၂၀၂၅ မတ် ၁၄
ပုဂံခေတ်သည် ယဉ်ကျေးမှုအရာတွင် အဘက်ဘက်မှ ထူးချွန်ပြောင်မြောက်ခဲ့သော ခေတ်တစ် ခေတ် ဖြစ်ခဲ့ပေသည်။ 'ပန်းပွတ်' ဟူသော ဝေါဟာရကို ရှေးအကျဆုံး တွေ့ရသည်မှာ ပုဂံခေတ် ကျောက်စာဟောင်းများတွင် ဖြစ်သည်။ ထို 'ပန်းပွတ်' ဟူသော ဝေါဟာရပါသည့် ကျောက်စာချပ်လာ စာသားများကို ထုတ် နုတ်ပြရပါမူ-
(၁) ပန်ပွတ်ငါလပံ ၁၊ သာငါထုယ် ၁၊ ခင်ထီ ကျွန် ပန်ပွတ် ငါထုယ်သာ ငါပွန် ၁၊ ၆၀၄-
ခုနှစ်ထိုး အိမ်ရာကျောင်းကျောက်စာ၊ မြန်မာတိုင်းရင်း ကျောက်စာများပုံ၊ ၁၄၄။
(၂) ပန်ပွတ်သည် ရှုယ်တောင်တက်ရှယ် အဘိသိက်မူသော။ ။ ၆၁၇-ခုနှစ်ထိုး
စာပွဲမှောက်ဘုရား ကျောက်စာ။
(၃) ပန်ပွတ်ငါလျှံ ၁။ သာငါတုန် ၁။ ငီငါ လတ် ၁။ ။ ၆၆၃-ခုနှစ်ထိုး
ဆုတောင်းပြည့်ဘုရားကျောက်စာ။
အထက်ဖော်ပြပါ ကျောက်စာများအရ ပုဂံခေတ်တွင် 'ပန်းပွတ်'လုပ်ငန်းသည်ထင်ရှား ပျံ့နှံ့လျက်ရှိမည်ဟု ယူဆရလေသည်။
ပုဂံခေတ် ပန်းပွတ်
ပုဂံခေတ်တစ်လျှောက်လုံးတွင် လက်မှုပညာသည်များသည် တိုင်းပြည်၏ အရေးပါအရာရောက်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယနေ့ ကျန်ရှိနေသေးသော အဆောက်အအုံကြီးများကို ကြည့်ရှုလေ့လာရခြင်းအားဖြင့် အလွန်ကျွမ်းကျင်သည့် ဗိသုကာပညာရှင်များ ပေါ်ထွန်းခဲ့ကြောင်း ထင်ရှားသည်။ ဗိသုကာပညာရှင်များအပြင် ကျွမ်းကျင်သော လက်မှုပညာရှင်များလည်း ရှိနေ ပေမည်။
လက်မှုပညာရှင်များတွင် ဆောက်လုပ်သော လက်သမား၊ သစ်ချောသော တစည်းသည်၊ အုတ်အင်္ဂတေကိုင်သော ပန်းရန်၊ ပွတ်ထွင်းသော ပန်းပွတ်၊ သစ်သားကို ထုထွင်းသော ပန်းပု၊ ကျောက်သားကိုဆစ်သော ပန်းတမော့၊ သံထည်ပစ္စည်းများကို ပြုလုပ်သော ပန်းပဲ စသည်တို့ ပါဝင်လေသည်။
ကုန်းဘောင်ခေတ် ပန်းပွတ်
ပုဂံခေတ်တွင် ရှိနေသော ပန်းပွတ်ပညာသည် အင်းဝခေတ်၊ ကုန်းဘောင်ခေတ်ဦး၊ အမရပူရခေတ်၊ ရတနာပုံခေတ်သို့တိုင်အောင် ပုံစံအနေအထား အမျိုးမျိုးတို့ဖြင့် ရှိလာခဲ့သည်ဟု ယူဆရသည်။ မြန်မာရာဇဝင် တစ်လျှောက်တွင် ကုန်းဘောင်ခေတ်သည် သစ်သားဗိသုကာ၊ ပန်းပွတ်၊ ပန်းပုပညာပိုင်းတွင် လွန်စွာ အဆင့်အတန်း မြင့်မားသော ခေတ်ကြီးတစ်ခေတ် ဖြစ်ခဲ့လေသည်။
ကုန်းဘောင်ခေတ်သည် ယဉ်ကျေးမှုအနုပညာ ဘက်တွင် အမျိုးသားဟန်၊ အမျိုးသား မာန်တို့ဖြင့် မြန်မာ့ဂုဏ်ရောင်ကို ထွန်းလင်း ပြောင်စေခဲ့သည်။ ကုန်းဘောင်ခေတ်၏ သစ်သားပန်း ပွတ်လက်ရာမွန်များကို ရွှေနန်းတော်ကျောင်း၊ ပုဂံမြို့ရှိ နတ်ထောင်ကျောင်း၊ မန္တလေးမြို့ရှိ ဒုတိယရွှေအင်ပင်ကျောင်း၊ အင်း၀ ဗားကရာကျောင်းများတွင် တွေ့ရှိနိုင်လေသည်။
ထိုဘုန်းကြီးကျောင်းများမှ သစ်သားပန်းပွတ် လက်ရာများသည် ပုံစံတစ်ခုနှင့်တစ်ခု အမြင်ချင်း တူသယောင်ရှိသော်လည်း အသေအချာ လေ့လာကြည့်ပါလျှင် ကွဲလွဲချက်များစွာ ရှိသည်။ သစ်သားပန်းပွတ် ပုံစံအမျိုးမျိုးကို သူ့နေရာနှင့်သူ ဌာနကိုလိုက်ပြီး သုံးစွဲထားသဖြင့် လှပတင့် တယ် ရှုချင်စ ဖွယ်ဖြစ်၍ နေလေသည်။
ပန်းပွတ်ဝေါဟာရ
'ပန်းပွတ်'ဟူသောဝေါဟာရမှာ ပန်းဖြင့်စ၍ ပွတ်နှင့် ပေါင်းစပ်ယူထားသည့် စကားလုံးဖြစ်သည်။ ပန်းဟူသော ဝေါဟာရမှာ မည်သည့်အရာဝတ္ထုမျိုးကိုမဆို ငုံးတိတိမဟုတ်ဘဲ၊ ကြည့်ရှုဖွယ် တင့်တယ်စွာ မွမ်းမံလျက် တန်ဆာဆင်ထားသော အရာများကို ဆိုလိုသည်။ ပွတ်၏အရင်းဆုံး အလွယ်ဆုံးအနက်မှာ တစ်စုံတစ်ခုသော မျက်မှာပြင်ကို ချောမွတ်အောင်ပြုခြင်း၊ ပွတ်တိုက်ခြင်းဟု ယူရာ၏။
ယင်းသို့ချောမွတ်အောင်ပြုရန် ပွတ်တိုက်ကိရိယာ အဆောင်အအုံ ခုံစင်ကို ပွတ်၊ ပွတ်ခုံ၊ ပွတ်စင်၊ ပွတ်ကျည်ဟု ခေါ်သည်။ သို့အတွက်ကြောင့် ပန်းပွတ်ဟူ သော စကားမှာ တစ်စုံတစ်ခုဖြင့် ချောမွတ်အောင်ပြုလုပ်၍ လှပတင့်တယ် ရှုချင်စဖွယ် ဖြစ်နေသည့် ပစ္စည်းဟု အဓိပ္ပာယ်ရလေသည်။
မြန်မာ့ပန်းပွတ်ပညာ
မြန်မာတို့၏ ပန်းဆယ်မျိုး၊ လက်မှုအနုပညာ ရပ်များတွင် 'ပန်းပွတ်'သည် တစ်ခု အပါအဝင်ဖြစ်သည်။ မြန်မာ့ပန်းပွတ်တွင် သစ်သားပန်းပွတ်၊ ဆင်စွယ်ပန်းပွတ် ဟူ၍ နှစ်မျိုးနှစ်စားခွဲခြား သတ်မှတ်ထားသည်။ အတတ်ပညာပိုင်းအနေဖြင့် ကြည့်လျှင် ပွတ်ခံသောအတတ်နှင့် ပွတ်တိုက်ထိုး သော အတတ်ဟူ၍ ရှိပြန်သေးသည်။ ပန်းပွတ်လက်မှုပညာသည် ဗိသုကာ(လက်သမား) ပညာဖြင့် လည်းကောင်း၊ သစ်သားဆင်စွယ် ပန်းပုပညာဖြင့် လည်းကောင်း၊ ပန်းယွန်းပညာဖြင့်လည်းကောင်း ဆက်စပ်၍နေသော လက်မှုပညာရပ် ဖြစ်လေသည်။
မြန်မာ့သစ်သားပန်းပွတ်
မြန်မာ့သစ်သားပန်းပွတ်တွင် နှစ်မျိုးနှစ်စားရှိသည်။ ထိုနှစ်မျိုးနှစ်စားမှာ သစ်သားပန်း ပွတ်ကြီးနှင့် သစ်သားပန်းပွတ်ကလေးဟူ၍ ဖြစ်သည်။ ယင်းနှစ်မျိုးလုံးသော ပန်းပွတ်ပညာရပ်သည် မြန်မာများအတွက် သူ့နေရာနှင့်သူ များစွာအသုံးဝင်လေသည်။
သစ်သားပန်းပွတ်ကြီး
ရှေးခေတ်က မြန်မာတို့သည် လက်လှည့်ပွတ်စင်ကို အသုံးပြုခဲ့ကြသည်။ ပွတ်စင်တွင် ရှေ့က ဆရာမှာ ပွတ်ခံသည်။ တပည့်ဖြစ်သူက သစ်သား ခုတ်ရသည်။ ကျန်တစ်ယောက်က လှည်းဘီး လှည့်ပေးရသည်။ ယခု ခေတ်တွင် မော်တာလျှပ်စစ်စက်ကို တပ်ဆင်ပြီး အသုံး ပြုလေသည်။
သစ်သားပွတ်ကြီးစင်ဖြင့် လှည်းဘီး၊ လှည်းဝင်ရိုး၊ စက်တုံး၊ ထွန်တုံးများ ပြုလုပ်သည်။ လှေကား လက်ရမ်းမှ ပွတ်လုံးတိုင်(အကြီးအသေး)များ၊ ကျောင်းလက်ရမ်းပေါင်မှ ပွတ်လုံးတိုင်များ၊ သစ်သား အိမ်ရှေ့ ဆင်ဝင်ရှိ သစ်သားပွတ်လုံးတိုင်များ ပြုလုပ်သည်။ လူသုံးပစ္စည်းများဖြစ်သော စားပွဲခြေထောက်၊ ခုတင်တိုင်ခြေထောက်၊ ကုလားထိုင်လက်တန်းနှင့် ခြေထောက်၊ ဗီရို ပေါင်များကိုလည်း သစ်သားပန်းပွတ်ပညာဖြင့် ဖန်တီး ပြုလုပ်နိုင်လေသည်။
ပွတ်လုံး၊ ပွတ်ခြမ်း၊ ပွတ်ညွန့်
မြန်မာသစ်သားပန်းပွတ်တွင် ပွတ်လုံး၊ ပွတ် ခြမ်း၊ ပွတ်ညွန့်ဟူ၍ ရှိသည်။ ပွတ်လုံးဆိုသည်မှာ ညီညာလုံးချောနေသော အလုံးသဘာဝပေါ်လွင်အောင် ပွတ်ထိုးထားသည့် သစ်သားကိုခေါ်သည်။ ပွတ်ခြမ်းဆိုသည်မှာ လုံးချောနေသောပွတ်လုံးကို အလယ်မှခွဲ၍ ခြမ်းထား သည့် သစ်သားခြမ်းကို ခေါ်သည်။ ပွတ်ညွန့်ဆိုသည်မှာ ကြီးရာမှသေးသွယ်သွားပြီး ပွတ်လုံးလေးများ ကြီးစဉ်ငယ်လိုက်ဆင့်၍ လှပအောင် ပွတ်ထိုးထားသည်ကို ခေါ်လေသည်။
ရှေးခေတ်က ပွတ်ညွန့်တိုင်များ ပြုလုပ်၍ ကျောက်၏လက်ရမ်းပေါင် ပွတ်လုံးတိုင်များတွင် အထူးတပ်ဆင်လေ့ရှိသည်။ ဤပွတ်ညွန့်တိုင်များကို တချို့ က ကျေးစေတိုင်ဟုလည်း ခေါ်ဝေါ်သေးသည်။
ပွတ်ကြီးပညာ
သစ်သားပွတ်လုံး ပွတ်တိုင်ကြီးများကို ပိတောက်၊ ပျဉ်းကတိုး၊ ကျွန်းများဖြင့် ပြုလုပ်လေ့ရှိသည်။ သစ်သားပွတ်ဆရာကို လက်သမားက ပုံစံနမူနာပေး၍ လည်းကောင်း၊ ပုံစံရေးဆွဲပေး၍လည်းကောင်း အလုပ်အပ်နှံသည်။ သစ်သားပွတ်ဆရာက အပ်နှံသည့် ပုံစံအတိုင်းရရှိအောင် ပွတ်ခံ၊ ပွတ်ထိုး၍ပေးရ သည်။ လှည်းများဆိုလျှင် အရပ်ဒေသကိုလိုက်ပြီး ပုံစံခြားနားမှုရှိသည်။ မည်သို့သော ပုံစံမျိုးပင်ဖြစ်စေ သစ်သားပွတ်ဆရာက ပန်းပွတ်ပညာဖြင့် ရရှိအောင် ပြုလုပ်ပေးရလေသည်။
ရှေးခေတ်က ဘုန်းကြီးကျောင်း လက်ရမ်းပေါင်အတွက် ပွတ်လုံးတိုင်များကို အပ်နှံပါက သစ်သားပွတ်ဆရာ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူပြီး ပြုလုပ်လေ့ရှိသည်။ ပွတ်ဆရာနှစ်ဦး တာ ဝန်ယူပြုလုပ်သော ပုံစံတူပွတ်လုံးတိုင်များကို တပ်ဆင်ပါက ပွတ်လုံးများ မညီမညာဖြစ်နေတတ်သည်။ တစ်ဦးတစ်ယောက် တည်း၏လက်ရာ ဖြစ်မှသာလျှင် ပွတ်လုံးတိုင်များသည် ညီညီညာညာ ဖြစ်နေ တတ်သည်။
ယခုခေတ်တွင် သစ်သားပွတ်လုံးတိုင်များ ပြုလုပ်သောအခါ(ကွန်ပါ)ဖြင့်ထောက်၍ တိုင်းထွာပြီး ပြုလုပ်လေ့ရှိသည်။ ရှေးခေတ်က လုပ်သက်ရင့်သော ပွတ်ဆရာကြီးများသည် မျက်မှန်းဖြင့် လုံး ပတ်များ ညီညာအောင် ပြုလုပ်နိုင်လေသည်။
သစ်သားပန်းပွတ်ကလေး
သစ်သားပန်းပွတ်ကလေးကို ရှေးခေတ်က နွားသားရေကြိုးတပ် လှည်းဘီးလက်လှည့် ပွတ်စင်တွင် ပြုလုပ်ခဲ့ကြသည်။ ယခုခေတ်တွင် လျှပ်စစ်မော်တာစက်ဖြင့် အသုံးပြုလေသည်။
ပန်းပွတ်ကလေးစင်သည် သစ်အတိုအစများကို လူသုံးအိမ်သုံးပစ္စည်းများ ဖြစ်လာအောင်ထုတ် လပ်နိုင်သည်။ လက်ရက်ကန်းအတွက် လိုအပ်သော သစ်သားထည်ပစ္စည်းများကို ပန်းပွတ်ကလေး ပညာဖြင့် ထုတ်လုပ်ပေးနိုင်လေသည်။
ဆောက်အမျိုးမျိုး
သစ်သားပန်းပွတ်ကလေးလုပ်ငန်းတွင် ပွတ်ခံ၊ ပွတ်ထိုး၊ အတွင်း ချောရန်အတွက် အသုံးပြုသော ဆောက်များမှာ ငရှဉ့်ခေါင်းဆောက်၊ ပေါက်ဆောက်၊ ဖြတ်ဆောက် (တစ်ဖက်စောင်း)၊ ဆောက်လုံး၊ အပြင် ချောတစ်ခြမ်းစောင်းဆောက်စသည့် အရွယ်ရွယ်အစားစား ဖြစ်လေသည်။
လူသုံး-အိမ်သုံး
မြန်မာ့သစ်သားပန်းပွတ်ကလေးပညာဖြင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများမှာ ကွမ်းအစ်၊ ပေါင်ဒါ ဘူး၊ စီးကရက်ဘူး၊ ကလောင်တံတင်ခုံနှင့် ခွက်၊ ဆေးလိပ်ပြာ ခံခွက်၊ တို့ဖတ်ထည့်ခွက်၊ ငွေထည့်သေတ္တာ၊ ပန်းအိုး၊ ဆွမ်းအုပ်၊ မင်္ဂလာအုပ်၊ ကျောင်းဆောင်၊ တုတ်ကောက်၊ ဇွန်း၊ ယောက်မ စသည်ဖြင့် ပစ္စည်းအမျိုးပေါင်း ၆၀ ကျော်ခန့် ရှိလေသည်။
ပန်းပွတ်နှင့်ပန်းယွန်း
သစ်သားကို ပြုလုပ်ဖန်တီးထားသော အုပ်၊ ခွက်၊ ဒေါင်းပေါင်၊ ဒေါင်းလန်း၊ ဗြက် စသည့် ပွတ်ခံ ပွတ်တိုက်သည့် အထည်မျိုးများကို မြန်မာ့ပန်းယွန်းအတတ်ပညာဖြင့် သစ်စေး ဟင်္သာပြဒါးချုပ်အလုပ် ဆက်စပ်နေသည်။ မျက်မှောက်ခေတ်တွင် ပန်းပွတ်ပညာဖြင့် ပြုလုပ်ထားသော သစ်သားလက်ကိုင် တုတ်နှင့် ဆေးတံများကို သစ်စေးသရိုးကိုင်၍ လှပတင့်တယ်အောင် မွမ်းမံထားသည်ကိုလည်း တွေ့မြင်နိုင်လေသည်။
မြန်မာ့ဆင်စွယ်ပန်းပွတ်
မြန်မာ့ဆင်စွယ် ပန်းပွတ်လုပ်ငန်းသည် ရှေးခေတ်ကပင် ရှိလာခဲ့သော လက်မှုပညာ လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရှေးခေတ်က ဆင်စွယ်ပန်းပွတ်ကို ခြေနင်းစက်(ပွတ်စင်)ဖြင့် ပြုလုပ်ခဲ့သည်။ ယခုခေတ်တွင်လည်း ခြေနင်းပွတ်စင်ဖြင့် ပြုလုပ်နေဆဲဖြစ်သည်။ ငွေကြေးတတ်နိုင်သူများသာလျှင် မော်တာစက်ကို အသုံးပြုကြောင်း တွေ့မြင်ရလေသည်။
ဆင်စွယ်ပန်းပွတ်ဖြင့် ပြုလုပ်နိုင်သော ပစ္စည်းများမှာ လည်ဆွဲပုတီး၊ စိပ်ပုတီး၊ ဆံထိုး၊ ကြုတ်၊ စီးက ရက်-ဆေးပြင်းလိပ်စွပ်တံ၊ ဆင်စွယ်စေတီ၊ ပေါင်ဒါဘူး၊ ဆေးထိုးကြုတ်ခွက်၊ သားမြီးယပ် လက်ကိုင်ရိုး၊ ထီးရိုး၊ လက်စွပ်၊ ကပ်နားပွင့်၊ အင်္ကျီကြယ်သီးစသည့် အမျိုးမျိုးသော လူသုံးကုန်ပစ္စည်း များကို ပြုလုပ်ပေးနိုင်လေသည်။
ယခုခေတ်တွင် ဆင်စွယ်ပန်းပွတ်ပညာဖြင့် ပြုလုပ်သော စိပ်ပုတီး၊ လည်ဆွဲပုတီး၊ ရင်ထိုး၊ ဆေးလိပ် စွပ်တံများကိုသာ ပြုလုပ်လေ့ရှိသည်။ ဆင်စွယ်အစား'ဆင်ရိုး'ဖြင့်လည်း ပြုလုပ်ပေးနိုင်သည်။ ဆင်ရိုးကို ပွတ်ခံပြီး ပြုလုပ်ထားသော ပစ္စည်းများမှာ ဈေးနှုန်းချိုလေသည်။
အသိသုံးပါး
မြန်မာ့ပန်းပွတ်လက်ရာကောင်းမှာ အတိုင်း အတာမှန်ကန်ရမည်။ အဖုအထစ်မရှိစေဘဲ ချောမွတ်နေရမည်။ ပွတ်လုံးတိုင်တစ်ခုနှင့်တစ်ခုသည် စက်မှုဖြင့်ပြု လုပ်ထားသကဲ့သို့ ညီညီညာညာ ဖြစ်နေရပေမည်။ ယင်းသို့သော ပန်းပွတ်လက်ရာကောင်း ရရှိရန်မှာ ပန်းပွတ် ဆရာသည် စိတ်တည်ငြိမ် မှုရှိရပြီး 'ဆောက်သိ၊ လက်သိ၊ ပညာသိ'ဟူသော အသိသုံးပါးရှိမှသာလျှင် လှပသေသပ်သည့် ပန်းပွတ်လက်ရာ ပစ္စည်းကောင်းများ ရနိုင်၏။
မြန်မာ့ပန်းပွတ်လက်မှုပညာသည် အတိတ်ကာလကလည်း ရှိနေခဲ့သည်။ ပစ္စုပ္ပန်ကာလ တွင်လည်း ရှိနေဆဲဖြစ်သည်။ အနာဂတ်ကာလတွင်လည်း ရှိနေပေဦးမည်။ ရှေးခေတ် အဆက်ဆက်က မြန်မာ့မှုမြန်မာ့ဟန်ဖြင့် ရပ်တည်လာခဲ့သော မြန်မာ့ပန်းပွတ် လက်မှုအနုပညာရပ်ကို ဆက်လက်ထိန်း သိမ်းထားရမည့်တာဝန်မှာ ပွင့်သစ်စ လူငယ်လူရွယ်ပန်းပွတ် ဆရာများ၏ တာဝန်ပင်ဖြစ်ပါတော့သည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )