မြန်မာပြည်ကို ချစ်တတ်သူများ ပေါများစေချင်

၂၀၂၄ ဖေဖော်ဝါရီ ၁၇

မြတ်ဆရာ
    မင်္ဂလာရှိသော အကြောင်းအရာတစ်ခုက စပြောပါရစေ။ ဒီရက်ပိုင်း Movie တစ်ခုကိုကြည့်မိရင်းမှ ဒီအကြောင်းအရာကို ပြန်ပြောချင်စိတ် ဖြစ်ပေါ်မိခြင်း ဖြစ်ပါသည်။ ထို Movie သည် စိတ်နှလုံး ညွှတ်နူးစေမိသည်ဟုဆိုခြင်ပါသည်။ ထို Movie အတိုထဲတွင် ကျောင်းဆရာတစ်ယောက်ကို သူသင်ခဲ့သည့် တပည့်များက အလည်ဖိတ်ခေါ်သည့် အကြောင်းအရာ ဖြစ်သည်။ ဆရာကို နှစ်ပေါင်းများစွာ ခွဲခွာခဲ့ကြရသည့် တပည့်များက လက်အုပ်ကလေးများချီပြီး သမီးကိုမှတ်မိလား၊ သားကိုမှတ်မိလားဟု ပြောနေသည့်မြင်ကွင်းက ငယ်ဘဝကို ရောက်သွားသကဲ့သို့ ခံစားရမိပါသည်။ ကျွန်တော်တို့သည် အမိအဖ၊ ဆရာသမားများနှင့်တွေ့လျှင် အလိုလို ငယ်သွားသည်ဟု ခံစားရမိကြရဲ့ မဟုတ်လော။ခင်ပွန်း ကြီး ၁၀ ပါး၊ အနန္တောအနန္တငါးပါးတွင် ပါဝင်သည့် မြတ်ဆရာကို ကျွန်တော်တို့သည် အစဉ်ဂါရဝထားခြင်းက မင်္ဂလာမည်သည်ဟု ခံယူထားပါသည်။ ထို Movie လေးကိုကြည့်ပြီး ငယ်ဘဝကိုပြန်ခံစားမိကာ အတိတ်ကို သတိ ရမိ၏။
    ကျွန်တော်၏ ဒုတိယမေမေနှင့် ကျောင်းအုပ် ကြီးအကြောင်း ဖောက်သည်ချလိုပါသည်။ ခြောက်နှစ်သားအရွယ်ကဖြစ်သည်။ ကျွန်တော်တို့ခေတ်က သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးတက်၍ပြီးမှ တစ်တန်းကို တက်ရသည်။ ထိုစဉ်က ကျွန်တော်သည် သူငယ်တန်းလေးနှင့် သူငယ် တန်းကြီးကို ကောင်းစွာမတက်ခဲ့ရပါဘဲ တစ်တန်းသို့ အဆင့်ကျော်၍ တက်ခဲ့ရသည်။ ထိုသို့တက် ခဲ့ရစဉ် တစ်တန်းစတက်သည့်နေ့တွင် ကျွန်တော်၏ ဒုတိယမိခင်ဟု သတ်မှတ်ထားသည့် ဆရာမက ကိုယ့်အမည်ကို ရေးခိုင်းလေသည်။ အဲဒီကစ၍ ကျွန်တော့်မှာ ချွေးပြန်ရလေသည်။ သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးကို အဆင့်ကျော်တက်ခဲ့သည့် ကျွန်တော့်အဖို့  ကကြီး ခခွေးပင် ရေရေလည်လည်မရေးတတ်သူအဖို့ ကိုယ့်အမည်ကို မည်သို့မှ မရေးတတ်။ သူငယ်ချင်းများက သူတို့အမည်ကိုရေးပြီး ဆရာမထံသွား၍ပြလျှင် ဆရာမက မင်နီဖြင့် Good ရေးပေးလိုက်ရာ ပျော်ရွှင်နေကြ သည်ကို ကိုယ့်အမည်မရေးတတ်သည့် ကျွန်တော့်အဖို့ မျက်စိသူငယ် နားသူငယ်နှင့် ငေး၍သာ ကြည့်နေရ၏။ ညနေကျောင်းဆင်းလျှင် အိမ်ပြန်ပြီး စာမတတ်ဘဲနှင့် တစ်တန်းကို ထားကြောင်း အမေ့ကို ငိုကာပြော၏။ ထိုသို့ပြောချိန် အမေ့၏အဖေ ကျွန်တော်တို့အခေါ် အဘကြီးက စာစသင် လေတော့သည်။ သုံးရက်ကျော်ကျော်ခန့်တွင် ရေး တတ် ဖတ်တတ် ဖြစ်သွားလေသည်။ ကျွန်တော် အခက်ဆုံးစာလုံးမှာ 'ဃ'ဖြစ်၏။ အတော်ကြိုးစားခဲ့ရသည်ဟု ပင်ဆိုရမည်။ နောက်ရက် ကျောင်းတက်သောအခါ ကျွန်တော်က ကိုယ့်အမည်ကို ရေးတတ်သွားသဖြင့် ခေါင်းမော့ရင်ကော့ကာ ကျောင်းသို့သွားလေသည်။ ကျောင်းသို့ ရောက်သောအခါ ကိုယ့်အမည်ကိုရေးပြီး ဆရာမထံသွား ၍ပြသည်။ ထိုနေ့က ဆရာမက အခြားသောစာကိုသင်နေရာ ကျွန်တော်က ကိုယ့်အမည်ကို ရေးတတ်ပြီဟု သွားပြခြင်းကို ဆရာမက ကျွန်တော့်ကိုသေချာကြည့်ပြီး "သားလေးက တော်လိုက်တာ"ဟု အပြစ်မဆိုဘဲ မှတ်ချက်ပေးလိုက်ရာ ထိုမှတ်ချက်လေးနှင့် အလွန်ပျော်သောသူ ဖြစ်ခဲ့၏။ ဆရာမသင်သမျှစာကိုလည်း လေးလေးစားစားဖြင့် ကြိုးစားသင်ယူမိလေသည်။
    အတိုချုပ်ပြောရလျှင် ၁၀ တန်းအောင်ပြီး ငယ်ငယ်ကဆရာမနှင့် ကွဲကွာသွားသည်မှာ ၁၀ နှစ် ကျော်သွားခဲ့သည်။ တစ်ခုသောသင်္ကြန်တွင် ကျွန်တော်သည် ဒုလ္လဘဝတ်ချင်မိသည်။ အိမ်က သင်္ကြန်အတွင်း အလုပ်များသောကြောင့် ဒုလ္လဘမဝတ်စေချင်။ သို့နှင့် အိမ်ကို မကပ်ဘဲ ကိုယ့်ဘာသာ ခေါင်းတုံးပြီး မြို့ထဲသို့ သူငယ်ချင်းများနှင့် သင်္ကြန်ကို လည်ပတ်လေသည်။သင်္ကြန်လည်ပြီးအပြန် ငယ်ငယ်ကသင်ခဲ့သည့် ဆရာမနှင့် မတွေ့ရသည်မှာလည်း နှစ်များစွာကြာသောကြောင့် ဆရာမ အိမ်သို့ရောက်အောင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့နှင့် ဆရာမအိမ်သို့ ရောက်အောင်သွားချိန် ဆရာမသည်လည်း သူ၏အိမ်တွင် ရှိနေလေသည်။ ကျွန်တော့် ကိုတွေ့သောအခါ ကျွန်တော်တို့ ငယ်ငယ်က မျက်ဝန်းဖြင့် ဆရာမကကြည့်နေပြီး "သားဘာဖြစ်လာတာလဲ"ဟုအရင်မေးလေသည်။ ထိုအချိန် မျက်ရည်မဆည်နိုင်အောင် ဝမ်းသာသွားကာ ဝမ်းသာမျက်ရည်ကျမိပါသည်။ နှစ်ပေါင်းများစွာ မတွေ့သည်ကို တွေ့တွေ့ချင်း ဆရာမက မှတ်မိသေးသည်ဟု ခံစားချက်နှင့် ကလေးတစ်ယောက်ကဲ့ သို့ ဆရာမရှေ့တွင် ငိုမိပါသည်။ ဆရာမက ခေါင်းတုံးလေးကို လက်နှင့်ပွတ်၍ "ငါ့သားလေးဘာ လို့ငိုရတာလဲ"ဟုမေးရာ "ဆရာမက ကျွန်တော့ရဲ့ဒုတိယမေမေပါ"ဟုပြောပြီး ကျွန်တော်ဆရာမကို ကန်တော့ခဲ့သည်။ ဆရာမကို ကန်တော့ရင်းမှ ကျွန်တော်သည် ဆရာမသင်ကြားပေးခဲ့သည့် စာပေများ အပြင် နှလုံးသားနူးညံအောင် ပြောခဲ့သည့်စကားများကြောင့် မလိမ်မာလျှင်တောင်မှ မယုတ်မာတတ် တော့ဘူးဟု ပြောလိုက်ရာ ဆရာမက သာဓုခေါ်လေသည်။
    သည်ခေတ်သည်အခြေအနေတွင် မိမိ၏ဆရာ၊ ဆရာမများကို သတ်ဖြတ်သူများကို တွေ့ချိန် လောကကြီး ဘာတွေများဖြစ်နေကြပြီလဲဟု စဉ်းစားမိသည်။ သို့သော်လည်း အထက်တွင်ဆိုခဲ့သည့် Movie လေးကိုကြည့်ပြီး မိမိ၏ဆရာကို ကျွန်တော်တို့ကဲ့သို့ မြတ်နိုးတန်ဖိုးထားသူများရှိနေခြင်းကို တွေ့မြင်လိုက်ရာ မင်္ဂလာရှိသည့် အကြောင်းအရာကို မြင်တွေ့လိုက်ရပါသေးသည်ဟုလည်း တွေးမိပါ သည်။

ကစားပွဲအချို့ 
    ပွဲတစ်ခုကို ကြည့်မိရင်းမှ အတွေးပွားစရာများ ပေါ်လာခြင်းအကြောင်းကို ဝေမျှလိုပါသည်။ ထိုပွဲကရေ ကန်ကျယ်ပေါ်တွင် ဝါးလုံးတစ်လုံးတင်ပြီး လူတစ်ယောက် ချင်း ဖြတ်သန်းစေခြင်းဖြစ်သည်။ လူတစ်ယောက် ဝါးလုံးပေါ်ဖြတ်သွားတိုင်း ဝါးလုံးကလှုပ်တုတ်တုတ် ဟိုဘက် ယိမ်း၊ သည်ဘက်ယိမ်း ဖြင့် ပြုတ်ကျတော့မည်ကို လူပေါင်းများစွာက ဝိုင်းကြည့်ပြီး ရယ်ကြမောကြပြုလုပ်နေခြင်းမှ အတွေးပွား မိခြင်းဖြစ်ပါသည်။ ထိုဂိမ်းက လူတစ်ယောက် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်းထက် လူတစ်ယောက် ပြုတ်ကျသွားခြင်းကို ရယ်မောဟားတိုက်ကြသူ ပိုများကြပါလားဟု အတွေးပွားမိခြင်းဖြစ်သည်။ လူ့ဘဝတစ်ခုနှင့် ယှဉ်၍ စဉ်းစားရာ မိမိဖြတ်သန်းရာ လောကဓံတွင် အောင်မြင်မှုကို မုဒိတာပွားမည့်သူထက် ပြုတ်ကျကျဆုံးခြင်းကို ရယ်မောမည့်သူက ပို၍များနိုင်ကြောင်း ဆင်ခြင်စဉ်းစားမိခြင်းဖြစ်သည်။ အချို့ဂိမ်းများသည် ရှောင်လွှဲ၍ ရနိုင်သောလည်း အချို့သောအရာများသည် ရှောင်လွှဲ၍ မရနိုင်ကြောင်း ကိုလည်း စဉ်းစားမိခြင်းဖြစ်ပါသည်။ သို့မို့ ကြောင့် ကိုယ်ကျရှုံးမှုကို ပျော်မည့်သူများ မရယ်မောနိုင်စေရန် သတိကပ်ရမည့်အရာများလည်း ရှိသည်ဟု အတွေးပွားမိခြင်းကို စဉ်းစားရမိသမျှ ပြောပြရခြင်း ဖြစ်ပါသည်။


နွေကျောင်းပိတ်ရက်များ
    နွေဦးရောက်လျင် ကျောင်းများပိတ်သဖြင့် ကလေးငယ်များပျော်ကြသည်။ ကျွန်တော်တို့ သည်လည်း ငယ်ရာမှကြီးလာသဖြင့် ထိုခံစားချက်ကို ကောင်းကောင်းသိသည်။ ခေတ်ခြင်းတော့ မတူပေ။ ကျွန်တော်တို့ခေတ်က အင်တာနက်မရှိ၊ မိုဘိုင်းဖုန်းမကိုင်နိုင်၊ ကျူရှင်မရှိစသဖြင့် အင်တာ တိန့်မန့်များစွာမရှိသဖြင့် ကျောင်းပိတ်ရက်များတွင် စာအုပ်စာပေများသာ ကိုယ့်အတွက် ဖျော်ဖြေရေး ဖြစ်သည်။ စာအုပ်စာပေဆိုသည်မှာလည်း ငါးရာ့ငါး ဆယ်ဇာတ်နိပါတ်မှစ၍ ကျောက်ကွင်းအရေး တော်ပုံကဲ့သို့ ရှိသမျှဖတ်ရသည်။ သိုင်းဝတ္ထုသာမက တွေ့သမျှသတင်းစာအဟောင်း မဂ္ဂဇင်းအဟောင်း မချန်ဖတ်ရသည်။
    စာဖတ်သည်ဆိုရာတွင်လည်း ရှိသမျှဖတ်ခြင်းကြောင့် 'တို့တာဝန်အရေးသုံးပါး'ပါမချန် ဖတ်ခဲ့ရသည်။ 'ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး'ဆိုသည်ကို အလွတ်ပင်ရခဲ့ပါသည်။ ယခုလည်း စာအုပ်များကို အဆင်ပြေသလို ဖတ်ဖြစ်သေးသည်ဟု ပြောနိုင်ပါသည်။ သို့သော်လည်း ကျွန်တော်တို့ ငယ်ငယ်က ကဲ့သို့ စာအုပ်တိုင်း တွင် 'တို့တာဝန်အရေးသုံးပါး'မပါ တော့သည်ကို သတိပြုမိပါသည်။ နိုင်ငံသားတိုင်း၏တာ ဝန်သုံးပါး သည် ယနေ့ခေတ်တွင် အရေးမပါ၍ မထည့်ကြသည်လားမသိဟု စဉ်းစားမိပါသည်။ ထို့အပြင် တို့ တာဝန်အရေးသုံးပါးက မလိုအပ်သောကြောင့် မသုံးကြတော့ သည်လားမသိဟု တို့တာဝန်အရေးသုံးပါး ပါ ဝင်သည့် စာအုပ်အဟောင်းများထဲတွင် ပြန်ရှာကာ ဖတ်မိပါသည်။


ဒီတိုင်းပြည်၊ ဒီရေမြေကိုချစ်ပါ
    ယမန်နှစ်ခန့်က ဖတ်မိခဲ့သည့်စာလေးတစ်ပုဒ်ကို သွား၍သတိရမိသည်။ ထိုစာကိုရေးသူက အမေရိကားကိုထွက်ပြေးသွားသည့် အနီးရောင်စာရေးဆရာ ဖြစ်သည်။ သူက အမေရိကားတွင် ဟိုတယ်တစ်ခု၌ ဒလဝန်သာသာ အလုပ်လုပ်ရကြောင်းနှင့် မြန်မာပြည်ကို လွမ်းကြောင်း ဖြစ်လေသည်။ သူဆိုလိုသည့်စာက အမေရိကားတွင် အိမ်ခြေရာမဲ့များ အလွန်များပြားပြီး ရသည့်လစာနှင့် အခွန်ထမ်း ဆောင်ရသည့်အကြားတွင် အသက်ရှူကြပ်မတတ်ရုန်းကန်နေရသည်ဟု ဆိုလေသည်။ မြန်မာပြည်က အလုပ်အကိုင်မရှိလျင်ပင် တစ်ဦးကိုတစ်ဦးဖေးမခြင်းရှိသကဲ့သို့ ဘူးစုတ်ခွက်စုတ် ကောက်ရောင်းရာ မှ ချမ်းသာနိုင်သေးကြောင်း စာတစ်တန်ပေတစ်ဖွဲ့ မြန်မာပြည်လွမ်းကြောင်း ရေးထားလေသည်။ သည်နိုင်ငံလောက် ချစ်စရာကောင်းသည့် ဓလေ့များရှိသည်ကိုသည်နိုင်ငံ၊ ဒီတိုင်းပြည် မကောင်းကြောင်း ပြောနေသူ များကိုလည်း အံ့သြမိပါသည်။ လက်ရှိအခြေအနေ အချို့ကို ကြည့်တတ် မြင်တတ်လျှင် သည်တိုင်းပြည်က လူမှုပတ်ဝန်းကျင် လေးစားစရာကောင်းသေးကြောင်း ထုတ်နုတ်ပြလို ပါသည်။ မကြာသေးမီက ကျွန်တော်တို့ အညာသူမကြီး မဝေေ၀မြင့်ကို ကြည့်ပါဦး။ ရပ်ရွာအလှူ ပွဲတစ်ခုတွင် ပါဝင်သည့် စတိတ်ရှိုးတစ်ခုကို အားပါးတရ စီးမြောနေ သည့်ပုံရိပ်များကြောင့် လူချစ်လူခင် ပေါများကာ ဟုန်းဟုန်းထ ကျော်ကြားသွားခဲ့ရဲ့ မဟုတ်လား။ ထိုရိုးသားသည့် အပြုအမူကြောင့်ပင် မဝေေ၀မြင့် အညာသူမကြီးကို ကြော်ညာရိုက်သူ ကူညီသူများစွာ ပေါ်ထွက်လာခဲ့ပြီး အဆင်ပြေသွား ခဲ့သည်က မျက်မြင်ပင်ဖြစ်သည်။ သူနှင့်အတူ မျက်မမြင်တစ်ဦးဖြစ်သူ ကိုအောင်ကိုကိုဆိုလျှင် သူ၏သီဆိုမှု ကောင်းသောကြောင့်  ဂရုဏာသက်သူများ စွာရှိနေရာ ကူညီမည့်သူ လည်း များစွာပေါ် ထွက်လာလေသည်။ လူတစ်ဦးဆိုလျှင် ကိုအောင်ကိုကိုသို့ဖုန်းဆက်ပြီး သူ၏ အမြင်အာရုံမျက် ကြည်လွှာကို လှူဒါန်လိုကြောင်းပြောရာ ကြက်သီးများ ပင်ထမိပါ၏။ ဒီအရာများသည် နိုင်ငံရေးမပါ၊ လူကို လူအချင်းချင်း ရိုင်းပင်းကူညီစိတ်များ ရှိနေကြသေးသည် ကို တွေ့မြင်ရသူတိုင်း ကြည်နူးကြရဲ့ မဟုတ်လား။ ယနေ့ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများထဲမှ စိတ်နှလုံးသား ညစ်နွမ်း ဖွယ်ရာများကို မပြောလိုခြင်းကြောင့် စိတ်နှလုံးညွှတ်နူးရမည့်အရာများကိုသာ ရှာဖွေကြည့်မိ စဉ်းစားမိပါသည်။ ကိုယ်ချင်း စာတရားနှင့် နှလုံးသားညွှတ်နူးသူများ ဤနိုင်ငံတွင် များပြားပါစေကြောင်း အပြင် အနိဋ္ဌာရုံများမမြင်ရမကြား ရပါစေဟု ဆုတောင်းမိပါသည်။

ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 611

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.