၂၀၂၃ ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသများတွင် ရခိုင်ပြည်နယ်လည်း အပါအဝင်ဖြစ်ပါသည်။ သဘာဝမြေပြင် အခြေအနေများအရ လမ်းပန်းဆက် သွယ်ရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်(တောင်ပိုင်း)နှင့်(မြောက်ပိုင်း)ပင် ဖွံ့ဖြိုးမှုချင်းမတူကြပါ။ မည်သို့ပင်ဆိုစေ။ ရခိုင်ပြည်နယ်သည် ပင်လယ်သဘာ၀ ရေသယံဇာတပေါကြွယ်ဝသည့် ဒေသဖြစ်သည့်အတွက် ပင်လယ်ထွက်ကုန် ပေါများလှသော်လည်း ရေငန်ဒေသဖြစ်ခြင်း၊ တောင်ကုန်းတောင်တန်းများ ပေါများခြင်းကြောင့် ဆန်စပါးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အကန့်အသတ်ရှိသည်ဟု ဆိုရပေလိမ့်မည်။ တချို့အခြေခံစားသောက်ကုန်များသည် ပြည်တွင်းကိုမှီခိုရသည့် အခြေအနေမှာ ရှိပါသည်။ ခေတ်အဆက်ဆက်က သွားလာရေးခက်ခဲသည့် ရခိုင်တောင်တန်းဒေသကို လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် တပ်မတော်အစိုးရလက်ထက်မှာ ဖိဖိစီးစီးဆောင်ရွက်ပေးခဲ့သည့်အတွက် အတန်အသင့်ဖွံ့ဖြိုး လာခဲ့သည်ကို တွေ့ကြရမှာဖြစ်ပါသည်။
ထို့အပြင်ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံအတွင်းမှာ သဘာဝဘေးဒဏ်အခံရဆုံး ဒေသဖြစ်သည့်အတွက်လည်း မကြာခဏဆိုသလို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရလေ့လည်း ရှိပါသည်။ ရခိုင်တိုင်းရင်းသားများအနေဖြင့် သဘာဝဘေးဒဏ်အပြင် လူဦးရေဝါးမျိုခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းဘေး အန္တရာယ်ကိုလည်း ခေတ်အဆက်ဆက်မှာ ခံခဲ့ကြရပေသည်။ ရခိုင်ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးပေါက်ဖြစ်သည့်အတွက် အရေးပါသော ဒေသတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားများ၏အရေးကို ရခိုင်ပြည်နယ်အစိုးရပင်မက ဗဟိုအစိုးရကပင် မျက်ခြည်မပြတ် ဂရုစိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့အပြင် တပ်မတော်သည်လည်း ရခိုင်အရေးဆို သွေးမအေးကြပါ။ ခေတ်အဆက်ဆက်ကနေ ယခုချိန်ထိ တပ်မတော်နှင့် တပ်မတော်သားများသည် အမျိုးထိမချည့်အောင်နာ တတ်သည့်စိတ်ဓာတ်ဖြင့် ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားများကို အကာအကွယ်ပေးခဲ့ကြသည်သာ ဖြစ်ပါ သည်။ ထိုအခြေအနေ၊ ထိုစိတ်ဓာတ်များအရ ဆောင်ရွက်ခဲ့ကြသည့်အတွက်လည်း ယခုအချိန်မှာ တပ်မတော် အကြီးအကဲတချို့ကို မလိုလားသူများက နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခဲ့ကြတာပဲ မဟုတ်ပါလား။
လူဦးရေ လှိုင်းလုံးပိပြီး လူမျိုးပျောက်ခြင်း၊ နယ်မြေချဲ့ထွင်ခံရခြင်းများ၏ အန္တရာယ်ကို ကြုံတွေ့လာ နိုင်ရမည့်အခြေအနေကို တွက်ဆပြီး နိုင်ငံ့ခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များသည် ရခိုင်ပြည် နယ်အတွင်းမှာ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဖိဖိစီးစီး ဆောင်ရွက်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးချိန်မှာ ရခိုင်ကွန်မြူနစ်နှင့် ကုလားဆိုးသောင်းကျန်းသူများကြောင့် ခေတ္တခဏ တည်ငြိမ်အေးချမ်းရေး ပျက်ပြားခဲ့ရပေမယ့် တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာတချို့ကလွဲပြီး ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေအဆင့်ဟူ၍ပင် ပြောလို့ရသည်အထိ တည်ငြိမ်အေးချမ်းခဲ့ရပေသည်။ ထိုအခြေအနေမျိုးအထိရောက်လာခဲ့သည့်အတွက်ကြောင့်လည်း ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ဖိဖိစီးစီး ဆောင်ရွက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါသည်။ ထို့အပြင် အနောက်တံခါးလုံခြုံရေး၊ ရခိုင်တိုင်းရင်းသားများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးသာယာ လုံခြုံအေးချမ်းစေရေးအတွက် တပ်မတော်တပ်စခန်းများကို တိုးချဲ့ဖွဲ့စည်းပေးခဲ့တာကို လည်းတွေ့ရမှာ ဖြစ်ပါသည်။ ထိုတပ်မတော်တပ်စခန်းများသည် ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မဖြစ်၊ ကူညီထောက်ပံ့မှုဖြစ်မဖြစ် မျက်မှန်စိမ်းတပ်မကြည့်လျှင် သိနိုင်သည့်ကိစ္စပဲဖြစ်ပါသည်။
ထိုသို့တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးအပြောင်းအလဲ အခြေအနေများ ပေါ်ပေါက်လာပြီး လုံခြုံစီမံအုပ်ချုပ်ရေး အပြောင်းအလဲပြုလုပ်နေဆဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီပြဿနာအရေး စတင်ဖြစ်ပွားလာခဲ့ပြန်ပါသည်။ ထို့နောက် အမျိုးသားရေးအမြင်အားနည်းပြီး တပ်မတော်ကို နိုင်ငံ့လက်ရုံးအဖြစ်မမြင်သည့် NLD အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်ဟာ စစ်မီးတောက်ခဲ့ရပြန်ပါသည်။ အဓိကပြဿနာက KIA ပြုစုပျိုးထောင်ပေးလိုက်သည့် ထွန်းမြတ်နိုင်ဦးစီးသည့် AA လက်နက်ကိုင်အဖွဲ့များ ရခိုင်ပြည်နယ်အတွင်းကို ဝင်ရောက်လှုပ်ရှားလာရာက စခဲ့သည်ဟုဆိုရပါမည်။ သူ့၏ရည်ရွယ်ချက်နှင့် ရခိုင်လူထုကိုစည်းရုံးလှုံ့ဆော်မှုက KIA က ကြွေးကြော်ဆောင်ရွက်နေသည့် ကချင်သီးခြားနိုင်ငံ ထူထောင်မည့်ပုံစံမျိုးကို အတုယူပြီး သီးခြားရခိုင်နိုင်ငံ ထူထောင်ရေးပဲ ဖြစ်ပါသည်။ ဗမာမုန်းတီးရေးဝါဒနှင့် ရခိုင်အမျိုးသားရေးလှုံ့ဆော်မှုများအရ ရခိုင်လူငယ်များ AA နှင့် ပူးပေါင်းခဲ့ကြသည့်အတွက် ရခိုင်ပြည်နယ်(မြောက်ပိုင်း) မှာ အတန်အသင့် အားကောင်းသည်အထိ ဖြစ်လာခဲ့ပါသည်။ ထိုအချိန်ကစပြီး တပ်မတော်စခန်းများနှင့် မြို့ရွာများကို တိုက်ခိုက်ခဲ့သည့်အတွက် နဂိုက သေနတ်သံဆိတ်သုဉ်းနေသည့် ရခိုင်ပြည်နယ်ဟာ ဗုံးသံ၊ သေနတ်သံတွေနှင့်အတူ ယမ်းနံ့တသင်းသင်း ဖြစ်ခဲ့ရပြန်ပါသည်။ စစ်ကိုခေါ်သည့်အတွက် စစ် အနိဋ္ဌာရုံများ ပြည်သူများခံစားခဲ့ကြရသည်မှာ မည်သူ့ လက်ချက်ကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာ ဖြစ်ပါသည်။
AA သည် KIA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ လှုပ်ရှားမှုအတိုင်း လှုပ်ရှားတတ်သည့် သဘာဝနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်သည့်အတွက် တပ်မတော်မှ ငဲ့ညှာခဲ့ပြီး ထိုက်သင့်သည့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြားတိုက်ပွဲများ ခေတ္တခဏ ဆိတ်သုဉ်းခဲ့ရပါသေးသည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲကာလမှာလည်း AA သည် အခြေအနေကို စောင့်ကြည့်နေပြီး ငြိမ်သက်လျက်ရှိပါသေးသည်။ ထိုအချိန်ကာလ ရခိုင်ပြည်နယ်အတွင်းမှာ တည်ငြိမ်အေးချမ်းနေပြီး ပြည်သူများ လွတ်လပ်အေးချမ်းစွာ လှုပ်ရှားသွားလာ နိုင်ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါသည်။
ကံကြမ္မာကြောင့်ပဲလားဟူ၍ မဆိုတတ်ပေမယ့် လွန်ခဲ့သည့် ခုနစ်လခန့်က ရခိုင်ပြည်နယ်သည် မိုခါမုန်တိုင်းဒဏ်ကို အတော်ခံခဲ့ရပြန်ပါသည်။ အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ်အတွင်းမှာ နာရီပေါင်း ၃၀ ခန့်တိုက်ခိုက်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်ရှိ မြို့ကြီး ၁၇ မြို့ ကြီးမားစွာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါသည်။ ထိုအချိန်မှာ နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှု၊ လမ်းညွှန်မှုများအရ တပ်မတော်နှင့် ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ ပူးပေါင်းကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ဖိဖိစီးစီးစေတနာပါပါ ဆောင်ရွက်ပေးခဲ့ကြပါသည်။ လိုအပ်သည့် စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန် ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆက်သွယ်ရေး ပိုင်းဆိုင်ရာပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်း ပြင်ဆင်ရေးပစ္စည်းများနှင့် စက်သုံးဆီများကအစ ကူညီထောက် ပံ့သည့်ပစ္စည်းများကို တပ်မတော်စစ်ရေယာဉ်များ၊ လေယာဉ်များဖြင့် လျင်လျင်မြန်မြန် ပို့ဆောင်ပေးခဲကြသည်ကို တွေ့ရမှာဖြစ်ပါသည်။ ထို့အပြင် ဌာနဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ အင်ဂျင်နီယာ တပ်ဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များနှင့် ထောက်ပံ့ရေး အဖွဲ့များပါ စေလွှတ်ဆောင်ရွက်ပေးခဲ့သည်ကို လည်းတွေ့ရမှာ ဖြစ်ပါသည်။
နစကအစိုးရက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းက သဘာဝဘေးဒဏ်သင့်ဒေသများမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဖိဖိစီးစီးဆောင်ရွက်နိုင်ဖို့ ဒုတိယဝန်ကြီးချုပ်တစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးတစ်ဦးကို အနီးကပ်ကြီးကြပ်ကွပ်ကဲစေခဲ့ပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးသုံးဦး၊ ဗိုလ်ချုပ်သုံးဦးနှင့် ဗိုလ်မှူးချုပ် ၁၂ ဦးတို့ကို မြို့နယ်အလိုက် တာဝန်ခွဲဝေကွပ်ကဲစေခဲ့ပါသည်။ ထိုသို့ အနီးကပ်ကြီးကြပ်ဆောင် ရွက်ခဲ့သည့်အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ပြည်သူ့လက်ဝယ်သို့ မြန်မြန်ဆန် ဆန်ရောက်ရှိစေပြီး ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာ ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်တိုင် ခံစားခဲ့ကြရသည့် ပြည်သူများအသိပင်ဖြစ်ပါသည်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများမှာ မူလတန်းကျောင်း အဆောက်အအုံ ၅၉၆ လုံး၊ အလယ်တန်း ကျောင်းအဆောက်အအုံ ၆၄၇ လုံး၊ အထက်တန်းကျောင်း အဆောက်အအုံ ၂၉၅ လုံး၊ အဆင့်မြင့်ပညာသင်အဆောက်အအုံ ကိုးလုံးတို့ ဖြစ်ပါသည်။ ထိုစာသင်ကျောင်းများကို ကျောင်းသား လူငယ်လေးများ ပညာသင် နောက်ကျမှာစိုးသည့်အတွက် ကျောင်းဖွင့်အမီ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ပေးခဲ့သည်ကို တွေ့ရပါသည်။ ထိုသို့ဆောင်ရွက်ပေးမှုကြောင့် ကျောင်းတက်မှု ရာခိုင်နှုန်းဟာ ၉၉ ဒသမ ၁ ရာခိုင်နှုန်း အထိပင်ရှိခဲ့ပါသည်။ ထို့အပြင် ဆေးရုံအဆောက်အအုံ ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ကို မူလအခြေအနေ အထိရောက်အောင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ တာတွေ့ရပါသည်။ ကျန်ရှိနေသည့် ဆက်သွယ်ရေးအော် ပရေတာစခန်းများ၊ လျှပ်စစ်မီးလိုင်းများ၊ မဟာဓာတ်အားလိုင်းများ၊ ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်များ၊ လမ်းတံတားများ၊ သာသနိကအဆောက်အအုံများ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ လူနေအိမ်ခြေ များစသည့် တည်ဆောက်ရေးလုပ်ငန်းများသည်လည်း မူလအခြေအနေ၏ ၉၉ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဖြစ်ပါသည်။
အံ့သြစရာကောင်းသည်က ရခိုင်ပြည်နယ်ကြီးကို သီးခြားနိုင်ငံထူထောင်ပြီး မင်းလုပ်အုပ်ချုပ်ချင်သည့် ထွန်းမြတ်နိုင်နှင့်အဖွဲ့က ထိုကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ စိုးစိမျှ ပါဝင်ခြင်းမပြုသလို မသိကျိုးကျွန်နေခဲ့ကြတာပဲ ဖြစ်ပါသည်။ မစွမ်းဆောင်နိုင်ရင်တောင်မှ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက်လူအား၊ လုပ်အားလေးတော့ ပေးသင့်သည်ဟုမြင်ပါသည်။ ယုတ်စွအဆုံး စကားလေးတစ်ခွန်းဖြင့် စိတ်မကောင်းကြောင်း မပြောသင့်ပေဘူးလား။ ဒီအချိန်ဟာ ငါ့လက်ထက် မဟုတ်လို့၊ ငါမအုပ်ချုပ်ရသေးလို့ လုပ်စရာမလိုဘူးဆိုသည့် သဘောမျိုးဖြင့် မသိကျိုးကျွန်ပြုတာကို လက်ခံနိုင်စရာ ရှိပါသေးသည်။ သို့သော် ဖျက်လိုဖျက်ဆီး ပြုလုပ်ခဲ့သည်ကိုတော့ ခွင့်လွှတ်စရာ မရှိဟုမြင်ပါသည်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည်များကို မူလအခြေအနေထိရောက်အောင် ပြန်လည်ဆောင်ရွက်ခဲ့ရာမှာ အစိုးရ၊ တပ်မတော်၊ နိုင်ငံ့ဝန်ထမ်း၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့၏ စည်းလုံးညီညွတ်မှုအရဟု ဆိုရပေလိမ့်မည်။
ထိုသို့ ပြန်လည်တည်ဆောက်ပြီးသည့် အခြေအနေများကို ပျက်စီးအောင် ဆောင်ရွက်ခဲ့ခြင်းသည် ဒီ့ထက်ပိုသည့် မည်သည့်ကောင်းကွက်များကို ဖန်တီးနိုင်လို့လဲဟု AA ကိုမေးချင်သည်။ AAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် ရှမ်းပြည်(မြောက်ပိုင်း)မှာ တိုက်ပွဲများ ပြန်လည်ဖန်တီးခဲ့ပြီးနောက် တစ်ချိန်တည်းလိုလိုမှာပင် တည်ငြိမ်အေးချမ်းနေသည့် ရခိုင်ပြည်နယ်ကို AA က ထပ်မံ၍ စစ်မီးမွှေးခဲ့ပြန်ပေသည်။ နိုဝင်ဘာလအတွင်းမှာ ပလက်ဝမြို့နယ်အတွင်းက တပ်စခန်းနှစ်ခုနှင့် ပေါက်တောမြို့ကို AA တို့က တိုက်ခိုက်ခဲ့ကြပါသည်။ ထို့အပြင် အင်အားနည်းသည့် ရဲစခန်းများ ကိုလည်း တိုက်ခိုက်ခဲ့ပါသည်။ AA တို့အနေဖြင့် ပေါက်တောမြို့ရှိ တပ်စခန်းကို တိုက်ခိုက်ရာမှာ မကြာသေးမီက ပြန်လည်ပြုပြင်ထားသည့် စာသင်ကျောင်း၊ ဆေးရုံနှင့် လူနေအဆောက်အအုံများမှာ နေရာယူ တိုက်ခိုက်ခဲ့ ကြသည့်အတွက် ပေါက်တောမြို့သည် မိုခါမုန်တိုင်း၏ဖျက်ဆီးမှုအလား ထပ်မံပျက်စီးခဲ့ ရပြန်ပါသည်။
အလားတူဖြစ်စဉ်မျိုးသာ ရခိုင်ပြည်နယ်အတွင်း နေရာစုံမှာ ထပ်မံဖြစ်ပွားလာပါက ရခိုင် ပြည်နယ်သည် သက်မဲ့သဘာဝဘေးရန်၏ ဖျက်ဆီးမှုကို ပြန်လည်တည်ဆောက်နိုင်ပေမယ့် လူသား များကသာ ဆက်လက်ဖျက်ဆီးနေမည်ဆိုလျှင် တိုက်ပွဲများကြားမှရခိုင်ပြည်နယ်သည် မည်သို့မျှ ဖွံ့ဖြိုး တိုးတက်လာနိုင်လိမ့်မည်မဟုတ်ဆိုသည်ကို ရခိုင်လူမျိုးအကြီးအကဲများ၊ ှအေုန့သိူနမ များ၊ တိုင်းရင်း သားပြည်သူလူထုများမှ သိရှိထိန်းသိမ်းဖို့ လိုပါလိမ့်မည်။ တည်ဆောက်မှုခက်ခဲပြီး ပျက်စီးမှုလွယ်ကူ သည့်သဘာဝကို နားလည်ထိန်းသိမ်းဖို့ လိုပေလိမ့်မည်။ ရခိုင်ပြည်သူလူထုအနေဖြင့် ရခိုင်ပြည်သူလုထုနှင့် ရခိုင်ဒေသကြီးကို မည်သူက တကယ်ချစ်သည်၊ မည်သူက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပံ့ပိုးကူညီနေသည်၊ မည်သူက ပြည်သူနှင့်တစ်သားတည်းရပ်တည်နေသည်ကို မှန်ကန်စွာ ရှုမြင်တတ်ဖို့ လိုပေလိမ့်မည်။
ဇော်နိုင်
(TREND News ဂျာနယ် အတွဲ(၂)၊ အမှတ်(၄၇)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)