၂၀၂၅ ဖေဖော်ဝါရီ ၂
ရှေးမြန်မာ ဘိုးဘေးတို့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဆုံးရှုံးချိန်မှစတင်၍ လွတ်လပ်ရေး ပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြရာ လက်ရုံးရည်နှင့် ကြိုးပမ်းခဲ့သည်လည်း ရှိ၏။ နှလုံးရည်ဖြင့် ကြိုးပမ်းခဲ့သည်လည်း ရှိ၏။ သူ့ခေတ်နှင့်သူ သင့်လျော်မည် ထင်သည့် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့က ၁၈၂၆ ခုနှစ်မှစ၍ ကျူးကျော်ခဲ့၏။ ဤပထမအကြိမ် ကျူးကျော်ရာ၌ မြန်မာတိုင်းရင်းသားတို့ ဦးခေါင်းငုံ့၍ ခံခဲ့ကြသည် မဟုတ်။ ဗြိတိသျှကို တော်လှန်ရန် ကြိုးပမ်းခဲ့ကြသည်။ ထို့နောက် ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ် နယ်ချဲ့မှုကို ခံရပြန်သည်။ သို့သော် မြန်မာတိုင်းရင်းသားတို့သည် အငြိမ်မနေခဲ့။ ဗြိတိသျှကို တော်လှန်ရန် ကြိုးစားခဲ့ပြန်၏။ တတိယအကြိမ် ကျူးကျော်ခဲ့သည့် ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်မျိုးသားလုံးသည် လွတ်လပ်ရေးကို လက်လွှတ်ခဲ့ရလေသည်။
သို့နှင့်လည်း နိုင်ငံရေးကြိုးပမ်းမှုမှာ ထိုမျှနှင့်ပင် နိဋ္ဌိတံခဲ့ပြီဟု မဆိုနိုင်ပါ။ ရှေးဦးစွာ မြေပြန့်နှင့် တောင်တန်းသားအားလုံး စုပေါင်း၍ဖြစ်စေ၊ သီးခြားဖြစ်စေ ဗြိတိသျှကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ သားစဉ်မြေးဆက်တို့သည် လူကြီးတို့ ကွယ်လွန်သော် လူငယ်တို့က လူကြီးနေရာ ဝင်၍ တော်လှန်ခဲ့ကြ ပြန်သည်။
ပထမကမ္ဘာစစ်ကြီး မတိုင်မီ လူငယ်တို့၏ YMBA အဖွဲ့အစည်းသည် ၁၉၀၆ ခုနှစ်ခန့်တွင် ပေါ်လာခဲ့ခြင်းဖြစ်၏။ ထို YMBA မှသည် GCBA ဟူသော အမည်နာမဖြင့် နိုင်ငံရေးကြိုးပမ်းမှုကို ထိုလူငယ်တို့ပင် ဆောင်ရွက်ခဲ့ကြ၏။ သို့သော် အချိန်မကျသောကြောင့် ကြိုးပမ်းမှုတို့မှာ အရာမထင်သေးချေ။ ထိုသို့ အရာမထင်သည့်တိုင်အောင် ကြိုးပမ်းမှုတို့မှာ အဘိုးမှ အဖလက်ထက်သို့၊ အဖမှ သားလက်ထက်သို့၊ သားမှ မြေးလက်ထက်သို့ အစဉ်အဆက်မပြတ် တည်ရှိခဲ့၏။
ထို့ကြောင့်လည်း ၁၉၂၀ ပြည့်နှစ် အမျိုးသားရေးလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာသောအခါ ရှေးကနိုင်ငံရေး ကြိုးပမ်းခဲ့သော အစဉ်အလာအတိုင်း လူငယ်တို့ပင် ဦးစီးလာခဲ့ကြ၏။ ၁၉၃၀ ပြည့်နှစ်မှ လွန်သော် ဒို့ဗမာအစည်းအရုံးဟူ၍ ပေါ်ပေါက်လာပြီးလျှင် အလုပ်သမား၊ တောင်သူ လယ်သမားတို့၏ ကြိုးပမ်းမှုများလည်း အကောင်အထည် ပေါ်လာခဲ့လေသည်။ ဤသည်မှာလည်း ဘိုးဘေးဘီဘင်တို့က ထားခဲ့သော နိုင်ငံရေးကြိုးပမ်းမှု စိတ်ဓာတ်အမွေအနှစ်တို့ဖြင့် လူငယ်များဦးစီးခေါင်း ဆောင်ပြုခြင်း ပင်ဖြစ်၏။
၁၉၄၀ ပြည့်နှစ်မှလွန်သော် ဒုတိယကမ္ဘာစစ်ကြီးသည် လွတ်လပ်ရေးအတွက် လက်ရုံးရည်တိုက်ပွဲကို နှိုးဆော်ပေးလိုက်သကဲ့သို့ ရှိလေရာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော လူငယ်တို့သည် ဗြိတိသျှနယ်ချဲ့ တော်လှန်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးအတွက် ကြိုး ပမ်းမှုတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ကြလေသည်။ သဘောမှာ လူကြီးတို့ မျက်နှာလွှဲသည်နှင့် တစ်ပြိုင်နက် လူငယ်တို့က ကြိုးပမ်းမှုတို့ကို ဆက်လက်၍ စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်း သဘောပင် ဖြစ်သည်။

ဤသို့ တစ်ဆက်ပြီးတစ်ဆက် ကြိုးပမ်းခဲ့ကြခြင်းကို အနုစိတ်သဘောအားဖြင့် ကြည့်လျှင် လူကြီးခေတ်၊ လူငယ်ခေတ်ဟု ခွဲခြားမြင်ရသည်။ သို့သော် ဘဝသံသရာ တစ်ခုလုံး ခြုံကြည့်လျှင် လူမျိုးတစ်မျိုး၏ သားစဉ်မြေးဆက် အဆက်ဆက်တို့မှာ ရေအလျဉ်ကဲ့သို့ပင် တစ်ဆက်တည်း တည်နေ သည်ဖြစ်၍ ၁၈၂၆ ခု၊ ၁၈၅၂ ခု၊ ၁၈၈၆ ခု၊ ၁၉၀၆ ခုနှစ်၊ ၁၉၂၀ ပြည့်နှစ်၊ ၁၉၃၀ ပြည့်နှစ်၊ ၁၉၄၀ ပြည့်နှစ် စသည့် ခုနှစ်သက္ကရာဇ်တို့သည် တစ်နှစ်ပြီး တစ်နှစ်ပြောင်းလဲခဲ့သော်လည်း မြန်မာတို့၏ နိုင်ငံနှင့် လူမျိုးအတွက် ကြိုးပမ်းမှုအစဉ်သည် တစ်ဆက်တည်းဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။
ထိုခုနှစ်သက္ကရာဇ်တို့၌ လှုပ်ရှားသော လူထု၏ ကြိုးပမ်းမှုတို့မှာ လူကြီးများလွန်သော် လူငယ်များ စိတ်သစ်အားသစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကို ပြဆိုလေသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် လူငယ် လှုပ်ရှားမှုဟု ဆိုကြရလေသည်။ သို့သော် လူကြီးတို့လည်း တစ်သက်လုံးကြီး၍ မနေ။ ကြီးရာမှအို၊ အိုရာမှ သေကြရသည်။ လူငယ်တို့လည်း တစ်သက်လုံးငယ်၍မနေ။ ငယ်ရာမှကြီးလာလျှင် သူတို့ လည်း အိုကြ၊ သေကြရသည်။ သို့သော် အရေးကြီးသည်မှာ လူ့တစ်ဆက်လွန်လေသော် နောက်ထပ် လူ့တစ်ဆက်ပေါ်လာခြင်း ပင်ဖြစ်၏။ ထို ပေါ်လာသော တစ်ဆက်သည် သွားလေပြီးသော တစ် ဆက်၏ ကောင်းကျိုးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင် သည်ရှိသော် လူမျိုးနှင့်နိုင်ငံ၏ အသက်သည် ရှည်ရာ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် လူကြီးခေတ်၊ လူငယ်ခေတ်စသဖြင့် ခွဲခြားပြောဆိုနေကြသည်မှာ သမိုင်းကို တစ်ကွက်စီ တစ်ကွက်စီ ပိုင်းဖြတ်ကြည့်၍ ပြောနေခြင်းမျှသာဖြစ်သည်။ အကယ်စင်စစ်မှာမူ လူငယ်ဆိုသည်မှာ လူငယ်၊ လူငယ်ဟု ပြောရင်းကပင် လူကြီးဖြစ်လာကြ၍ ရွက်ဟောင်းများ ကြွေသောအခါ ရွက်သစ်များ ဝေစေရန် နောက်မှ တက်လာသော လူငယ်များအား နေရာပေးကြရပြန်သည်။ လူကြီးတို့၏ တိုင်းပြုပြည်ပြု လုပ်ငန်းများကို လူငယ်တို့က ကောင်းသည်ထက်ကောင်းအောင် ပြုပြင်လုပ်ကိုင် ဆောင်ရွက်လာခြင်းသည်သာလျှင် လူ့သမိုင်း၏ အစဉ်အလာကောင်းတစ်ရပ် ဖြစ်ပေ သည်။
လူကြီးနှင့်လူငယ်မှာ တစ်ဆက်တည်း တည်ရှိနေခြင်းဖြစ်သည်။ လူကြီးသက်သက်၊ လူငယ် သက်သက်ဟူ၍ အစဉ်ပြတ်ကောင်းသည် မဟုတ်ချေ။ ထို့ကြောင့် လူငယ်ခေတ်တွင် လူငယ်ကို လူကြီးနှင့်ဆက်စပ်၍ တံတားခင်းပေးရသော သဘောသည် ရှိရစမြဲဖြစ်သည်။ ထို့ကြောင့် လူငယ်နှင့်လူ ကြီး အဆက်မပြတ်စေဖို့ရာ တံတားခင်းပေးဖို့ လိုသည်ဟုဆိုရခြင်း ဖြစ်ပါသည်။ ဤအချက်ကို စဉ်းစား ပြန်သော် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းပြည်အတွက် အသက်စွန့်လွှတ် ပူဇော်ခဲ့သော အာဇာနည် သူရဲကောင်းများတွင် ပါဝင်သည့် သခင်မြကို အထူး သတိရမိပါသည်။
သခင်မြသည် ၁၉၂၀ ပြည့်နှစ် ကျောင်းသား သပိတ်ဟုခေါ်သော လူငယ်တို့၏ လှုပ်ရှားမှုမှ ပေါက်ဖွားလာခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကျောင်းသားသပိတ်နှင့် ရင်ဆိုင်တိုးခဲ့ရခြင်းကြောင့် သိပ္ပံပညာသင်ကျောင်သား မောင်မြသည် ပညာရေး၌ ကိုလိုနီပညာရေးစနစ်၏ ဆိုးကျိုးများကို ရင်ဆိုင် တွေ့ကြုံခဲ့ရသည်။ သို့သော် လူငယ်တို့၏ မဆုတ်မနစ်သော ဇွဲလုံ့လကြောင့် ရန်ကုန် ယူနီဗာစီတီမှ ဘွဲ့ဒီဂရီရရှိပြီးလျှင် မိမိ၏ ပရိယေသန ဝမ်းစာအလို့ငှာ ရှေ့နေလိုက်မည်ဟု စိတ်တွင်ကြံစည်၍ ဥဒေဘွဲ့ ကိုရရှိအောင် ကြိုးပမ်းခဲ့သည်။ ထို့ကဲ့သို့ ဥပဒေဘွဲ့ကိုရရှိရန် ကြိုးပမ်းနေစဉ်ကာလအတွင်း ဦးမြသည် မြို့မတိုင်းရင်းသားကျောင်းသို့ ရောက်ခဲ့ပြီးလျှင် လူငယ်တပည့်တပန်းတို့အား ဂဏန်းသင်္ချာ၊ အက္ခရာ သင်္ချာ စသည့် ပညာရပ်များကို ပို့ချပေးလေသည်။
ဆရာမြသည် ထိုစဉ်ကပင်လျှင် လူငယ်တို့၏ မျိုးချစ်၊ နိုင်ငံချစ် စိတ်ဓာတ်တို့ကို ပြုစုပျိုးထောင် ပေးခဲ့သူဖြစ်သည်။ ဆရာမြ ဟောကြားသော မျိုးချစ်တရား တို့မှာ လက်သီးလက်မောင်းတန်း၍ မာန်ပါပါဖြင့် အော်ကျယ်ဟစ်ကျယ် ပြုရသော မျိုးချစ်တရားများ မဟုတ်ချေ။ စိတ်အေးလက်အေးနှင့် အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ပြီးလျှင် တိုင်းပြည်နှင့် လူမျိုးအတွက် ထိထိရောက်ရောက် ဆောင်ရွက်တတ်စေရန် အသိအလိမ္မာ ပညာဗဟု သုတပေးသော မျိုးချစ်တရားများဖြစ်သည်။
ဆရာမြသည် စကားတစ်ခွန်း ပြောစရာရှိလျှင် တိတိကျကျ ပြတ်ပြတ်သားသား လေးလေးနက်နက် ပြောလေ့ရှိသည်။ ကျောင်းသားတို့၏ စကားရည်လုပွဲ၊ ဆွေးနွေးပွဲ အစရှိသည်တို့တွင် ကျောင်းသားအချင်းချင်း အငြင်းအခုံဖြစ်လာလျှင် ဆရာသည် ဖုထစ်မပြေပြစ်သော အယူအဆ ကွဲလွဲမှုမှန်သ မျှကို ကျေကျေလည်လည်ဖြစ်အောင် ညှိနှိုင်းပေးတတ်သည်။ ထိုစဉ်က ဆရာမြသည် အသက် (၂၅) နှစ်ကျော် ခေတ်လူငယ်တစ်ဦးဖြစ်သည်။ သို့သော် ကျောင်းဆရာအဖြစ် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသူဖြစ်ရာ ဆရာကို တပည့်တို့က လူကြီးဟူ၍ပင်လျှင် ယူဆကြသည်။ တပည့်များ၏ မျက်စိထဲ၌ ဆရာသည် လူကြီးပိုင်းထဲသို့ ရောက်နေပြီဟုသာ ထင်မှတ်ကြသည်။
ထို့ကြောင့် နောင်အခါတွင် လူငယ်တို့၏ လှုပ်ရှားမှုတစ် ရပ်ဖြစ်သော ဒို့ဗမာအစည်းအရုံးဝင် သခင်မြဟု နိုင်ငံတွင် ထင်ရှားကျော်ကြားလာသောအခါ လူငယ်အသင်းထဲ လူကြီးတစ်ယောက်ဝင်နေသည်ဟု ထင်မြင်မိကြ၏။ သို့သော် လူငယ်များအကြား၌ လူကြီးတစ်ယောက်က ကန့်လန့်ကန့်လန့်နှင့် ပါနေသည်ဟူ၍ မမြင်ခဲ့ကြပေ။ လူငယ်အသိုင်းအဝိုင်းထဲ၌ လူကြီးတစ်ယောက်ရှိလျှင် လူငယ့်လှုပ်ရှားမှုသည် သမာဓိရှိရှိနှင့် စခန်းသွားနိုင်လိမ့်မည်ဟုသာ ယူဆခဲ့ကြသည်။ ထို့ကြောင့် ဒို့ဗမာအစည်းအရုံး၌ သခင်မြ ပါလာသည်မှာ
အစည်းအရုံးအတွက် ကောင်းကျိုးအတွက်သာ ဖြစ်ရမည်ဟု ယူဆခဲ့ကြသည်။ သဘောကျ ဝမ်းမြောက်ခဲ့ကြသည်။ ထို့ကဲ့သို့ ယူဆခဲ့ကြသည်မှာ မှန်ကန်ပါသည်။ အကြောင်းမှာ ဒို့ဗမာအစည်းအရုံးထဲတွင် ဝိဝါဒများ ပေါ်ပေါက်လာခဲ့ပါလျှင် သခင်မြသည် ထိုဝိဝါဒတို့ကို ဖြေဖျောက်နိုင်သည်ဟု သိရခြင်း ကြောင့် ဖြစ်သည်။ နောင်သောအခါ သခင်မြသည် မြန်မာ့လွတ်လပ်ရေးအတွက် လက်ရုံးရည်တိုက်ပွဲ ထဲ၌ ဗိုလ်ချုပ်အောင်ဆန်း တို့နှင့်အတူ လက်တွဲ၍ ပါဝင်ခဲ့လေသည်။
ဂျပန်ခေတ်တွင် သခင်မြသည် အစိုးရအဖွဲ့၌ ပါဝင်၍ တိုင်းပြည်ဝန်ကို ထမ်းရွက်ရသည်။ ဂျပန်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည်ဟု မကြေညာမီနှင့် ကြေညာပြီးနောက်ပိုင်း အချိန်နှစ်ချိန်လုံး၌ မြန်မာအစိုးရ အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ကို ထမ်းဆောင်ရသည်။
ထိုခေတ်က လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်သူ အစိတ်အပိုင်းတို့မှာ အမြောက်အမြားပင်ရှိသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဗမာ့တပ်မတော် စသဖြင့် အမည်နာမအမျိုးမျိုး ပြောင်း၍ ဖွဲ့စည်းခဲ့သော တပ်မတော်ထဲတွင် တိုင်းပြည် အတွက် အသက်ပင် သေသေဟု စွန့်စွန့်စားစား ပါဝင်ခဲ့သော လူငယ်များသည် လွတ်လပ်ရေးတိုက်ပွဲ၌ အဓိကအင်အား များဖြစ်ကြသည်။ ၎င်းတို့၏ နောက်တွင် ဒို့ဗမာအစည်းအရုံးဝင် လူငယ်များ ရှိကြသည်။ ထို့ပြင် ဒေါက်တာဘမော်၏ မဟာဗမာအစည်းအရုံးဝင် လူကြီးပိုင်းလည်း ကြိုးပမ်းမှုထဲ၌ ပါဝင်လျက်ရှိကြ သည်။
လွတ်လပ်ရေးအတွက် ကြိုးပမ်းနေစဉ်ကာလ အတွင်းမှာပင် မြန်မာ့နိုင်ငံရေးတွင် ဒို့ဗမာလက် ဟောင်းကြီးများကတစ်မျိုး၊ လက်သစ်များက တစ်မျိုး၊ မဟာဗမာကတစ်မျိုး၊ အာရှလူငယ်ကတစ်မျိုး၊ ဝန်ထမ်းတပ်က တစ်မျိုး၊ ဗြိတိသျှကိုမျှော်သော သူတို့ကတစ်မျိုး၊ ဂျပန်နှင့်ပေါင်း၍ ကိုယ်ကျိုးရှာသူတို့က တစ်မျိုး၊ ဂျပန်ကင် ပေတိုင်နှင့် ဂျပန်စစ်တပ်က တစ်မျိုး စသည်ဖြင့် အမျိုး မျိုးသော အင်အားစုတို့မှာ ထွေးရောယှက်တင်နှင့် ရှိခဲ့ကြသည်။ ထိုမျှမူမတူ ဖြစ်နေကြသည့်အထဲမှ တတ်နိုင်သမျှသော ညီညွတ်မှုကို ယူနိုင်လေရန် စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးသူမှာ သခင်မြပင် ဖြစ်လေသည်။
ဗိုလ်ချုပ်အောင်ဆန်းမှာမူကား ဗမာ့တပ်မတော်နှင့် အိုးမကွာ၊ အိမ်မကွာ၊ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်နိုင်သူ ဖြစ်သည်မှာ မှန်ပေသည်။ သို့သော် စည်းလုံးညီညွတ်ရေးကို မည်မျှပင် တစ်လုံးတစ်ခဲတည်းဖြစ်အောင် ဆောင်ရွက်နိုင်စေကာမူ ထိုစည်းလုံးညီညွတ် ရေးကိုဖျက်သော အဖျက်သမား များ၏ ဘေးရန်မှ ကင်းဝေးစေရန် ကိစ္စသည် အရေးကြီးပေသည်။ ထို့ကြောင့် တစ်ဖက်တွင် ညီညွတ်ရေး ဆောင်ရွက်ဆဲ၊ တစ်ဖက်၌လည်း ထိုညီညွတ်ရေးကို ရန်မမူနိုင်အောင် တားဆီးရမည်ဖြစ်သည်။ သခင်မြသည် လူကြီးနှင့် လူငယ်နှစ်ဦးတို့၏ ထင်မြင်ယူဆချက် အရပ်ရပ်တို့ကို ညှိနှိုင်းပေးနိုင်သော ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ညီညွတ်ရေး၏ ရန်စွယ်ဟူသမျှကို တားဆီးပိတ်ပင်နိုင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြတို့မှာ လက်ညီတက်ညီ ဖြစ်ခဲ့လေသည်။
ဖဆပလခေတ်သို့ ရောက်သောအခါ တိုင်းပြု ပြည်ပြုလွှတ်တော်ဟု ပေါ်ပေါက်လာပြီးနောက် လွတ်လပ်ရေးသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလအတွင်းတွင် လက်ဝယ်ရောက်ရှိလာရန် အကြောင်း ဖန်လာခဲ့လေသည်။ ဂျပန်တော်လှန်ရေးလုပ်ငန်းပြီးဆုံး၍ လွတ်လပ်ရေးရခါနီးအချိန်အတွင်း မြန်မာနိုင်ငံ၏ ပြဿနာများမှာ သေးငယ်လှသည် မဟုတ်ချေ။ ပြဿနာရှုပ်ထွေးလာတိုင်း လွတ်လပ် ရေးကြိုးပမ်းမှု အသိုင်းအဝိုင်းထဲ၌ပင်လျှင် အချင်းချင်း သူတစ်မျိုး ငါတစ်ဖုံဆိုသည့် ကိစ္စတို့သည် ပေါ်လာစမြဲဖြစ် သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ အယူအဆလည်းရှိသည်။ ဆိုရှယ်လစ် အယူအဆလည်းရှိသည်။ ကွန်မြူနစ်အယူအဆ လည်းရှိသည်။ ပြည်နယ်ရှိ လူမျိုးများ၏ အယူအဆလည်းရှိသည်။ နိုင်ငံရေးလက်ဟောင်းကြီးများ၏ အယူအဆ လည်းရှိသည်။ ဒို့ဗမာအစည်းအရုံးပင်မကြီးမှ ဖြာထွက်လာသော အယူအဆအမျိုးမျိုး လည်းရှိသည်။ အယူအဆများ မည်မျှပင် အမျိုးမျိုး ရှိနေစေကာမူ အားလုံးကို သတ္ထုချကြည့်ပါလျှင် လူကြီးနှင့် လူငယ်နှစ်စုကိုပင် တွေ့ မြင်နိုင်သည်။ လူကြီး၏သဘောမှာ တစ်ဆင့်ပြီးတစ်ဆင့် ခြေလှမ်းကို မှန်မှန်လှမ်းလိုကြ၏။ လူငယ်တို့ မှာမူ တုံးဆိုတိုက် ကျားဆိုကိုက်ဟူသော သဘောဖြင့် ပန်းတိုင်သို့ အမြန်ဆုံးရောက်အောင် ခုန်ပျံကျော်လွှားလိုကြသည်။ သို့နှင့်ပင် တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ပဏာမ အစည်းအဝေးများတွင် လူကြီး၏အသံနှင့် လူငယ်၏အသံမှာ ဆက်စပ်၍ မရနိုင်လောက်သောအဖြစ် အပျက်များ ပေါ်ပေါက်ခဲ့၏။ နောက်ဆုံး၌ သခင်မြညှိ နှိုင်းဆပ်စပ်ပေးလိုက်သော ကိစ္စဝိစ္စတို့ကို လူကြီးရော၊ လူငယ်ပါ ကျေ ကျေနပ်နပ် လက်ခံလာကြလေသည်။ စင်စစ်သခင်မြသည် လူကြီးနှင့် လူငယ်ကြားတွင် မိမိကိုယ်ကိုယ် မိမိ တံတားခင်းပေးသော ပုဂ္ဂိုလ်ကြီးပင် ဖြစ်လေသည်။
လူ့လောကကြီးသည် ရှေ့နောက်ဆက်စပ်နေခြင်းကြောင့်သာလျှင် ယခုကဲ့သို့ တည်နေခြင်းဖြစ် သည်။ ဤကမ္ဘာပေါ်တွင် လူမျိုးပေါင်း ထောင်ပေါင်းများစွာ နေထိုင်ကြသည်။ အချို့သော လူမျိုးများသည် နှစ်ပေါင်း သုံးထောင်၊ လေးထောင်၊ ငါးထောင်မှ အဆက်မပြတ် တည်ရှိခဲ့ပြီး အချို့လူမျိုးများမှာ လူမျိုးအသက်အားဖြင့် နှစ်ရာ၊ သုံးရာမျှသာ ရှိကြသေး၏။ ထို့ထက်ပင် လူမျိုးသက် နုနယ်သေးသော နိုင်ငံများပင် ရှိကြသည်။ ဤကဲ့သို့ ယနေ့တိုင် မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံအဖြစ်ဖြင့် အသက်ရှည်လာ ခဲ့ကြခြင်းမှာ ရှေ့နှင့်နောက် ဆက်စပ်နေ ခြင်းကြောင့်ပင်ဖြစ်၏။ ကမ္ဘာ့သမိုင်းတွင် ယင်းကဲ့သို့ အဆက် အစပ်မရှိ၍ လူမျိုးပြတ်သွားသည့် သာဓကတို့မှာ များစွာရှိသည်။ နိုင်ငံများ သုဉ်းသွားသည့် သာဓက တို့လည်း များစွာရှိသည်။ ဤသည်ကို ထောက်ရှုသော် လူကြီးနှင့်လူငယ်တို့ကို တံတားခင်းပေးရသော လုပ်ရပ်မှာ နှယ်နှယ်ရရ မဟုတ်ကြောင်း သိရှိနိုင်ပေသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )