၂၀၂၄ ဒီဇင်ဘာ ၁၂
ဒေါ်နယ်ထရမ့် သမ္မတရွေးပွဲ အနိုင်ရလာပြီးတဲ့နောက်မှာ သူဒုတိယအကြိမ် သမ္မတအဖြစ် ထမ်းဆောင်မည့်ကာလအတွက် ဘာတွေလုပ်မယ်ဆိုတာ လူတွေက အတော်စိတ်ဝင်စားကြပါတယ်။ သူဟာ အလွန်ခန့်မှန်းရခက်တယ်၊ Unpredictable ဆိုတာ သိကြသလောက် သူ့ရဲ့နောက်ရွှေ့လိုက်မည့် အကွက်ဟာဘာလဲ၊ What will be his Next Move ဆိုတာကို သိလိုကြပါတယ်။ အထူးသဖြင့်တော့ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နဲ့ရုရှားအပေါ် သူဘာတွေ လုပ်မယ်ဆိုတာ ပိုစိတ်ဝင်စားကြပါတယ်။ သူ့ရဲ့ မဲဆွယ်တရားပွဲတွေ တစ်လျှောက်မှာ ယူကရိန်းစစ်ကို ရပ်ပစ်မယ်၊ US ကို တရုတ်ရဲ့သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု (Tariffs) ဆိုတာတွေထက် အခုအချိန်မှာ အင်နဲ့အားနဲ့ စီးပွားရေး၊ ပထဝီနိုင်ငံရေးအရ တက်လာတဲ့ BRICS အဖွဲ့ကြီးကို သူဘယ်လို ထိတွေ့မယ်ဆိုတာက ထရမ့်အတွက် ပိုကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာမှာမို့ စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ်နဲ့ ဒီတစ်ပတ်အတွက် ရွေးနုတ်တင်ပြ လိုပါတယ်။
BRICS ဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ၂၀၀၆ မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ကြရင်း ဝင်ရိုးပေါင်းစုံ စုစည်းထားတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးဟာ ကမ္ဘာ့လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ရှိပြီး ကမ္ဘာ့ GDP ရဲ့ ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ အနောက်အုပ်စုရဲ့ စီးပွားရေးအရ ဗိုလ်ကျစိုးမိုးမှုအောက်က လွတ်အောင် New Development Bank ကို တည်ထောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ Infra ဆောက်လုပ်ရေးအတွက် ချေးငွေတွေထုတ် ချေးပေးပါတယ်။ အနောက်အုပ်စုက ချုပ်ကိုင်ထားတဲ့ ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ IMF/World Bank တို့လို အဖွဲ့ကြီးတို့ကို ပြုပြင်ဖို့ တွန်းအားပေးနေပါတယ်။ BRICS ဟာ၂၀၂၄ ခုနှစ် (၁၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ နောက်ထပ် အသင်းဝင်အသစ်အဖြစ် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗီးယား နဲ့ UAE နိုင်ငံတွေကို လက်ခံခဲ့ပါတယ်၊၊
ဒါကြောင့် BRICS ဟာ အလွန်တောင့်တင်း ခိုင်မာသွားပြီး နောက်ထပ် ကမ္ဘာ့တောင်ခြမ်းမှာ အင်အားသစ် အဖွဲ့အစည်းကြီးအဖြစ်နဲ့ ထွက်ပေါ်လာပါတယ်။ BRICS ရဲ့ အဓိကရည်မှန်းချက်ထဲမှာ ကုန်သွယ်မှုကို အနောက်အုပ်စုက ငွေပေးချေရေးမှာ SWIFT စနစ်နဲ့အတူ USD ကိုပါ သုံးရတဲ့ စနစ်လုပ်ထားတော့ သူနဲ့ အဆင်မပြေလို့ Sanctions လုပ်ရင် နိုင်ငံတွေဟာ ကုန်သွယ်ရာမှာ USD ကို မသုံးမဖြစ်သုံးရတဲ့ဘဝက လွတ်မြောက်ချင်တာပါ။ နောက်ဆုံး BRICS ပေါ်လာတော့မှ USD ကို ရှောင်လွှဲနိုင်ဖို့၊ ရုရှားက ကုန်သွယ်မှုငွေပေးချေရေးစနစ်သစ်ကို လုပ်လိုက်ရာမှာ US အနေနဲ့ အထိနာခဲ့ပါတယ်။ အခု ထရမ့် တက်လာတော့မည့်အချိန်မှာ ထရမ့်ဟာ သူ့သမ္မတသက်တမ်းမှာ Trade War ကို Tariff နဲ့စခဲ့တာ။ အခုလည်း သမ္မတတာဝန်တောင် မလွှဲရသေးခင်က တစ်စတစ်စတိုး ခြိမ်းခြောက်လာလိုက်တာ Dedollarisation သာ လုပ်လို့ကတော့ ၁၀၀ ရာခိုင်နှုန်းတိုးပြီး အခွန်စည်းကြပ်မယ်လို့ ကြုံးဝါးတဲ့အဆင့်ထိ ရောက်လာပါတော့တယ်။ Trump 2.0 သက်တမ်းတစ်လျှောက်မှာတော့ Unpredictable Trump ဟာ ဘာတွေများ ဆက်လုပ်ဦးမလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲ။
တရုတ်၊ ရုရှားတို့နဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှု
တရုတ်။ ထရမ့်ဟာ တရုတ်ကို စီးပွားရေး အရရော၊ ပထဝီနိုင်ငံရေးအရပါ ပြိုင်ဘက်အနေနဲ့ ယူဆထားတာဖြစ်ပါတယ်။ တရုတ်ဟာ BRICS ကို အမှီပြုပြီး ကမ္ဘာ့တောင်ခြမ်းမှာ စိုးမိုးမှုယူမယ်၊ ပြီးတော့ အနောက်အုပ်စုရဲ့ သြဇာချဲ့ထွင်မှုကို ချိန်ခွင်လျှာလိုက်ညှိမှာ ဖြစ်ပါတယ်။
ရုရှား။ အရင်သမ္မတသက်တမ်းတွေတုန်းက ရုရှားနဲ့ အဆင်ပြေခဲ့တဲ့သဘောရှိတော့ အခုတာဝန်ယူချိန်မှာလည်း မော်စကိုကို ဆက်ဆံတာ ကြည့်လိုက်ခြင်းအားဖြင့် BRICS ကို ဘယ်လိုဆက်ဆံမယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ရုရှား- US ဆက်ဆံရေးတင်း မာလာတာနဲ့အမျှ BRICS အတွက် စိန်ခေါ်မှုက ပိုကြီးမားလာလေ ဖြစ်မှာပါ။
US ရဲ့ စီးပွားရေးမူဝါဒများ
US ဟာ BRICS New Development Bank ရဲ့စွမ်းဆောင်မှုကို အပြိုင်လိုက်ပြီး ချေဖျက်နိုင်မည့်နည်းလမ်းတွေနဲ့ သူ့ရဲ့ စီးပွားရေးမူဝါဒတွေကို ပြန်လည်ပြုပြင် နိုင်ပါတယ်။
BRICS ရဲ့ Dedollarisation လုပ်ရပ်တွေကိုလည်း မထိရောက်အောင် US ငွေကြေးဆိုင်ရာ မူဝါဒကိုလည်း ပြန်လည်ပြုပြင်နိုင်ပါတယ်။ နောက်တစ်ချက်က သူ့အစိုးရအဖွဲ့အသစ်အနေနဲ့ တရုတ်၊ ရုရှားတို့အပြင် ဘရာဇီးကိုပါ US ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီရင် စီးပွားရေး Sanctions တွေနဲ့ ထိန်းသိမ်း နိုင်ပါတယ်။

ဗျူဟာမြောက် မဟာမိတ်များဖွဲ့စည်းပြီး တန်ပြန်ခြင်း
ထရမ့်ဟာ အင်ဒို-ပစိဖိတ် ဒေသအတွင်းမှာ BRICS ကို လုံခြုံရေးအရ တန်ပြန်နိုင်ဖို့ NATO/ QUAD/ AUKUS ကဲ့သို့ စစ်ရေးမဟာမိတ်များ ဖွဲ့စည်းဆောင်ရွက်နိုင်ပါတယ်။
ကမ္ဘာ့တောင်ခြမ်းကို ဝင်ရောက်ပြီး BRICS နယ်မြေအတွင်းက နိုင်ငံတွေကို စီးပွားရေးအကူအညီတွေ ဆောင်ရွက်ပေးရင်း BRICS နဲ့ အလွမ်းသင့်နေမှုကို တန်ပြန်ထိန်းချုပ်နိုင်ပါတယ်။
အိန္ဒိယအပေါ် အကျိုးသက်ရောက်မှု
အိန္ဒိယဟာ BRICS မှာရော၊ QUAD မှာပါဝင် နေတဲ့အတွက် အနောက်အုပ်စုမှာပါ ပါဝင်နေလို့ အကျိုးစီးပွားတွေ ပွတ်တိုက်မှုဖြစ်လာနိုင်ပါတယ်။ ဒီလိုပတ်သက်နေတဲ့အတွက် အိန္ဒိယရဲ့အနေအထားကို အကဲခတ်နိုင်ဖို့ကို ထရမ့်ရဲ့ 2.0 လက်ထက်မှာ အစမ်းသပ်ခံ ရနိုင်ဖွယ်ရှိလာနိုင်ပါတယ်။
ထရမ့်အနေနဲ့ အိန္ဒိယကို US နဲ့ ပိုနီးစပ်လာ နိုင်ဖို့အတွက် BRICS နဲ့ ဆက်ဆံရေး လျော့ဖို့တောင်းဆိုကောင်း တောင်းဆိုလာနိုင်ပါတယ်။
Multilateralism အပေါ် ကမ္ဘာ့အမြင်
ထရမ့်ဟာ Multilateral အဖွဲ့အစည်းတွေအပေါ် သိပ်အယုံအကြည်ရှိလေ့ မရှိတာကြောင့် BRICS အပေါ်မှလည်း ဒီသဘောရှိနိုင်တဲ့အတွက် BRICS ကို အလေးထားမှာမဟုတ်သလို ကမ္ဘာ့နိုင်ငံရေး စင်မြင့်မှာ BRICS ကို သိပ်နေရာပေးမည့်ပုံတော့ ရှိမှာမဟုတ်ပါဘူး။ ဒီအချက်ကြောင့် BRICS အဖွဲ့ဝင်တွေကြားမှာ US ရဲ့ တစ်ကိုယ်တော် အမူအကျင့်ကို တန်ပြန်နိုင်ဖို့ စည်းလုံးမှုကို ပိုပြီးဖြစ်စေမှာ ဖြစ်ပါတယ်။
ထရမ့်အတွက် အဓိကစိန်ခေါ်မှုများ
BRICS ကို ထော်လော်ကန့်လန့်လုပ်ဖို့ US ရဲ့မိတ်ဖက် အိန္ဒိယလည်း ပါနေတဲ့အတွက် အဖွဲ့ဝင်တွေကြား ဝင်ရောက်ဆောင်ရွက်ဖို့မှာ အတော်ပါးနပ်ဖို့လိုမှာ ဖြစ်ပါတယ်။
BRICS ကို US က ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရင် ကမ္ဘာ့တောင်ခြမ်းက BRICS နဲ့ အလွန်းသင့်တဲ့နိုင်ငံတွေနဲ့ ဝေးကွာသွားနိုင်သလို BRICS ရဲ့ ဝင်ရိုး စုံမူဝါဒ(Multi Polar)ကို လက်သင့်ခံတဲ့ အနောက်နိုင်ငံ တွေနဲ့ပါ ပိုပြီး အစည်းပြေသွားနိုင်တဲ့သဘော ရှိပါတယ်။
ခြုံငုံပြောရရင်တော့ Trump 2.0 မှာ BRICS အနေနဲ့ US ရဲ့ အကဲစမ်းတာတွေ ပိုကြုံလာမှာဖြစ်ပေမယ့် အဖွဲ့အစည်းကြီးရဲ့ မူဝါဒတွေ ခိုင်မာတာရယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ဖြစ်တာနဲ့အညီ ဓနအင်အား ကောင်းတာတွေရယ်ကြောင့် အဖွဲ့ဝင်အချင်းချင်း မကျေလည်တာတွေရှိရင်တောင် ရင်ကြားစေ့နိုင်ရုံမက ကမ္ဘာ့တောင်ခြမ်းကိုလည်း အလိုက်သင့် အလျားသင့် ဆက်ဆံနိုင်စွမ်း ရှိပါတယ်။
BRICS က ထရမ့်နဲ့ အလွန်းသင့်အောင် ဘယ်လို စခန်းသွားနိုင်မလဲ-
အဖွဲ့ကြီးအတွင်း စည်းလုံးခိုင်မာမှု
အဖွဲ့အစည်းအတွင်း မကျေလည်တာတွေရှိခဲ့ရင် (ဥပမာ တရုတ်-အိန္ဒိယ ဆက်ဆံရေးတင်းမှု) သည်းခံကြပြီး ညီညွတ်မှုကိုပြကြဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်ကြရင်း ယုံကြည်မှုတည် ဆောက်ကြရန် လိုအပ်ပါတယ်။
အနောက်အုပ်စုရဲ့ စနစ်တွေအပေါ် အမှီအခို ကင်းလွတ်အောင် ဆောင်ရွက်ရင်း၊ NDB ကဲ့သို့သော BRICS ၏ ဖွဲ့စည်းမှုခိုင်မာခြင်းကို ပြသကာ World Bank / IMF တို့က ချေးငွေတွေကို အားကိုးစရာ မလိုကြောင်း ထုတ်ဖော်ပြသဖို့ လိုပါတယ်။
စီးပွားရေးအရ BRICS ၏ စုစည်းမှုကို ပိုမိုပြသခြင်း
အဖွဲ့ကြီးအတွင်း ကုန်သွယ်မှုနဲ့ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေမှာ USD ကိုမသုံးဘဲ အမျိုးသား ငွေကြေးတွေနဲ့သာ ကုန်သွယ်ကြရင်း အနောက်အုပ်စုက ထိုးနှက်လာမည့် Sanctions တွေနဲ့ ဒေါ်လာအပေါ် မှီခိုရမှုမှ ပူးပေါင်းကာကွယ်ဖို့လိုတယ်။
အဖွဲ့ဝင်နိုင်ငံချင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုဖွံ့ဖြိုးမှု၊ မူဝါဒတွေရေးဆွဲရာမှာ BRICS အနေနဲ့ ဈေးကွက်အပေါ် တတ်နိုင်သမျှ အသာစီးရနိုင်ဖို့ရာအတွက် ညှိနှိုင်းတိုင်ပင်ရေးဆွဲကြဖို့ လိုပါတယ်။
ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ မိတ်ဖက်ပေါင်းစည်းမှုကို ချဲ့ထွင်ခြင်း
အာဖရိက၊ လက်တင်အမေရိက၊ အာရှရှိ BRICS အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံများနဲ့ နက်နက်ရှိုင်းရှိုင်း ထိတွေ့ထားပြီး BRICS သည် Global South မိတ်ဆွေစစ်ဖြစ်ကြောင်း ထုတ်ဖော်ပြသဖို့ လိုပါတယ်။
NDB က BRICS အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံတွေအတွင်း ထိုးဖောက်ပြီး စီမံကိန်းတွေကို အကောင်အထည်ဖော်ပေးပြီး BRICS သည် အနောက်အုပ်စု၏ ငွေကြေးအဖွဲ့အစည်းများအစား အားကိုးလောက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ပြသဖို့လိုပါတယ်။
BRICS+ နိုင်ငံတွေကို စုစည်းပြီး ဖွံ့ဖြိုးစနိုင်ငံများနဲ့ပူးပေါင်းပြီး US ရဲ့ ဖိအားကို တွန်းလှန်ဖို့ လိုပါတယ်။
သံတမန်နည်းဖြင့် တန်ပြန်တားဆီးနည်း
မည်သည့်နိုင်ငံကမျှ တစ်နိုင်ငံတည်းမစိုးမိုးနိုင်ဘဲ ဝင်ရိုးစုံကမ္ဘာကြီးအဖြစ် တည်ရှိနေခြင်းသည်သာ အရေးကြီးတယ်ဆိုတဲ့ သဘောထားကို သိသာစေဖို့အတွက် စဉ်အသိပေးနေဖို့ လိုပါတယ်။
UN ၊ G20 ၊ WTO ကဲ့သို့သော အဖွဲ့အစည်းတွေကြားမှာ US ရဲ့ လွှမ်းမိုးမှု လျော့ကျစေရေးအတွက် အလေးထား ပြောကြားပေးနေဖို့လဲ လိုပါတယ်။
US ရဲ့ မီဒီယာကတစ်ဆင့် တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ဖို့ ကမ္ဘာမှာ နာမည်ရှိတဲ့ မီဒီယာကြီးတွေကို ဝယ်တန်တာရာဝယ်၊ ဉာဏ်ရည်ဘဏ်တိုက် Think tank တွေ ထူထောင်ပြီး BRICS ရဲ့ မူဝါဒတွေ ကမ္ဘာကို ပျံ့နှံ့အောင် လှုံ့ဆော်ပေးဖို့လိုပါတယ်။
ဗျူဟာမြောက် အခင်းအကျင်းများဖြင့်ကျား ကန်ပေးခြင်း
အနောက်အုပ်စုရဲ့ ဈေးကွက်ကို အမှီအခိုကင်းရအောင် BRICS အဖွဲ့ဝင်ချင်း ပူးပေါင်းဆောင် ရွက်မှုတွေကို (အိန္ဒိယ-ရုရှား စွမ်းအင်ကုန်သွယ်မှုကို တိုးမြှင့်ခြင်း၊ တရုတ်-တောင်အာဖရိက လမ်းတံတားများ တိုးချဲ့တည်ဆောက်ခြင်းစသည်)တွေကို အလေးထားဆောင်ရွက်ဖို့လိုပါတယ်။
EU ၊ အာဆီယံ၊ African Union စသည်တို့ကို ဗျူဟာမြောက်မိတ်ဖက်များအဖြစ် တိုးချဲ့စည်းရုံး၍ Buffer များအဖြစ် အသုံးချပြီး US ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေဖန်တီးပြီး US အားထိပ်တိုက်မတွေ့အောင် ရှောင်ရှားရန် လိုပါတယ်။
စက်မှုနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အနောက်အုပ်စုကို Digital Currency ဆိုင်ရာ သုတေသနလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။
US က မဟာဗျူဟာပိုင်းဆိုင်ရာ ချဉ်းနင်းဝင်ရောက်လာမည့်ရန်က ကာကွယ်နိုင်ဖို့အတွက် Cyber Security/ Counter Surveillence စသည့် ကဏ္ဍများကို ဖြစ်စေ၊ သင့်တော်မည့် စစ်ဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများကိုဖြစ်စေကို ပူးတွဲဆောင်ရွက်ဖို့လိုပါတယ်။
နိဂုံး
Trump 2.0 ကာလမှာ BRICS အနေဖြင့် နိုင်ငံတကာက အားကိုးရလောက်သည့် အခြားအင်အားစုတစ်ရပ် (Alternative Order) အဖြစ် ရပ်တည်ပြရန်လို အပ်ပါတယ်။ ၎င်းတို့အနေနဲ့ စီးပွားရေးအရလည်း အနောက်အုပ်စုရဲ့ ဖိအားကို (Resilience) ခံနိုင်ရည်ရှိရမည့်အပြင် ပထဝီနိုင်ငံရေးအရလည်း ချိန်ခွင်လျှာညှိနိုင်စွမ်း (Counter Balance) ရှိရပါ့မယ်။ US က Trump 2.0 ကာလ ခလောက်ဆန်လာချိန်မှာ ကိုယ်တိုင်လည်း ခံနိုင်ရည်ရှိပြီး အလှုပ်အခတ်တွေ လျှော့နည်းသွားအောင် ဝင်ရောက် (Mitigate) ဖြေလျှော့နိုင်စွမ်း ရှိမှသာလျှင် ကမ္ဘာကို အကျိုးပြုနိုင်မည့် အဖွဲ့အစည်းအဖြစ် မှတ်ကျောက်တင်ခံနိုင်မှာဖြစ်ကြောင်း စုစည်းတင်ပြလိုက်ရပါတယ်။
ရွှေလင်းယုန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၄၇) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )