၂၀၂၄ ဇွန် ၃၀
မြန်မာစိတ်ရင်း
မြန်မာစိတ်ရင်းဟု ပြောရမည်ဆိုလျှင် ရှက်စရာကောင်းသည့် မြန်မာများ များစွာတွေ့မြင်နေရသည်။ ရှက်စရာကောင်းသည့် အကြောင်းအရာက အခြားမဟုတ် မြန်မာနိုင်ငံကို ပျက်စီးရာပျက်စီးကြောင်း တည်ငြိမ်မှုကင်းမဲ့စေလိုကြောင်းများကို များစွာအားထုတ်နေကြသည့် ပြည်ပြေးမြန်မာနိုင်ငံ သားများသည် မြန်မာဟု မပြောသင့်လောက်အောင် ရှက်စရာကောင်းသူများဟု ဆိုနိုင်ပါသည်။ ထိုပြည်ပြေး အကုသိုလ်အကြောင်းအရာများကို အစဉ်တွေးတော ကြံဆနေသူများနှင့် မတွေ့လို၊ မမြင်လိုသော်လည်း ပတ်ဝန်းကျင်နှင့် နေထိုင်ရသောအခါ သူတို့နှင့်ဆက်စပ်၍ မြင်သိကြားမိနေရခြင်း များစွာရှိသည်။ မှတ်မှတ်ရရ တစ်ခုပြောရလျှင် ၂၀၂၁ ခုနှစ် ခန့်ကဖြစ်သည်။ နံနက်စောစောကြီး အချိန်တွင် ဆွေမျိုးမကင်း သူတစ်ယောက်က သတင်းတစ်ပုဒ်ကို အသံကျယ်ကျယ်ဖတ်ပြီး အတင်းတုပ်နေလေသည်။ အကြောင်းအရာက သီတဂူဆရာတော်ဘုရားကြီး ဟောသည့်တရား ထဲတွင် KIA နှင့်ပတ်သက်သည့် အကြောင်းအရာပါဝင်သည့် အကြောင်းအရာကို သတင်းဖတ်သူက အတင်းတုပ်နေခြင်းဖြစ်၏။ နံနက်စောစော အိပ်ရာထ မင်္ဂလာအကြောင်းအရာမပြောဘဲ အတင်းတုပ်နေသူကို အမြင်ကပ်သွား၏။ ထို့ကြောင့် အတင်းတုပ်နေသူကို "နင့်အရေးအရာ ဘာပါလို့လဲ"ဟု တစ်ခွန်းတည်း ငေါက်ငန်းလိုက်ရာ ငြိမ်ကုပ်သွား၏။
ထိုကဲ့သို့ငြိမ်သွားမှ ဆရာတော်ကြီးစွမ်းဆောင် ထားသမျှထဲက သုညဒသမနောက်က ရာခိုင်နှုန်းပိစိ ညှောက်တောက်ခန့်ကိုပင် ဆောင်ရွက်ခဲ့ဖူးသလားဟု မေးခွန်းထုတ်မိသည်။ ငြိမ်ကုပ်ရာမှ အသံပို၍တိတ်သွားသည်။ ကိုယ့်ပတ်ဝန်းကျင်မှာ ထီဆုကြီးပေါက်သည့်သူ မည်မျှတွေ့ဖူးသနည်းဟု ထပ်၍မေးခွန်းထုတ်သည့်အပြင် ထီဆုကြီးပေါက်သူသာ မတွေ့ဖူးဘဲ သီတဂူဆရာတော် ကြီး၏ အခမဲ့ မျက်စိကုသပေးသည့် ဆေးရုံဆေးခန်းကို ကုသဖူးသူ အလွယ်တကူရှာ၍ တွေ့နိုင်သည်ဟုပြော ဖြစ်၏။ လူဆိုသည်မှာလည်းခက်၏။ အကောင်းမြင်စိတ်လည်း နည်းကြသည်။
ယခင်က ဆိုဖူးသည့်အကြောင်းအရာ ပြန်ပြောရလျှင် ဆရာကြီးမင်းသုဝဏ်နှင့် နိုင်ငံခြားသားများအကြောင်း ပြန်ပြောလို၏။ နိုင်ငံခြားသားများကို ဆရာကြီးမင်းသုဝဏ်က ရွှေတိဂုံဘုရားကို လိုက်ပို့၏။ ရွှေတိဂုံဘုရားသို့ အရှေ့ဘက်ဆောင်းတန်းမှ တက်ရောက်ရာ နိုင်ငံခြားသားတစ်ဦးက ခွေးချေး ပုံကိုမြင်ပြီး နှာခေါင်းရှုံ့၍ပြောသည်က ဘုရားတက်သည့်လမ်းတွင် ခွေးချေးပုံမြင်မကောင်းဟု ဆိုလေသည်။ ထိုအချိန် ဆရာကြီးမင်း သုဝဏ်က "ကိုယ့်ရှေ့မှာ ရွှေအပုံလိုက်ရှိနေတဲ့ ရွှေတိဂုံကိုတော့ မချီးကျူးဘူး၊ ဘာမဟုတ်တဲ့ ခွေးချေးပုံကိုကြမြင်တတ်တယ်"ဟု ဘုတောလိုက်ရာ ထိုနိုင်ငံခြားသား ဇာက်ပု သွားရရှာလေသည်ဟု ဖတ်ဖူးမှတ်ဖူးပါ၏။
လူဆိုသည့်အမျိုးက ထိုကဲ့သို့ဖြစ်သည်။ အချို့ ဆရာတော်ကြီးများကို နိဗ္ဗာန်ရောက်ကြောင်း တရားမဟောဟုဆိုကာ အပြစ်တင်ကြ၏။ နိဗ္ဗာန်ရောက်ကြောင်းဟောသည့် တရားတော်ပေါင်းများစွာနှင့် တရားစခန်းများစွာ မြန်မာပြည်တွင်ရှိပါသည်။ ထိုကဲ့သို့ အပြစ်တင်နေသူများတွေ့လျှင် နိဗ္ဗာန် ရောက်ကြောင်း တရားမဟော ဟုပြောလျှင် ကျွန်တော်က တရားစခန်းတစ်ခုခုကိုသာ လမ်းညွှန်ပေးလိုက်၏။ အခြားသူများ၏ ပါးစပ်ဖျားတွင် လမ်းမဆုံးရန်လည်း ပြောဖြစ်သည်။ အထက်တွင်ပြောခဲ့သည့်စကား ပြန်ကောက်ရလျှင်၏ တိုင်းပြည်ကို ပျက်စီးစေလိုသော သူများက အကြောင်းအရာ အရေးတစ်ခုခု ပေါ်ပြီဆိုလျှင် ဘေးတီးမီးထိုးကြမည်ဖြစ်သည်။ သူတို့က ပြည်သူအတွက်ဟုဆိုပြီး ပြည်သူများနှင့် ဆိုးအတူ ကောင်းအတူမနေဘဲ ပြည်ပသို့ ထွက်ပြေးသွားကြသူများသာဖြစ်၏။ သူတို့ဘေးတီးမီးထိုးတိုင်း သူတို့ပါးစပ်ဖျားတွင် လမ်းမဆုံးကြပါစေနှင့် ဉာဏ်အမြော်အမြင်ရှေ့ထားကာ ချင့်ယုံနိုင်ကြပါစေဟုသာ ဆိုချင်ပါသည်။
အသံများ
သည်ရက်ပိုင်းဖြစ်သွားသည့် ကိစ္စအားလုံးသိ ပြီးကြမည်ဖြစ်သည်။ အကြောင်းက ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်၏ ဖြစ်စဉ်အပေါ် အမျိုးမျိုးသွေးထိုးမြှောက် ပင့်နေသည်ကို သိရှိပြီးကြပြီဖြစ်သည်။ အကြောင်းအရာသည် ရှင်းရှင်းလေးဖြစ်ပါသည်။ ထိုရှင်းရှင်းလေးကို မရှုပ်ရှုပ်အောင် လိုက်၍ ရှုပ်နေကြသူများကို ကြည့်ပြီး သည်တိုင်းပြည် မတည်ငြိမ်မှ သူတို့တွေ အနေအစား ချောင်နေပါလားဟု အတွေးပေါ်မိသည်။ NUG လက် ဝေခံ PDF များက သံဃာတော်အပါး တစ်ရာခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်အချိန်တုန်းက ပိတ်နေသည့် ပါးစပ်များက အသံမျိုးစုံထွက်လာ၏။ ယခုဖြစ်စဉ်၏ ရည်ရွယ်ချက်နှင့် နှိုင်းယှဉ်လို၍ ပြောခြင်းမဟုတ်။သည်အကြောင်းအရာကို ပြောမည်ဆိုလျှင် PDF များ သတ်ခဲ့သည့် သံဃာများ၏ အကြောင်းအရာကိုလည်း နှုတ်ဆိတ်မနေသင့်ပေဘူးလား။ ယခုဖြစ်စဉ်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမဟုတ်။ ဆရာတော်စီးနင်း လာသည့်ယာဉ်သည် RLG နံပါတ်အဝါ တပ်ဆင်မထားခြင်း၊ လုံခြုံရေးတပ်ဖွဲ့များ၏ တားဆီးစစ်ဆေးခြင်းကို မခံယူချိန်တွင် ထိုဖြစ်စဉ် ဖြစ်ပေါ်သွားခြင်းဖြစ်သည်။ ယနေ့ခေတ် အခြေအနေသည် ရန်သူမိတ်ဆွေ မသဲကွဲချိန် လက်နက်သယ်သည့် ယာဉ်လား၊ မူးယစ်ဆေးသယ် သည့်ယာဉ်လား အစစ်ဆေးမခံသည့်အတွက် လုံခြုံရေးရှုထောင့်က အမြင်ဖြင့် ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်သည်။ ထိုအကြောင်းအရာကို အဆင့်မြင့်အရာရှိကြီးများနှင့် စုံစမ်း ဖော်ထုတ်သွားမည်ဟု သိရသည်။
ထိုကိစ္စအပေါ် မသိချင်ယောင်ဆောင်ကာ အခြားသူကို အပြစ်လွှဲမချဘဲ စနစ်တကျစုံစမ်းမည် ဖြစ်ကြောင်း အားလုံးလည်း သိပြီးဖြစ်ပါမည်။
အမှားကို အမှန်ထင်နေကြသူများ
မနှိုင်းအပ်မယှဉ်ရာ PDF များသတ်ဖြတ်ခဲ့သည့် သံဃာတော်အပါးတစ်ရာ ဝန်းကျင်နှင့်ပတ်သက်၍ NUG က အသံတစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ဖူးပါသလား။ ပြည်ပြေးများနှင့် ပြည်ပြေးမီဒီယာများကပင် အသံတစ်စုံ တစ်ရာထွက်ခဲ့ဖူးပါလား။ ဘင်္ဂါလီဖြစ်စဉ်လောက်ပင် အရေးမထားခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။သည် ဖြစ်စဉ်နှင့်ပတ်သက်၍ PDF တစ်ယောက်ပြောထားသည့် စကားကိုလည်း သိရှိကြမည်ဖြစ်သည်။ သံဃာတော် အပါး ၉၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်း၊ စစ်တပ်ထောက်ခံခြင်း၊ ဒလန်လုပ်ခြင်းကြောင့် သတ်ဖြတ်ခဲ့သည်ဟု သူတို့ လုပ်ရပ်မှန်ကန်သည့်သဘောဖြင့် ပြောနေလေသည်။ ထိုသတ်ဖြတ်ခြင်းက မှန်ကန်ခြင်းထင်နေပြီး လူပေါင်းများစွာ သတ်ဖြတ်ရန် လက်နက်များနှင့် ဖမ်းမိခဲ့သည့် ဖြိုးဇေယျာသော်၊ ဂျင်မီတို့ကို တရားဥပဒေအရ ဖြေရှင်းခွင့်ပေးပြီး ကြိုးမိန့်ပေးခဲ့ခြင်းကိုတော့ ဆင့်ဟိုဟာအနာလုပ်ပြီး လူ့အခွင့်အရေးဘာညာအော်ကြလေသည်။ သူတို့နှစ်ဦး၏ ကြိုးပမ်းမှုကြောင့် လူပေါင်းများစွာသေကျေ ခဲ့ခြင်းကိုတော့ မျက်ကွယ်ပြုထားပြီး အော်ဟစ်ခဲ့ကြသည် မဟုတ်လား။ NUG တို့ဘက်သည် ထိုကဲ့သို့ရှိကြကုန်၏။အမှားကို အမှန်ထင်နေပြီး ထိုအမှားကိုပင် ထပ်ဖန်တလဲလဲ ပြုကျင့်နေကြလေသည်။
နိုင်ငံတော်ကို ချစ်မြတ်နိုးပါ
ဖုန်းမဆက်ဖြစ်သည်မှာ နှစ်ပေါင်းအတော် ကြာသည့် သူငယ်ချင်းနှင့်စကားပြောဖြစ်သည်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ အေးချမ်းလားဟု အဓိကမေးဖြစ်သည်။ လက်ပံတောင်းကြေး နီစီမံကိန်းနှင့် နီး၍လားမသိဟု ဆိုလေသည်။ လုံခြုံရေးအပြည့်အဝနှင့် လွန်စွာ အေးချမ်းနေလေ သည်ဟု ဆိုလေသည်။ ထိုနေရာတွင် ထူးဆန်းသည့်အကြောင်း ပြောလေသည်။သူ ငယ်ချင်းတစ်ယောက်အကြောင်း ဖြစ်၏။ ထိုသူငယ်ချင်း ဘာလုပ်နေသည်ထင်သလဲမေးရာ 'မသိဟု' ပြန်ပြောဖြစ်၏။ သပိတ်စစ်ကြောင်း ဆန္ဒပြသည့်အလုပ်ဖြင့် အနေအစားချောင်နေသည်ဟု ဆိုလေသည်။ ပိတ်စအဖြူ ပေါ်တွင် အနီရောင်စာလုံးရေးပြီး လူနှစ်ယောက်တစ်ပိုင်းခန့်ဖြင့်ဆန္ဒပြကာ ဓာတ်ပုံရိုက်သတင်းတင်၍ အလုပ်ဖြစ်နေသည်ဟု ဆိုလေသည်။
ထိုအကြောင်း ပြောဖြစ်သောအခါ ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဒေသကိုရော ချစ်ရဲလားဟုပြန်မေး ဖြစ်၏။ သူငယ်ချင်းက အဲဒီလောက်မတွေးလို့ လွယ်ရာလုပ်စားနေသည်ဟု ဆိုလေသည်။ အဓိကက ဦးစွာ ကိုယ့်ကိုယ်ကိုယ်ချစ်ရမည်။ ပြီးလျှင် မိသားစုကိုချစ်ရမည်။ကိုယ့်ပတ်ဝန်းကျင်ကို ချစ်ရမည်။ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်မြို့ကို ချစ်ရမည်။ ထိုကဲ့သို့ ချစ်မြတ်နိုးပြီးမှ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုး ရမည်မဟုတ်လား။ ထိုမျှ လောက်ပင် ဉာဏ်အမြော်အမြင်မရှိဘဲ ကိုယ့်ဒေသ ကိုယ့်ရပ်ကိုယ့်ရွာကို ပျက်စီးမည့်လမ်းကို တစ်ဦးတစ်ယောက် အဆင်ပြေရုံဖြင့် လုပ်ကိုင်နေခြင်းသည် ကိုယ့်ဒေသကို မချစ်သောကြောင့်ဟု ထင်မြင်မိသည်။ သူငယ်ချင်းကိုတော့ ပြောလိုက်ပါသည်။ "တော်ပါသေးရဲ့ ဆန္ဒပဲပြလို့ လက်နက်မကိုင်တာ တော်သေးတာပေါ့"ဟုပြောရာ သူငယ်ချင်းက ဆန္ဒပြသည့်သူများသည် လက်နက်ကိုင်များနှင့် လက်ပွန်းတတီးနေကြသူများဖြစ်သည်ဟု ဆိုလေသည်။ ကိုယ့်တိုင်းနိုင်ငံ ပြည်ရွာကို ချစ်တတ်သူ များ များလာစေရန် လုပ်ဆောင်ရဦးမှာပါလားဟု အတွေးပေါ်မိပါသည်။( ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )