၂၀၂၄ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုကြည့်ရင် ရင်လေးစရာတွေနဲ့ ပြည့်နှက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒေသအလိုက်ကြည့်မယ်ဆိုရင် တိုက်ပွဲတွေနဲ့ ကင်းလွတ်တဲ့နေရာ၊ တည်ငြိမ်အေးချမ်းတဲ့နေရာဆိုတာ အတော်လေးနည်းနေပါပြီ။ တချို့နေရာတွေဟာ တိုက်ပွဲတွေ မဖြစ်သေးရုံ အနေအထားပါ။ အချိန်မရွေးပေါက် ကွဲလာနိုင်ပါတယ်။ ပကတိအခြေအနေမှန်ကို ပြည်သူတွေ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ တော်လှန်ရေး၊ တော်လှန်ရေးသာ အတင်းကြွေးကြော်နေကြတာ အမှန်တကယ် တော်လှန်ရေးလုပ်ဖို့ လိုအပ်ပါရဲ့လား။ စဉ်းစားဆင်ခြင်ဖို့ လိုပါမယ်။
၂၀၂၀ ပြည့်နှစ် မဲပြဿနာက စလိုက်တဲ့ နိုင်ငံရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခ ပြဿနာတွေဟာ အခုချိန်မှာ မကုစားရင် တိုင်းပြည် စုံးစုံးမြုပ်မယ့်အခြေအနေမှာ ရှိပါတယ်။ ဖြစ်ခဲ့တဲ့ပြဿနာကို တည့်မတ်မှန်ကန်စွာ ဖြေရှင်းဖို့ မစဉ်းစားကြဘဲ တပ်မတော်ကိုပုံချ၊ အတင်းအကျပ် စစ်အာဏာရှင်အဖြစ်သမုတ်၊ ကိုယ်အာဏာရ ရှိရေးအတွက် မဟုတ်မမှန် စွပ်စွဲပြောဆိုပြီး တော်လှန်ရေးအကြောင်းပြ လက်နက်ကိုင်စေခဲ့တာတွေဟာ လူငယ်တွေရဲ့ အနာဂတ်ကို စုံးစုံးမြုပ်အောင် ဆွဲချလိုက်တာပဲ ဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေး၊ အသက်ရှင်ရပ်တည်ရေးတွေက အစပေါ့။ ဟိုတလောက ဘာမှမသိနားမလည်တဲ့ ကလေးမလေးနှစ်ယောက် နိုင်ငံခြားမှာ ပညာသင်ရမယ့်အစား အရေးယူခံလိုက်ရတာ စိတ်မကောင်းစရာပါ။ ခေတ်အဆက်ဆက်က ကျင့်သုံးလာခဲ့တဲ့ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ကို ကိုယ့်လောဘအရ တည်ဆဲအစိုးရ မထောက်ခံဘဲ ငါ့ထောက်ခံရင် ပြီးရော၊ ဒီတစ်ကြိမ်လက်ခံရင် နောက်အကြိမ်တွေဆို အဆင်ပြေပြီထင်ပြီး လျှောက်လုပ်နေကြတာ၊ ခံရတော့ ကလေးတွေ။
တကယ်တမ်း အာဏာလိုချင်ခဲ့တာ တပ်မတော်က မဟုတ်ဘူးဆိုတာ ကိုယ်တိုင် ကျူးလွန်ခဲ့ကြတဲ့ NLD ခေါင်းဆောင်ပိုင်းတွေ အသိဆုံး။ မဲမသမာမှု တကယ်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဆိုတာ NLD က ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ပုဂ္ဂိုလ်တွေ၊ ရပ်/ကျေးအလိုက် တာဝန်ပေးထားတဲ့ သူတွေ၊ ကြိုတင်မဲကောက်တဲ့သူတွေ အသိဆုံးပါ။ အခုချိန်မှာ မဲမသမာမှု ကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိချင်ရင် ရွေးကောက်ပွဲကော်မရှင်မှာ သွားရောက်မေးမြန်း လေ့လာကြည့်လို့ ရနေပါပြီ။ မဲမသမာမှုလုပ်ခဲ့တာ မဟုတ်ဘူး၊ တမင်သက်သက် အာဏာသိမ်းချင်လို့ လုပ်ခဲ့တာလို့ဆိုရင်လည်း ကော်မရှင်မှာရှိတဲ့ စာရင်းတွေကို သွားရောက်လေ့လာပြီး ဘယ်ဟာက မှားနေတယ်၊ ဘယ်ဟာက တမင်သက်သက် စွပ်စွဲဖန်တီးထားတာပါစသဖြင့် ချက်နဲ့လက်နဲ့ ထောက်ပြကြပါ။
ရပြီးသား စနစ်လေးတစ်ခု၊ အဲ့ဒီစနစ်အရလည်း ကိုယ်လိုချင်တဲ့ နိုင်ငံရေးလှုပ်ရှားခွင့်၊ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေ ထိုက်သင့်သလောက်ရရှိခဲ့ပြီး ကိုယ်တိုင်ပင် နိုင်ငံတော်အာဏာကို ကိုင်တွယ်နိုင်ခဲ့တဲ့အဆင့်ထိ ရောက်ပြီးပြီပဲ မဟုတ်ပါလား။ ရထားတဲ့အခြေအနေ တစ်ခုကနေ ဒီမိုကရေစီအရေး၊ နိုင်ငံရေး၊ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် တက်သွားရင် ဘယ်လောက်ထိ သာယာလိုက်မလဲဆိုတာကို မြင်အောင်ကြည့် ကြဖို့လိုပါမယ်။ အခုလုပ်နေကြတာတွေက သူတစ်လူ ငါတစ်မင်း ထင်ကြေးနဲ့ နောက်ပြန်ဆွဲလုပ်ရပ်တွေဖြစ်နေ ကြပြီ။ လက်ထဲမှာ သေနတ်တွေရှိနေကြတော့ ထင်တာထက် ပိုပျက်စီးဖို့က သေချာနေတယ် မဟုတ်ပါလား။
ဖြစ်ဖြစ်ချင်းမှာ ဒေါသအလျောက် တုံ့ပြန်ခဲ့တာ အပြစ်မဆိုသာပေမယ့် လမ်းမှားလိုက်နေကြတာ ကြာလာတာနဲ့အမျှ တိုင်းပြည်ပျက်စရာပဲ ဖြစ်လာပါလိမ့်မယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ လေးနှစ်တာကာလအတွင်းမှာ လူငယ်တွေ ဘယ်လောက်အထိဆုံး ရှုံးခဲ့ရပြီလဲ။ သေချာပြန်စဉ်းစား၊ ပြန်ကြည့်ကြဖို့ လိုပါတယ်။ ၂၀၂၁ ခုနှစ် မတ်လလောက်ကစပြီး GenZ တွေ၊ တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်က လွတ်အောင် ဆောင်ရွက်ပေးမယ့် မျိုးဆက်သစ်လူငယ်တွေဆိုပြီး မြှောက်ပေးခဲ့ကြတာ အခုချိန်မှာ တိုင်းပြည်ရဲ့ရတနာ လူငယ်လေးတွေ ဘယ်လောက်ထိ ဆုံးရှုံးသွားကြကုန်ပြီလဲ။ လူငယ်တွေရဲ့ အသက်ပေါင်းများစွာ စတေးပစ်ခဲ့ကြတာ ဘာတွေများ အကျိုးအမြတ် ရနေကြပါသလဲ။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ဘယ်သူတွေ ဆုံးရှုံးနေကြသလဲ။ ကြားရတဲ့သတင်းတွေအရ မြန်မာပြည်အလယ်ပိုင်းဒေသက လူငယ်လေးတွေဆိုတာ သိရတယ်။ ဆယ်ကျော်သက်ကလေးတွေကအစ သေကျေပျက်စီးနေကြတာ ဘယ်လောက်အထိ နှမြောစရာကောင်းလဲ။ ဒီနေရာမှာ လူမျိုးရေးကို ပြောချင်တာ မဟုတ်ပေမယ့် ပြောသင့်တာတော့ ပြောရမှာပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတိုင်းမှာ ဗမာလူငယ်လေးတွေကို ရှေ့ကထားပြီး အသေခံတိုက်ခိုင်းနေတာ ဘာသဘောလဲ။ တိုက်ပွဲပြီးလို့ နယ်မြေရရင် အဲ့ဒီနယ်မြေတွေကို ဘယ်သူတွေယူသလဲ၊ ပြန်ကြည့်ပါ။ ဒါဟာလူမျိုးရေးအရ ကြက်လည်းပန်းစေ၊ ယာလည်း ညက်စေဆိုတဲ့သဘောနဲ့ အမြတ်ထုတ်တာ သက်သက်ပဲ။ သေချင်သလောက်သေ၊ ငါတို့အတွက် အမြတ်ရရင် ပြီးရောဆိုတဲ့ သဘောပဲ။ ဒါကို ဗမာလူကြီးတွေ မမြင်ကြဘူးလား။ EAO တွေရဲ့လောဘကို တော်လှန်ရေးလို့လူငယ်တွေနားလည်ပြီး ခိုင်းတာလုပ်နေရတာ၊ အသက်ပေးနေရတာ တိုင်းပြည်အတွက် မတန်ပါဘူး။ အထူးသဖြင့် NUG က လူတွေ ဗမာလူငယ်လေးတွေ သောက်သောက်လဲ သေနေကြတာကို နည်းနည်းလေးမှ မခံစားကြရဘူးလား။ ဒီပုံစံ၊ ဒီအချိုးအတိုင်းသွားရင် မျိုးဆက်တစ်ခု၊ ခင်ဗျား တို့မြှောက်ပေးတဲ့ GZ လူငယ်တွေမှာ ဖို၊ မအချိုးအစား မမှန်တော့ဘဲ သူများကောက်စားတာခံရမှာ သေချာသလောက်ရှိနေတယ်။ သွေးဆူနေချိန်မှာ မသိသာပေမယ့် သွေးအေးသွားချိန်မှာ ငါတို့ဘယ်လောက်ဆုံးရှုံးသွားခဲ့ရပြီဆိုတာ မြင်ကြရပါလိမ့်မယ်။ ပြန်ဆယ်လို့မရတော့မယ့် နောင်တတွေ ကြုံရပါလိမ့်မယ်။ အဲ့ဒီအချိန်ကြရင်လည်း ယုတ်မာစွာနဲ့ တပ်မတော်ကို အပြစ်ပုံချကြမှာလည်း မြင်နေရတယ်။ ကိုယ့်လုပ်ရပ်ကို ကိုယ်မမြင်ဘဲ ထစ်ခနဲရှိ တပ်မတော်ကိုပုံချ၊ ထိုးချတာ အကျင့်ပါနေကြပြီဆိုတော့လေ။ အခုလည်း ဘာဖြစ်ဖြစ် ပုံချ၊ ထိုးချနေကြတာပဲမဟုတ်လား။
ဗမာလူငယ်လေးတွေချည်းပဲ ခံနေရတာလားဆိုတော့လည်း မဟုတ်ပြန်သေးဘူး။ ဒေသအသီးသီးမှာရှိကြတဲ့ တိုင်းရင်းသားလူငယ်လေးတွေပါ အနာဂတ်မဲ့ နေကြရတာပါ။ တစ်နေ့က မိုးကုတ်ကနေ ရန်ကုန်ကို ရောက်လာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ မိုးကုတ်မြို့သိမ်းတိုက်ပွဲကို သူ့မျက်စိရှေ့တည့်တည့်မှာ မြင်တွေ့ခဲ့ရပြီး အတော်လေးစိတ်မကောင်းဖြစ်နေရှာတာပါ။ မိုးကုတ်ကို တအာန်းပလောင် (TNLA) က သိမ်းထားတာ မိုးကုတ်သူမိုးကုတ်သားတွေ မကြိုက်ကြကြောင်း၊ မိုးကုတ်အပါအဝင် တိုက်ပွဲတွေအတွင်းမှာ ပလောင်လူငယ်တွေလည်း အတော်သေသွားကြကြောင်း၊ အများဆုံး သေဆုံးကြတာက မကွေးတိုင်းက လူငယ်လေးတွေဖြစ်ကြောင်း၊ အခု လူအင်အားမရှိတော့လို့ မိုးကုတ်မြို့မှာပင် ပလောင်လူမျိုး တစ်အိမ်တစ်ယောက် အတင်းအကျပ် စစ်မှုထမ်းခိုင်းနေကြောင်း၊ မကြာခင် ကျန်တိုင်းရင်းသားတွေပါ ခေါ်တော့မယ်ထင်ကြောင်း၊ ဒီအတိုင်းသာ ဆက်တိုက်ရင် ပလောင်တွေ လူမျိုးသုဉ်းလိမ့်မယ်ထင်ကြောင်း သူ့ဆီက ကြားရပါတယ်။
အလားတူဖြစ်စဉ်မျိုးတွေဟာ ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်မယ်နဲ့ ကချင်ပြည်နယ်တွေမှာလည်း ဒီအတိုင်းပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်လေးတွေ နေရာအနှံ့ ဆုံးရှုံး နေကြရတာပါ။ KIA ဆိုရင် စစ်ကိုင်းတိုင်းက လူငယ်ပေါင်းများစွာကို လက်နက်တပ်ဆင်စေခိုင်းနေတာပါ။ သူ့ဆီကိုလာတဲ့ လူငယ်တွေထဲက လက်ရွေးစင်စိတ် ကြိုက်ရွေးခေါ်ထားသလို ကျန်လူငယ်တွေကို ဒေသအသီးသီးပို့ပြီး စစ်တိုက်ခိုင်းနေတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တော်လှန်ရေးအတွက်လား၊ သီးခြားဝမ်ပေါင် နိုင်ငံထူထောင်ဖို့အတွက်လားဆိုတာ လူငယ်လေးတွေမသိဘဲ အသုံးချခံနေရတာ ရင်နာစရာပါ။ တိုက်ပွဲတွေအရ ဘက်အနေနဲ့ကြည့်ရင် နယ်မြေသိမ်းနိုင်တယ်။ ငါတို့နိုင်တယ်ပေါ့။ ခေါင်းဆောင်ပိုင်းအနေနဲ့ သူ့လောဘနဲ့ သူ့အကျိုးအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် တိုင်းပြည်အတွက်၊ ပြည်ထောင်စုအတွက် အများကြီးနစ်နာပါတယ်။
အခုသိမ်းထားနိုင်တယ်ဆိုတဲ့နယ်မြေတွေဟာ အပိုင်ရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ သူဦးသူသိမ်း သဘာဝအရဆိုရင် တစ်ချိန်ချိန်မှာ ပြန်အသိမ်းခံရမှာ သေချာနေတယ် မဟုတ်လား။ သမိုင်းမှာ ပြန်ကြည့်ရင် အဖြေက ရှင်းပါတယ်။ KNDO တွေ၊ ဗကပတွေ သိမ်းခဲ့တဲ့နယ်မြေတွေ မနည်းလှပါ။ သို့သော် အချိန်တစ်ခုရောက်ရင် ပြန်လက်လွှတ်ရတာပဲ မဟုတ်ပါလား။ KIA က ကချင်အထူးဒေသ(၁) ပန်ဝါကို သိမ်းပြီး ကချင်အထူး ဒေသ(၁)ကို ဖျက်သိမ်းလိုက်တယ်၊ ဘာညာ ပြောဆိုကြေညာချက်ထုတ်နေတာ ခိုင်မာနေပြီလားမသိ။ လချိတ်လူမျိုးတွေနဲ့ ဦးစခုန်တိန့်ယိန်း အဖွဲ့ကရော ဒီအတိုင်း ငြိမ်ခံနေမယ်ထင်လို့လား။ ကချင်ပြည်နယ်အတွင်းက ကျန်တိုင်းရင်းသားတွေကရော ဂျိမ်းဖောဦးစီးတဲ့ KIA ကို ခေါင်းဆောင်အဖြစ် လက်ခံကြမှာလား။ ဆိုလိုချင်တာက သူဦးသူယူ၊ အင်အားကြီးသူ နိုင်စတမ်းဆိုရင် တစ်ချိန်ချိန်မှာ ပြန်ခံရမှာကို ကြိုပြင်ထားရမှာပါ။ အေးအတူပူ အမျှ အတူယှဉ်တွဲနေထိုင်ရေးစိတ် မမွေးဘဲ စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးနေကြမယ်ဆိုရင် ပြည်ထောင်စုအတွက် ရင်လေးစရာပါ။
ပြည်ထောင်စုမပြိုကွဲရေးနဲ့ ကိုယ့်နယ်မြေမှာ ကိုယ်စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့အတွက် အဓိက အာမခံချက်က လက်နက်နဲ့ သိမ်းပိုက်ထားနိုင်ဖို့၊ အင်အားတည်ဆောက်ဖို့ မဟုတ်ပါ။ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အများလက်ခံသဘောတူထားတဲ့ ဥပဒေတွေအရသာ ဖြစ်နိုင်ပါလိမ့် မယ်။ ဥပဒေကို လေးစားလိုက်နာဖို့လည်း လိုပါတယ်။ ဒီဓလေ့၊ ဒီစရိုက်တွေကို နောင်လာနောက်သားတွေ များများလိုက်နာနိုင်အောင် လူကြီးသူမ၊ အကြီးအကဲတွေက သွန်သင်ဆုံးမ လမ်းညွှန်နိုင်မှသာ ပြည်ထောင်စုအတွက် ရေရှည်ကောင်းနိုင်မှာ ဖြစ်ပါတယ်။
အခုကာလကိုကြည့်ရင် စိတ်မကောင်းစရာတွေနဲ့ ပြည့်နှက်နေတာ တွေ့ရမှာပါ။ မိဘကိုမိဘ မှန်းမသိ၊ လူကြီးကိုလူကြီးမှန်းမသိ၊ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ မြန်မာတို့ရဲ့ ဂါရဝတရားတွေ တဖြည်းဖြည်း ဆိတ်သုဉ်းလာနေတာ၊ ကိုယ်ကိုးကွယ်ရာ သံဃာတော်တွေကို တော်လှန်ရေးခေါင်းစဉ် အောက်ကနေ ပြန်လည်သတ်ဖြတ်နေကြတာတွေဟာ အနာဂတ်အတွက် ရင်လေးစရာပါ။ ဒါတွေဟာ ဘယ်ကစသလဲဆိုရင် လူငယ်တွေကို အမုန်းတရားရိုက်သွင်း မြှောက်ပေးရာက စတယ်လို့မြင်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးကာလမို့၊ ရန်သူကို ရန်သူလို ဆက်ဆံတာ လို့ပဲပြောပြော၊ ဘယ်လိုပဲ ဆင်ခြေပေးပေးကောင်းတဲ့ စရိုက်မဟုတ်တာကိုတော့ မြင်ကြဖို့ လိုပါတယ်။ တော်လှန်ရေးဆင်နွှဲတယ်ဆိုတာ စနစ်ကိုသာ ဖြစ်သင့်တဲ့ကိစ္စပါ။ စစ်အာဏာရှင်စနစ်ကို လက်မခံလို့ တော်လှန်တယ်ဆိုတာ လက်ခံရမယ့် ကိစ္စပါ။ သို့သော် ဒီနေရာမှာပြော စရာရှိတာက တကယ်ပဲ စစ်အာဏာရှင်စနစ် ကျင့်သုံးနေသလား ဆန်းစစ်ဖို့လိုပါမယ်။ ကိုယ်တိုင်မကျေနပ်ချက်တွေ၊ အမုန်းတရားတွေနဲ့ အတင်းတွန်းနေရင်တော့ မဟုတ်သေးဘူး။ တကယ်ကျင့်သုံးနေရင်ရော ဘယ်လို နည်းနဲ့တော်လှန်မလဲ။ ရွေးစရာလမ်းတွေ အများကြီးပါ။ လက်နက်ကိုင်မှ တော်လှန်တာ မဟုတ်ပါဘူး။ ခေတ်ပြောင်းတော်လှန်ရေးအတွက် ခေတ်ပျက်အောင် လုပ်နေရင်တော့ မဟုတ်သေးပါဘူး။
ပြီးခဲ့တဲ့ အမျိုးသားနေ့က နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မိန့်ခွန်းကို သေချာနားထောင်ကြည့်။ သူ့ရဲ့မိန့်ခွန်းဟာ ယနေ့ဖြစ်ပျက်နေတဲ့အခြေအနေတွေ၊ ခေတ်အဆက်ဆက်က ဖြစ်ပျက်လာတဲ့ အခြေအနေတွေ ရပ်စဲပြီး အနာဂတ်အတွက် ဘယ်လို ပုံဖော်သင့်သလဲဆိုတဲ့အမြင်တွေ အများကြီးပါပါတယ်။ ဒါကိုလည်း ခေတ်ပြောင်းတော်လှန်ရေးလို့ ဆိုလို့ရပါတယ်။ ဆုံးရှုံးမှုကြီးမားစွာနဲ့ ခေတ်ပြောင်းမလား။ တည်ငြိမ်အေးချမ်းစွာနဲ့ ခေတ်ပြောင်းကြမလားဆိုတာ နားလည်ကြဖို့လိုပါမယ်။ လက်နက်တွေကို ကိုယ့်ပြည်တွင်းမှာ အချင်းချင်း ပြန်လှည့်နေကြမယ့်အစား ပြည်ပအန္တရာယ်ကို ကာကွယ်ဖို့ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ လတ်တလော ဖြစ်ပွားနေတဲ့ 'ဝ'တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နယ်မြေအငြင်းပွားမှုကိုကြည့်။ အခြေခံအားဖြင့်ပြောရရင် နွားကွဲလို့ ကျားဆွဲချင်တဲ့ သဘော၊ ပွဲလန့်တုန်းဖျာခင်း အပိုင်သိမ်းချင်တဲ့ သဘောပဲ။
TNLA နဲ့ MNDAA က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကြေညာချက်တွေ ထုတ်လာတာတွေ့ရတယ်။ သူတို့ရဲ့ စာတွေအရ တရုတ်ရဲ့ သဘောထားကို မလွန်ဆန်နိုင်လို့ လုပ်ရကြောင်းထင်ရှားနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေကနေ တကယ်ငြိမ်းချမ်းရေးလို ချင်လို့၊ ရသင့်ရထိုက်တဲ့အခွင့် အရေးရဖို့အတွက် ရှေးရှုမယ်ဆိုရင် လက်ခံနိုင်စရာရှိပါတယ်။ ပြည်သူတွေကလည်း လက်ခံကြပါလိမ့်။ မဟုတ်ဘဲ စစ်ပန်းလို့၊ လူသစ်စုဖို့၊ တရုတ်ကို နားလှည့်ပါးရိုက်ဖို့ လုပ်တာမျိုး၊ ရပြီးသားနယ်မြေကို အပိုင်ရချင်လို့ဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စပါ။ ၁၀၂၇ ပထမအဆင့် အပစ်အခတ်ရပ်စဲရေးအပေါ်မှာ လုပ်သွားတဲ့သူတို့ရဲ့ လုပ်ရပ်တွေကို သင်ခန်းစာကို ယူဖို့လိုပါတယ်။ သူတို့နဲ့ တစ်ဖွဲ့တည်း AA ရဲ့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ ဆက်လက်ပါဝင်ကူညီနေတာကိုက ယုံကြည်စရာမရှိတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ရမှာပါ။ ရခိုင်ပြည်နယ်ဟာ ရှမ်းမြောက်ဒေသနဲ့ ဝေးတယ်ဆိုပေမယ့် ပုလင်းတူ ဘူးဆို့ တွေဆိုတာ သတိထားရမှာပါ။
'ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်'ဆိုတဲ့အဆိုကို လက်ခံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကြီးထွားလာမယ်၊ လက်နက်သံတွေ ယမ်းငွေ့တွေ ကင်းစင်သွားမယ်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် အများလက်ခံကျေနပ်ကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါ။ နှစ် ၇၀ ကျော် စစ်ပန်းခဲ့ကြပြီပဲဗျာ။ ဘယ်အထိ ဆက်ချနေကြမှာလဲ။ မျိုးဆက်ပြတ်မယ့်အထိတော့ မမိုက်ကြစေလိုပါ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )