဉ်(တရားရလိုစိတ်)များ ကပ်ယှဉ်လာတတ်ချေသေး၏။ တစ်ဖန်ဗိုလ်ညံ့၍ တရားမမြင် မကြည်လင် ပြန်လျှင်ကား တရားမခင် ပဋိယသံယောဇဉ်များ ကပ်လှဉ်လာတတ်ချေသေး၏။ သည့်အတူ တွေခြင်း၊ မောက်ခြင်း၊ အမြင်မှားခြင်းစသည့် တရားနှင့် ပတ်သက်သော သံယောဇဉ်အမျှင်တန်းများလည်း တသီ တတန်းကြီး ဝင်ရောက်ကပ်ခိုလာတတ်ချေသေး၏။ ထိုအခါ ရင်ဆိုင်တွေ့သမျှ ထိုအငြိ၊ ထိုအစွဲ သံယောဇဉ်များ အမျှင်ကျွတ်ထွက်သွားအောင် ဗိုလ်တို့ဖြင့် သုတ်သင်ပစ် ရာ၏။ သဒ္ဓါနှင့် သမာဓိသည် အချွဲသမား၊ အတွဲသမား ဗိုလ်များဖြစ်ကြပြီး နှလုံးရည်သမား သက်သက်မျှသာဖြစ်ရာ တွေ့ရှိရာတရား ၌ ကပ်ငြိနေတတ်လှ၏။ သာယာစိတ်ဖြင့် ကြိုးစားနေတတ်လှ၏။'
'ထိုအခါ ပညာ၊ ဝီရိယ ဗိုလ်နှစ်ပါးဖြင့် ဖျက်ခွဲလျက်က ရှေ့သို့ ထိုးဖောက်ခဲ့ရာ၏။ တစ်ဖန်ပညာနှင့် ဝီရိယသည် အခွဲသမား၊ အဖြဲသမားဗိုလ်များဖြစ်ပြီး လက်ရုံးရည်ဗိုလ် သက်သက်မျှ သာဖြစ်ကြရာ တွေ့လက်စတရားများ လွင့်စဉ်တတ်ပြန်၏။ ထိုပညာ၊ ဝီရိယတို့ကြောင့် ကွဲပြဲ ပြန့်စဉ်သွား သောစိတ်ကိုလည်း သဒ္ဓါ၊ သမာဓိတို့က ပြန်လည်စည်းလုံးပေးပြီး ရှေ့သို့ မှတ်ဉာဏ်သတိ ထိုးဖောက်မိလာအောင် အကွက်ဆင်ပေးရာ၏။ ထိုအခါ အသိသည် အသိသာဖြစ်ပြီး အရှိသည်လည်း အရှိသာ ဖြစ်ကြတော့ရကား အသိ၌လည်း အကပ်မဝင်၊ အရှိ၌လည်း အကပ်မဝင်သာပြီ။ သဘောနှင့်အသိ မငြိပြီဟုဆို၏။ ဗိုလ်တို့အင်အား ကောင်းမွန်၍ ညီညွတ်သော် အကပ်သမား မယှဉ်သာပြီ။' (စာ-၅၉၆)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက တရားဓမ္မ၏ သိမ်မွေ့နက်နဲပုံတို့ကို ကိုယ်ပိုင်အတွေ့အကြုံများများဖြင့်ရင်းကာ အလင်းပြတော်မူခဲ့ပါပြီ။ အားကိုးအားထား ဗိုလ်ငါးပါးတို့ ညီညွတ်နေပါလျှင် အခက်အခဲများမှ လွတ်မြောက်၍ အေးငြိမ်းချမ်းသာခြင်းသို့ ဆိုက်ရောက်မည်လို့ ဆိုပါတယ်။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )