၂၀၂၅ ဖေဖော်ဝါရီ ၂
စာပေအသိုင်းအဝိုင်းက ဆရာလေးဟူ၍ ရင်းရင်းနှီးနှီး ခေါ်ဝေါ်လေ့ရှိကြသည်။ မြန်မာစာပေလောကနှင့် စာရေးဆရာများအတွက် အလွန် ကျေးဇူးများသူ၊ စာရေးဆရာများကို အခမဲ့ ကုသပေးရုံသာမက စာရေးဆရာ၊ ကဗျာဆရာများ၏ ဆွေမျိုးများကိုပါ ဆေးကုသပေးခဲ့သူ ဖြစ်သည်။ နှလုံးလှ ဆရာဝန်ဟူ၍လည်း စာပေလောကသားများ၏ အသဲနှလုံးတွင် ကမ္ပည်းအက္ခရာ တင်ထားခဲ့ကြသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက် အစောပိုင်း ဆရာလေး ဒေါက်တာတင်စံဦးက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ နေအိမ်၌ ၉၆ ပါး ရောဂါဖြင့် ကွယ်လွန်သွားပြီဆိုသောသတင်း ပျံ့နှံ့လာခဲ့သည်။ ဝမ်းနည်းဖွယ်ရာ သတင်းကြောင့် ဆရာလေး ကွယ်လွန်သွားမှုအပေါ် အလွန်နှမြောတသ ဖြစ်ရပါကြောင်း စာရေး ဆရာများက ၎င်းတို့၏ လူမှုကွန်ရက်များတွင် မှတ်ချက်အသီးသီး ရေးသားခဲ့ကြသည်။ 'စာပေပြေးလမ်းပေါ်က ဆေးသေတ္တာတစ်လုံး ကျကွဲသွားခြင်းဓဟူ၍ စာရေးဆရာ ဂန္ထဝင်ညှပ်ကြီးက ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ရင်နင့်စွာဖြင့် ဝမ်းနည်းမှတ်တမ်းတင်ခဲ့သည်။ ဆရာ လူထုစိန်ဝင်း ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ကိုယူခဲ့သူ၊ လူသူ အရောက်အပေါက်မလွယ်သည့် ဒေသများကို မကြာခဏသွား ရောက်ပြီး အခမဲ့ဆေးကုသပေးသည့်အပြင် စာပေ၊ အနုပညာနယ်ပယ်သားများ၊ နိုင်ငံရေးသမားများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက်လည်း အခမဲ့ကျန်းမာရေး စောင့် ရှောက်မှု အမြဲပေးခဲ့သူ ဟူ၍လည်း ဆရာမျိုးညွန့်မောင်က မှတ်ချက်ပြုခဲ့သည်။

ဒေါက်တာတင်စံဦး (ခ) ဆရာလေး ကွယ်လွန်ချိန်တွင် အသက် (၇၀) ရှိပြီဖြစ်ပြီး ဆရာလေး၏ ဈာပန အခမ်းအနားကိုလည်း ဇန်နဝါရီ ၂၄ ရက်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ရာ စာပေအသိုင်းအဝိုင်းမှ ၎င်း၏ မိတ်ဆွေများ၊ မိသားစုဝင် အများအပြား လာရောက် ပို့ဆောင်ခဲ့ကြသည်။ "ဆရာလေးက ကျွန်တော်တို့နဲ့ နှစ်ပေါင်းများစွာ ခင်လာခဲ့တာ။ သူက တကယ် မွန်မြတ်တဲ့ ပရဟိတစိတ်ရှိတဲ့ သူတစ်ယောက်ပါ။ အနုပညာသမားတွေ သူ့ဆေးခန်းကိုလာရင် စေတနာ၊ မေတ္တာနဲ့ သူနိုင်သလောက် အလကားကုပေးတယ်။ အနုပညာသမား မဟုတ်ဘဲနဲ့ သူ့ပတ်ဝန်းကျင်က တချို့ တကယ်နွမ်းပါးတဲ့သူတွေ သူ့ဆေးခန်းလာရင် ပရဟိတစိတ်နဲ့ အလကား ကုပေးတယ်။ ဆရာလေးက အဲဒီလို ဆေးကုပေးရင်းနဲ့ အသံအိုး ကင်ဆာဖြစ်ပြီး ဂျပန်မှာ သွားကုခဲ့တယ်။ ကုပြီး ပြန်လာတယ်။ ပြန်လာပြီးနောက်ပိုင်း ကင်ဆာပြန်ပေါ်တယ်ပေါ့။ ပင်လုံဆေးရုံမှာ ကုတယ်။ ကုရာကနေ ဆုံးသွားတာလို့ ပြောရမှာပါ။ သူကတော့ တကယ်ပါ၊ စာနယ်ဇင်းလောက အားလုံးက သူ့ကို ချစ်ကြပါ တယ်။ သူများတွေက ပြောကြပါတယ်၊ လူ့ဘဝဆိုတာ ပေးဆပ်ခြင်းပေါ့။ သူက တစ်ကိုယ်ရေ တစ်ကာယသမားပါ။ ယနေ့အထိ အိမ်ထောင် မရှိပါဘူး။ လူပျိုပါ။ တကယ်တော့သူဟာ သူ့ဘဝရဲ့ ရာခိုင်နှုန်း တော်တော်များများကို လူသားတစ်ယောက်အနေနဲ့ သူတတ်တဲ့ဆေးပညာနဲ့ ပေးဆပ်ခဲ့ တယ်။ တကယ်လည်း မေတ္တာစေတနာ အပြည့်နဲ့ ရိုးရှင်း ပွင့်လင်းတဲ့ သူတစ်ယောက်ပါ"ဟူ၍ ဆရာဆောင်းဝင်းလတ်က မှတ်ချက်ပြုခဲ့သည်။
ဒေါက်တာတင်စံဦးသည် မကွယ်လွန်မီ ဇန်နဝါရီ ၂၁ရက်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာတွင် ပန်းချီဆရာ ယဉ်မင်းပိုက်၊ စာရေးဆရာ ထက်မြက်၊ ဆရာမျိုး မြင့်ညိမ်း၊ ကာတွန်းဝင်းအောင်၊ ဆရာမ သန်းမြင့်အောင်တို့ အပါအဝင် စာပေမိတ်ဆွေတချို့နှင့် ဆုံတွေ့ခဲ့ပြီး နောက်တစ်ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ "ဆရာလေးက ကျွန်မတို့ စာရေးဆရာတွေ၊ နိုင်ငံရေး သမားတွေကို ဆေးကုပေးတယ်။ ကဗျာဆရာ၊ စာရေးဆရာတွေဆိုတာ များသောအားဖြင့် ဆင်းရဲတာများတယ်။ အဲဒီအခါမှာ စမ်းသပ်ခတွေ၊ ဆေးဝါးခတွေ မယူဘဲနဲ့ ဆေးဝါးလှူသင့်တဲ့သူကို လှူတယ်။ တချို့လူနာတွေဆိုရင် သူ့ဆီလာလည်း ထမင်းပါကျွေး၊ ဆေးပါ ကုသပေးလိုက်ပြီး တော့ လမ်းစရိတ်ပါပေးပြီး ပြန်လွှတ်တယ်။ တစ်ခုရှိတယ် သူ့ရဲ့ကုသမှုကို ခံယူပြီဆိုရင် သူပြောတဲ့အတိုင်းလုပ်မှ ကြိုက်တယ်။ တိကျတယ်၊ ပြတ်သားတယ်၊ ကြင်နာတတ်တယ်၊ ဖြူစင်တယ်ပေါ့။ ဆရာလေးနဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးပါ။ သူက ချို့တဲ့နွမ်းပါးသူဆိုရင် အယုတ်အလတ်အမြတ်မရွေး၊ ရာထူးကြီးတဲ့သူရော၊ အသက်အရွယ်ကြီးတဲ့ သူရော၊ ဂုဏ်ရှိန်ကြီးတဲ့သူရော မေတ္တာ ထားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူလိုလူမျိုးဆိုတာ တစ်ခေတ်မှာ တစ်ယောက်ပေါ့။ ရှိဖို့လိုအပ်သလို ပေါ်ပေါက်လာဖို့လည်း မလွယ်တဲ့လူသားတစ်ဦးပါ"ဟူ၍ စာရေးဆရာမ မအိက ဆရာလေး ဒေါက်တာ တင်စံဦး အကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။
ဒေါက်တာတင်စံဦးနှင့်ပတ်သက်၍ စာပေလောကတွင် အထူးပြောစရာမလို၊ လူနာများက အားကိုးကြသည်၊ ကဗျာဆရာ၊ စာရေးဆရာများ၊ မရှိနွမ်းပါး သူများကို မေတ္တာစေတနာ သက်သက်ဖြင့် ကုသပေးသည့် ဆရာဝန်ဖြစ်ပြီး စိတ်ဓာတ်ရော၊ နှလုံးသားရော ဖြူစင်သူဟူ၍ ဆရာမ သန်းမြင့်အောင်က မှတ်ချက်ပြုခဲ့သည်။ "သူက အများအတွက် မွေးလာတဲ့ သူလို့တောင် ပြောလို့ရတယ်။ သူ့ရဲ့ ကိုယ်ကျိုး ဘာမှမရှိဘူး။ ဘယ်တုန်း ကမှ ကိုယ်ကျိုးအတွက် မလုပ်ခဲ့ဘူး။ သူ့ကိုယ်ကျိုးအတွက်လည်း ဘာအလုပ်မှ မလုပ်ခဲ့ဘူး။ သူလုပ်သမျှအလုပ်ဟာ သူတစ်ပါး ချမ်းသာဖို့ပဲ လုပ်တယ်။ ဆရာလေးကို ဘယ်သူကမှ ငြိုငြင်တဲ့သူ မရှိဘူး။ ဆရာလေးကို ချစ်တဲ့သူ များတယ်။ ဆရာလေးကို အသက်ရှည် စေချင်တဲ့သူတွေ ချည်းပဲ။ ဘာလို့လဲဆိုတော့ သူ့ကို အားကိုးတဲ့သူက များတယ်။ ဆရာလေးကလည်း သူ့ကို လူအများက အားကိုးလို့ဆိုပြီး ဂုဏ်မမောက်ဘူး။ အမြဲတမ်း ရိုးရိုးသားသားပဲ၊ စိတ်လည်း ရှည်တယ်။ အတွေး လည်းရှင်းတယ်၊ အပြောလည်း ရှင်းတယ်၊ အလုပ်လည်း ရှင်းတယ်။ ဆရာလေးကို ကြည့်လိုက်ရင်လည်း ပညာ အတ္တ မာန်မာန မတွေ့ရဘူး။ ပညာကြောင့် အတ္တမရှိဘူး။ ငွေကြောင့်လည်း အတ္တမရှိဘူး။ ကိုယ်တိုင်ကုတယ်၊ ဆေးဝါးပေးတယ်၊ အာဟာရ မရှိလည်း ဆရာလေးက ကျွေးတယ်။ ဆေးလာကုတဲ့သူတွေကို လမ်းစရိတ်မရှိရင်တောင် ပေးလိုက်သေးတယ်ဆိုတော့ ဆရာလေးလို လူမျိုး က လောကကြီးမှာ အများအတွက် လူဖြစ်ရခြင်းနဲ့ နေပျော်သွားတဲ့ လူတစ်ယောက်ပါ"ဟု ၎င်းက ဆက်ပြောသည်။
ဒေါက်တာတင်စံဦးကို ၁၉၅၅ ခု မေ ၂၂ ရက်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ဦးစန်း မောင်+ ဒေါ်သန်းသန်းတင်တို့က မွေးဖွားခဲ့သည်။ ၁၉၅၈ တွင် မော်လမြိုင်မြို့ St.Matthew ခရစ်ယာန်ကျောင်း ၁၉၆၀ ပြည့်နှစ်တွင် ချောင်းဆုံမြို့ အရှေ့ပိုင်းရွာလွတ်တွင် မူလတန်းကျောင်း၌ ပညာကို ဆက်လက်သင်ယူခဲ့သည်။

၁၉၆၆ တွင် အလက (၂) ဗဟန်းနှင့် ၁၉၆၈ တွင် အထက(၆) မင်္ဂလာတောင်ညွန့်၊ ၁၉၇၀ တွင် အ.ထ.က (၁) တာမွေတို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၇၂ တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ပညာသင်ကြားကာ ၁၉၇၈ တွင် M.B.B.S ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အထိ တာမွေမြို့ နယ် ကျားကွက်သစ်ရပ်ကွက် သမဝါယမဆေးခန်းတွင် ဆေးကုသပေးခဲ့သည်။ ၁၉၉၂ မှ ၁၉၉၄ ခုနှစ်အထိ ကိုယ်ထူကိုယ်ထ ကျောင်းကျန်းမာရေး ဆရာဝန်အဖြစ် အမှုထမ်းခဲ့သည်။ ၂၀၀၅ တွင် ဂျပန်နိုင်ငံ အဏုမြူဗုံးဒဏ်ခံရသော ဟီရိုရှီးမားသို့ သွားရောက် လေ့လာခဲ့သည်။ ၂၀၁၂ အောက်တိုဘာ တွင် ဂျပန်နိုင်ငံ နာဂိုယာမြို့အခြေစိုက် ရိုမန်ကက်သလစ်ကျောင်းတော်မှ ချီးမြှင့်သည့် Stefani Renato (Bishop) ပရဟိတဆုပေးပွဲသို့ တက်ရောက် ဆုလက်ခံရယူခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလဆန်းတွင် ဂျပန်ပြည် ဂီဖူခရိုင် သင်ကြားရေးဆေးရုံကြီးတွင် နှစ်လတာ တက်ရောက်၍ အသံအိုးကင်ဆာ ကုသမှုခံယူခဲ့သည်။ ၂၀၁၈ ဒီဇင်ဘာတွင် 'ကင်ဆာမဖြစ်အောင် ဘယ်လိုစား သောက်ကြမလဲနှင့် အိပ်မရ ညများ' စာစု၊ '၂၀၁၉ ဇန်နဝါရီတွင် ဘာကြောင့် အမျိုးသားများ အသက်တိုရသလဲနှင့် အစားအစာ ဆေးဝါးဆိုင်ရာ ကျန်းမာရေးစာစု' အစရှိသော စာအုပ်များကို ပြုစုရေးသားထုတ်ဝေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာနှင့် အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတို့မှ ဘိုးဘွားများအား ဆေးဝါးကုသပေးခဲ့သည်။ ၂၀၂၃ တွင် ပင်လုံဆေးရုံ၌ အသံအိုးကင်ဆာအတွက် နှစ်ပတ်ကြာ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရသည်။ ၂၀၂၅ ဇန်န ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် ကွယ်လွန်ခဲ့သည်။
ဆရာလေး ဒေါက်တာတင်စံဦး မကွယ်လွန်မီက ဆရာလေးနှင့်ပတ်သက်၍ ဝတ္ထုတစ်အုပ် ဆရာမ သန်းမြင့်အောင်က ရေးသားထုတ်ဝေရန် ပြင်ဆင်ခဲ့သည်။ ထိုစာအုပ်ကိုလည်း ဆရာလေး ကိုယ်တိုင် ကျေနပ်မှုရှိသည်အထိ ဖတ်ရှုပြီးစီးခဲ့ပြီဟု စာရေးဆရာမ မအိက ပြောပြသည်။ "ဆရာလေး မဆုံးခင်ကတည်းက ကျွန်မရဲ့မေတ္တာသမားတော် ကဗျာကို ဒေါ်သန်းမြင့်အောင်ကို ပေးလိုက်တဲ့ အခါမှာ ဒေါ်သန်းမြင့်အောင်ကဖတ်ပြီး စာအုပ်ရေးချင်တယ်လို့ ပြောလာတော့ ရေးဖို့ပြောခဲ့တာပေါ့။ ဆရာမဒေါ်သန်းမြင့်အောင်က ဆရာလေးဆေးကုသွားတဲ့ နေရာတော်တော်များများကို လိုက်ခဲ့ပြီးတော့ NURSE တစ်ယောက်လိုပေါ့။ ဆရာလေးရယ်၊ ဒေါ်သန်းမြင့်အောင်ရယ်၊ ဆရာမ မြသွေးရည်ရယ်တို့ အဲဒီလို အဲဒီခေတ်က ပရဟိတစိတ်ရှိတဲ့ ဆရာမတွေက ဆရာလေးကို အထောက်အကူ ပြုပေးကြတယ်။ အဲဒီကစပြီး ဒေါ်သန်းမြင့်အောင်က ဆရာလေးအကြောင်းကို ကျွန်မတို့ထက် ပိုသိတယ်။ ဒါနဲ့ ဆရာလေးလိုလူက စာတစ်အုပ်ရှိ သင့်တယ်ဆိုပြီး ဆရာလေး မဆုံးခင်က ရေးခဲ့တာ။ အံ့သြဖို့ ကောင်းတာက စာအုပ်လည်း အကြမ်းဖတ်ပြီးသွား ပြီ။ ဆရာလေးလည်း ဖတ်ပြီးသွားပြီ။ သူလည်း စိတ် တိုင်းကျ တည်းဖြတ်နိုင်ခဲ့တယ်၊ ပြီးသွားပြီ။ စက်တင်ဖို့ အဆင့်ပဲကျန်တော့တာ။ အမှန်ကတော့ ဒီစာအုပ်ကို ရောင်းပြီးရင် ရောင်းရငွေကို ဒေါ်သန်းမြင့်အောင်က သူရည်စူးထားတာကို ကျွန်မကို ရင်ဖွင့်ပါတယ်။ ဆရာလေးရဲ့ ဆေးကုသဖို့အတွက်ကို စာမူခတွေကို ဆရာလေးလက်ထဲ အပ်လိုက်ဖို့ပေါ့။ အခုတစ်ခါကျတော့ ဆရာလေးက စာအုပ်ကို သူနောက်ဆုံးဖတ်ခဲ့တာ။ Last proof ပေါ့။ ဖတ်ပြီးသွားပြီ၊ သူလည်း စိတ်ကျေနပ်ပြီ လွှတ်လိုက်ပြီ။ အဲဒီအခါမှာ သူဆုံးသွားတယ်ဆိုတော့ သူဖြစ် စေချင်တဲ့ ကုသိုလ်ဒါနပြုလုပ်ဖို့ အဲဒီလို စဉ်းစားထားတယ်၊ မေတ္တာသမားဝောာ်အမည်နဲ့ပဲ စာအုပ်ကို စိတ်ကူးချိုချိုက ထုတ်မှာပါ"ဟူ၍ ဒေါက်တာတင်စံဦးအကြောင်း ရေးသားထားသော စာအုပ်ထုတ်ေ၀မည့် အစီအစဉ်ကို ၎င်းက ရှင်းပြခဲ့သည်။

ဆရာလေးသည် ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ဆေးဝါးကုသပေးခဲ့သလို ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာသည်လည်း ဆရာလေး၏ နေအိမ်၊ ဆရာလေး၏ မိသားစု ဖြစ်ခဲ့သည်။ ဆရာလေး သက်ရှိထင်ရှားရှိစဉ်က ကျန်းမာရေးကောင်းမွန်လာသည့်အချိန် ရောက်ရှိလာ ပြီဆိုလျှင် သက်ကြီး ရွယ်အိုများကို ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ပေးနိုင်မည့် Day Care Center တစ်ခု ဖွင့်လှစ်ရန် ဆန္ဒရှိခဲ့ကြောင်းသိရသည်။ ဆရာလေး နေကောင်းရင် ကျွန်မတို့ ဆောင်ရွက်ဖို့ စဉ်းစားထားတာ ရှိပါတယ်။ အဲဒါက Day Care Center တစ်ခုဖွင့်မယ်ပေါ့။ Day Careဆိုတာက ရပ်ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို နေ့ပိုင်းစောင့်ရှောက်ဖို့ပေါ့။ ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုပေးဖို့ပေါ့။ ဘိုးဘွားတွေကို ခေါ်ပြီးတော့ ဘိုးဘွားတွေ အချင်းချင်း တွေ့ဆုံပေးပေါ့။ စကားတွေ ပြောကြပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း မျက်စိမကောင်းတဲ့သူကို သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ဆရာလေးက စမ်းသပ်မယ်ပေါ့၊ ကုသပေးတာပေါ့၊ ပြောရမယ်ဆိုရင် သက်ကြီးရွယ်အိုတွေ ကျန်းမာဖို့၊ အသက်ရှည်စေဖို့ အဲဒီလိုမျိုးလုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်"ဟူ၍ ဆရာမ သန်းမြင့်အောင်က ပြန်ပြောင်း ပြောပြခဲ့သည်။
စာပေလောကသားများနှင့် ပတ်သက်လျှင် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူ ဆရာလေးသည် မကွယ်လွန်မီ အချိန်ကာလအထိ အဖြူရောင်ပရဟိတ မှတ်တိုင်များ စိုက်ထူခဲ့သည်။ စာပေလောကသမားများ၊ ဆင်းရဲချို့တဲ့သည် အခြေခံလူတန်းစားများ အားထားခဲ့ရသည်။ စာပေလောကသား အားလုံးအပေါ် သံယောဇဉ်ကြီးမားခဲ့သူဖြစ်ပြီး အားလုံးကလည်း ချစ်ကြသည်။ ဆေးပညာဖြင့် လောကကို အကျိုးပြုခဲ့သူဖြစ်သလို ကိုယ်ကျိုးမကြည့်ဘဲ ပေး ဆပ်ခဲ့သူ ဖြစ်သည်။
၎င်းချစ်သည့် စာပေလောက အသိုင်းအဝိုင်းကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်သော်လည်း ပရဟိတဆရာဝန် ဆရာလေး ဒေါက်တာတင်စံဦး၏ ကူညီစောင့်ရှောက်မှု၊ ကုသပေးမှုကို ခံယူခဲ့ကြသူ အားလုံး၏ရင်ထဲမှာ ထာဝရရှင်သန်နေပေလိမ့်မည် ဖြစ်ပါသည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )