မှတ်မှတ်ရရ ဝမ်ခသစ်တိုက်ပွဲ ပုံရိပ်များ

၂၀၂၅ ဇန်နဝါရီ ၂၀
    ရှေးခေတ် နှစ်ပေါင်းတစ်ထောင်၊ နှစ်ပေါင်းငါးရာစတဲ့ အလွန်ဝေးကွာလှတဲ့ အတိတ်သမိုင်းကြောင်းတွေမှာ အချက်အလက်များ လွဲမှားတာ၊ ကွဲပြားတာ တွေ့ရလေ့ရှိပါတယ်။ ဒီလို မတူကွဲပြားမှုတွေကို သုတေသနထုံး နှလုံးမူပြီးတော့ အဖြေမှန်ရှာကြလေ့ရှိပါတယ်။ တကယ်တော့ အတိတ်သမိုင်းကြောင်းကို မဆိုထားနဲ့ ပစ္စုပ္ပန်ခေတ်ပြိုင်သမိုင်းမှာတောင် အချက်အလက် မပြည့်စုံတာတွေ၊ မှတ်တမ်းမှတ်ရာ ကွဲလွဲတာတွေ တွေ့နေရလေ့ရှိပါတယ်။ မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေးသမိုင်းစဉ်မှာ အရေးပါတဲ့သမိုင်းဝင် တိုက်ပွဲကြီးတစ်ခုဖြစ်တဲ့ ဝါးခသစ်(ဝမ်ခသစ်) တိုက်ပွဲ (ကော့မှူးရာတိုက်ပွဲမှာ)မှာ ကိုယ်တိုင် ပါဝင်ခဲ့ကြတဲ့ ဗိုလ်ကြီးနှစ်ယောက်က ဒီတိုက်ပွဲကြီးအကြောင်းကို စာအုပ် ပြန်ရေးကြတယ်။ စာပေဖြင့် မှတ်တမ်းတင်ကြတယ်။ ဒါပေမဲ့ တိုက်ပွဲစဉ် ပင်မကျောရိုးကတော့ တူပါရဲ့၊ မတူကွဲပြား အားနည်းတဲ့ အချက် အလက်တွေလည်း တွေ့ခဲ့ရတယ်။
    ဝမ်ခသစ်(ဝါးခသစ်)တိုက်ပွဲကို အရာရှိဗိုလ်ကြီးတွေအဖြစ် ပါဝင်တိုက်ခိုက်ခဲ့ကြပေမယ့် ဗိုလ်ကြီး ကျော်ဇောဦး (ကလောင်အမည်-ရဲကျော်) ရေးတဲ့ 'ချစ်သောအိုမီဂါ'စာအုပ်မှာ ဗိုလ်ကြီးဝင်းကိုရဲ့ နာမည်၊ သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို လုံးဝမတွေ့ရပါ။ ဒီလိုပဲ ဗိုလ်ကြီးဝင်းကို-ငြိမ်း(ကလောင်အမည် ယုံလေး) ရေးတဲ့ စာအုပ်မှာလည်း ဗိုလ်ကြီးကျော်ဇောဦး အမည်ကို ဖော်ပြထားခြင်းမရှိဘူး။ ဆရာရဲကျော်ရဲ့ စာအုပ်က ၂၀၂၀ ဒီ ဇင်ဘာမှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ၂၀၂၄ ဇွန်လမှာ ပြင်ဆင်ဖြည့်စွက်ပြီး ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဆရာယုံလေးရဲ့ စာအုပ်ကို ၂၀၁၈ နိုဝင် ဘာမှာ လွင်ဦးစာပေက ပထမအကြိမ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဆရာရဲကျော်ရဲ့ စာအုပ်က နှစ်နှစ်နောက် ကျပြီးမှ ထွက်ခဲ့ပေမယ့် ရှေ့ကထွက်တဲ့ ဗိုလ်ကြီးဝင်းကိုရဲ့ စာအုပ်နဲ့ ညှိနှိုင်း တိုက်ဆိုင်ကြည့်ခဲ့ပုံ မရပါဘူး။ ဒုတိယအကြိမ်ထုတ် စာအုပ်မှာ 'ပြင်ဆင်ဖြည့်စွက်'ချက်တွေပါတယ်ဆိုပေမယ့် အဓိက အရေးကြီးတဲ့ အကြောင်းအရာတွေ ကျန်နေခဲ့တယ်လို့ ထင်ရပါတယ်။
    ဆရာရဲကျော်ရဲ့ ဒုယတိအကြိမ်ထုတ် စာအုပ်စာမျက်နှာ ၈၄ မှာ 'တိုက်ပွဲဝင် တပ်မှူးများ၏ အမည်စာရင်း'ကို ဂုဏ်ပြုဖော်ပြထားရာမှာလည်း ဝမ်ခသစ် (ကော့မှူးရာ)စခန်းတိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး မှတ်တမ်းစာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ ဗိုလ်ကြီးဝင်းကိုရဲ့ အမည်ကို လုံးဝမတွေ့ရပါဘူး။ တိုက်ပွဲဝင်တပ်မှူးများဆိုတဲ့ အသုံးအနှုန်းကလည်း လွဲနေသလားလို့ပါ။ 'တပ်မှူး'ဆိုတာ ဘယ်လို အဆင့်ကို တပ်မှူးသုံးသလဲ၊ ဆရာရဲကျော် ဖော်ပြထားသော တပ်မှူး ၁၆ ယောက်တောင် ရှိနေပါတယ်။ အဲဒီ ၁၆ ယောက်မှာ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေနဲ့အတူ တပ်စုမှူးဗိုလ်နဲ့ ဗိုလ်ကြီး တွေလည်း ပါဝင်နေလို့ပါပဲ။ 'တိုက်ပွဲဝင် အရာရှိများ'ဆိုရင်တော့ အားလုံး ခြုံငုံမိနိုင်ပါတယ်။ ဆရာရဲကျော်ရဲ့ စာရင်းမှာ တပ်ခွဲမှူး ငါးယောက် ပါဝင်နေပါတယ်။ ဗိုလ်မှူးကြည်မြင့်၊ ဗိုလ်မှူးစိန်ဝင်း၊ ဗိုလ်ကြီး မောင်မောင်အေး၊ ဗိုလ်ကြီးစန်းဝင်း၊ ဗိုလ်ကြီး မင်းလွင်ဦးတို့ ဖြစ်ပါတယ်။
    ဆရာယုံလေး (ဗိုလ်ကြီးဝင်းကို-ငြိမ်း) ရေးတဲ့စာအုပ်မှာတော့ စာအုပ်အမည်မှာပင် 'တပ်ချုပ်ကြီးနှင့် အတူတွဲတိုက်ခဲ့ရတဲ့ ဝမ်ခသစ် (ကော့မှူးရာ)စခန်းတိုက်ပွဲ}လို့ ဖော်ပြထားလေရာ နောင်အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်လာမယ့် တပ်ခွဲမှူးဗိုလ်ကြီးမင်းအောင်လှိုင်ရဲ့ အခန်းကဏ္ဍကို အလေးအနက် ရေးပြသွားခဲ့ပါတယ်။ ဗိုလ်ကြီးကျော်ဇောဦး(ရဲကျော်)ရဲ့ 'အိုမီဂါ'စာအုပ်မှာတော့ တပ်ခွဲမှူး ဗိုလ်ကြီးမင်းအောင်လှိုင်ရဲ့ အမည်ကို လုံးဝမတွေ့ရပါ။ တိုက်ပွဲက ပြင်းထန်တယ်ဆိုပေမယ့် 'ကွမ်လုံ ရက် ၄၀ တိုက်ပွဲ'လောက်တော့ မပြင်းထန်ခဲ့ပါ။ အိုမီဂါ (ဝါ) ဝမ်ခသစ်တိုက်ပွဲမှာ ရဲဘော်တွေအထိ အသေးစိတ်မရေးနိုင်ရင်ရှိပါစေ၊ တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ခွဲမှူးလို ဗိုလ်ကြီးတွေရဲ့ အမည်နဲ့ လုပ်ဆောင်ချက်ကိုတော့ စာတစ်ကြောင်းလောက်နဲ့ပဲဖြစ်ဖြစ် မှတ်တမ်းတင်သင့်ပါတယ်။ ဗိုလ်ကြီးမင်း အောင်လှိုင်မှမဟုတ် အခြားဗိုလ်ကြီးတစ်ဦးဆိုရင်လည်း တိုက်ပွဲမှာ ပါဝင်ခဲ့ပါလျက် သူ့နာမည်၊ သူ့အခန်းကဏ္ဍကို ထိမ်ချန်ခဲ့ရင် မကောင်းပါဘူး။ ဆရာရဲကျော်ရဲ့ စာအုပ်က ပထမအကြိမ် ပုံနှိပ်ခြင်းမှာ ကြွင်းကျန်ခဲ့တာတွေကို ဒုတိယအကြိမ် 'ပြင်ဆင်ဖြည့်စွက် ပုံနှိပ်ခြင်း'မှာ ပါဝင်တာတွေပါအောင် လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။
    ဆရာယုံလေး (ဗိုလ်ကြီးဝင်းကို-ငြိမ်း)ရဲ့ 'ဝမ်ခသစ် (ကော့မှူးရာ) စခန်းတိုက်ပွဲ' စာအုပ်မှာတော့ အလွန်ခက်ခဲပင်ပန်း ကြမ်းတမ်းစွာ တိုက်ပွဲဝင်ခဲ့ရပုံနှင့် တိုက်ပွဲအတွင်းမှာ တပ်ခွဲမှူး ဗိုလ်ကြီးမင်း အောင်လှိုင်ရဲ့ ရုပ်ပုံလွှာကို ရေးဖွဲ့တင်ပြသွားခဲ့ပါတယ်။ တပ်ခွဲမှူးရဲ့ အခန်းကဏ္ဍ ပေါ်လွင်အောင် 'သေကံမရောက်၊ သက်မပျောက်ခဲ့သော တပ်ခွဲမှူး'၊ 'တပ်ခွဲမှူး၏ စစ်ရေးသုံးသပ်ချက်'၊ 'တပ်ခွဲမှူး၏ ရဲဘော်စိတ်' စသည်ဖြင့် ခေါင်းစဉ်ငယ်လေးတွေပေးပြီးရေးခဲ့တာ တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဝမ်ခသစ်တိုက်ပွဲအကြောင်းကို နောက်မှ ရေးမယ်လို့ စီစဉ်ထားခဲ့တာ 'ရန်ကျင့်ပင်'ဆိုသူက 'လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက်စွန့် တိုက်ပွဲဝင်ခဲ့ဖူးသည့် တိုက်ပွဲရှိလျှင် ဖော်ပြပေးပါရန်၊ ဖုန်းဘေလ် ကျပ်တစ်သိန်းထည့် ပေးပါမည်'ဟူ၍ လူမှုကွန်ရက်မှ တစ်ဆင့် စိန်ခေါ်လာခဲ့ ပါတယ်။ ထိုသူမှာ အမှန်တကယ် စာမဖတ်သူ ဖြစ်ဟန်တူပါသည်။ ၂၀၁၇ သြဂုတ်လဆန်းကပင် ကျွန်တော့်အနေဖြင့် ဝမ်ခသစ်စခန်း 'အိုမီဂါ' ကွေ့ပုံ ဖော်ပြကာ 'ယုံလေးတို့ ၁၉၈၉ ခုနှစ်က တိုက်ခဲ့တဲ့ ဝမ်ခသစ် (ကော့မှူးရာ) တပ်ခွဲမှူးက ဗိုလ်ကြီးမင်းအောင်လှိုင်၊ တစ်ဦးတည်းသော ချေမှုန်းရေးတပ်စုမှူးက ယုံလေးကလွဲလို့ ဘယ်သူဖြစ်ဦးမှာလဲ၊ စိတ်ပါရင်တော့ တိုက်ပွဲအတွေ့ အကြုံရေးပေးပါ့မယ်'ဟု အသိပေးထားပြီး ဖြစ်ပါသည်။ ယခု FB ပေါ်မှ သူ၏ စိန်ခေါ်ချက်ကို ဖတ်ရသောအခါ ကျွန်တော်အတော်ပင် ခံပြင်းသွားပါသည်'လို့ သူ့စာအုပ် မိတ်ဆက်အမှာလွှာမှာ ဖော်ပြထားပါတယ်။
    'ဒုတိယဗိုလ်အဆင့်မှသည် ဗိုလ်ချုပ်မှူးကြီး ဘဝတိုင်အောင် ဖြတ်သန်းလာခဲ့ရသူတစ်ဦး၏ ဘ၀သည် မည်မျှ ကြမ်းတမ်းခက်ခဲလှကြောင်း ထိုသူ နားလည်ဟန်မတူပါ။ အထူးသဖြင့် ၁၉၈၀ တစ်ဝိုက်ဆီ က စစ်မှုထမ်းဖူးသူတိုင်း ဗကပ၊ KIA ၊ KNU တို့၏ ပြင်းထန်သော တိုက်ပွဲဖြစ်စဉ်များကို ကြုံဖူး ကြားဖူးကြ ပါလိမ့်မည်။ ကာကွယ်ရေးဦးစီးချုပ် ရာထူးသည် ရွေးကောက်ခံ အမတ်တွေလို လွယ်လွယ်နှင့် တက်လာရသည့် ရာထူးမျိုးမဟုတ်ကြောင်း တိုတိုသာ ပြောပါရစေတော့ ခင်ဗျာ။ ထို့ကြောင့် ထိုသူကို အကြောင်းပြု၍ ဝမ်ခသစ်(ကော့မှူးရာ) စခန်းတိုက်ပွဲ (၁၉၈၉)ကို ရေးသားတင်ဆက်ခဲ့ရာ ဆိုရှယ်မီဒီယာလောကတွင် လူကြိုက်အလွန်များခဲ့ပါသည်'လို့ ဆက်လက်ရေးသားထားပါတယ်။
    ဗိုလ်ကြီးဝင်းကို (ကလောင်အမည် ယုံလေး)ဟာ ရဲဘော်ဘ၀ တပ်သားအဆင့်ကနေ အရာရှိဖြစ်လာသူပါ။ ၁၉၇၇ မှာ တပ်ထဲဝင်ခဲ့ပြီး ခလရ (၇၆) မန္တလေးဟာ သူ့ရဲ့မိခင်တပ်ရင်း ဖြစ်ပါတယ်။ စစ်ဆင်ရေး အသီးသီးမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၉၈၃ မှာ လွယ်ပန်လုံတွင် ဗပကတို့နှင့် တိုက်ပွဲဖြစ်ရင်း ပထမအကြိမ် ဒဏ်ရာရခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ ဝမ်ခသစ်နယ်မြေတွင် KNU တို့ကို တိုက်ခိုက်ရင်း လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပြန်ပါတယ်။ ၁၉၈၆ မှာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၇၄) အောင်မြင်ပြီး ၁၉၈၇ မှာ ပြန်တမ်းဝင် အရာရှိဖြစ်လာကာ အမှတ် (၁၁၁) ခြေမြန်တပ်ရင်း (ဝန်းသို)မြို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဝန်းသို ခမရ(၁၁၁) မှာ တပ်ထောက်ဗိုလ်ကြီး မင်းအောင်လှိုင်နဲ့ စတင်ဆုံ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
    'ထိုစဉ်က သတိပြုမိသည်မှာ ဗိုလ်ကြီးမင်းအောင်လှိုင်သည် အနေတည်သလောက် အေးဆေးစွာ နေတတ်ခြင်းကိုပါ။ သူက ယူနီဖောင်းဝတ်ထားလျှင် ဘယ်တော့မှ ခြေညှပ်ဖိနပ်မစီး၊ အရပ်ဝတ်ဖြင့် နေလျှင်လည်း စမတ်ကျစွာ နေတတ်သလို အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားတတ်သူ ဖြစ်သဖြင့် အမြဲ တမ်း သန့်ပြန့်စွာဖြင့်...'
    'ဗိုလ်ကြီးမင်းအောင်လှိုင်က သူ့တာဝန်ကို တိတိကျကျ ဆောင်ရွက်တတ်သလို တွတ်ပီတို့ကိုလည်း သေချာတိကျစွာ လိုက်နာဆောင်ရွက်ဖို့ တွန်းအားပေး တတ်သည်'လို့ ဆိုပါတယ်။ (ယုံလေး (ခ) ဗိုလ်ကြီးဝင်းကိုက သူ့နာမ်စားကို 'တွတ်ပီ'အဖြစ် သုံးနှုန်းထားပါတယ်။)
    ဝမ်ခသစ်စခန်းကို မတိုက်မီ 'မဲလပင်မ စခန်းသိမ်းတိုက်ပွဲကြီး'မှာ တွတ်ပီ (ဗိုလ်ကြီးဝင်းကို) ပါဝင်တိုက် ခိုက်ခဲ့ရပါတယ်။ တိုက်ပွဲက ဘယ်လောက်ပြင်းထန်သလဲဆိုရင် တွတ်ပီတို့ ခမရ (၁၁၁)မှ အရာရှိငါးယောက်နှင့် အခြားအဆင့် စစ်သည် ၄၈ ယောက်၊ စုစုပေါင်း ၅၃ ယောက် ကျဆုံးကာ ဒု-ရင်းမှူး ဗိုလ်မှူးသန်းဦးနှင့် တွတ်ပီ အပါအဝင် အရာရှိစစ်သည် ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ (စာ ၈၁-ရှု)
    'မဲလစခန်းသိမ်းတိုက်ပွဲတွင် ထိခိုက်ကျဆုံး များခဲ့သော်လည်း အောင်ပွဲရယူနိုင်ခဲ့သော ခမရ (၁၁၁) စစ်သည်များအား ဂုဏ်ပြုသည့်အနေဖြင့် နမခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က မန္တလေးမြေ ကွက်သစ်များကို နေရာချထားပေးခဲ့ပါသည်။ ကျဆုံးအရာရှိနှင့် စစ်သည်များ အားလုံး မြေတစ်ကွက်စီ နေရာချထားပေးခဲ့ခြင်း ဖြစ်ပါသည်။ မြေကွက်တန်ဖိုးများမှာ အတော်ကြီးကြီး တန်ပါသည်။' (စာ - ၈၄)
    မဲလစခန်းသိမ်း တိုက်ပွဲအပြီး လပိုင်းမျှသာ နားခဲ့ရပြီး ဝမ်ခသစ် စခန်းသိမ်းဖို့ ရှေ့တန်းစစ်ဆင် ရေး ထွက်ခဲ့ရပြန်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ဗကမင်းအောင်လှိုင်က တပ်ခွဲ(၃) တပ်ခွဲမှူးအဖြစ် ပါဝင်ခဲ့ပြီး တွတ်ပီကတော့ တပ်စုမှူး ဖိုက်တာအဖြစ် ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဝမ်ခသစ်စခန်းရဲ့ ကာကင်းများ သဖွယ် တည်ရှိနေတဲ့ ခပ်ဖလူးစခန်းနှင့် ကာလူးကုန်းတို့ကို ၁၉၈၄ ခုနှစ်ကတည်းက KNU တို့ သိမ်း ပိုက်သွားခဲ့ပြီး ၁၉၈၉ မေလဆန်းမှာ တပ်မတော်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်း မှာ ဝမ်ခသစ် ပင်မစခန်းကြီးကို ခလရ (၇၆)က ဆက်လက် တိုက်ခိုက်ရာမှာတော့ တပ်မတော်မှ အရာရှိနှစ်ဦး စစ်သည် ၆၀ ကျဆုံးပြီး ပြန်ဆုတ်ခဲ့ရပါတယ်။
    'ထပ်မံ၍ မေလ ဒုတိယပတ်တွင် ခမရ ၁၂ မှ ဒုမှူးကြီး မိုးဟိန်း ဦးစီး မိမိစစ်သည်များ အတင်းဝင် ရောက် လုံးထွေး၍ ထပ်မံ တိုက်ခိုက်ခဲ့ရာတွင်လည်း ထိခိုက်ကျဆုံးမှု များပြားခဲ့ပြီး တပ်ရင်းမှူး ကိုယ်တိုင်ဒဏ်ရာရရှိခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရပါသည်။ ထိုဝမ်ခသစ်ကိုပင် မဆုတ်မနစ်သော ဇွဲလုံ့လများ ဖြင့် မေလ ၁၈၊ ၁၉ ရက်နေ့များမှာ တပ်ရင်းနှစ်ရင်းဖြင့် ဘူးဝမှာပင် ထပ်မံလုံးထွေး တိုက်ခိုက်ကြပြန်ရာ ထိခိုက် ကျဆုံး များပြားပြီး သိမ်းပိုက်ရရှိခဲ့ခြင်း မရှိပါ။' (စာ-၉၂)
    ဒီတစ်ခါတော့ ဗိုလ်ကြီး မင်းအောင်လှိုင်တို့ အလှည့်ပါပေ။
    စကကမှူးမှာ ဗိုလ်ချုပ်မောင်လှ၊ ဗျူဟာမှူး မှာ ဗိုလ်မှူးကြီး သူရမောင်ကို ဖြစ်ပြီး ဒုမှူးကြီး တင် စိုးဦးစီး ခမရ (၁၁၆)သည် ဘူး၀ မြောက်ဘက်ခြမ်းမှ လည်းကောင်း၊ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော် ရွှေ ဦးစီးခမရ(၁၁၁) သည် ဘူး၀ တောင်ဘက်ခြမ်းမှ လည်းကောင်း ရန်သူ့စခန်းအား ချေမှုန်းတိုက်ခိုက် သိမ်းပိုက် ရန်ဖြစ်ပြီး ဒုမှူးကြီး ဘိုကြည် ဦးစီးခလရ(၄) တစ်ရင်းလုံးသည် စစ်ဆင်ရေး အရန်အဖြစ် အသင့်ပြင်ထားရမည် ဖြစ်ပါသည်။'
    ]မိမိတပ်များ၏ အကြင်းဖျင်း တိုက်စစ်စီမံချက်မှာ ခပ်ဖလူးကုန်း တောင်ခြေတစ်ဝိုက်ကို အနီးမှစ တင်၍ မိမိတို့ခမရ (၁၁၁) အနေဖြင့် ဆက်သွယ်ရေးကျင်း (လိုက်မြောင်း)နှစ်မြောင်းတူးကာ ဝမ်ခသစ် ဘူးဝနေရာသို့ ချဉ်းကပ်ကြရမည်ဖြစ်သည်။ ရန်သူ့စခန်းအနီး ရသလောက် ကျင်းတူးချဉ်းကပ် နေရာ ယူပြီး ဘူးဝရှိ ရန်သူ့သတ်ကွင်းနေရာအတွင်း ဘီးဟိုက်ကျင်းများ ဖောက်ခွဲပြုလုပ်ပြီးမှ လက်နက်ကြီး ပစ်ကူရယူ၍ အနီးကပ်လုံး ထွေးတိုက်ခိုက်ကြရန် ဖြစ်ပါသည်။' (စာ-၁၀၃)
    အကျယ်သုံးပေ၊ အနက် ငါးပေ၊ အရှည်တစ်မိုင်နီးပါးရှိတဲ့ ဆက်သွယ်ရေးကျင်းများကို မနား မနေ တစ်ပတ်လောက်တူးပြီးချိန်မှာ ရန်သူ့စခန်းနဲ့ ကိုက် ၅၀၀ ခန့်အကွာသို့ ရောက်လာပါတယ်။ ရန်သူ ရိပ်မိသွားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ပါတော့တယ်။ ဒီလောက် ခက်ခဲပင်ပန်းစွာ အသက်ပေးပြီး လုပ်နေရပေမယ့်...
    'လူကြီးတွေ စီမံခန့်ခွဲမှု ညံ့နေလေရော့သလား၊ ရှေ့တန်းမှာ ရန်သူကို အနီးကပ် ရင်ဆိုင်ပြီး ကျား ကုတ်ကျားခဲ ကျင်းတူးတိုက်နေရသော ခြေလျင်စစ်သည် တွေအတွက် သာမန်ရိက္ခာပင် မပို့ပေးပါချေ။ ကိုယ်စား မည့်ရိက္ခာ၊ ကိုယ့်စစ်သည်အင်အား ထုတ်နုတ်၍ အသွားအပြန် မိုင် ၄၀ ဝေးသော မဲပလဲ စခန်းသို့ ရေတစ်တန်၊ ကုန်းတစ်တန်ဖြတ်ပြီး သွားရောက်ထုတ်ယူ စားသောက် ခဲ့ကြရပါသည်။ သံေ၀ ဂရဖွယ် ဘဝတွေပါလား။' (စာ-၁၀၇)။
    'ထိုစဉ်က နိုင်ငံ့ကိုယ်စားပြု တပ်မတော်ကြီးသည် လွန်စွာဆင်းရဲလှပါ၏။ ဝမ်ခသစ်စခန်းထဲက ရန်သူတို့က သံဘူးဘီယာဖောက်၊ ယိုးဒယားအရက်သောက်ကာ စီးကရက်ခဲ စစ်တိုက်နေစဉ် တွတ်ပီ တို့မှာ ရွှံ့ထဲ၊ ဗွက်ထဲကရေကို ပုဆိုးစုတ်ဖြင့် စစ်၍ သောက်၊ မျှစ်ပြုတ် စားကျင်းတူး တိုက်နေရချိန်ပါ။ သူတို့က ငါးသေတ္တာဘူး၊ အမဲဘူးတွေနှင့် အလျှံအပယ်စားနေချိန် သည်ဘက်က စစ်သည်တစ်ဦး သင်္ဘောသီးလေး ဟင်းချက်စားရဖို့အရေး ခြေတစ်ဖက်ပေးဆပ်ကာ မိုင်းထိခြေပြတ် ရှာဖွေစား သောက် နေရချိန်ပါ။ ထိုအချိန်က တာဝန်ရှိသူများ ရှေ့တန်းရောက် တပ်မတော်သားများအပေါ် ဖြစ်သလို ထားရက်ကြပုံများ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမို့ မပြောချင်တော့ပါ။' (စာ-၁၂၀)
    တစ်ဖက်ရန်သူက ဗုံးမိုး၊ ကျည်ဆန်မိုးကြီး ရွာနိုင်ပေမယ့် မိမိတို့ဘက်မှာတော့ ကျည်ချွေတာပြီး အကန့်အသတ်နဲ့ ပစ်နေရပါတယ်။ အထူးသဖြင့် အမြောက် ပစ်ကူဘက်က ထုံ့ပိုင်း ထုံ့ပိုင်း တုံ့ဆိုင်း တုံ့ဆိုင်းဖြစ်နေတာက ရန်သူကို အခွင့်အရေးပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်း၊ ရိက္ခာ အဘက်ဘက်က အားနည်းနေချိန်မှာ တပ်ခွဲမှူး ဗိုလ်ကြီး မင်းအောင်လှိုင်က 'ထမင်းဟန်းကော သုံးလုံး မရောက်ရောက်အောင် ပို့ခိုင်းခဲ့တာ မမေ့နိုင်ပါ။ လက်အောက်ငယ်သားများအပေါ် စေတနာ ထား လုပ်ဆောင်ခဲ့သော သူ့လုပ်ဆောင်ချက်ကို အသိအမှတ်ပြုသော်လည်း ထိုထမင်းကို တွတ် ပီ စားမဝင်ခဲ့ပါ။ ပထမထမင်းပို့စစ်သည်မှာ သတ်ကွင်းအလယ် ရန်သူ့ဘရောင်နင် စက်သေနတ်ထိမှန်ကာ ကျဆုံးခဲ့ရပြီးမှ နောက်စစ်သည်တစ်ဦးက ဟန်းကောတွေ တက်ဆွဲကာ ထပ်မံ ပေးပို့လာသော ထမင်းမို့ မီးလောင်ထားသည့် မိမိရင်သွေးအသား ငတ်လွန်းလို့ စားရသည့် မိခင်ပမာ တွတ်ပီရင်မှာ အဘယ်သို့ စားဝင်ပါတော့အံ့နည်း။' (စာ-၁၆၉)
    တိုက်ပွဲပြင်းထန်နေချိန်မှာ တစ်နေ့လုံး ထမင်းလုံးဝမစားရသေး၊ ရေတစ်ငုံပင် မသောက်ရသေး တဲ့ တွတ်ပီ (တပ်စုမှူးဗိုလ်ကြီးဝင်းကို)ဟာ ရေတစ်ပေါက် သောက်ရနိုးနဲ့ နောက်လှည့်အကြည့် သတ်ကွင်းကိုဖြတ် အပြေးချီတက်လာသူနှစ်ဦးကို တွေ့လိုက်ရတယ်။ မိမိနဲ့ ၁၀ ကိုက်အကွာ ရောက်လာတော့မှ လူလုံးသဲကွဲသွားတယ်။ တစ်ယောက်က တပ်ခွဲမှူး ဗိုလ်ကြီးမင်းအောင်လှိုင်ဖြစ်ပြီး နောက်တစ်ယောက်က တပ်ကြပ်ကြီး တင်ထွန်းအောင် သူတို့ရောက်နေတဲ့ နေရာက ဘာအကာ အကွယ်မှမရှိ၊ ပြီးတော့ ရန်သူ့ပစ်ကွင်း တည့်တည့်ကြီးထဲမှာ။ 'အစ်ကိုကြီး နေရာရွှေ့'လို့ ဗိုလ်ကြီးဝင်းကို အော် ဟစ်သတိပေးလိုက်တယ်။ နောက်ထပ် ၁၀ ကိုက်အကွာသို့ အလျင်အမြန် ရွှေ့လိုက်ချိန်မှာပဲ ရန်သူ့ကျည် ထိ မှန်သွားတယ်။ တပ်ကြပ်ကြီး တင်ထွန်းအောင် မရှုမလှ ကျဆုံးသွားခဲ့လေပြီ။ တပ်ခွဲမှူး ဗက မင်းအောင်လှိုင်ကား သေကံမရောက် သက်မပျောက် သီသီလေး လွတ်မြောက်သွားခဲ့တယ် ဆိုပါ တယ်။ (စာ-၁၆၂)
    ရန်သူ့ပစ်ကွင်းထဲမှာ ချွေးတစို့စို့နဲ့ လှုပ်ရှားနေတဲ့ တပ်ခွဲမှူးဗက မင်းအောင်လှိုင်ကို သေချာ ကြည့်လိုက် တဲ့အခါ 'တပ်ခွဲမှူး စလွယ်သိုင်း ဖြတ်လွယ်ထားသော စစ်သုံးမြေပုံအိတ်ထဲမှ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဦးခေါင်းတော်ကိုပါ မှတ်မှတ်ရရ လှမ်း၍ဖူးမြော်လိုက်မိသေး'လို့ မှတ်တမ်းတင်ထား တာ တွေ့ရပါတယ်။ ဗိုလ်ကြီးမင်းအောင်လှိုင်ကား တိုက်ပွဲကြားထဲထိ ဘုရားကို ပင့်ဆောင်လာသူ၊ ဘုရားကျေးဇူးကြောင့်ပင် အသက်ဘေးမှ လွတ်မြောက်ခဲ့သူလို့ ဆိုနိုင်ပါတယ်။ သူက အတိတ်နိမိတ် တွေဘက်မှာလည်း ဗဟုသုတ ရှိပုံရပါတယ်။ ဒီလိုပြင်းထန်တဲ့ တိုက်ပွဲကြီးမတိုင်ခင် ဆက်သွယ်ရေး မြောင်းတွေ တူးစဉ်က ဗိုလ်ကြီးဝင်းကို မောမောနဲ့ မှေးခနဲ အိပ်ပျော်သွားစဉ် တောင်ပို့ထဲက အရှည်တစ်လံကျော်ရှိတဲ့ တော ကြီးမြွေဟောက်တစ်ကောင် ထွက်လာပြီး ဗိုလ်ကြီးဝင်း ကိုရဲ့ ပေါင်ပေါ် ဖြတ်ကျော်သွားတယ်။ ရဲဘော်တစ်ယောက်ရဲ့ အော်သံကြောင့် လန့်နိုးလာစဉ် မြွေကြီးက တောထဲ ဝင်ပြေးသွားပြီ။ ဒီဖြစ်စဉ်ကိုကြည့်ပြီး ဗိုလ်ကြီး မင်းအောင်လှိုင်က 'အဲဒါ ရန်ကျော်တယ်လို့ ခေါ်တယ်။ ခင်ဗျား ဒီစစ်ဆင်ရေးမှာ ကြိုက်သလောက်လုပ် ဘယ်တော့မှ အန္တရာယ် မဖြစ်တော့ဘူး'လို့ ဝမ်းသာ အားရ နိမိတ်ဖတ်ပါတယ်။
    အဲဒီနိမိတ်ခွန်အားနဲ့ပဲ ဗိုလ်ကြီးဝင်းကိုဟာ ရှေ့ဆုံးမှာ နေရာယူကာ ချေမှုန်းရေးတပ်စုကို ဦးဆောင် တိုက်ခိုက်နေခဲ့ပါတယ်။
    'ည သန်းခေါင်ကျော်လောက်မှာ တပ်ခွဲမှူး ဗကမင်းအောင်လှိုင် တွတ်ပီအနား ရောက်လာ၏။ ရန်သူ့ပစ်ခတ်မှုတွေက လုံးဝမစဲဘဲပို၍ပင် များပြားလာကာ ခေါင်းမပေါ်အောင် ဝပ်နေကြရပါသည်။ တပ်ခွဲမှူးက လက်ရှိအခြေအနေကို ကောင်းစွာ သဘောပေါက်ပြီး   'ရှေ့သတ်ကွင်းသို့ အလောတကြီး မတက်ရန်၊ ရန်သူ့ပစ် အားစဲသွားမှ သတ်ကွင်းအတွင်း ဖော်ထားသော ဘီးဟိုက်ကျင်းများဆီသို့ တက်ရောက်နေရာယူရန်နှင့် တစ်ဆင့်ချင်းသော ဖားခုန်စနစ်ဖြင့် ချဉ်းကပ် တိုက်ခိုက်ရန်၊ သူနှင့် နောက်တပ်စုများလည်း ထပ်ချပ်လိုက်ကပ်ထားရန်' ညွှန်ကြားခဲ့ပါသည်။' (စာ-၁၄၉)
    သို့သော် ပိုမိုပြင်းထန်လာတဲ့ စစ်ပွဲကြား၊ ထိခိုက်ကျဆုံးမှုတွေကြားမှာ 'သတ်ကွင်းအတွင်းရှိ ချေမှုန်း ရေးတပ်စု အထိအခိုက် အကျအဆုံးနည်းအောင် စီမံ ပြီး နောက်ပိုင်းသို့ ပြန်လည်ပူးပေါင်း ရန်'ညွှန်ကြားချက် ရောက်လာပါတော့တယ်။ ဆက်မတိုက်တော့ဘဲ ဆုတ်ခွာဖို့ အမိန့်ပေးတဲ့ သဘောပါပဲ။
    'တပ်ခွဲမှူး ဗိုလ်ကြီးမင်းအောင်လှိုင်က လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို ရှင်းပြပါသည်။ 'စခန်း သိမ်းနောက်ဆုံးတိုက်စစ်အတွက် တာဝန်ရှိလူကြီးများ တွေ့ဆုံဆွေးနွေးကြကြောင်း၊ တိုက်ခိုက် ရေးတပ်များ အင်အား ထိခိုက်လောက်အောင် မလျော့နည်းသေးသော် လက်နက်ကြီးကျည်များ (အထူးအားဖြင့် အမြောက်ကျည်များ) လုံလောက်စွာ မကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် စစ်မြေပြင်မှ တပ်အားလုံး လက်ရှိနေရာများမှပင် ရန် သူကို အနီးကပ် ရင်ဆိုင်ထိန်းချုပ်ထားပြီး နောက်မှ ထပ်မံ ဖြည့်တင်းပေးမည့် အမြောက်နှင့် အမြောက်ကျည်များ စောင့်ရဦးမည်ဖြစ်ကြောင်း...'(စာ-၁၈၆)
    ဒီလိုနဲ့ ၁၉၈၉ ဇူလိုင်လထဲမှာ ဝမ်ခသစ်တိုက် ပွဲက အကျအဆုံးများစွာနဲ့ ဆုတ်ခွာခဲ့ရတယ်။ ဒီလိုအစွန်အဖျား နေရာတစ်ခုကို ဘာ့ကြောင့် ကြီးကြီးမားမား ပေးဆပ်ပြီး တိုက်နေရသလဲ၊ အဖြေ ကတော့ နိုင်ငံတော်ရဲ့ အချုပ်အခြာပိုင်နက် နယ်မြေကို ကာကွယ်စောင့် ရှောက်ဖို့ပါတဲ့။ ၁၉၉၀ မှာ ဝမ်ခသစ်ကို နောက်တစ်ကြိမ် ထပ်တိုက်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဗိုလ်ကြီးမင်းအောင်လှိုင်ဟာ ခမရ (၁၁၁)ရဲ့ တပ်ခွဲမှူးတစ်ယောက် အနေနဲ့ပါ ဝင်တိုက်ခိုက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း သေဘေး က သီသီလေးလွတ်မြောက်ခဲ့ရပြန်တယ်လို့ ဆိုပါတယ်။ (စာ-၁၉၃)
    နိုင်ငံခြားသား ပညာရှင်များ ကိုယ်တိုင် ဆောက်ပေးထားတဲ့ ဝမ်ခသစ် (ကော့မှူးရာ) တပ်စခန်း (KNU ရဲ့ အထူးတပ်ရင်း (၁၀၁) အခြေစိုက်ရာ)ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးမှ သိမ်းပိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအတွက် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာလို့ ဆိုပါတယ်။

(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42885

© 2022 - 2025 News. All Rights Reserved.