မြန်မာပြည်ကို ချစ်ပါ

၂၀၂၅ ဇန်နဝါရီ ၂၅

ပြင်ဆင်ကြပြီ
    ဆောင်းနှောင်းကာလ ချမ်းအေးမှု ပိုနေသည်။ ဆောင်း၏ ချမ်းအေးခြင်း အငွေ့အသက်ကို ခံစားချင်နေသည့်ဆန္ဒ ပြည့်ဝသွားသည်ဟု ဆိုနိုင်ပါသည်။ ဆောင်းတွင်း အအေးပိုလာသည့်အချိန် ငယ်ဘဝကို လွမ်းမိပါသည်။ ငယ်ငယ်တုန်းကဆိုလျှင် ဆောင်းမနက်ခင်းများတွင် မီးဖိုလေးဖိုကာ မိသားစုလိုက် မီးလှုံကြသည်။ အမေ၏အဖေ ကျွန်တော်တို့၏ အဘိုးက ရေနွေးကရားတစ်လုံး၊ လက်ဖက် တစ်ခွက်နှင့် ဆောင်း၏အချမ်းဒဏ်ကို အန်တုသည်။ ကျွန်တော့်အဖေက ပေါင်းတင်းဝါး (ခေါ်) ကောှက်ညင်းကျည်တောက် တစ်ခါတစ်ရံ မီးလှုံရင်းဖုတ်ပေးသည်။ ထန်းပင်မြစ် ဖုတ်ပေးသည့်အခါလည်း ရှိ၏။ပြောင်းဖူးလည်း ဖုတ်ပေးသည်။ ချမ်းအေးသည့်အချိန် ပူပူနွေးနွေး စားရသည့် အရသာနှင့် မိသားစုလိုက် နွေးနွေးထွေးထွေး နေရသော အရသာကို ပြန်လည်လွမ်းဆွတ်မိခြင်း ဖြစ်ပါသည်။ ဆောင်းကုန်လျှင် လာမည့်နွေတွင် ရွာထဲ၌ မည်သူက အလှူပေးမည်၊ မည်သူက မင်္ဂလာဆောင်မည်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောကာ ကြိုတင်စိတ်ကူးနှင့် ပျော်ရွှင်ရသည်။ ယခုလည်း ထိုကာလများကို လွမ်းမောမိသဖြင့် မရောက်သည်မှာ ကြာပြီဖြစ်သည့် ရွာက သူငယ်ချင်းများကို ဖုန်းဆက်၍ အလှူအတန်း ရှိမရှိလည်း မေးဖြစ်မိသည်။ အံ့သြစရာ ကောင်းလွန်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ တစ်ခါတစ်ရံ မိုင်းဗုံးကွဲသံ၊ သေနတ်သံများ ကြားရသည့် အရပ်ဒေသတွင် အလှူအတန်း အေးအေးဆေးဆေး လုပ်လို သူများ ရှိပါ့မလားဟု ထင်မိသောကြောင့် ဖြစ်သည်။ သားရှင်ပြု အလှူလုပ်မည့်သူများ၊ ပဋ္ဌာန်းပွဲ ကျင်းပ မည့်နေရာများ ပဋ္ဌာန်းပွဲအတွက် ဆွမ်းကျွေးမည့် အလှူရှင်များက ပြင်ဆင်နေကြကြောင်း ပြောသဖြင့် ကြည်နူးမိရသည်။
    ထိုကဲ့သို့ ဖုန်းဆက်နေသည်ကို မဒမ်ကကြားပြီး သူတို့ အရပ်ဒေသတွင်လည်း နှစ်စဉ် တပေါင်းလ ပဋ္ဌာန်းပွဲပါဝင်ကြောင်းနှင့် သည်နှစ်တပေါင်းတွင် သူတို့ အိမ်မှ ဆွမ်းတစ်နပ်ကျွေးမည်ဟု ဆိုလေ သည်။ ထိုဆွမ်း ကျွေးပွဲအတွက်လည်း ကုသိုလ်ပါဝင်လိုကြောင်းဆိုသဖြင့် အလှူကြီး မပေးနိုင်ပေမယ့် ဤကဲ့သို့ လှူခွင့်ရချိန် လှူဒါန်းပါဟု ပြောလိုက်သည်။ မြန်မာမှန်လျှင် အလှူအတန်းနှင့် ကင်းကွာ၍ နေနိုင်ခဲကြသည် မဟုတ်လား။ ထိုကဲ့သို့ အလှူအတွက် ပြင်ဆင်နေသည့် သတင်းကို ကြားရချိန် ကုသိုလ်စိတ် စဖြစ်မိသည်ဟု ခံစားမိပါသည်။ မိတ်ဆွေများလည်း ကုသိုလ်များ တိုးပွားနိုင်ပါစေဟု ဆုတောင်းမေတ္တာ ပို့သပါသည်။


ပညာရှိတို့ ပညာရှာကြသည်
    နွေရာသီ ကျောင်းပိတ်ရက်များလည်း နီးကပ်လာပြီဖြစ်သည်။ ကျောင်းမျာမပိတ်ခင် ပညာရေးစုံညီပွဲတော်များလည်း ကျင်းပနေကြသည်။ ဤကဲ့သို့ ပွဲတော်များက ဆရာနှင့်မိဘများ ပို၍နီး စပ်စေသော ပွဲဟုဆို လျှင်လည်းမှားမည်မထင်ပေ။ ကလေးများက ပညာရေး စုံညီပွဲတော်တွင် ဝင် ရောက် ကခုန်လိုသူများလည်း များကြရဲ့မဟုတ်လား။ တူညီဝတ်စုံဝယ်ရန်၊ အကတိုက်ရန်၊ အလှပြင်ရန်အတွက် ဆရာများနှင့်မိဘများ စုစု စည်းစည်း တိုင်တိုင်ပင်ပင် လုပ်နေသည်ကို မြင်တွေ့ရသည်က စိတ်ချမ်းသာစရာ ဖြစ်နေသည်။ ထိုမြင်ကွင်းကို မြင်တွေ့ချိန် ကိုယ့်အရပ်ဒေသက ကလေးငယ်တို့၏ အခြေအနေကို သတိရမိသည်။ သူတို့ကျောင်းမှ တက်ခွင့်ရှိပါ့မလားဆိုသည့် အတွေးနှင့် ဖြစ်သည်။ သို့နှင့်မိတ်ဆွေ သူငယ်ချင်းများကို ဖုန်းဆက်၍ မေးဖြစ်သည်။ပညာရေးအတွက် စိတ်ပူမိသောကြောင့်ပင် ဖြစ်သည်။ ကျွန်တော်တို့နယ်ဘက် အညာဒေသအချို့တို့တွင် ယနေ့အထိ ကျောင်းများ မဖွင့်နိုင်သေးဟုဆိုသဖြင့် စိတ်မကောင်းလည်း ဖြစ်ရသည်။
    ဒီမိုကရေစီ၊ လူ့အခွင့်အရေးဟု ကြက်တူရွေး စာချသကဲ့သို့ အော်နေသူတို့က ပညာရေးကို ရန်ရှာခဲ့ကြသဖြင့် ကျောင်းများ မဖွင့်နိုင် ဖြစ်ရသည်ဟုဆိုလျှင် ထိုအဖြစ်အပျက်သည် မြန်မာနိုင်ငံ၌ အမှန်တကယ်ရှိခဲ့ကြောင်း သမိုင်းတင်ခဲ့ချင်သလို သမိုင်းလည်း ဝင်စေချင်သည်။ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းပြောရလျှင် ပညာမရှိသူတို့က ပညာရှာခြင်းကို အားမပေးခြင်းဖြစ်ပြီး၊ ပညာရှိသူတို့သာ ပညာကို တန်ဖိုးထားကြသည်ဟု ဆိုရမည်ဖြစ်သည်။ ပညာမရှိသူတို့၏ စကားကို ပညာမဲ့များသာ နှစ်သက်ကြရဲ့ မဟုတ်လား။

ဂုဏ်ယူနေကြသတဲ့ဗျာ
    ၂၀၂၅ နှစ်သစ်ကူးချိန် ဖတ်လိုက်ရသည့် သတင်းတစ်ပုဒ်အပေါ် ပြောပြချင်မိပါသည်။ ပညာမဲ့ သည့်လုပ်ရပ်လား၊ ပညာရှိသည့် လုပ်ရပ်လားဆိုသည်ကို မိတ်ဆွေများကိုယ်တိုင် ဆုံးဖြတ်ပါဗျာ။ 'မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ စစ်ကောင်စီတပ်သားများ စိုက်ပျိုးထားသည့် ပဲခင်းများကို တော်လှန်ရေးတပ်ဖွဲ့များက  ဝင်ရောက်ရှင်းလင်း'ဆိုသည့် သတင်းကို ဖတ်လိုက်ရ ခြင်းဖြစ်သည်။ ထိုစာကို ဖတ်လိုက်ရသည့်အချိန် 'ဘာအကျိုးရှိလဲ'ဆိုသည့် စိတ်ခံစားချက် ပေါ်လာမိ၏။ စိုက်ပျိုးရေးလုပ်သူများ ဆိုသည်မှာ ကျွန်တော်တို့ လေးလေးစားစားခေါ်ဝေါ်ခဲ့ကြသည့် 'တောင်သူလယ်သမားဦးကြီးများ' ဖြစ်ကြသည်။ ထိုတောင်သူလယ်သမားဦးကြီးများ စိုက်ပျိုးထားသည့် ပဲခင်းကို ဖျက်ဆီးနိုင်ခြင်းကို ဂုဏ်ယူစွာနှင့် သတင်းမီဒီယာဆိုသည်ကို တင်ပြနေကြသည်။
    သတင်း မီဒီယာအမည်ခံသူများ၏ ဉာဏ်ရည်သည်လည်း ဤကဲ့သို့ သတင်းမျိုးကို ဂုဏ်ယူစွာနှင့် တင်ပြပေးလေသည်။ သည်သတင်းများသည် သမိုင်းအဖြစ် မှတ်တမ်းကျန်ခဲ့မည် ဖြစ်သည်။ သူအကျိုးမရှိ၊ ကိုယ်အကျိုးမရှိသည့် လုပ်ရပ်ကို ဂုဏ်ယူနေသည်ကို မြင်ရတွေ့ရသည်မှာ မရယ်ကောင်းသည့် ဟာသတစ်ပုဒ်အဖြစ် ပြုံးမိသည်။ သည်ကြားထဲ အဲဒီလိုဖျက်ဆီးသည့်သူများကို အားပေးအားမြှောက် လှူဒါန်းသူများက ရှိနေပြန်၏။ ကိုယ့်အတောင်ပံ ကိုယ်ကိုက်ဖြတ်သည့် ငှက်ကဲ့သို့ ကိုယ့်ကိုဖျက်ဆီးမည့်သူများကို အားပေးနေခြင်းများ ဖြစ်နေပြီလားဟု မစဉ်းစားနိုင်ကြပါလားဆိုပြီး သနားရုံကလွဲပြီး ပြောပြစရာ စကားမရှိတော့ပေ။ ကျွန်တော် မှတ်မိသေးသည်။ ဆန္ဒများ ပြစဉ်ကဖြစ်သည်။
    ကျွန်တော်တို့ ယင်းမာပင်မြို့နယ်ထဲမှ စိုက်ပျိုးရေးရုံးတစ်ရုံးကို ဝန်ထမ်းများ မနေနိုင်အောင် ရန်အန္တရာယ်ပြုကြသည်။ ဝန်ထမ်းများသည်လည်း ရန်အန္တရာယ် ပြုခံနေရသဖြင့် ထွက်ပြေးကြရသည်။ ထွက်ပြေးသည့်အခါ ပစ္စည်းပစ္စယများစွာ ကျန်ခဲ့ရသည်။ ထိုပစ္စည်းများစွာကို ယူသူကယူ၊ ဖျက်ဆီးသူက ဖျက်ဆီးနှင့် အောင်ပွဲခံကြသည်။ ထိုကဲ့သို့သတင်းမျိုးကို ဂုဏ်ယူစွာနှင့် အရပ်ထဲ လှည့်ပြောသူက ရှိသေးသည်။ ကိုယ့်ပစ္စည်းမဟုတ် သူတစ်ပါးပစ္စည်းကို ဖျက်ဆီးရသည်ကို ဂုဏ်ယူစွာပြောနေသည့် သူများကို ကျွန်တော်သေချာစွာ ကြည့်ဖူး၏။သူတို့၏ အသွင်သဏ္ဌာန်သည် ဘီလူးရုပ်ဆန်နေသည်ဟု ခံစားမိသည်။
    ဤကဲ့သို့ အကုသိုလ်မျိုးထဲ ကျွန်တော်နှင့် ကျွန်တော့် မိတ်ဆွေများကို မပါဝင်စေချင်ပါဘူးဗျ။ ကျွန်တော်တို့သည် သူတစ်ပါးကို ကျေးဇူးပြုချင်သူ၊ သူတစ်ပါးကို ကူညီသူ၊ သူတစ်ပါး ကောင်းစား သည်များကို မုဒိတာပွားနိုင်သူသာ ဖြစ်ချင်မိပါ၏။ ဖျက်ဆီးရခြင်းများစွာကို ဂုဏ်ယူနေသည့်အထဲ ကျွန်တော်တို့ မပါဝင်ချင်သကဲ့သို့ ထိုကဲ့သို့အရာကို အားပေးအားမြောက်လည်း မပြုလုပ်နိုင်ပါ။ သံသရာက လည်နေမည်ဖြစ်သည်။ ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ ကိုယ်ခြင်းစာတရားကိုသာ လက်ကိုင်ထားလျှင် နှစ်လုံးစိတ်ဝမ်း အေးချမ်းမည်ဟု အတိအကျ ယုံကြည်မိပါသည်။

သည်တိုင်းပြည်၏ ကံကြမ္မာ 
    မြန်မာနိုင်ငံ၏ကံကြမ္မာကို မြန်မာနိုင်ငံသူ နိုင်ငံသားများ ဖန်တီးခွင့်ခံစားခွင့် ရှိသည်ဟုဆိုလျှင် ငြင်းခုံမည့်သူ ရှိမည်လော။ မငြင်းကြပေမယ့် ထိုကဲ့သို့ မရိုးရှင်းသူများစွာ ရှိကြသောကြောင့် အမုန်းတရားနှင့် ပဋိပက္ခများ ဖြစ်နေခြင်းဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသည်။ အခြား ပြည်များကို အားကိုးပြီး ကိုယ့်ပြည် ကိုယ်ဖျက် ဒုက္ခပေးရသည့်အလုပ်ကို ကျေကျေနပ်နပ် လုပ်သူများကိုလည်း အံသြမိပါသည်။ ပြည် သူ့အတွက် ပြောထားသည့်သူများ လုပ်ဆောင်ခဲ့သည့် ပူပူနွေးနွေး အကြောင်းလေး ပြောပါရစေ။ ၂၀၂၅ ဇန်န ဝါရီ ၁၇ ရက်က ဖြစ်သည်။
    မုံရွာနှင့် မနီးမဝေးတွင်ရှိသော စစ်မှုထမ်းဟောင်းရပ်ကွက်အပေါ် Drop Bomb ချသည်။ ထိုရပ် ကွက်က Jumber ရှိ၍ ထင်သည်။ ထိုရပ်ကွက်သို့ မကျ။ လူနေရပ်ကွက်နှင့် ဈေးဆိုင်များအကြား Drop Bomb များ ကျရောက်ပေါက်ကွဲလေတော့သည်။ ကံကောင်း ကံဆိုးဟု ဆိုရမလား။ လူမထိခိုက်၊ ပစ္စည်း အနည်းငယ်သာ ပျက်စီးခဲ့ကြသည်။ ဘယ်သူတွေများ ထိခိုက်သလဲဟု မေးရလျှင် ပြည်သူများသာ ထိခိုက်ရသည်ဟု တပ်အပ် ပြောရမည်ဖြစ်သည်။ ဤပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြ ကုန်သော ပြည်သူများ မထိခိုက်စေရန် ဆောင်ရွက်နိုင်ကြပါစေဟု ဆုတောင်းပါရစေ။
(ရွှေထီး)  
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 142

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.